စတေကာကပ် ယာဉ်များအား အမြင့်ဆုံးစီမံချက် ဒဏ်ကြေးငွေ ကျပ်သုံးသိန်းအထိ တိုးမြှင့်ကာ ပိုမို တင်းကြပ်စွာ အရေးယူနေ

ဦးကောက်March 31, 20111min791
w62614

စတေကာကပ်ယာဉ်များကို စစ်ဆေးနေစဉ်

ရန်ကုန်မြို့တော်အတွင်း မော်တော်ယာဉ်များ၏ ကားမှန်များတွင် စတေကာများကပ်၍ မောင်းနှင်သွားလာနေသော မော်တော်ယာဉ်များအား အမြင့်ဆုံးစီမံချက် ဒဏ်ကြေးငွေ ကျပ်သုံးသိန်းအထိ တိုးမြှင့်ကာ ပိုမို တင်းကြပ်စွာ အရေးယူနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ သတင်းရရှိသည်။

မော်တော်ယာဉ်များ၏ ကားမှန်များတွင် စတေကာကားများကပ်ခြင်း၊ လေစုပ်ခွက်များကပ်ခြင်း၊ လိုက်ကာများ ကာရံခြင်း တို့ကို တားမြစ်ထားရာ လိုက်နာမှု မရှိသည့်အတွက် စီမံချက် ဒဏ်ကြေးငွေများ တိုး မြှင့်၍ အရေးယူမှုများကို တိုးမြှင့် ဆောင်ရွက်နေသည်ဟု သိရသည်။ ယာဉ်ထိန်းတပ်ဖွဲ့၊ တပ်မတော် တပ်ထိန်းတပ်ဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးအရေးယူလျက် ရှိပြီး ပထမအကြိမ် စစ်ဆေးတွေ့ရှိ ၍ အရေးယူခံရသော ယာဉ်သည် ဒဏ်ကြေးငွေကျပ် ၁၀၁၅၀ဝ အပြင် အဆိုပါယာဉ်ကို မောင်းနှင်သည့် ယာဉ်မောင်းကို လိုင်စင်တစ်လ ပိတ်သိမ်း အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းသို့ စစ်ဆေးအရေးယူခဲ့ပြီးနောက် စတေကာများ၊ လေစုပ်ခွက်များ ယာဉ်မှခွာခြင်း မရှိသေးပါက ဒုတိယအကြိမ် စစ်ဆေးတွေ့ရှိ၍ အရေးယူချိန်တွင် ဒဏ်ကြေးငွေ ကျပ် ၂၀၁၅၀ဝ နှင့် ယာဉ်မောင်းလိုင်စင် သုံးလ ပိတ်သိမ်း အရေးယူသွားမည် ဖြစ်ပြီး တတိယအကြိမ်မြောက် အဖြစ် စစ်ဆေးတွေ့ရှိ အရေးယူပါက ဒဏ်ငွေ ကျပ် ၃၀၁၅၀ဝ အပြင် ယာဉ်မောင်း လိုင်စင် ၆ လ ပိတ်သိမ်း အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။ ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်ဖြင့် အဆင့်သုံးဆင့်ဖြင့် အရေးယူမှု ပြုခဲ့သော်လည်း ပြုပြင်ခြင်း မရှိသေးဘဲ နောက်ထပ် ဆက်လက် စစ်ဆေးတွေ့ရှိသည့် အကြိမ်များတွင် အရေးယူသွားမည့် ဒဏ်ကြေးငွေမှာ ကျပ် ၃၀၁၅၀ဝ နှင့် လိုင်စင် ၆ လ ပိတ်သိမ်း အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

” ရာသီဥတု ပူပြင်းလွန်းတဲ့ အခါမျိုးကြတော့လည်း ကိုယ့်ကားက စတေကာ မကပ်ထားပေမဲ့ လေစုပ်ခွက်တို့ လိုက်ကာတို့တပ်ပြီး စီးရတယ်။ ဘယ်လိုမှ မခံနိုင်ဘူးလေ။ စတေကာတွေ ကပ်ထားတဲ့ ယာဉ်တွေနဲ့ ဒုစရိုက်မှုတွေ ကျူးလွန်ခဲ့တာ တွေကြောင့်မို့ စီမံချက် ဒဏ်ငွေတွေ တိုးမြှင့်ပြီး အရေးယူနေတယ် ဆိုပေမယ့် အခြေအနေ အချိန်အခါတော့ ကွာခြားမှာပါ။ ဒဏ်ငွေကလည်း အရင်ကတည်းက မြင့်တော့ မိရင် မလွယ်လှဘူးလေ။ နဂိုအော်ရီဂျင်နယ် မှန်တွေဆိုလည်း ပြန်လဲလိုက်ရ တယ်”ဟု လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

မော်တော်ယာဉ်များ၏ ကားမှန်များတွင် စတေကာများကပ်ခြင်း၊ လေစုပ်ခွက်များ၊ လိုက်ကာများ ကာရံခြင်းကို ၁၉၉၈ ခုနှစ် ဧပြီလမှစတင်ကာ စတေကာများကပ်၍ စီးနင်းခြင်း မပြုကြရန် သတိပေး ကြေညာခဲ့ပြီး ၁၉၉၈ ခုနှစ် မေလမှ စတင်ကာ အရေးယူ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က အရေးယူခဲ့ရာတွင် ဒဏ်ငွေ ကျပ် ၅၀၀ဝ ဖြင့် တပ်ရိုက် အရေးယူခဲ့ကြောင်း သိရပြီး အခြေအနေ အချိန်အခါပေါ် မူတည်၍ စီမံခန့်ခွဲမှု နည်းလမ်းအရ ဒဏ်ရိုက်ငွေများကို အဆင့်ဆင့် တိုးမြှင့်အရေးယူ ခဲ့ရာတွင် ဒဏ်ငွေကျပ် ၅၀၀၀ဝ ထိ တပ်ရိုက် အရေးယူခဲ့သည်ဟု သိရသည်။ သို့ရာတွင် လိုက်နာမှုများ အားနည်းသည့်အတွက် ယခုအခါ စီမံချက်ဒဏ်ငွေ ကျပ်တစ်သိန်း၊ ယာဉ်စည်းကမ်း ဒဏ်ငွေ ကျပ် ၁၅၀ဝ နှင့် ယာဉ်မောင်းသူကို လိုင်စင်တစ်လ ပိတ်သိမ်း၍ တိုးမြှင့် အရေးယူခြင်းအပြင် ဒုတိယအကြိမ်၊ တတိယအကြိမ်နှင့် ကြိမ်ဖန်များစွာ တွေ့ရှိ အရေးယူမှုများအတွက် စီမံချက်ဒဏ်ကြေးငွေများနှင့် လိုင်စင် ပိတ်သိမ်းခြင်းများကို တိုးမြှင့် အရေးယူလျက်ရှိသည်ဟု သိရသည်။

မော်တော်ယာဉ်များ၏ ကားမှန်များတွင် စတေကာ၊ လေစုပ်ခွက်နှင့် လိုက်ကာများကို အကာအကွယ် ယူကာ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် မှုခင်းကျဆင်းရေးနှင့် ယာဉ်စည်းကမ်း
ထိန်းသိမ်းရေးအတွက် အသိပေး တားမြစ်ချက်များ ထုတ်ပြန်ကာ အရေးယူခြင်း ဖြစ်သည်ဟု သိရသည်။

Eleven Media Group မှ ကူးယူဖော်ပြသည်။

One comment

  • Gong Zhu

    April 1, 2011 at 5:26 am

    ဟိုတစ်လောကတောင်မှ ကားက ၁၀၀% ကပ်ထားတာမဟုတ်ပါဘူး ။ ၄၀% ပဲကပ်ထားတာကို ဖမ်းတယ် တစ်သိန်းခွဲလောက်ပေးလိုက်ရတယ် . သူငယ်ချင်းတစ်ယောက်ကကျတော့ ၂၀%ပဲကပ်ထားတာကို တစ်သိန်းဆောင်ရမယ်နဲ့ရစ်နေလို့ သူငယ်ချင်းဆီဖုန်းဆက်ပြီး အကူအညီတောင်းလိုက်တာ အိုကေသွားတယ် ။

Leave a Reply