သူငယ်ချင်းပေးတဲ့ Birthday Present

ပန်းနုApril 4, 20111min14912
Rooster

လူတိုင်းလူတိုင်း ကိုယ့်မွေးနေ့ကို သာမာန်နေ့ထက် ထူးခြားပြီးဖြတ်ကျော်ချင်ကြမယ်ထင်ပါတယ်။ အိပ်မက်လည်း မွေးနေ့ပွဲကျင်းပချင်တဲ့ရောဂါက မှတ်မှတ်ရရ ၃ တန်းနှစ်လောက်မှာ စဖြစ်ခဲ့ပါတယ်။ မွေးနေ့လုပ်ချင်လို့ အိမ်ကို ပူစာပါတယ်။ နောက်ဆုံ မေမေက အိမ်နီးနားချင်းတွေကို ကြာဆံဟင်းခါး(ရန်ကုန်အခေါ် – ကြာဆံချက်) ချက်ကျွေးမယ်ဆိုတော့ သူငယ်ချင်းတွေကိုလိုက်ဖိတ်ရတာ မောတောင်မောတယ်။ ဖိတ်ရင်းနဲ့ တခါတည်းမှာလိုက်တယ် မွေးနေ့လက်ဆောင်ယူခဲ့ပါလို့ 🙂 အဲလိုနဲ့ မွေးနေ့လည်းရောက်ရော သူငယ်ချင်းတွေ မွေးနေ့လက်ဆောင်လေးတွေကိုင်ပြီး လာကြတာပေါ့။ အဲဒီထဲမှာ သူငယ်ချင်းတစ်ယောက်ရဲ့မွေးနေ့လက်ဆောင်က ထူးခြားနေတယ်။ ကြက်ဖြူဖြူလေးတစ်ကောင် လက်ဆောင်ပေးပါတယ်။ သူ့မိဘတွေက ကြက်ခြံရှိတော့ သူလဲ ခြံထဲက ကြက် ယူလာတယ်ထင်ပါတယ်။ ကြက်ကလေးက ကြက်တောင်ပြန်လေးပါ။ အတောင်တွေအကုန်ကော့နေတာလေ။ သူပြောတာတော့ အဲဒါ အိမ်သစ်မှာ မွေးရင် စီးပွားတက်တယ်ဆိုပါတယ်။ သူ့ကြက်ခြံမှာ ဒါမျိုးမွေးတာရှားပါတယ်တဲ့။ အထူးအဆန်းလဲဖြစ် တစ်ခါမှလည်း မမွေးဖူးတဲ့ကြက်ကို စမွေးဖြစ်ပါတယ်။ မေမေက အဖေါ်ရအောင်ဆိုပြီး ကြက်မလေးတစ်ကောင် ထပ်ဝယ်ပေးပါတယ်။ အဲဒီနေ့က စပြီး အိမ်မက်လည်း အလုပ်ရပါတော့တယ်။ ကြက်စာကျွေးတဲ့အလုပ်တော့ မဟုတ်ပါ။ ကြက်အလေးချိန်ချိန်တဲ့အလုပ်ပါ။ မေမေက ဈေးဝယ်ရင်းနဲ့ပြောဖူးတယ် ၆ဝသားလောက်ရှိတဲ့ကြက်ဆို အနေတော်ပဲ စားကောင်းတယ်ဆိုလို့ပါ။ 🙂 အဲဒီတုန်းကတော့ ကလေးမို့မသိနားမလည်လို့ သူများအသက် သတ်ဖို့ကြိုးစားတာပါ။ အခုတော့ အဲဒီစိတ်တွေမရှိတော့ပါဘူး။ ကြက်နှစ်ကောင်ကို လိုက်ဖမ်း ခြေထောက်၂ ချောင်းကို ကြိုးနဲ့ချည်ထားပြီး လှဲချထားရင် သူတို့ဘယ်မှ မပြေးနိုင်တော့ဘူး။ အဲဒီအချိန်မှာ စိတ်ကြိုက်အလေးချိန် ချိန်ပါတော့တယ်။ နောက်ပိုင်း ချိန်ခွင်သံကြားရင် ကြက်တွေပုန်းနေပါတယ်။ ဖေဖေက ပြောပြတယ် အဲလိုလုပ်တာ ငရဲကြီးတယ်ဆိုလို့ ကြက်ချိန်ခြင်းကိစ္စ အဲဒီမှာတင်နားလိုက်ပါတယ်။ ကြက်တွေနဲ့ အိပ်မက် ငြိမ်းချမ်းရေးရနေတဲ့အချိန်မှာ ဂြိုလ်ဆိုး ဝင်တော့တာပါပဲ။ ဘေးအိမ်က ကြွက်ပေါလို့ဆိုပြီး ဆန်စေ့လေးတွေနဲ့ဆင်တူတဲ့ ကြွက်သတ်ဆေးချတာကို ကြက်မောင်နှံက စားလိုက်တာ သူတို့တွေ ဆန့်ငင်ဆန့်ငင်ဖြစ်နေကြပါလေရော။ အိပ်မက်လည်း ဘာမှမလုပ်တတ် လူကြီးတွေလဲ ခြေမကိုင်မိ လက်မကိုင်မိနဲ့ နောက်ဆုံးသူတို့ သေသွားတယ်။ ချိန်ခွင်တကားကားနဲ့ ကြက်လိုက်ချိန်တဲ့ အိပ်မက်လည်း ကြက်နှစ်ကောင်အတွက် တစ်နေကုန်ငိုတာပဲ။ သူတို့ကို သနားလို့ မြေမြှုပ်ပေးလိုက်ပါတယ်။ ကြက်ဖကြီးခမျာ အဆိပ်မိလို့ အမောက်တွေမည်းနေတဲ့ကြားထဲက မိုးလင်းခါနီးလောက်မှ ထတွန်သွားသေးတယ်။ အသံတော့ ပီပီပြင်ပြင်မထွက်တော့ပါဘူး ဒါပေမယ့် သူ့တာဝန်သူထမ်းဆောင်သွားပါသေးတယ်။ တစ်ချိန်က လက်ဆောင်ပေးခဲ့တဲ့ သူငယ်ချင်းကိုရော သေဆုံးသွားတဲ့ ကြက်လေးနှစ်ကောင်ကိုရော သတိရစွာဖြင့်…..။

12 comments

  • MaMa

    April 5, 2011 at 1:07 am

    တကယ့် အမှတ်တရ မွေးနေ့လက်ဆောင်ပဲနော်။ ကြက်ဖြူတစ်ကောင်ပေးတယ်လို့ ရိုးရိုးပဲထင်ခဲ့ပေမယ့် သူ့ရဲ့ (အိမ်သစ်မှာ မွေးရင် စီးပွားတက်တယ်ဆိုပါတယ်။ သူ့ကြက်ခြံမှာ ဒါမျိုးမွေးတာ ရှားပါတယ်တဲ့။) စေတနာရည်ရွယ်ချက်လေးကတော့ သူငယ်ချင်းအတွက် ဝမ်းသာပျော်ရွှင်စရာပေ့ါ။

  • Shwe Tike Soe

    April 5, 2011 at 2:12 am

    အင်းစိတ်မကောင်းလိုက်တာ..
    ဒီလိုပါပဲသံယောဇဉ်ဆိုတာ..

  • dream

    April 5, 2011 at 4:44 am

    ဟုတ်ကဲ့ စေတနာကောင်းတဲ့ သူငယ်ချင်းကို အခုထိ သတိရနေဆဲပါပဲ။
    ဒါပေမယ့် အခုတော့ကွဲကွာသွားလို့ ဘယ်ရောက်နေမှန်းတောင် မသိတော့ပါဘူး။
    ကြက်နှစ်ကောင်ကို ချိန်ခွင်ထဲချိန်ပြီး ၆ဝသားကလည်း ပြည့်မပြည့်နိုင်ဘူးလို့ ပြောခဲ့မိတာတွေကိုလဲနောင်တ ရမိတယ်။
    သူတို့တွေ အဲဒီအချိန်မှာ ကြောက်ချင်ကြောက်နေကြမှာ။
    အဲဒီဝဋ်တွေ ဘယ်တော့ပြန်လည်မလဲဆိုတာ တွေးကြောက်မိတယ်။

  • shwe ni

    April 5, 2011 at 7:57 am

    စိတ်မကောင်းစရာပဲ dream ရေ ။ အမလဲ သူငယ်ချင်းရဲ့အမျိုးသား ငါးကြင်းလေးတွေမွေးထားတာ ကို နောက်ပြီး ကိုညီ့ သားတွေသမီးတွေစားလို့ရနေပြီနော် လို့နောက်ပြီး မကြာဘူး ငါးကြင်းလေးတွေသေတော့ စိတ်မကောင်းလိုက်တာ

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 5, 2011 at 11:09 am

    ကြက်အကြောင်းသိခြင်ရင်မေး
    မိုက်ကယ်ဂျော်နီအောင်ပု ကို
    ကြက်နဲ ့ပတ်သက်လာရင် express ဘဲ

  • shwe ni

    April 5, 2011 at 12:39 pm

    ကိုအောင်ပု က ဘာ express လဲ ။
    ပြောချင်လွန်းအား ကြီးပြီး expert စာလုးံပေါင်းမှားကုန်တာနဲ့တူတယ် နော်။ စိတ်မဆိုးနဲ့နော် expert ထင်လို့ပြောကြည့်တာ

  • ဆူး

    April 5, 2011 at 2:27 pm

    အိမ်က ကြာကန်ထဲမှာ ရေညှိမတက်အောင် ငါးပိစိလေးတွေ ဝယ်ထည့်ထားတာ.. အကောင်တွေ ပေါက်.. ပေါက်တဲ့ အကောင်တွေ အချင်းချင်း လိုက်တွယ်လို့ အလျင်အမြန် ခွက်နဲ့ဆယ် သီးသန့် ခွဲထား.. ဒီလိုနဲ့ တနေ့ တနေ့ ရေခွက် ကို သွားပြီး အားတာနဲ့ ပြေးကြည့်ရတာ အမောဘဲ.. သံယောဇဉ်ပဲ..

  • dream

    April 6, 2011 at 3:04 am

    မမဆူးရေ အိမ်က ရေကန်ထဲက ငါးကတော့ ကြောင်စားသွားတာနဲ့ကို ကုန်တာပါပဲ။
    ဝယ်ပြီးထည့်လိုက် ကြောင်ကစားသွားလိုက်နဲ့ နိုင်ကိုမနိုင်ဘူး 🙁

    • ဆူး

      April 6, 2011 at 3:19 pm

      ငါးတွေတော့ အခုထိ ကြောင်လက်စာ မမိသေးဘူး။ အဲဒါဘဲ စောင့်ကြည့်နေရတာ အမောဘဲ ညီမရေ…

  • နွယ်ပင်

    April 6, 2011 at 5:33 am

    အခုထိအောင် dream က သတိရနေသေးတယ်ဆိုတော့ လက်ဆောင်ပေးတဲ့ သူငယ်ချင်းက တကယ့် အမှတ်တရ ဖြစ်အောင်ပေးခဲ့တာပဲ .

  • nature

    April 6, 2011 at 3:46 pm

    သေသွားတော့ဘယ်နှစ်ပိသာရှိပြီလဲ။

  • dream

    April 7, 2011 at 2:15 am

    nature ရေ သေသွားတော့ ချိန်မကြည့်ဖြစ်ပါဘူး။
    အိပ်မက် သူတို့ကို ချိန်ကြည့်တာက စားချင်လို့ထက် ဆော့ချင်လို့ပါ။
    ဆော့ဖော် ဆော့ဖက် သူငယ်ချင်းတွေလိုဖြစ်နေလို့ တကယ်သေသွားတော့ သူငယ်ချင်းဆုံးရှုံးသွားသလို ခံစားရပါတယ်။

Leave a Reply