“တစ်နှစ်ကူးပြန်တော့ အသစ်အဖူးဖြစ်ရပြန်ပေ………………………………”

“တစ်နှစ်ကူးပြန်တော့ အသစ်အဖူးဖြစ်ရပြန်ပေ………………………………”

ပြီးခဲ့တဲ့ရက်က စစ်ကိုင်းဘက်မှာအလှူတစ်ခုရှိလို့သွားဖြစ်ပါတယ်။
အခုတစ်လော စစ်ကိုင်းကို သွားရင် တံတားအသစ်ဘက်ကနေဘဲသွားဖြစ်တာများပါတယ်။
ဒီတစ်ခါတော့ အတူပါလာတဲ့ ကိုစိန်မောင်က စစ်ကိုင်းတံတားအဟောင်းဘက်ကနေသွားရအောင်ဆိုတာနဲ့ဘဲ
တံတားအဟောင်းဘက်က သွားဖြစ်ပါတယ်။
ဧရာဝတီမြစ်ကို တံတားပေါ်ဖြတ်တဲ့အခါ ဟိုတစ်ဘက်ကမ်းမှာရှိတဲ့ “ရွှေတောင်ဦးမော်”နဲ့အတူ စစ်ကိုင်းဘက်ကမ်းကစေတီပုထိုးတွေကိုမြင်လိုက်ရတဲ့အခါရင်ထဲမှာငယ်ဘဝကိုလွမ်းဆွတ်သလိုဖြစ်နေရတဲ့အထဲ
အဆိုတော်ဦးအံ့ကြီးရဲ့ စစ်ကိုင်းတောင်သီချင်းအလိုက်ကို ကိုစိန်မောင် လေချွန်ပြီးလိုက်လာတော့ ပိုလွမ်းသပေါ့ဗျာ။
သူလေချွန်နေတဲ့အပိုဒ်က အင်မတန်မှ ဆိုလို့ကောင်းတဲ့
“မြစ်မင်းဧရာခွေကာဝိုင်း စစ်ကိုင်းအောင်ခြာမြေ ရေလှိုင်းလေးတွေ……………..ရွှေတောင်ဦးမော်ရူ့မျှော်ခင်း…………… “ဆိုတဲ့အပိုဒ်လေးကိုဘဲ ထပ်ကာထပ်ကာကျော့နေတာပါ။
ကျွန်တော့်နားထဲမှာတော့ ဒီသီချင်းရဲ့ခြေဆင်းပိုဒ်လေးဖြစ်တဲ့
“တစ်နှစ်ကူးပြန်တော့ …………..အသစ်အဖူးဖြစ်ရပြန်ပေ…….”ဆိုတဲ့အပိုဒ်လေးကိုဘဲ နားထဲမှာပဲ့တင်ထပ်နေပါတယ်။
အော်………………..နှစ်ဟောင်းကိုစွန့်လို့ နှစ်သစ်ကူးပြောင်းလာမှာကို ကြိုဆိုပေးမယ့် မင်္ဂလာအတာသင်္ကြန်ကာလ ကလဲ မကြာခင်ရောက်လာတော့မှာဖြစ်လို့ပါဘဲ။

ဒီပြင်နို်င်ငံတွေမှာတော့ မသိပါဘူး မြန်မာနို်င်ငံမှာတော့ နှစ်သစ်ကူးချိန်နဲ့ သစ်ပင်များက ရွက်သစ်လောင်းလို့
ရွက်ဟောင်းခြွေချ ချိန်က သိပ်မကွာလှပါဘူး။
သစ်ပင်ပေါ်မှာပုရစ်ဖူးတွေဝေပြီဆိုရင် သင်္ကြန်ရောက်မယ် နှစ်ကူးတော့မယ်ဆိုတာအချက်ပြလိုက်သလိုပါဘဲ။
နောက်ကမ္ဘာပေါ်မှာရှိကြတဲ့လူမျုးိအသီးသီးတိုင်းမှာ “နှစ်သစ်ကူး”ဆိုတာရှိကြပါတယ်။
ကျွန်တော်တို့နဲ့ဝေးကွာလွန်းတဲ့ အလှမ်းဝေးတဲ့ နိုင်ငံတွေကလူမျုးိတွေ မှာဘယ်လိုနှစ်သစ်ကူးပွဲကိုဆင်နွဲတယ်
ဆိုတာ သိပ်မသိရပေမယ့် မြန်မာနိုင်ငံနဲ့ဆက်စပ်ပါတ်သက်နေတဲ့ အာရှတစ်လွားက နိုင်ငံများမှာတော့ နှစ်သစ်ကူးပွဲတော်ကို အထွဋ်အမြတ်ထားလို့ ဆင်နွဲကြတာကို တော့ သိနေပါတယ်။

မြန်မာနိုင်ငံမှာတော့ နှစ်သစ်ကူး မတိုင်ခင်ရက်မှာ နှစ်ဟောင်းက အညစ်အကြေးတွေဆေးကြောတဲ့
“မဟာသင်္ကြန်”ပွဲတော်ကို ဆင်နွဲကြပါတယ်။
ဒီသင်္ကြန်ပွဲတော် မှာစားသောက်ဆိုင်များကလွဲလို့ အစိုးရ ရုံးတွေ ပုဂ္ဂလိက လုပ်ငန်းတွေအားလုံး
လုပ်ငန်းတွေနားထားတဲ့အတွက် လူငယ်များကပျော်ပျော်ပါးပါးရေကစား၊ တစ်ချို့ကတော့ လဲ ပိတ်ရက်ရှည်ရှည်ရတဲ့အခိုက် မိသားစုလိုက်ခရီးထွက်သူထွက် ၊
ဘယ်မှမသွားဘဲ အိမ်မှာစိတ်အေးလက်အေးနားသူကနား၊
ကောင်းမူ့ကုသိုလ် ယူလိုသူတွေကလဲ တရားစခန်းဝင်သူဝင် ဥပုသ်စောင့်သူစောင့်
တရားရိပ် ဓမ္မရိပ်မှာ ခေတ္တခဏ ခိုသူခိုနဲ့ လူအပူ စိတ်အပူလျော့အောင်ကြိုးပမ်းရင်းနှစ်သစ်ကို
ကြိုဆိုကြပါတယ်။
ဒါကတော့ နှစ်သစ်ကူးမတိုင်ခင်မှာမြန်မာလူမျုးိတွေရဲ့ ဓလေ့စရို်က်လေးတွေပါဘဲ။

သင်္ကြန်အကြို၊အကျ၊အကြတ်၊အတက်နေ့ပြီးရင် မြန်မာနှစ်ဆန်းတစ်ရက်နေ့ပေါ့။
ဒီရက်ရောက်ရင်တော့ မြန်မာလူကြီးလူငယ်မရွေး ကောင်းမှု့ကုသိုလ်လုပ်ကြတာများပါတယ်။
တစ်ချို့ဘုရားသွားတယ် ရွှေသင်္ကန်းကပ်ကြမယ်၊ငါးလွှတ်မယ်၊ငှက်လွှတ်မယ်။
အလှူအတန်းတွေပေးမယ်၊စတုဒီသာကျွေးမယ်။
တစ်ချို့ကတော့ ရေတွင်းရေကန်တွေဆယ်ကြတယ်။
တစ်ချို့ကတော့ သက်ကြီးရွယ်အိုတွေကို လှူဒါန်းကြတယ်ခေါင်းလျှော်ပေးတယ်
လက်သဲညှပ်ပေးတယ် ဆိုတာတွေကို ကူညီပြီး တတ်အားသမျှလုပ်ကိုင်ပေးကြပါတယ်။
အများအားဖြင့်ကတော့ နှစ်သစ်ကူးပြီဆိုတာနဲ့ကောင်းတာတွေကိုဆောင်ရွက်ဘို့ သာ
ဦးတည်ကြတော့ မင်္ဂလာရှိတယ်လို့လဲပြောနိုင်ပါတယ်။

တစ်ခုသောသင်္ကြန်မှာ ကျွန်တော် အလုပ်မနားရဘဲ မဏ္ဍပ်တစ်ခုမှာတာဝန်ကျပါတယ်။
အဲဒီမဏ္ဍပ်မှာဘဲသိကျွမ်းလာရတဲ့မိတ်ဆွေတစ်ယောက်က ကျွန်တော့်ကို
“မြန်မာနှစ်တစ်နှစ်ရဲ့နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးတဲ့ သန်းခေါင်ယံနှစ်သစ်ကူးချိန်ကို စောင့်ကြည့်ဘူးလား”
လို့မေးပါတယ်။သူကဆက်ပြီးတော့ “ကိုပေါက်မကြုံဘူးရင် သင်္ကြန်နောက်ဆုံးညကျတော့ မြန်မာနှစ်သစ်ကုူးရအောင်ကျွန်တော်တို့နဲ့လိုက်ခဲ့ပါလား”
လို့ဖိတ်ပါတယ်။
သူပြောမှ ကိုယ့်ဘာသာကိုယ်ပြန်စဉ်းစားကြည့်မိပါတယ်။
ငယ်စဉ်ကတည်းကနှစ်စဉ်နှစ်တိုင်းသင်္ကြန် ည ညတွေသာမိုးလင်းလုနီးပါးထိကျော်ဖြတ်လာခဲ့ဘူးတယ်။
ဒါပေမယ့်လည်း နှစ်အဟောင်းကနေ နှစ်သစ်ကိုကူးပြောင်းတဲ့အချိန်လေးကို သတိတရနဲ့စောင့်မနေခဲ့မိပါဘူး။
ဒါပေမယ့် ကျွန်တော်ကျောင်းသားဘဝက တော့ နှစ်သစ်ကူးတွေကိုကျော်ဖြတ်ခဲ့ နှစ်သစ်ကူးချိန်ကိုစောင့်ခဲ့ဘူးပါတယ်။
ဒါပေမယ့် မြန်မာနှစ်သစ်ကူးတော့ မဟုတ်ပါဘူး။
တကမ္ဘာလုံးနဲ့သက်ဆိုင်တဲ့ အင်္ဂလိပ်နှစ်သစ်ကူးမှာပါ။
အရင်က ကျွန်တော်ကျောင်းတုံးက ခရစ်ယာန်ဘာသာကိုသက်ဝင်ယုံကြည်တဲ့သူငယ်ချင်းနဲ့စားအတူသွားအတူနေခဲ့ဘူးပါတယ်။
အဲဒီတော့ လဲ သူတို့ရဲ့ဘာသာရေးပွဲတော်မှန်သမျှကိုယ်က သူနဲ့အတူပါသွားတတ်ပါတယ်။
ခရစ်စမတ်မတိုင်ခင် တအိမ်ဝင်တအိမ်ထွက် သီချင်းဆိုထွက်ကြတော့လဲပါတယ်။
အေးမြတဲ့ဆောင်းညရက်မှာ ခရစ်စမတ်အတွက်သန်းခေါင်ယံမှာသူတို့ဘုရားကျောင်းတက်တော့လဲ့ပါတယ်။
သူတို့နဲ့တွဲမှ နှစ်သစ်ကူးညမှာ မီးပုံပွဲလုပ်ရင်း နှစ်ဟောင်းကနေနှစ်သစ်ပြောင်းတဲ့အချိန်လေးကို စောင့်နေခဲ့ဘူးတယ်။
အဲဒီလိုနှစ်သစ်ကိုကူးပြောင်းစအချိန်ဘုရားကျောင်းကခေါင်းလောင်းထိုးလို့အချက်ပေးချိန်မှာ ကိုယ့်ဘေး
နားမှာရှိတဲ့ မိန်းကလေးမိတ်ဆွေရဲ့ပါးကလေးကို “ဟက်ပီးနယူးရီးယား”လို့ပြောရင်းရိုးသားစွာဖွဖွလေးနမ်းခွင့်
ရှိတယ်ဆိုတာကိုလဲ သူငယ်ချင်းကသင်ပေးထားပေမယ့် မလုပ်ရဲခဲ့တာလဲအမှန်ပါဘဲ။
ဟိုအရင် (2000ခုနှစ်မတိုင်ခင်) ကအင်္ဂလိပ်နှစ်သစ်ကူးညမှာ ကျွန်တော်တို့ မြန်မာတွေပျော်ကြတယ်ဆိုတာ
သိပ်မရှိသလိုသိပ်လဲခေတ်မစားသေးပါဘူး။
တက္ကသို်လ်ပညာတတ်အသိုင်းအဝိုင်းအချို့ရယ်၊ စောစောက ကျွန်တော့်သူငယ်ချင်းတို့လိုအသိုင်းအဝိုင်းတွေမှာသာ ကိုယ့်အဖွဲ့နဲ့ကိုယ် နှစ်သစ်ကူးဆိုတာကို လူနည်းစုအနေနဲ့ပျော်ခဲ့ကြတာပါ။
ဒါပေမယ့်သက္ကရာဇ်2000ပြည့်နှစ်ကတော့ ထောင်စုနှစ်အကူးအပြောင်းဖြစ်လို့ တကမ္ဘာလုံး
အုတ်အုတ်ကျက်ကျက်ဖြစ်ခဲ့ကြပါတယ်။
ရှိရှိသမျှနိုင်ငံအသီးသီးကလဲ ဒီထောင်စုနှစ်အကူးအပြောင်းမှာ နှစ်သစ်ကူးပွဲဘယ်လိုဆင်နွဲကြမယ်ဆိုတာ ကိုကြိုတင်လို့ပြင်ဆင်ကြပါတယ်။
သတင်းဌာနတွေ တီဗွီတွေကလဲ ဒီအကြောင်းကိုဇောင်းပေးလို့ရေးခဲ့ကြပါတယ်။
တကယ်လဲ ဒီထောင်ပြည့်နှစ်သစ်ကူးဟာ အတော်လေးကို ထူးခြားတဲ့ နှစ်သစ်ကူးတစ်နှစ်ဖြစ်ခဲ့ပါတယ်။
အဲဒီအချိန်ကစလို့ မြန်မာပြည်ရဲ့ လူငယ်များကြားမှာလဲ အင်္ဂလိပ်နှစ်သစ်ကူးဟာပျော်စရာကိစ္စတစ်ခုလိုပွဲလမ်းသဘင်တစ်ခုလိုဆင်နွှဲခဲ့ကြပါတော့တယ်။
ကျွန်တော်တို့မန္တလေးက လူငယ်တွေကလဲ ဒီအင်္ဂလိပ်နှစ်သစ်ကူးကို တပျော်တစ်ပါးဆင်နွဲကြပါတယ်။
မန်းလေးအရှေ့ဘက်ကျုံး 26ဘီလမ်းနဲ့66လမ်းဆုံတဲ့(ဆီဒိုးနား ဟိုတယ်)ရှေ့က
လူငယ်တွေရဲု့စုရပ်ဖြစ်သွားပါတယ်။
ဒါက တကယ့်ကိုထူးထူးဆန်းဆန်းအဖြစ်ပါ။
တစ်ယောက်နဲ့တစ်ယောက်မတိုင်ပင်ဘဲ သူလာငါလာနဲ့အလိုလိုစုရပ်ဖြစ်သွားပါတယ်။
ညဆယ်နာရီလောက်ကတည်းက လူတွေတစ်ဖွဲဖွဲနဲ့ရောက်လာပါတယ်။
ခေါင်းက ဆံပင်ကိုအရောင်လက်လက်တောက်တောက် အနီတွေအစိမ်းတွေဆိုးလို့ ဂြိုလ်သားတွေလိုထောင်။
(သူတို့ကတော့ ပန့်ကေ ပါတဲ့)။
အရှိန်ကောင်းအောင်လဲ ရဲဆေးတွေတင်ထားကြသူများပါတယ်။
(ဘီယာစတေရှင်တွေကလဲ တယ်ပေါကိုးဗျ)
ပြီးတော့ ဆိုင်ကယ်ကို စတန့်အမျိုးမျိုးပြပြီးစီးကြပါတယ်။
မတ်တပ်ရပ်စီးသူစီး ရှေ့ဘီးထောင်ပြီးအစွမ်းပြသူပြ၊
သောက်ထားတဲ့အရှိန်ကြောင့် မောင်းနေတဲ့အရှိန်မထိ်န်းနိုင်တော့
တိုက်လိုတိုက် လဲလိုလဲ ဆိုင်ကယ်လဲကွဲလူလဲပြဲ။
ဒါပေမယ့်လည်း “ဆောရီး” ……..“အိုကေ “……..ဆိုတာတွေနဲ့ဘဲ ဘာမှမဖြစ်ဘဲပြေလည်သွားကြတာများပါတယ်။
ဒီနှစ်ကူးပွဲတော်ကို ဘာမှမဟုတ်ဘဲ ကျုံးဘေးမှာလူစုလို့ ဘာမှမဟုတ်ဘဲ လာကြည့်ကြတဲ့သူကလဲ
လမ်းဘေးဝဲယာမှာအပြည့်။
အဲဒီအထဲမှာ ကျွန်တော်လဲ ပါ ပါတယ်။
ကားပေါ်မှာစားစရာသောက်စရာတွေတင်ရောင်းသူတွေကလဲရှိပါတယ်။
ဘီယာ၊ဆေးလိပ်၊အာလူးကြော်လိုချင်တာအကုန်ရနေသလိုပါဘဲ။
ဟို ဆီဒိုးနားဟော်တယ်အတွင်းမှာကလဲ နာမယ်ကြီးအဆိုတော်တွေနဲ့ နှစ်သစ်ကူးပွဲကို
ငွေကြေးတတ်နိုင်သူများကလည်း သီးသန့်ဆင်နွဲလို့နေပါတယ်။
ဟော ညသန်းခေါင်ယံလဲနီးလာရောအားလုံးကတိတ်ဆိတ် နောက်ဆုံးဆယ်စက္ကန့်လဲရောက်ရော
တစ်ဆယ် ………….ကုးိ…………….ရှစ်…………….ခွန်……….တစ်လုံးခြင်းအားလုံးကဝိုင်းလို့ရေတွက်ပြီးအော်ကြ၊
ဟောညသန်းခေါင်ယံ12နာရီတိတိလဲရောက်ရော အားလုံးမှာအပျော်တွေစွန်းနေတဲ့အသံတွေနဲ့
“ဟက်ပီးနယူးရီးယား…………………… “ဆိုတာကို သံပြိုင် ဟစ်ပြီး တရုပ်ပြည်ဖြစ် မီးရှူးမီးပန်းတွေကို ပစ်ဖောက်လို့ နှစ်သစ်ကူးကို ဦးဦးဖျားဖျား ကြိုဆိုလိုက်ကြပါတယ်။

တစ်ချို့ကတော့ မန်းလေးကန်တော်ကြီး(တက်သိမ်းအင်း)ဘက်မှာစုကြပါတယ်။
သူတို့လဲ နှစ်သစ်ကူးတာနဲ့ မီးရှုးမီးပန်းတွေဖောက် သီချင်းတွေဖွင့်ပြီးကကြနဲ့
ကိုယ်အုပ်စုနဲ့ကိုယ် တပျော်တပါးကြီး နှစ်သစ်ကိုကြိုဆိုကြပါတယ်။
မန်းလေးသူမန်းလေးသားတွေက အင်္ဂလိပ်နှစ်သစ်ကို ဒီပုံစံနဲ့ကြိုဆိုခဲ့ကြတာ 2000ခုနှစ်ကနေ အခု 2011ထိ ဆယ်စုနှစ် ကို တစ်နှစ်စွန်းလာခဲ့ပါပြီ။

နောက်အခုအချိန်မှာ မြန်မာလူမျုးိတွေ တစ်နှစ်ထက်တစ်နှစ်ပါတ်သက်ဆက်စပ်လာတဲ့နှစ်သစ်ကူးတစ်ခုကတော့
တရုပ်နှစ်သစ်ကူးပါဘဲ။
ဟိုအရင်က မန်းလေးမြို့မှာတရုပ်တန်းဆိုတာ အထင်ကရရှိပေမယ့်လဲ ဒီတရုပ်နှစ်သစ်ကူးဆိုတာ သူတို့လူမျိုးအချင်းချင်းသာ မိသားစုလိုက်နှစ်ကူးပွဲတော်ကို သူတို့ရိုးရာဓလေ့အတိုင်းဆင်နွဲကြတာပါ။
ခင်မင်တဲ့မိတ်ဆွေအချို့ကိုသာ တရုပ်နှစ်သစ်ကူးရက်တွေမှာ ထမင်းဖိတ်ကြွေးတတ်ပါတယ်။
လမ်း30 82နဲ့83လမ်းကြားမှာရှိတဲ့ ဖူးကျင့်ကွမ်ရင်မယ်တော်ကျောင်းမှာတော့ ဘတ်စကက်ဘောပြိုင်ပွဲတွေ၊
ပင်ပေါင်လို့ခေါ်တဲ့ စာပွဲတင်တင်းနစ်ပြိုင်ပွဲတွေ ကျင်းပသလို ပွဲတော်ရက်အတွင်းမှာလဲ သီချင်းပဟေဠိပြိုင်ပွဲ
တွေ ကပွဲတွေနဲ့ အတော်လေးစည်ကားခဲ့ဘူးပါတယ်။
အဲဒီကျောင်းရှေ့မှာ မုန့်ဈေးတန်းလေးဖြစ်ပြီးတော့ သူတို့လူမျုးိတွေနဲ့ရောလို့ ကျွန်တော်တို့မြန်မာလူမျိုးတွေကပါ ရောပြီး တရုပ်နှစ်သစ်ကူးကိုဆင်နွဲကြပါတယ်။
အဲဒီတုန်းက နှစ်သစ်ကူးဆိုရင် အိမ်ကိုမင်္ဂလာရှိအောင် ဆုမွန်ကောင်းတောင်းပေးမယ် တရုပ်နဂါးအဖွဲ့ တိုးနယားအဖွဲ့တွေတော့ ရှိပေမယ့် သွားပြီးဆုတောင်းရတဲ့အိမ်နည်းပါး ပါသေးတယ်။

ဒီဘက်ခေတ်တွေထဲမှာ စံနစ်သစ် ဈေးကွက်စီးပွားရေး တံခါးဖွင့်ဝါဒနဲ့အတူ မြန်မာပြည်မှာ လာရောက်ပြီး စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ကြသူတွေထဲမှာ အိ်မ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုပ်စီးပွားရေးလုပ်ငန်းရှင်တွေကလဲ အများကြီးလာရောက်လို့ လုပ်ငန်းတွေထူထောင်ကြပါတယ်။
မန်းလေးမြို့မှာလာရောက်အခြေချနေထိုင်သူတွေလဲ များသထက်များလို့လာပါတယ်။
စီးပွားရေးလုပ်ငန်းထူထောင်တယ်ဆိုတော့ အိမ်ခံမြန်မာများက အလုပ်ဝင်ရောက်လုပ်ကိုင်ကြပါတယ်။
ဒီတော့ လဲ သူတို့နှစ်သစ်ကုူးရောက်တာနဲ့ သူတို့ရဲ့ဝန်ထမ်းတွေကိုထမင်းစားပွဲတွေနဲ့ဧည့်ခံတာ၊
နှစ်သစ်ကူးလက်ဆောင်တွေပေးတာတွေကို လုပ်ပါတော့တယ်။
မန်းလေးမြို့မှာလည်း တရုပ်လူမျုးိစီးပွားရေးလုပ်ငန်းရှင်တွေများတော့ ဒီတရုပ်နှစ်သစ်ကူးရာသီချိန်မှာဆိုရင်
ဟိုတယ်တွေ စားသောက်ဆိုင်တွေမှာသူတို့ဝန်ထမ်းတွေကို ဧည့်ခံပွဲတွေကျင်းပပေးကြပါတယ်။
နောက် ဝန်ထမ်းတွေကိုလဲ ဒီနှစ်ကူးအချိန်မှာ သူတို့ရဲ့တစ်နှစ်လုံးအလုပ် လုပ်ကိုင်မူ့အပေါ်မှာမူတည်လို့
ဆုကြေးငွေလို့သတ်မှတ်ထားတဲ့ “အန်ပေါင်း”(မင်္ဂလာရှိသောအထုပ်ကလေး)ပေးပါတယ်။
အခုချိန်မှာတော့ ကျွန်တော်တို့ မြန်မာတွေကလဲ သူတို့ နဲ့ နီးစပ်လာပြန်တော့
“ဆင်းနယန် ခွိုက်လို့” တို့ “အန်ပေါင်း”ကို ကျွန်တော်တို့မြန်မာတွေလဲပြောတတ်လာသလို၊
မင်္ဂလာဆုတောင်းတွေလုပ်နေရတဲ့ တရုပ်နဂါးနဲ့ တိုးနယားအကအဖွဲ့တွေကလဲ နှစ်သစ်ကူးပြီးတာတောင်
အိမ်တိုင်းစေ့မရောက်နိုင်လောက်အောင်ကို ဆုတွေတောင်းပေးနေရပါတယ်။
ဒီတော့လဲ ကျွန်တော်တို့ မန်းလေးသူမန်းလေးသားတွေက တုံချမ်းတုံချမ်းဆိုတဲ့တီးလုံးနဲ့နဂါးအကကိုလည်းခံစားတတ်လာသလိုပါဘဲ။
လူကသာ မဏ္ဍပ်မှာထိုင်နေတာ အတွေးတွေက အတော်ကိုအလုပ်များနေတဲ့အချိန်
“ကိုပေါက် ………လာမှ မဟုတ်လား”လို့မေးလိုက်မှ အတွေးစတွေကိုသိမ်းရင်းခေါင်းငြိမ့်ပြလိုက်ရပါတယ်။
အဲဒီညက လူငယ်တွေရောလူကြီးတွေရော မိန်းမရောယောက်ျားပါ လူ လေးငါးဆယ်လောက်ရှိပါတယ်။
နန်းရှေ့က ခြံကြီးတစ်ခြံထဲမှ ပျော်ပွဲလေးလုပ်ကြတာပါ။
မိန်းမသားတွေ က ဦးစီးပြီးလုပ်ကိုင်နေကြတဲ့ မြန်မာ့စားစရာသွားရေစာ
ကောက်ညှင်းပေါင်းတွေ အကြော်တွေ မုန့်ပျစ်စလက်တွေ မုန့်လုံးရေပေါ်တွေကလဲ ပူပူနွေးနွေးစားချင်စရာ။
နောက် ပြီး အားလုံးက ဝိုင်းဝန်းလို့ ထည့်ထားကြတဲ့ လက်ဆောင်ထုပ်ကလေးတွေကိုလဲ မဲတွေဖောက်၊
မပေါက်တဲ့သူကလဲ မချင့်မရဲနဲ့အော်၊
ပေါက်တဲ့သူကလဲ ့အထုပ်ကိုဖွင့်လို့ကြည့်ပြီး တပျော်တပါးနဲ့ ကလေးတွေလိုအော်ကြ၊
ကလေးဘဝကို ပြန်ရောက်သွားသလိုလူတိုင်းရဲ့ရင်မှာ အပျော်တွေကူးစက်သွားသလိုပါဘဲ။
ဒါနဲ့ဘဲ နှစ်ဟောင်းကိုစွန့်လို့ နှစ်သစ်ကို ကူးပြောင်းဘို့ တစ်စထက်တစ်စ နီးကပ်လာချိန်မှာ
အားလုံးက တစ်…………….နှစ်………..သုံး……….လေး တိုင်ပင်တွေပေးပြီး ဝိုင်းလို့အော်ကြ
ရင်း နှစ်သစ်ကို ကူးပြောင်းတဲ့သန်းခေါင်ယံလဲကျော်ရော
“မင်္ဂလာရှိသောနှစ်သစ်ဖြစ်ပါစေ”လို့ အားပါးတရအော်လိုက်ကြတဲ့ မင်္ဂလာရှိတဲ့အသံလေးက
မိုးထက်ကိုထိုးထွက်သွားပါတော့ တယ်။
တကယ်ကို မမေ့နိုင်တဲ့မြန်မာနှစ်သစ်ကူးညလေးနဲု့ဆုံတွေ့လိုက်ရတာပါ။
ကဲ မိတ်ဆွေများရော ဒီလို မြန်မာနှစ်သစ်ကူးညကို ကြုံဘူး ကြိုဆိုဘူးပါသလား……………….?
မကြုံဘူးသေးဘူးဆိုရင်နောင်လာမယ့်နှစ်သစ်တွေမှာ မြန်မာတွေက မြန်မာနှစ်သစ်ကို ကြိုဆိုပွဲလေးကို
အတူတူနွဲလိုက်ကြရအောင်နော်။

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

8 comments

  • ဆူး

    March 31, 2011 at 3:57 pm

    ကိုယ့်ဘေး
    နားမှာရှိတဲ့ မိန်းကလေးမိတ်ဆွေရဲ့ပါးကလေးကို “ဟက်ပီးနယူးရီးယား”လို့ပြောရင်းရိုးသားစွာဖွဖွလေးနမ်းခွင့်
    ရှိတယ်ဆိုတာကိုလဲ သူငယ်ချင်းကသင်ပေးထားပေမယ့် မလုပ်ရဲခဲ့တာလဲအမှန်ပါဘဲ။

    ယုံဘူး.. မဒမ်ပေါက်ကို သွားတိုင်မယ်။ 😉

  • mandalarthu

    April 1, 2011 at 6:41 am

    So good article it is!
    It reflects the great change of Myanmar customs within 10 years,especially in Mandalay,
    the most cultural heritage of Myanmar Thingyan.
    Your article can draw back us to the past Mandalay Thingyan days!
    Missing our lovely Mandalay Thingyan days that shows our Myanmar tradition and culture!
    Thanks for sharing us.

  • Gong Zhu

    April 1, 2011 at 8:29 am

    ကိုယ့်ကြိုက်နေရင်တော့ တစ်မျိုးပေါ့ … ကိုယ့်စိတ်ဝင်စားလား မဝင်စားလားလဲမသိပဲနဲ့ ဆို လူကြားထဲမှာ ပါးကွဲဖို့ပြင်ထားလိုက်တော့ … နယူးရီးယားည ပါးကွဲသွားခြင်း … 😛

  • kopauk mandalay

    April 1, 2011 at 10:43 am

    Gong Zhu
    မကြုံဘူးသေးလို့နေပါ။
    နယူးရီးယားည ပါးမကွဲဘဲ
    အသဲတွေကွာသွားတာ။
    သူ့နိုင်ငံသူပြန်သွားလို့လေ။
    ညည်းပြောမှ သတိတွေရသွားပြီ။

  • nozomi

    April 1, 2011 at 11:28 am

    ဦးပေါက် မြန်မာနှစ်သစ်ကူးညမှာရော ကိုယ့်ဘေးကကောင်မလေးကို (ရိုးရိုးသားသားနဲ့)ဖွဖွလေးနမ်းလို့ရမလား ဟင် သင်္ကြန်မကျခင် မြန်မြန်ပြန်ဖြေပေးပါဗျာ

  • kopauk mandalay

    April 1, 2011 at 11:34 am

    စီစဉ်ပေးထားကြောင်းပါ။
    မပျက်မကွက်တက်ရောက်နိုင်အောင်သာ လူကြီးမင်းတို့က ကြိုးစားစေချင်ပါတယ်။။

  • တညင်သား

    April 1, 2011 at 12:22 pm

    အဲဒီည ကျွန်တော်တို့ မင်္ဂလာရှိသောနှစ်သစ် ဖြစ်ပါစေလို့ အော်ကြမယ်လေ ဘယ်လိုလဲ ရွာသားတို့..

Leave a Reply