တိုင်လိုသူများ အားရပါးရ တိုင်ကြားနိုင်ပါပြီ

Good IdeaApril 9, 20111min13014

စစ်အစိုးရ လက်ထက်တုန်းကလို အစိုးရအာဏာပိုင်တွေက ပြည်သူတွေအပေါ် ဗိုလ်ကျ အနိုင်ကျင့်တာတွေ၊ လာဘ်ငွေတောင်းတာတွေ လုပ်လာခဲ့ရင် သူ့ဆီကို အချက်အလက်နဲ့တကွ လာတိုင်ကြပါလို့ သင်္ဃန်းကျွန်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောဆိုကြောင်း ဒီတပတ်ထုတ် The Voice ဂျာနယ်မှာ ပါလာပါတယ်။

 

သူ့ဆီလာပြောခဲ့ရင် ပြည်ထဲရေးဝန်ကြီးနဲ့ ရန်ကုန်တိုင်းဝန်ကြီးတွေဆီ စာရေးတိုင်ပေးမယ်တဲ့ဗျ။ တကယ်လို့ အဲဒီဝန်ကြီးဆိုသူတွေက အရေးမယူခဲ့ရင် ပြည်ထောင်စုလွှတ်တော်မှာ သူကိုယ်တိုင် ပြန်လည်တင်ပြပေးမယ်ဆိုပဲဗျ။

 

သူပြောပုံအတိုင်းသာ တကယ်လုပ်မယ်ဆိုရင်တော့ အားတက်စရာပေါ့ဗျာ။ ဘာလို့ဆိုတော့ ကျုပ်တို့ ပြည်သူတွေမှာ တခုခုဆို အခံဘက်ကချည်းပဲ။  ပြည်သူ့အစေခံဆိုတဲ့ အစိုးရဝန်ထမ်းဆိုတဲ့ အကောင်တွေကလည်း ပြည်သူကို သူတို့ကျွန်တွေ အစေအပါးတွေလိုပဲ “ငါတို့သနားမှ လုပ်ပေးမှ အဆင်ပြေမယ့်ကောင်တွေပါကွာ။ ငါတို့ညစ်ရင် ဒင်းတို့ ဘာတတ်နိုင်မတုန်း” ဆိုတဲ့ အပေါက်မျိုးချိုးနေခဲ့တာ ကာလအတော်ကြာခဲ့ပြီကိုးဗျ။

 

တကယ်တော့လည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဆိုတာက ပြည်သူရဲ့ အခက်အခဲကို တင်ပြပေးရမယ့်တာဝန်က သူရဲ့ အရေးကြီးဆုံး မဖြစ်မနေ ထမ်းဆောင်ရမယ့် ရှောင်လွှဲလို့မရတဲ့ တာဝန်ကြီးပါဗျာ။ ထားပါတော့။ လုပ်တာ မလုပ်တာ အပထားလို့ ခုလို ပြည်သူအတွက် ပြောဖော်ရတာကိုပဲ ကျေးဇူးတင်ရမှာပါ။ တကယ်လုပ်လာခဲ့ရင်တော့ သာဓုခေါ်ရမှာပေါ့။ ၂၀၀၈ ဥပဒေ မကောင်းဘူး ပြောပြော၊ သိန်းစိန်ဦးဆောင်တဲ့ ကြံ့ဖွတ်အစိုးရပါကွာလို့ပဲ ပြောပြော လက်ရှိအခြေအနေမှာတော့ တခြား လူတွေပြောတာထက် အမတ်တွေက လွှတ်တော်မှာ တင်ပြတဲ့ကိစ္စဟာ တရားဝင်ပြီး အစိုးရနားကို တိုက်ရိုက်ရောက်နေတာတော့ ငြင်းလို့မရတဲ့ ကိစ္စပါ။ ကျနော်တို့အတွက်တော့ ဘယ်သူပဲ အလုပ်လုပ်ပေးပေး၊ ဘယ်အစိုးရပဲ တက်တက် တကယ် စေတနာမှန်မှန်နဲ့ ပြည်သူ့ဘဝ အဆင်ပြေတိုးတက်အောင် လုပ်ပေးဖို့ပါပဲ။

 

ကျနော့်ဆန္ဒအတိုင်း ပြောရရင်တော့ အာဏာမက်လို့ပဲ ဖြစ်ဖြစ်၊ ပူးသတ်ချင်လို့ပဲ ဖြစ်ဖြစ် ဘယ်နည်းနဲ့ဖြစ်ဖြစ် လွှတ်တော်ထဲ ရောက်သွားတဲ့အရပ်သားအမတ်တွေကို ကျုပ်တို့ ပြည်သူတွေဖက်က ရပ်တည်တဲ့ အတိုက်အခံတွေ ဖြစ်စေချင်တယ်ဗျ။ ပြည်သူ့အကျိုးအတွက် တင်ပြပေးတဲ့ကိစ္စတွေကို အစိုးရသစ်က အကောင်အထည် ဖော်ပေးရင်လည်း ပြည်သူအကျိုးရှိမယ်။ မဖော်ပေးနိုင်ရင်လည်း အစိုးရ အကြပ်ဆိုက်မှာပေါ့။ တချက်ခုတ် နှစ်ချက်ပြတ်ပဲ။

 

အမတ်တွေအတွက်လည်း အတိုက်အခံလုပ်ခြင်းဖြင့် နအဖနဲ့ ပေါင်းခဲ့လို့ မလှခဲ့တဲ့ သမိုင်းကြောင်းကို နည်းနည်းအဖတ်ဆယ်နိုင်လိမ့်မယ် ထင်တယ်။ “အော် သူတို့ခမျာ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့အတွက် ရောက်တဲ့နေရာကနေ အကျိုးဆောင်ပေးလိုတဲ့ ဆန္ဒရှိပါသေးလား”လို့ ပြည်သူတွေက မြင်လာနိုင်တယ်လေ။

 

နောက်တခု ကျနော်စဉ်းစားမိတာက အခုဆိုရင် မြန်မာပြည်ထဲက ဒေသအသီးသီးက ပြည်သူတွေကို ကိုယ်စားပြုပြီး လွှတ်တော်တက်နေတဲ့ ကြံ့ဖွတ်အပါအဝင် အမတ်တွေရှိတယ်ဗျာ။ (ဒီနေရာမှာ မဲလိမ်လို့ နိုင်တာ၊ အစိုးရလူ ဘာညာ အဲဒါတွေ ခဏအသာထားဦးပေါ့)

 

အဲဒီအမတ်တွေကို ကျနော်တို့မှာဖြစ်လာတဲ့ အခက်အခဲ၊ ပြဿနာ၊ အဆင်မပြေတာ မှန်သမျှကို (ဥပမာ ရေမလာတာ၊ မီးမလာတာကအစ အစိုးရဝန်ထမ်းတွေ ညစ်ပတ်ပြီး အနိုင်ကျင့်တာ၊ ငွေညှစ်နေတာအဆုံးပေါ့) အချက်အလက်အတိအကျနဲ့ သွားတိုင်ပြီး နားပူနားဆာ လုပ်နိုင်တဲ့ ကူညီပေးဖို့ တောင်းဆိုနိုင်တဲ့ အခွင့်အရေးရှိတယ်လေ။

 

အဲဒီအခွင့်အရေးအတိုင်း ခဏခဏ သွားတိုင် လုပ်ပေးဖို့ပြော၊ လုပ်မပေးတဲ့အမတ်ကို မီဒီယာမှာ ဖော်ထုတ်ပြီး ဆော်ပစ်။ ဒီအကောင်ဟာ အစိုးရစားဖား၊ အာဏာရူးလို့ အမတ်လုပ်နေတဲ့ကောင်လို့ ဖော်ထုတ်ပစ်လိုက်ပေါ့။ ပြည်သူအတွက် လုပ်ပေး ပြောပေးရင်လည်း အတိုက်အခံအမတ် ဖြစ်သွားမှာပေါ့ဗျာ။

 

 

ကျနော်တို့ လူငယ်တွေကြားမှာ သုံးလေ့ရှိတဲ့ ဘန်းစကားလေးရှိတယ်။ ဘာတဲ့ “လှုပ်ရှားရင် မုန့်စားရတယ်” ဆိုလား။ အခုလည်း ကျနော်တို့ပြည်သူတွေ လှုပ်ရှားရင် မုန့်စားရမယ် ထင်ပါတယ်ဗျာ။ သမ္မတသစ်ကိုယ်တိုင်က ဒီမိုကရေစီဖော်ဆောင်ဖို့၊ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ဖို့ဘာညာ ပြောနေပြီပဲ။ သူ့စကားနဲ့ သူ့ပြန်ချည်ပြီး သူ့အရိုးနဲ့ သူ့ပြန်ထိုးကြတာပေါ့။

 

ကဲ မုန့်စားရအောင် လှုပ်ရှားကြစို့ဗျာ။

 

 

အားလုံးကို လေးစားလျှက်…

 

Good Idea

14 comments

  • eros

    April 9, 2011 at 1:38 pm

    ဟား ဟား ဟား တိုင်ရဲတယ့်ကောင်တိုင်ကြည့် ဘာမှမဖြစ်ဘူး။ လာဘ်မပေါ်ရသေးရင် ဘယ်မှာလဲသက်သေ။ လာဘ်တောင်းလို့ လာဘ်ပေးပြီး လာဘ်ယူသွားပြီးတိုင်ရင် လာဘ်ပေးရော လာဘ်ယူရောအရေးယူမှာ။ ကိုယ့်ကို ကို ရင်းရဲရင် လုပ်ပေါ့။

  • KoNyeinChan

    April 9, 2011 at 3:10 pm

    ကိုယ့်ကိုအားပေးထောက်ခံမယ့်လူ များလာရေးအတွက် အစတော့ ဆင်ဖမ်းမယ်၊ကျားဖမ်းမယ်လို ့ပြောကြတာဘဲ။ တကယ့်တကယ် နေရာရလာရော မေ့ချင်ယောင်(ရူးချင်ယောင်)ဆောင်နေကြတာများတယ်(ဘယ်နိုင်ငံမှာမဆို အများစုကိုပြောတာပါ)။ သူတို ့လည်းသူတို ့ရဲ့ အထက်ပုဂ္ဂိုလ်တွေ အငြို အညင်မခံနိုင်ဘူးလေ။ ရာဇဝင်သမိုင်းအစဉ်အလာ အရကို အထက်ကိုမလွန်ဆန်နိုင်တာများတယ်။ (လွန်ဆန်ရဲတဲ့သူကတော့ အသက်၊ဘဝ ရင်းဘဲ) ပြောတဲ့စကားအတိုင်းတည်ရင်တော့ ပြည်သူတွေအတွက် အတိုင်းထက်အလွန်ကောင်းတာပေါ့။

  • unclegyi1974

    April 9, 2011 at 3:25 pm

    တိုင်မယ်တိုင်မယ်
    တိုင်တလုံးငါးမတ် ဟဟ

  • Ko Ko Aung

    April 9, 2011 at 5:45 pm

    ဒီလိုပဲ အစကတော့ အပြောကောင်းတာပါပဲ။ နဝတ ( နအဖ မဟုတ်ခင်) တက်လာတုန်းကလဲကြည့်ပါလား။ ရုံးတွေမှာအတည်ပေါက်ကြီးရေးထားတာ “မည်သူ့ကိုမဆို ငွေပေးရန်မလို ” တဲ့။
    ဦးသိန်းညွန့်ပြောသလို အချက်အလက်နဲ့တကွတိုင်ဘို့ လက်တွေ့မှာမလွယ်ဘူးဆိုတာ လာဘ်ပေးနေရတဲ့လူတွေအသိဆုံးပါ။ ကျွန်တော်နဲ့ရင်းနှီးတဲ့လုပ်ငန်းရှင်ပေါက်စတယောက် အခွန်ရုံးကမတရားလာဘ်ငွေလဲတောင်း ရိုင်းရိုင်းစိုင်းစိုင်းလဲပြောဆိုခြိမ်းခြောက်တာခံရလို့ ဒီအလုပ်ပျက်ရင်ပျက်ပစေဆိုပြီး တိုင်ဘူးတယ်။ အဲဒီအခွန်မှူးနဲ့ တပြည့်တယောက် ခပ်ဝေးဝေးအပြောင်းခံလိုက်ရတယ်။ ဒါပေမယ့် အသစ်ရောက်လာတဲ့အခွန်မှူးက ဒုက္ခပေးလို့ လုပ်ငန်းရှင်က လုပ်ငန်းပျက်သွားတယ်။ ဒါပေမယ့်ဒီလောက်နဲ့မပြီးဘူး။ အဲဒီလုပ်ငန်းရှင်ရဲ့မိဘတွေလုပ်နေတဲ့ တခြားမြို့နယ်က လုပ်ငန်းကိုပါဒုက္ခပေးတာခံရတယ်။ ဒီအကျင့်ပျက်ဝန်ထမ်းတွေဟာ သူခိုးဂိုဏ်း ဓမြဂိုဏ်း ဖွဲ့ထားသလိုပဲ။ သူတို့လိုလူမျိုးတယောက်ထိရင် အုံနဲ့ကျင်းနဲ့ဝိုင်းလုပ်တတ်တယ်။

    • eros

      April 10, 2011 at 8:55 am

      သေချာတာပေါ့၊ တိုင်ခံရတဲ့သူကတော့ ထိရင်ထိသွားမယ်။ နောက်တက်လာမည့်သူကို ရာဇဝင်ပေးမယ်။ နောက်တက်လာတဲ့သူက တိုင်တဲ့သူကို ဒုက္ခပေးမယ်။ ဒီလိုပဲလုပ်နေကြတာလေ။

  • winkyawaung

    April 10, 2011 at 2:29 am

    ဝန်ထမ်းတွေက ပြည်သူကပေးတဲ့လစာကိုယူထားကြပြီး ပြည်သူကို ပြန်ဒုက္ခပေးနေကြပါတယ်။ ဥပမာ။ စည်ပင်သာယာဌါန၊ အခွန်ဦးစီးဌါန၊ ပြည်ထဲရေး ဌါန ၊ လဝက အင်းပြောမဆုံးပေါင် တောသုံးထောင်ပါ။

  • ငှက်ကြီး

    April 10, 2011 at 2:44 am

    ထိုင်းနိုင်ငံကလွတ်တော်အစည်းအဝေးကို တီဗီကနေတိုက်ရိုက်ထုတ်လွှင့်ပါတယ်။ ကိုရွေးလိုက်တဲ့ ပြည်သူ့ကိုယ်ဆလှယ်အမတ်က ကိုယ့်မြို့နယ်အတွက်ဘာတွေထည့်သွင်းဆွေးနွေးသွားလဲဆိုတာ တိတိကျကျတိုက်ရိုက်သိရှိပါတယ်။
    အတိုက်ခံအမတ်တွေက အစိုးရဝန်ကြီးတွေရဲ့အပြစ်တွေကိုရှာဖွေပြီး လွှတ်တော်မှာသက်သေအထောက်အထားနဲ့တကွ ပြည်သူတွေသိအောင်တင်ပြကြတယ်။
    အစိုးရဝန်ကြီးတွေကလဲ မိမိတို့အမှားမရှိကြောင်း သက်သေအထောက်အထားပြန်ရှာပြီး ပြန်လည်ဖြေရှင်းပြရပါတယ်။
    လွှတ်တော်အမတ်အချင်းချင်း အခြေအတင်ပြောကြရင်း လက်သီးနဲ့ထိုးကြတာတွေကိုပါ ပြည်သူတွေ တိုက်ရိုက်မြင်နေရပါတယ်။
    ….ဒီမိုကရေစီဆိုတာ ပြည်သူတွေကို အလေးထားဦးစားပေးတယ်ဆိုတာ ပေါ်လွင်စေပါတယ်။

  • kai

    April 10, 2011 at 6:38 am

    တိုင်ကြပါ..။ ဒါကလုပ်ထုံးလုပ်ဟန် အမှန်ဖြစ်ပါတယ်..။
    အရေးယူတာ..မယူတာ သူတို့အပိုင်းပါ..။ လူထုတာဝန်က..ကိုယ်ရွေးလိုက်တဲ့အမတ် ( ကိုယ့်နယ်ကအမတ်) ကို ပြောချင်တာတွေ တိုင်ချင်တာတွေ.. အကုန်ပြောဖို့ပါပဲ..။
    ပြောပြီး..တိုင်ပြီးတိုင်း.. မီဒိယာကိုကော်ပီတခုပေးပါ..။
    အရေးယူ…လုပ်ဖို့မလုပ်ဖို့က .. သူ့(အမတ်)တာဝန်..။
    မလုပ်ပေးရင်.. နောင်နှစ် မဲမထည့်ဘူးလို့..တွင်တွင်ပြောပါ..။
    အမတ်အနေနဲ့ကလည်း.. လွှတ်တော်မှတ်တမ်းကျန်အောင် (အနည်းဆုံးတော့) လုပ်ပါလိမ့်မယ်..။
    ဥပဒေပြုအမတ်က .. အစိုးရအဖွဲ ့ကို စစ်ဆေးအရေးယူလို့ရပါတယ်..။
    သူတို့မှာ.. ကော်မရှင်ဖွဲ ့စစ်ဆေးခွင့်အာဏာလည်း ရှိပါတယ်..။

    အဲဒီလုပ်တာတွေ… သမိုင်းဖြစ်မှာပါပဲ..။
    ဖျက်လို့ မရပါ..။

    • eros

      April 10, 2011 at 8:58 am

      ကိုခိုင် မြန်မာပြည်မှာနော်။ လာဘ်ပေးတဲ့သူပါ အဖမ်းခံရမှာ။ ကိုယ်ပါထိသွားမယ်။ လာဘ် မပေးမယူရသေးလို့ စကားချည်းပဲ ဆို ဘယ်မှာလဲ သက်သေ။ ကိုယ်တွေ့ ကိုယ်တွေ့။

  • nigimi77

    April 10, 2011 at 7:25 am

    အဲဒီ ဝန်ထမ်းတွေဟာလည်း အစက ပြည်သူတွေချည်းပါပဲ။
    ပြည်သူဘဝ ကတည်းက ပြည်သူ ့နီတိ မရှိခဲ့ နားမလည်ခဲ့လို ့ ဝန်ထမ်းဘဝရောက်တော့လည်း ဒီလိုပဲ။
    ခေါက်ရိုးကြေနေတဲ့ဟာတွေကို မီးပူပြန်တိုက်တာလဲ တိုက်ပြီး အစကတည်းက ခေါက်ရိုးမကြေအောင်
    လုပ်ကြရင် ကောင်းမယ်။

  • nature

    April 10, 2011 at 9:17 am

    ကျနော်ကတော့ အမတ်တွေကိုသွားတိုင်တာထက်ပိုထိရောက်တဲ့ သူကြီးကိုပဲ Mandalagazette ကိုပဲအားကိုးပါတယ်။ အဲဒီကနေ သတင်းမှန်တွေ တိုင်ကြားရင် ကျယ်ကျယ်ပြန့်ပြန့်သိကြတဲ့အတွက် အထက်ကိုမသိအောင်ဖုံးနိုင်ဖို့ မလွယ်ပါဘူး၊ Mandalaygazette ဟာ ပြည်သူ့ရင်ပြင်ကြီးလိုပါဘဲ၊ မိမိတို့ရဲ့ ခံစားချက်တွေကို လွတ်လပ်စွါ ဖော်ပြနိုင်ပါတယ်၊ တိုင်တဲ့လူကို လူမသိတဲ့အတွက် အန္တရာယ်လည်းကင်းပါတယ်၊ အဓိကသူကြီးကိုပဲကြောက်ရတယ်၊ 🙂 ဒါဟာ Mandalagazette ကိုစိတ်ဝင်စားရတဲ့ အဓိကအချက်ပါ၊ အထက်လူကြီးတွေဟာလည်း အောက်ခြေအထိ အကုန်လုံး မသိနိုင်ပါဘူး၊ နိုင်ငံတော်ကလည်း အပြုသဘော ဝေဖန်အကြံပေးတာတွေကို ကြိုဆိုမယ်လို့ယုံကြည်ပါတယ်၊

  • juttue.gyi

    April 10, 2011 at 12:59 pm

    ဟုတ်တယ်ဗျို့ ကိုယ့်သူကြီးကိုယ့်တိုင်တာဘဲကောင်းတယ် ကိုယ့်သူကြီးက တိုင်တာဘဲဖြစ်ဖြစ် ထောက်ခံစာတောင်းတာဘဲဖြစ်ဖြစ် ပိုက်ဆံတစ်ပြားမှ မယူဘူး

  • shwe tallatr

    March 11, 2012 at 1:37 pm

    ဟေဟေ့တိုင်မယ် တိုင်မယ် အရေးယူယူ မယူယူ အရင်ဆုံး မြို့နယ်စည်ပင်တွေနဲ့ မြို့နယ်အခွန်တွေကို အရင်ဆုံးတိ့တိ့ကျကျ ပိုင်ပိုင်နိုင်နိုင် သေသေချာချာ နဲ့ သူတို့တွေလဒ်စားတဲ့အကြောင်းတွေကိုတိုင်ရမယ်

  • koaung

    March 11, 2012 at 1:49 pm

    တိုင်းပြည်မှ လူကြီးလူကောင်းများခင်ဗျား ပြောသလိုလုဎ်တတ်ကြပါစေ အပြောကတော့ရွှေမန်း အကကတော့ ချိုမိုင်မိုင်ဆိုရင်တော့
    အောက်ခြေခံလူတန်းစားဘဲနစ်နာမှာပါ ပြည်သူလူထုချစ်ခင်လေးစားမှုကိုလိုချင်တယ်ဆိုရင် ဘာအလုဎ်ပဲလုဎ်လုဎ် ကိုယ်ချင်းစာတရားကိုသာဦးစားပေးပါလို့ အကြံပေးချင်ပါတယ်ဗျိုး

Leave a Reply