ဘုရား မဟော၊ မပြောတာကို မယူစေလို

ashinariyaApril 11, 20111min40759

အဗျာကတဝတ္ထု

အဗျာကတဝတ္ထု ဆိုသည်မှာ တကယ်အရှိ၊ အဟုတ် အနေဖြင့် ပြော၊ ပြု၊ ပြ လို့မရသော အကြောင်းအရာများ ဖြစ်ပါသည်။
ဒိဋ္ဌိအယူစွဲ၏ အာရုံ၊ စိတ္တဇအာရုံတွေသာဖြစ်သည်၊ ( အံ- ၂၊ ၄၄၈ ) ။
ကုသိုလ်ဖြစ်ရေးနှင့်လည်း မစပ်၊ အကုသိုလ်မဖြစ်ရေးနှင့်လည်း မဆိုင်သော အကြောင်းအရာများသာ ဖြစ်ပါသည်၊
( မဟာနိ- ၂၄၆၊ စူလနိ- ၅၁ ) ။

ဤအကြောင်းအရာများကို ဘုရားက မဟော၊ မပြော၊ မယူ ပဲနှင့် ဘုရားတပည့်ဟု ဆိုသူတို့က ဟော၏၊ ပြော၏၊ ယူလည်းယူ၏။ ထိုသို့မဖြစ်သင့်ပေ။ မေမြန်းလာခဲ့လျှင် ရှိ/မရှိ၊ ဖြစ်/မဖြစ် စကားလုပ်ပြောစရာကိုပင် မလိုပါ။ ဘုရားပင် ဖြေကြားတော်မမူခြင်းကို ရှိသည်၊ ဖြစ်သည်ဟု အတည်ပေါက် ဟော၊ ပြော၊ ယူနေခြင်းမှာ မိစာ္ဆဒိဋ္ဌိ အစစ်ဖြစ်၏။
ဗုဒ္ဓဘာသာဝင်အပေါင်းတို့သည် မိမိတို့ ကိုးကွယ်ဆည်းကပ်သော ဗုဒ္ဓ၏ တရားစစ်၊ တရားမှန်များကို သိထားဖို့လိုအပ်ပါသည်။ ဒါမှသာ ဘာသာတရားကို ကိုးကွယ်ရကျိုးနပ်ပြီး၊ ဘာသာတရားကပေးသော ဒုက္ခကင်းရာ၊ ကုန်ရာ နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်မည်ဖြစ်သည်။ မိရိုးဖလာကိုးကွယ်မှု၊ အရမ်းရုံ၊ အကန်းရုံ ကိုးကွယ်မှုဖြစ်နေပါက မိမိအတွက်လည်း အကျိုးယုတ်စေသည့်အပြင် တရားဓမ္မအပေါ် အကောက်အယူလွဲမှားမှုကြောင့် မိမိတို့၏ ဗုဒ္ဓသာသနာအတွက်ပင် အကျိုးယုတ်စေပါလိမ့်မည်။ ဘုရားမဟောသော အခြင်းအရာများကို တရားဓမ္မဟုမှတ်ယူပြီး အားထုတ်ခြင်း၊ နှလုံးသွင်းခြင်း၊ ပွားများခြင်းများ ဆောင်ရွက်ပါက နိဗ္ဗာန်သို့ ဦးတည်မည်မဟုတ်၊ ဒုက္ခများနှင့်သာ လုံးထွေးနေရမည်ဖြစ်သည်။

အဗျာကတဝတ္ထု ဆိုသည်မှာ-
( ၁) လောကသည ်မြဲ၏ ဟူ၍လည်းကောင်း
(၂) လောကသည် မမြဲ ဟူ၍လည်းကောင်း
(၃) လောကသည် အဆုံးရှိသည် ဟူ၍လည်းကောင်း
(၄) လောကသည် အဆုံးမရှိ ဟူ၍လည်းကောင်း
(၅) ထိုအသက်သည် ထိုကိုယ်ဖြစ်သည် ဟူ၍လည်းကောင်း
(၆) အသက်သည် တခြား၊ ကိုယ်သည် တခြားဖြစ်သည် ဟူ၍လည်းကောင်း
(၇) သတ္တဝါသည် သေပြီးနောက် ဖြစ်သည် ဟူ၍လည်းကောင်း
(၈) သတ္တ္တဝါသည် သေပြီးနောက် မဖြစ် ဟူ၍လည်းကောင်း
(၉) သတ္တဝါသည် သေပြီးနောက် ဖြစ်လည်းဖြစ်၊ ဖြစ်လည်းမဖြစ် ဟူ၍လည်းကောင်း
(၁၀) သတ္တဝါသည် သေပြီးနောက် ဖြစ်သည်လည်းမဟုတ်၊ မဖြစ်သည်လည်းမဟုတ် ဟူ၍လည်းကောင်း စသည်တို့ဖြစ်သည်။

ထိုကဲ့သို့ အမေးပုစ္ဆာများသည်
– ဧကန်တယ် ဖြေဆိုသင့်သည် ( ဧကံသ ဗျာကရဏီ ) လည်းမဟုတ်။
– ခွဲခြမ်းစိတ်ဖြာ၍ ဖြေဆိုသင့်သည် ( ဝိဘဇ္ဇ ဗျာကရဏီ ) လည်းမဟုတ်။
– မေးပုံမသေချာ၍ တစ်ဖန်ပြန်မေးပြီးမှ ဖြေဆိုရသည် ( ပဋိပုစ္ဆာ ဗျာကရဏီယ ) လည်းမဟုတ်ပါ။
၎င်းကောင်း (၁၀)ချက်သည် ဘုရားဟောတရားနှင့်မစပ်၊ လွှဲမှားသော မိစ္ဆာဒိဋ္ဌိ အယသက်သက်မျှသာဖြစ်သောကြောင့် မမေးသင့်၊ မဖြေသင့်၊ မကြံစည်သင့်သော ငြင်းပယ်ရမည့် ပြဿနာမေးခွန်းများသာဖြစ်သည်။ ဆိုလိုသည်မှာ ထိုမေးခွန်များသည် မဖြေဆိုဘဲ ထားရမည့် မေးခွန်းများဖြစ်သည်။

ဘုရားက အဘယ်ကြောင့် မဖြေဆိုဘဲထားရသည်ကို ဟောကြားရာ၌ ဤသို့ကြံစည်ခြင်းသည် ယုတ်ညံ့သည်၊ အကျိုးစီးပွားနှင့်မစပ်၊ မဂ်တည်းဟူသော အကျင့်မြတ်၏ အစမဟုတ်၊ ငြီးငွေ.ရန်၊ တပ်မက်ခြင်းကင်းရန်၊ ဒုက္ခချုပ်ရန်၊ ဒုက္ခချုပ်ငြိမ်းရန်၊ ထူးသောသာဏ်ဖြင့်သိရန်၊ ကိုယ်တိုင်သိရန်၊ တဏှာမှ လွတ်မြောက်ရန် မဖြစ်ဟု ဟောပြောခဲ့သည်။
ထို့ကြောင့် ကျွန်တော်တို့သည် ဘုရား၏ ဟောကြားချက်ကို ထောက်ချင့်ခြင်းအားဖြင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့သည် ဤု အဗျာကတဝတ္ထု များအား ဒုက္ခသို့သွားရာလမ်းအဖြစ် မှတ်ယူ၍ ကြံစည်ခြင်းမပြု၊ ရှောင်ကြဉ်ရမည် ဖြစ်ပါသည်။
သေပြီးနောက် ဖြစ်၊ မဖြစ် အယူများလက်ခံထားပြီး ဒါန၊ သီလ၊ ဘာဝနာများ ပြုလုပ်နေကြပါက ဘုရား၏ အလိုကျ ကုသိုလ်ပြုခြင်းများ မဟုတ်တော့ပါ။ ဗုဒ္ဓဘာသာဝင်များပင် မဟုတ်ဟုပြောရပေတော့မည်။

ရဟန်းတို့ …
“လောကသည ်မြဲ၏ ဟူ၍လည်းကောင်း” ၊ “လောကသည် မမြဲ ဟူ၍လည်းကောင်း” ၊
“လောကသည် အဆုံးရှိသည် ဟူ၍လည်းကောင်း” ၊ “လောကသည် အဆုံးမရှိ ဟူ၍လည်းကောင်း” ၊
“ထိုအသက်သည် ထိုကိုယ်ဖြစ်သည် ဟူ၍လည်းကောင်း” ၊ “အသက်သည် တခြား၊ ကိုယ်သည် တခြားဖြစ်သည် ဟူ၍လည်းကောင်း” ၊
“သတ္တဝါသည် သေပြီးနောက် ဖြစ်သည် ဟူ၍လည်းကောင်း” ၊ “သတ္တ္တဝါသည် သေပြီးနောက် မဖြစ် ဟူ၍လည်းကောင်း” ၊
“သတ္တဝါသည် သေပြီးနောက် ဖြစ်လည်းဖြစ်၊ ဖြစ်လည်းမဖြစ် ဟူ၍လည်းကောင်း” ၊ “သတ္တဝါသည် သေပြီးနောက် ဖြစ်သည်လည်းမဟုတ်၊ မဖြစ်သည်လည်းမဟုတ် ဟူ၍လည်းကောင်း” ဤသို့ ယုတ်ညံ့သော အကုသိုလ်စိတ်ကို မကြံစည်ကုန်ရာ။

(ထိုသို့မကြံရစည်ခြင်းသည် အဘယ့်ကြောင့်နည်း)

ရဟန်းတို့ …
ဤသို့ကြံစည်ခြင်းသည် ယုတ်ညံ့သည်၊ အကျိုးစီးပွားနှင့်မစပ်၊ မဂ်တည်းဟူသော အကျင့်မြတ်၏ အစမဟုတ်၊ ငြီးငွေ.ရန်၊ တပ်မက်ခြင်းကင်းရန်၊ ဒုက္ခချုပ်ရန်၊ ဒုက္ခချုပ်ငြိမ်းရန်၊ ထူးသောဉာဏ်ဖြင့်သိရန်၊ ကိုယ်တိုင်သိရန်၊ တဏှာမှ လွတ်မြောက်ရန် မဖြစ်။

ရဟန်းတို့ …
ကြံစည်လိုကြလိုကြကုန်သော် “ဤကား ဆင်းရဲတည်း” ဟု ကြံစည်ကုန်ရာ၏။ “ဤကား ဆင်းရဲဖြစ်ပေါ်ရာ အကြောင်းတည်း” ဟုကြံစည်ကုန်ရာ၏။

(အဘယ်ကြောင့် ထိုကဲ့သို့ ကြံစည်ရသနည်း)

ထိုကဲ့သို့ကြံစည်ခြင်းသည် အကျိုးစီးပွားနှင့်စပ်၏၊ မဂ်တည်းဟူသော အကျင့်မြတ်၏အစ၊ ငြီးငွေ.ရန်၊ တပ်မက်ခြင်းကင်းရန်၊ ဒုက္ခချုပ်ရန်၊ ဒုက္ခချုပ်ငြိမ်းရန်၊ ထူးသောဉာဏ်ဖြင့်သိရန်၊ ကိုယ်တိုင်သိရန်၊ တဏှာမှ လွတ်မြောက်ရန် ဖြစ်၏။
ရဟန်းတို့ ထို့ကြောင့် “ဤကား ဆင်းရဲဖြစ်ပေါ်ရာ အကြောင်းတည်း” ဟုသိရန်အားထုတ်ရမည်။ သို့မှသာနိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်တည်း။

ကိုးကား

( ပြည်ထောင်စုမြန်မာနိုင်ငံတော် သာသနာရေးဦးစီးဌာန ပုံနှိပ်တိုက်မှ ရိုက်နှိပ်သော ဆဋ္ဌသင်္ဂါယနာတင် ပိဋကတ်တော် သံယုတ်ပါဠိတော် (မြန်မာပြန်) တတိယတွဲ၊ စာမျက်နှာ ၃၇၁ မှ သုတ်အမှတ်စဉ် ၁၀၇၈၊ စိန္တသုတ် )

59 comments

  • ဆူး

    April 11, 2011 at 7:57 am

    ဘုရားပင် ဖြေကြားတော်မမူခြင်းကို ရှိသည်၊ ဖြစ်သည်ဟု အတည်ပေါက် ဟော၊ ပြော၊ ယူနေခြင်းမှာ မိစာ္ဆဒိဋ္ဌိ အစစ်ဖြစ်၏။

    ရွာထဲမှာတော့ တယောက် တပေါက်နဲ့ တော်တော် ဆူ နေပါတယ် ဘုရား..

    ရှေ့လျှောက် တရား စာပေများ များများ ဖတ်ရဖို့ မျှော်လင့်နေပါတယ် ဘုရား။

  • kai

    April 11, 2011 at 8:08 am

    တခြားတော့ မသိပါဖုရာ့..
    ရွာထဲမှာ တချို ့ဆို..ဘာဖြစ်ဖြစ်.. ပြီးခဲ့တဲ့ဘဝကံကြောင့်ချည်း လွှဲချနေပြီး..
    ဘယ်သူက ဘယ်လောက်ဆိုးနေနေ..သူတို့ နောက်ဘဝမှာ ဝဋ်ခံရမယ်ချည်း လုပ်နေတော့ကာ…

    သူကြီးက လေကြိမ်လုံးနဲ့..နည်းနည်းချင်းရိုက်နေရတာပါဖုရာ့..။
    ရွာကျောင်းဆရာတော်အနေနဲ့..ဒါတော့ခွင့်လွတ်ပါဖရာ့…။ 🙂

    • etone

      April 11, 2011 at 9:05 am

      သူကြီးက ပညာပြချင်နေပုံရတယ်…. ။ အဲ့ဒီ ကြိမ်လုံး နှစ်ပိုင်းချိုးထားဦးမှပဲ

  • ဆူး

    April 11, 2011 at 8:18 am

    ဘယ်သူ မပြု မိမိမှု…
    ဝဇီဗေဒ ထိတိုင်းရှ..
    ကိုယ်ပြုသည့်ကံ ကိုယ့်ထံ ပြန်လာ သတဲ့..
    ကောင်းတာ လုပ်ရင် ကောင်းကျိုးပေးမယ်
    ဆိုးတာ လုပ်ရင် ဆိုးကျိုးပေးမယ်။

    ဆိုးတာ လုပ်ရင် ဆိုးကျိုးပေးမယ် ဆိုတာ မယုံရင် ပလာယာနဲ့ ကိုယ့်ခြေမ ကို ညှပ်ကြည့်လိုက်.. နာအောင် လုပ်တဲ့ အကျိုးနာကို နာစေရမယ်။ မနာဘူး ဆိုရင်.. ပြသနာ တခုခု ရှိနေလို့.. အဲဒါမှ မနာပါဘူး ဆိုရင်.. အပြတ်သာ ဖြတ်ချလိုက်။
    မှတ်ချက် ထုံဆေး မပါ။ ထုံဆေး ပါရင်လည်း အရေးမကြီးဘူး ဆေးပြယ်ရင် နာ လာလိမ့်မယ်။

    • မှော်ဆရာ

      September 27, 2011 at 9:19 am

      ဖြေသမျှအဖြေတွေထဲမှာ ဒီအဖြေအရှင်းဆုံးပဲ….

  • True Answer

    April 11, 2011 at 9:13 am

    ပုဂ္ဂိုလ်၊ သတ္တဝါ ဟူသည် သမုတိသစ္စာအားဖြင့် သီလအကျိုးငှာလည်းကောင်း လူမှုဆက်ဆံရေးအလို့ငှာ လည်းကောင်း သုံးရုံသက်သက်၊ အသုံးချရမည့်တရား ်သာ ဖြစ်ကြောင်းနားလည်ရပေမည်။
    ပရမတ္ထသစ္စာအနေအားဖြင့် သမုဒယသစ္စာကျေးဇူးပြုမှုကြောင့် တံလျှပ်ကို ရေထင်သလို ပုဂ္ဂိုလ်၊ သတ္တဝါ ကို အတည်ယူ အဟုတ်ထင်နေပေသည်။
    ပုဂ္ဂိုလ်၊ သတ္တဝါ များကို အတည်ယူကာ – အဟုတ်ထင်လျှက် သတ္တဝါအစကို လည်းကောင်း ၊ ငြင်းခုန်ခြင်း၊ ငြိတွယ်ခြင်း၊ ငြင်းပယ်ခြင်း ပြုရမည်မဟုတ်ပေ။

    ပညတ်တရားများ၊ သမုတိသစ္စာ များကို အဟုတ်ထင်ကာ ပယ်လျှင်လည်း မှားပါသည်။ အဟုတ်ထင်ကာ တွယ်လျှင်လည်းမှားပါသည်။

    သေချာနားလည်စေရန် မိုးကုတ်ဆရာတော်ကြီး၏ ဒိဌိဖြုတ် တရားများ- ပုဂ္ဂိုလ်၊ သတ္တဝါ အယူနှင့် ပတ်သက်ပြီးဟောကြားသော တရားတော်များ နားဆင်ရန် အကြုံပြုပါသည် ။ http://www.dhammaransi.com/index.php?option=com_content&view=article&id=47:2009-08-24-11-38-45&catid=50:mp3&Itemid=83

    • ashinariya

      April 12, 2011 at 6:34 am

      ကျေးဇူးပဲ true answer ရေ၊

      မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားများကို အကုန်လုံး နီးပါးလောက် နားကြားပြီးပါပြီ။

      true answer အနေနဲ့ ထပ်မံလေ့လာဖို့ webdite တစ်ခု ညွှန်လိုက်ပါရစေ။
      http://www.ariyadhamma.muktiply.com မှ တရားများကို သေသေချာချာ နာကြားပေးကြည့်ပါ။

      ပရမတ္တသစ္စာနဲ့ အရိယသစ္စာ ကွဲပြားသိလာမှာပါ။

  • kooo

    April 11, 2011 at 9:25 am

    မိုးပြာဂိုဏ်းရဲ့…အယူဆတွေနဲ့….သွားပြီးဆင်နေသလို့ဘဲ…..

  • ashinariya

    April 11, 2011 at 10:21 am

    သစ္စာတရားကို လေ့လာတဲ့အခါမှာ ဂိုဏ်စွဲ၊ ဝါဒစွဲ၊ ဆရာစွဲနဲ့ နဂိုအယူအဆအစွဲတွေဖယ်ပြီး ရေးထားတဲ့ အကြောင်းအရာရဲ့ သဘောအမှန်ကို သိအောင်လေ့လာပေးဖို့ လိုပါတယ်။

  • nigimi77

    April 11, 2011 at 10:31 am

    သဂျီးရေ ဘာမှ မပူနဲ ့ ကျုပ် မနေ ့ကပဲ ကြက်ဥကြိမ် အစည်းလိုက် ဝယ်ပြီး ရေစိမ်ထားတယ်။

    သင်္ကြန်ရက် အတွင်းမှာ အယူတိမ်းတွေကို ရိုက်ဖို ့။ 🙂

  • nigimi77

    April 11, 2011 at 10:45 am

    “…..သေပြီးနောက် ဖြစ်၊ မဖြစ် အယူများလက်ခံထားပြီး ဒါန၊ သီလ၊ ဘာဝနာများ ပြုလုပ်နေကြပါက ဘုရား၏ အလိုကျ ကုသိုလ်ပြုခြင်းများ မဟုတ်တော့ပါ။ ဗုဒ္ဓဘာသာဝင်များပင် မဟုတ်ဟုပြောရပေတော့မည်။……”

    အရှင်ဘုရား အဆိုအရဆိုရင် အားလုံးဟာ ဗုဒ္ဓဘာသာဝင်များပင် မဟုတ်ဟုပြောလို ့ရနေသလို အပါယ်တံခါးပွင့်

    နေပြီလို ့လည်း ပြောလို ့ရနေပါတယ်။ အရှင်ဘုရားက ဘယ်လို သဘောတရားမျိုးကို ပေးချင်လည်း ဆိုတာ

    ကို ကာယကံရှင် ကိုယ်တိုင်မှ သိနိုင်မယ် ဖြစ်ပေမဲ့လည်း …..

    “…..ဘုရားက မဟော၊ မပြော၊ မယူ ပဲနှင့် …..” ဆိုတဲ့ စာကြောင်း နှင့် ပတ်သပ်ပြီး ပြောလိုရင်းအား

    ပရိသတ် မှ မရပဲ ခုတ်ရာတလွဲ ရှရာ တခြား ဖြစ်သွားတယ်လို ့ မြင်ပါတယ်။

    • ashinariya

      April 23, 2011 at 11:25 am

      ဒါန၊ သီလ၊ ဘာဝနာများ ပြုလုပ်ကြတဲ့အခါ သေပြီးနောက်ကို အာရုံရောက်နေပါက အမျှော်ကုသိုလ်၊ အကြောက်ကုသိုလ်တွေပဲဖြစ်နေမှာမို့ လောကအတွက် အသုံးမကျ အချီးအနှီးသဘောတွေပဲဖြစ်နေမှာပါ။

      ပစ္စုပ္ပန်မှာ လောကကောင်းကျိုးနဲ့ ငြိမ်းအေးစေဖို့အတွက် အမျှော်၊ အကြောက်မပါပဲ အသုံကျမယ့် ကုသိုလ်မျိုးတွေပြုတတ်ဖို့ လိုပါတယ်။

      ဒါန၊ သီလ၊ ဘာဝနာအလုပ်တွေကို ပယ်ရမှာမဟုတ်ပါဘူး၊

      သေပြီးနောက်ကို အာရုံရောက်နေတဲ့ စိတ်ကူးယဉ်မှုတွေရယ်၊
      အမျှော်၊ အကြောက်နဲ့လုပ်တာတွေရယ်ကို ပယ်ခိုင်တာလို့ သဘောပေါက်ပေးပါ။

      ဗုဒ္ဓရဲ့တရားတော်တွေဟာ လူတွေ အစွဲတွေနဲ့ ကင်းပြီး လုပ်တတ်၊ ပြောတတ်၊ နေတတ်အောင် လမ်းညွှန်ပေးတဲ့တရားတွေပါ။

      ဒါန၊ သီလ၊ ဘာဝနာကိုပယ်ရမှာလား၊
      အစွဲတွေကို ပယ်ရမှာလားကို ကွဲပြားနိုင်ပါစေ။

      • naing thu

        April 21, 2012 at 6:14 pm

        ဘုရားဟောတဲ့ ဒိဌိဆိုတာ ဘာကိုဆိုလိုတာပါလဲဘုရား…

        သေပြီးနောက်ကို အာရုံရောက်နေတာ အရင်ဘဝကို လက်ခံနေတာ
        မှားတယ်ဆိုရင် အခုဘဝကို အဟုတ်ထင်နေတာရော မှန်ပါသလား..

        “ပစ္စုပ္ပန်မှာ”ဆိုတော့ ပစ္စုပ္ပန်ဆိုတာ တကယ်ရှိတာလား…
        ပစ္စုပ္ပန်ရှိတယ်ဆိုရင် ကာလသုံးပါး ကင်းလွတ်တယ်ဆိုတာ ရှိပါမလား…

        “အစွဲတွေကို ပယ်ရမှာလား”ဆိုတော့ အစွဲဆိုတာရော တကယ်ရှိလို့လား…
        အစွဲတွေက ဘယ်ကဖြစ်တာလဲ ဘယ်မှာဖြစ်တာလဲ ဘာကြောင့်ဖြစ်တာလဲ
        ဘယ်လိုပယ်ရမှာလဲ၊ အစွဲလို့ ယူတာ အယူမမှားဘူးလား?

        ဖြစ်နှိုင်ရင် ပြည့်စုံမှန်ကန်စွါ အညွှန်းမပေးဘဲ
        တိုက်ရိုက် ဖြေကြားပေးစေချင်ပါတယ် ဘုရား..

  • nature

    April 11, 2011 at 4:19 pm

    -ဒါန၊ သီလ၊ ဘာဝနာများ ပြုလုပ်နေကြပါက ဘုရား၏ အလိုကျ ကုသိုလ်ပြုခြင်းများ မဟုတ်တော့ပါ။ ဗုဒ္ဓဘာသာဝင်များပင် မဟုတ်ဟုပြောရပေတော့မည်။- ဟူသော အယူဝါဒသည် ဗုဓ္ဒဘာသာအတွက် အင်မတန်ကြောက်စရာကောင်းသော လွဲမှားသော အယူအဆတခုသာဖြစ်ပါသည်၊ ဒါန၊သီလ၊ဘာဝနာ နှင့်ပတ်သက်ပြီး သုတ်တန်များစွာဟောကြားထားသည်မှာအထင်အရှားဖြစ်ပါသည်၊ သဒါ္ဒတရားပြည့်ဝစွာဖြင့်ဒါနပြုလျှင် ချမ်းသာမည်၊ လောကီ သံသရာတွင်ချမ်း သာစွာလည်ပတ်လိုသူတို့သည် ဒါနသီလကိုအားကိုးရမည် ဖြစ်ပြီး သံသရာမှလွန်မြောက်ပြီး နိဗ္ဗာန် သို့ရာက်လိုလျှင် ဝိပသာနာဘာဝနာ သည် တခုတည်းသောလမ်း ဟုဟောကြားခဲ့ပါသည်။ တရားတော်နှင့် ပတ်သက်ပြီး ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသနှင့် ဆွေးနွေးကြည့်ရန်အကြံပြုပါသည်။

    • ashinariya

      April 12, 2011 at 7:21 am

      စာအုပ်ကြီးအတိုင်း တရားသေ ပြောဆို ဆွေးနွေးတာမဟုတ်ပဲ ကာလာမသုတ်အလိုကျ ဆွေးနွေးခွင့်ရမယ်ဆိုရင် ဒေါက်တာနန္ဒမာလာဘိဝံသနဲ့ online မှ ဆွေနွေးလိုပါတယ်။ စီစဉ်ပေးနိုင်ပါက ကျေးဇူးတင်မိမှာပါ။
      လူတွေအတွက် ကျေးဇူးများမှာကြောင့်ပါပဲ။

  • nigimi77

    April 11, 2011 at 4:29 pm

    ဟေ့ …ဟေ့ …. ဒါနကနေ မစနဲ ့လေကွယ်….။

    သေပြီးနောက် ဖြစ် မဖြစ် ဆိုတာကနေစမှ မျှတမှာပေါ့…။

    ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ ဘုရာ့….။

    ကြွရောက်တော်မူပြီး သကာလ ရှင်းလင်းတော်မူပါ ဘုရာ့….။

    နယ်ရို – ခရူးဆိတ် ဖြစ်တော့မှာကို လက်လွတ်စံပယ် ကြည့်နေတော် မမူပါနဲ ့ ဘုရာ့….။

  • nigimi77

    April 11, 2011 at 4:38 pm

    မြန်မာ အသံထွက်မှားရင် ဒါနဲ ့ပြင်ဖတ်နော်။

    Neo – Crusades

  • kai

    April 11, 2011 at 5:03 pm

    ရွာထဲ.. ဘုန်းတော်ကြီး ဘယ်နှပါးရှိသလည်း မသိ…
    သူကြီးတော့ မျက်စိကို လည်နေတာပဲ..။

    မန္တလေးဂေဇက်မှာ စာရေးဖူးတဲ့… ခရစ်ယန်ဘုန်းတော်ကြီးတွေလည်း ပင့်ဖိတ်ဦးမှပါ… 🙂

  • nature

    April 11, 2011 at 5:20 pm

    သံသရာ ဟူသောစကားလုံး ကိုသုံးထားပါသည်။လူဝင်စားများအကြောင်းရော ကြားဘူးပါသလား။

    • ashinariya

      April 12, 2011 at 6:47 am

      လူဝင်စားများအကြောင်းကို ကြားဖူးပါတယ်။
      လူမသေခင်ကတည်း ဝင်စားနေသောအဖြစ်များကိုရော ကြားဖူးပါသလား။

      လူ မသေသေးပဲ ကိုယ်ထင်ပြတာခံရတဲ့ အဖြစ်တွေကိုရော ကြားဖူးပါသလား။

      ဒါဆိုရင် သံသရာဆိုသော စကားရဲ့ အဓိပ္ပါယ်ကို ဘယ်လို နားလည်ကြမလဲ။

      အစဉ်အလာအသိကြီးနဲ့ ရပ်မနေစေချင်ပါ။

  • nigimi77

    April 11, 2011 at 5:44 pm

    “…….လောကီ သံသရာတွင်ချမ်း သာစွာလည်ပတ်လိုသူတို့သည် ဒါနသီလကိုအားကိုးရမည် ဖြစ်ပြီး သံသရာမှလွန်မြောက်ပြီး နိဗ္ဗာန် သို့ရာက်လိုလျှင် ဝိပသာနာဘာဝနာ သည် တခုတည်းသောလမ်း …”

    သံသရာ ဆိုတာကိုတွေ ့ပါတယ်။ လောကီ သံသရာမှာ ချမ်းသာစွာ ( ဆင်းရဲစွာ မဟုတ်ဘူးနော်)

    လည်ပတ်စွာ (လည်ပတ်စွာ ဆိုတာက Recycling) …

    ဆိုတော့ …ချမ်းသာစွာ လည်ပတ်လိုသူတွေ

    အရင် ဘဝပြီး ဒီဘဝ၊ ဒီဘဝပြီး နောက်ဘဝ (လောကီ သံသရာ) တွေကို ချမ်းသာစွာ လည်ပတ်လိုသူတွေဟာ

    ဒါနသီလကိုအားကိုးရမည် ဆိုတဲ့ ဆိုလိုရင်းကို တွေ ့ပါတယ်။

    အဲဒီ…”…သံသရာမှလွန်မြောက်ပြီး…” …….ဆိုတာကိုကြည့်ရင် သံသရာကို ချမ်းသာစွာ လည်ပတ်ဖို ့ အတွက်

    ဒါနသီလကို အားကိုးနေကျတဲ့ အခါ (သံသရာ လည်ပတ်ဖို ့ ဒါနသီလကို လောင်စာ အဖြစ် အသုံးချနေကြတဲ့အခါ) အဲဒီ သံသရာကနေ လွန်မြောက်ဖို ့ နည်းလမ်းက ….

    “…. နိဗ္ဗာန် သို့ရာက်လိုလျှင် …” ဆိုတဲ့ မက်လုံး ကြားမှာ မြုတ်ကွက်ဖြစ်နေတယ်။

    အဲဒီ မြုတ်ကွက်က “…..ဝိပသာနာဘာဝနာ….” လို ့ ဆိုပြန်တယ်……။

    ဒီတော့…သံသရာကို ချမ်းသာစွာနဲ ့ ကျင်လည်ဖို ့ အတွက် ဒါနသီလကို ပြုလုပ်ပြီး…..

    နိဗ္ဗာန် သို့ ရောက်ဖို ့ အတွက် “….ဝိပသာနာဘာဝနာ……” ကို အားထုတ်ရမယ်ဆိုတဲ့ သဘောတရားပဲ။

    သို ့သော်လည်း “…ဝိပသာနာဘာဝနာ….” သည် “…နိဗ္ဗာန် သို့ ရောက်ဖို ့ …” လမ်း လို ့

    ဗုဒ္ဓ က မဟောကြားခဲ့ပါ။

  • nigimi77

    April 11, 2011 at 5:51 pm

    လူဝင်စားများ အကြောင်း ကြားဖူးပါတယ်။ အလွန် သနားစရာ သတ္တဝါများပါ။

    အယူဝါဒအရဆိုလျင် တိဘက်မှ အခြေခံတယ်လို ့ ယူဆပါတယ်။

    လူပြန်ဖြစ်လာလို ့ လူဝင်စားလို ့ ပြောလို ့ရပေမဲ့ လူမဖြစ်လာခဲ့ရင်

    “မကျွတ်ဘူး” လို ့ ပြောလို ့ရတဲ့ စာရင်းထဲမှာ ပါဝင်နေပါတယ်။

    • Ordinary Man

      September 26, 2011 at 8:20 pm

      လူဝင်စားတာ မစားတာ။ သေပြီးနောင်ဖြစ်တာမဖြစ်တာတွေ ဘာမှလျှောက်ပြောမနေကြပါနဲ့ ဒါတွေက လူကိုဘာဖြစ်သွားစေမှာမို့လို့လဲ
      အခုဘဝမှာတောင် သိစရာတွေတစ်ပုံတစ်ပင်
      အလကားအချိန်ကုန်မဲ့ဟာတွေကို တွေးနေလို့ကတော့ သေသာသွားမယ်။ ဘာအကျိုးမှတော့ရှိလာမှာ မဟုတ်ဘူး။
      လိမ်စားသူတွေနဲ့ပဲတွေ့မှာ။ ဒီလိုနဲ့သေသွားကြတဲ့ပုဂ္ဂိုလ်တွေလဲ တစ်ပုံကြီး။
      အထင်ကရပုဂ္ဂိုလ် ကြီးတွေတောင်ပါတယ်။

  • nature

    April 11, 2011 at 5:56 pm

    မဂ္ဂင် ၈ပါး မြတ်တရား ကိုကြားဘူးပါသလား။

    • ashinariya

      April 12, 2011 at 7:05 am

      မဂ္ဂင် ၈ပါး မြတ်တရားကို လေ့လာတဲ့အခါမှာ ပရမတ္တသစ္စာအမြင် လေ့လာမှုနဲ့ အရိယသစ္စာအမြင် လေ့လာမှုကို ကွဲကွဲပြားပြား သိဖို့လိုပါတယ်။

      အရိယသစ္စာအမြင်ရဲ့ မဂ္ဂင် ၈ပါး အရကောက်အမှန်ကို သိနိုင်ဖို့အတွက်ကို http://www.ariyadhamma.multiply.com လိပ်စာထဲက MP 3 တရား အမှတ်စဉ် ၄၁ မှ ၅၂ ထိ တရားများကို ဦးစားပေးနားကြားကြည့်ပါ။

      ဒီတရားတွေကြောင့် အသိဉာဏ်ပြောင်းလဲလာတာမို့ သိစေချင်လို့ လမ်းညွှန်တာပါ။

  • kai

    April 11, 2011 at 5:59 pm

    အမှတ်မမှားဘူးဆိုရင်.. ဝိပသနာကျင့်နည်းတွေကလည်း.. တိဘက်ရဟန်းတပါးက.. သီဟိုမကြွခင် မြန်မာပြည်မှာ အရင်ပို ့ချသင်ပြပေးသွားတာတွေပါပဲ..။
    ဟိုးးးး အရင်က..။
    အဲဒါ.. အဲဒီရဟန်ဘွဲ ့ ့တော် မှတ်မိသူတွေ ရေးပေးကြပါဦး…။

    အင်း…
    ဗုဒ္ဓဘာသာ စတင်ခဲ့ရာ ဒေသ( အိန္ဒိယ၊နီပေါ)မှာတော့ ဗုဒ္ဓလူဝင်စားတောင် ပေါ်နေလေရဲ့..။

  • nigimi77

    April 11, 2011 at 6:00 pm

    အတ္တ နဲ ့ တပ်မက်မှုကို မစွန် ့ခွာနိုင် လို ့ လူဝင်စား ပြန်ဖြစ်တာဟာ ” မကျွတ်တာပါ”…။

    မကျွတ်လွတ်နိုင် သေးသမျှ သံသရာကို လည်ပတ်ချင်စိတ် မကုန်နိုင်သေး သမျှ

    အယူဝါဒ အရ ဒီဘဝပြီးလျင် နောက် ဘဝ ဆိုတဲ့ သူတွေထက်ကို ပိုပြီး မိုက်မဲစွာ

    အရင်ဘဝ ဆိုတာကို တမ်းတမ်းစွဲ မက်မောစွာနဲ ့ လူဝင်စားတာဟာ

    အလွန်ကို တဏှာဒိဋ္ဌိ အင်အားကြီးမားတယ် လို ့ မှတ်ချက်ချနိုင်ပါတယ်။

    ဒါကြောင့် လူဝင်စား ဆိုတာဟာ သာမာန် အယူလွဲ တွေထက်တောင် ဆိုးဝါးတယ်လို ့ ပြောနိုင်ပါတယ်။

  • nature

    April 11, 2011 at 6:13 pm

    နှစ်သစ်မှာ မင်္ဂလာ အပေါင်းနဲ့ပြည့်စုံပါစေ၊ ချမ်းသာသုခအပေါင်းနဲ့ပြည့်စုံပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်၊ ကျွန်ုပ်ပြုလုပ်ခဲ့သမျှသော ကောင်းမှုကုသိုလ် အစုစုကို ရွာသူရွာသားအပေါင်းကို အမျှပေးဝေပါ၏၊ -အမျှ ၊အမျှ၊ အမျှ -ယူတော်မူကြပါကုန်လေ့ာ၊ ရွာသူရွာသားအပေါင်းတို့ ပြုလုပ်ခဲ့သမျှသော ကောင်းမှုကုသိုလ် အစုစုကို ကျွန်ုပ်က သာဓုခေါ်ပါ၏၊ – သာဓု၊ သာဓု၊ သာဓု။

  • nigimi77

    April 11, 2011 at 6:28 pm

    နောက်ဆုံး ကျည်ဆံနဲ ့ပစ်သွားပါလား ဆရာသမားရဲ ့။ 🙂

    ဆုတောင်းမေတ္တာပို့တာနဲ ့ ပတ်သပ်တဲ့ Post တစ်ခု ရှိတယ်နော်။

    ရှာဖတ်ကြည့်။

  • bigcat

    April 12, 2011 at 12:05 am

    ုkoo @ မိုးပြာဂိုဏ်းအကြောင်းသိရင် ပြောပါအုံး။ ဟိုတလောကတော့ အန်တီဆူး ကွန်မန့်တခုမှာ ထည့်ရေးဖူးတယ်။ ကိုယ်တိုင်မရေးချင်လည်း နာမည်အသစ်ဖွင့် ရေးပေးပါလား။ ရွာထဲက သိသူများရှိရင်လည်း ပို့စ်တပုဒ်လောက် တင်ပေးပါလို့……

  • True Answer

    April 12, 2011 at 3:26 am

    ဘုရားသာသနာတွင်
    ၁)ဝေါဟာရဒေသနာ (သမုတိသစ္စာ)
    ၂)ပရမတ္ထဒေသနာ (ပရမတ္ထသစ္စာ) ဟူ၍ နှစ်မျိုး ရှိကြောင်း ကွဲကွဲပြားပြားနားလည် ရန် လိုအပ်ပါသည်။
    ထို့ပြင် ပညာ အစစ်ဖြစ်သော ………………….
    ၁)မှန်ကန်သောနှလုံးသွင်းမှု(သမ္မာသင်္ကပ္ပ) နှင့် ၂)မှန်မှန်ကန်ကန်သဘောပေါက်နားလည်ယူဆမှု – မှန်ကန်သောအယူ(သမ္မာဒိဋ္ဌိ) တို့သည် စိတ် (မှန်မှန်ကန်ကန်နှလုံးသွင်းမှု) နဲ့သာ သက်ဆိုင်ပြီး ဝေါဟာရဒေသနာ – သမုတိသစ္စာ(သို့) ကာယကံ – ဝစီကံ များ နှင့် မရောထွေးမိစေရန် အထူးဂရုပြုသင့် ကြောင်း စေတနာထား၍ ရှင်းပြအပ်ပါသည် ။
    အသေးစိတ်သိရှိရန် ပညတ် သမုတိသစ္စာ နှင့်- ပရမတ် (ပရမတ္ထသစ္စာ) တို့ တန်းတူထားမိပြီး နားလည်မှု ရောထွေးကာ သီဟိုဠ်မှ မေးလာသော အမေးပုစ္ဆာနှစ်ပုဒ်အား လယ်တီ ဆရာတော် ကြီး ၏ ဖြေဆိုခဲ့ပုံကို blog တရားဆောင်းပါးများ စာမျက်နှာ http://realenlightenment.multiply.com/journal/item/9/9 တွင် ထပ်မံဖတ်ရှုခြင်းအားဖြင့် ပိုမိုနားလည်သဘောပေါက်မည်ဖြစ်ကြောင်း မေတ္တာအရင်းခံ ပြောကြားအပ်ပါသည်။

    • ashinariya

      April 12, 2011 at 7:14 am

      (၁)ဝေါဟာရဒေသနာ (သမုတိသစ္စာ)
      (၂)ပရမတ္ထဒေသနာ (ပရမတ္ထသစ္စာ) အပြင်
      (၃)ဗုဒ္ဓ၏ ကမ္မဒေသနာ (အရိယသစ္စာ)ကိုပါ ကွဲကွဲ ပြားပြားသိဖို့လိုပါတယ်။
      ဓမ္မစကြာတွင် ဗုဒ္ဓက အရိယသစ္စာကိုသာ ဟောကြားတော်မူခဲ့တာပါ။

      ဗုဒ္ဓ၏ ကမ္မဒေသနာ (အရိယသစ္စာ)ကို သိနိုင်ဖို့အတွက်ကို http://www.ariyadhamma.multiply.com လိပ်စာထဲက MP 3 တရား အမှတ်စဉ် ၄၁ မှ ၅၂ ထိ တရားများကို ဦးစားပေးနားကြားကြည့်ပါ။

  • True Answer

    April 12, 2011 at 7:35 am

    ဗုဒ္ဓ၏ ကမ္မဒေသနာ (အရိယသစ္စာ)သည်
    လယ်တီဆရာတော်ကြီးရှင်းပြသော
    (၁)(သမုတိသစ္စာ)
    (၂)ပရမတ္ထဒေသနာ (ပရမတ္ထသစ္စာ) ကနေ ဘယ်လို လွန်မြောက်ခြားနားနေပါသလဲ။ စာဖြင့် တတ်နိုင်က ရှင်းပြပေးပါ။ နားထောင်ရန်အချိန်မပေးနိုင်သူများအတွက် ဖြစ်ပါသည်။

    • ashinariya

      April 16, 2011 at 11:50 am

      အစိပ်တွေပေါင်းစုထားတဲ့ အစုပညတ်တွေကို သမုတိသစ္စာဟု နားလည်ပေးပါ။
      ဥပမာ – ဆေးလိပ်ဆိုပါစို့။ ဆေးလိပ်ဆိုတာ ဆေး၊ ဆေးရိုး၊ ဖက်နှင့် ဖင်စီခံတို့ ပေါင်းစုခြင်းကြောင့် ဖြစ်နေတဲ့ ပုံဟန်ဟာ သမုတိသစ္စာအမြင်ပါ။

      ပရမတ္ထသစ္စာအမြင်က ပရမတ်လို့ဆိုတဲံ့ ရုပ်၊ နာမ်တွေရဲ့ အစိပ်စိပ်တွေကို ကြည့်ပြီး ပုံဟန်ပျောက်အောင် ရှုတာ ပရမတ္ထသစ္စာရဲ့ ပန်းတိုင်ပါ။

      အရိယသစ္စာအမြင်က အစိပ်တွေ၊ အစုတွေပေါ်မှာ ကံ (သင်္ခါရ)လို့ ဆိုတဲ့ အမှုတွေကြောင့် ဖြစ်ပေါ်နေတဲ့ တန်ဘိုးအမှန်ကို သိမြင်တာပါ။ ဆင်းရဲမှန်းသိတော့ ဒီ ကံ (သင်္ခါရ)တွေကို မပြုချင်တော့ပါ။ ကံ (သင်္ခါရ)မပြုတော့ ကံကြောင့်ဖြစ်ရမယ့် ဆင်းရဲအဖြစ်တွေငြိမ်းတာ အရိယသစ္စာလမ်းစဉ်ပါ။

      အသေးစိပ် ကွဲကွဲပြားပြားသိလိုပါက တရားတော်များကို စိတ်ရှည်ရှည်နာကြားပေးဖို့လိုပါတယ်။

  • Yin Nyine Nway

    April 12, 2011 at 10:18 am

    မသိလို့မေးပါရစေ….ဆရာတော်တွေ များလားဟင် ရွာထဲမှာ….
    ဓမ္မာကထိကတောင် ဒီလောက် သိကြမှာမဟုတ်ဘူး
    အဂ္ဂမဟာပဏ္ဍိတ တို့ ဘာတို့ရောရှိလားဟင်…ရွာထဲမှာ

  • nigimi77

    April 12, 2011 at 3:40 pm

    သျှင်ကြီး နိဂိမိ တော့ရှိတယ်လို ့ကြားတယ်။ ဒီရွာထဲမှာ။ 🙂

  • True Answer

    April 13, 2011 at 1:37 am

    အရှင်ဘုရား(သို့) မိတ်ဆွေကြီးအနေနဲ့ ပွင့်ပွင့်လင်းလင်းပဲ မိမိပို့စ်မှ အယူအဆများမှာ မိုးပြာဂိုဏ်းအယူအဆများကို တင်ပြနေခြင်းသာဖြစ်ကြောင်း ရှင်းပြသင့်ပါတယ်။ အရှင်ဘုရားရဲ့ရှေ့ပိုစ်များတွင်လည်း ပိုမို သိရှိရန် မိုးပြာဂိုဏ်းမှ လင့်များကို လေ့လာဖတ်ရှုကြရန် တိုက်တွန်းထားကြောင်းတွေ့ရှိရပါသည်။

    • ashinariya

      April 16, 2011 at 11:54 am

      သစ္စာတရားကို လေ့လာတဲ့အခါမှာ ဂိုဏ်စွဲ၊ ဝါဒစွဲ၊ ဆရာစွဲနဲ့ နဂိုအယူအဆအစွဲတွေဖယ်ပြီး ရေးထားတဲ့ အကြောင်းအရာရဲ့ သဘောအမှန်ကို သိအောင်လေ့လာပေးဖို့ လိုပါတယ်။

      ကိုယ်နားလည်သလို သဘောပေါက်စေချင်လို့ လမ်းညွှန်ပေးတာပါ။

  • kyawkoko

    April 17, 2011 at 6:58 am

    ဘုရားဟောခဲ့တာကအကုန်ပွင့်ပွင့်လင်းလင်းဘဲဟောခဲ့တာ …(ခရစ်ယာန်ကျမ်းစာလိုအဓိပါယ်ဖေါ်ရတာမှမပါတာ)
    ashinariya က ဘုရားစကားကို ကပ်သပ်ပီးလိုက်ပြောနေတယ်လို.ဘဲမြင်တယ်

    • ashinariya

      April 23, 2011 at 6:04 am

      ဘုရားဟောခဲ့တာတွေကို သမုတိသစ္စာနဲ့က ဘယ်လိုယူရတယ်၊ ပရမတ္တသစ္စာနဲ့က ဘယ်လိုနားလည်ရတယ်၊ အဘိဓမ္မာနဲ့က ဘယ်လိုဆိုပြီး
      ကပ်သီးကပ်သပ် ပြောနေတာတွေကို အရိယသစ္စာအမြင်နဲ့ ရိုးရိုးလေးမြင်ပြတယ်လို့ နားလည်ပေးပါ။

      • bigcat

        April 23, 2011 at 6:17 am

        အရှင်ဘုရားတို့ အယူက ဘုရားလက်ထက်က တထ္ထိအယူထဲက ကာယဒဏ် ဝစီဒဏ် မနောဒဏ် ဆိုတာနဲ့ သွားတူနေ၊ မနေကို ရှင်းပြဖို့ မေတ္တာရပ်တာ ပစ္စုပ္ပန်ကမ္မဝါဒီထဲက တယောက်မှ ထွက်မလာဘူး။

  • kosicca

    April 19, 2011 at 10:13 am

    လူသေပြီးရင် ဖြစ်တယ်၊ မဖြစ်ဘူး၊ နှစ်ခုလုံးကို ဘုရားက အကျိုးစီးပွားနဲ့ မစပ်လို့ စိတ်ကူးယဉ်ကြံဆ မှုတွေမို့ မဟောတာလို့ အဗျာကတတရားတွေမှာ အခိုင်အမာ အသေအချာ ဟောထားပါရက်နဲ့ ယနေ့ခေတ်မှာ ဘုရားပဲဟောခဲ့သလိုနဲ့ သမုတိသစ္စာနဲ့က ဘယ်လိုယူရတယ်၊ ပရမတ္တသစ္စာနဲ့က ဘယ်လိုနားလည်ရတယ်ဆိုပြီး နားလှည့် ပါးလှည့် ပြောနေကြတာဟာ ဘုရားထက်တောင် သူတို့က ပိုတတ်သလိုမျိုး ဖြစ်နေတယ်။

    နားရွက်ကို တည့်တည့်ကိုင်ရင် ရပါရက်နဲ့ ခေါင်းကိုကျော်ပြီးမှ ကိုင်သလိုဖြစ်နေတဲ့ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေနဲ့ ဝေးရပါလို၏ ဘုရား။

    ဗုဒ္ဓမြတ်စွာဘုရား မယူစေချင်တာ၊ မတွေးစေချင်တာ တပည့်တော်လည်း မယူတော့ဘူးဘုရား၊ မတွေးတော့ဘူးဘုရား။

    ဘာကို နှလုံးသွင်း ကျင့်သုံးမှ အကျိုးရှိမယ်၊ ငြိမ်းအေးမယ်ဆိုတာ အများသိအောင် လမ်းညွှန်ပေးပါဦးဘုရား။

  • lionking

    April 19, 2011 at 11:08 am

    ဗုဒ္ဓမြတ်စွာဘုရား မယူစေချင်တာ၊ မတွေးစေချင်တာတွေနဲ့ တွေးနေ၊ ဟောနေရင်တော့ အဲဒါ မိစ္ဆာဒိဋ္ဌိပဲ။
    အားတော့နာပါတယ်။

  • nature

    April 22, 2011 at 4:29 pm

    ကျနော်ကတော့ ဗုဒ္ဓမြတ်စွာဘုရား ဟောတာကိုယူပါတယ်၊လေးစားလိုက်နာပါတယ်၊ ashinariya ဟောတာတွေကိုသာမယူတာပါ။

    • lionking

      April 23, 2011 at 5:52 am

      သေပြီးနောက် ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာကို မယူဘူးဆိုတာ အဗျာကတဝတ္ထုမှာ ဘုရားသေသေချာချာ ဟောထားတာလေ။ ဒီအယူတွေဟာ အကျိုးစီးပွား မဖြစ်စေလို့ မယူသင့်ဘူးဆိုတာ ဘယ်သူပြောပြော သဘာဝကျရင် လက်ခံ ရမှာပေါ့။ nature နဲ့ကတော့ ခက်ပါတယ်လေ။ တရားကို မြင်အောင်ကြည့်တတ်ရတယ်ကွဲ့။

      • bigcat

        April 23, 2011 at 6:20 am

        ခြင်္သေ့ဘုရင်လည်း သိရင်လုပ်ပါအုံး။ အရိယာသစ္စာသိနေမှတော့ ဒါလေးတော့ ရှင်းပြနိုင်သင့်ပါတယ်။ နို့မို့ရင်တော့ အရိယာဈေးကျအောင်လုပ်နေတာလို့ ယူဆမယ်ဗျို့။
        ပစ္စုပ္ပန်ကမ္မဝါဒီ အယူက ဘုရားလက်ထက်က တထ္ထိအယူထဲက ကာယဒဏ် ဝစီဒဏ် မနောဒဏ် ဆိုတာနဲ့ သွားတူနေ၊ မနေကို ရှင်းပြဖို့ မေတ္တာရပ်ပါသည်။

  • lionking

    April 23, 2011 at 12:08 pm

    စိတ်မပူပါနဲ့ ကိုယ့်လူရာ၊ အရိယာဈေးက ကျလည်းမကျ၊ တက်လည်း မတက်ပါဘူး။ ပုံမှန်ပါပဲ။
    ဘာလို့လဲဆိုတော့ အရိယာဆိုတာ အမှန်ကိုသိနေတာလေ။
    ဟိုအယူနဲ့ ဒီအယူနဲ့ တူတယ်၊ မတူဘူးဆိုတာကို ကိုယ့်လူ လျှောက်တွေး မနေနဲ့ ခေါင်းစားသွားမယ်။ သမိုင်းဆိုတာ အရှုပ်ကြီးကွ၊ ကိုယ်လိုသလို ရေးထားတာတွေက များတယ်။

    ကိုယ်တိုင် ကျင့်သုံးကြည့်လို့ မှန်ကန်တယ်၊ သဘာဝကျတယ်၊ ကောင်းကျိုးကိုဖြစ်တယ်၊ လူမသိနိုင်တာတွေ မပါဘူး။
    လူသိနိုင်၊ လူလုပ်နိုင်တဲ့ထဲကဆိုရင် လက်ခံလိုက်စမ်းပါ ကိုယ့်လူရာ။
    ကိုယ်တို့က လူတွေလေ . . . . . ။

    • bigcat

      April 24, 2011 at 12:29 am

      ဒါမျိုးတွေ ရိုးနေပြီကိုယ့်လူ။ မနေ့တနေ့ကမှ သင်္ကန်းစီးပြီး ရေစက်ချတရား လာဟောဖို့မကြိုးစားနဲ့၊ ရွာထဲမှာ ဘဒ္ဒန္တတွေ အများကြီး….
      ရှင်အရိယာကို ပြန်မေးထားတာလေးကိုလည်း ကော်ပီကူးပေးလိုက်တယ်။ မသိဘဲ စွတ်အုပ်နေမှာစိုးလို့…

      နာမေးဒါကတမျိုး တူဖြေဒါကတခြား။ မဖြေနိုင်ရင် မဖြေတတ်ရင် မဖြေရဲရင် မဖြေဝံ့ရင် ပွင့်ပွင့်လင်းလင်းပြောပါဗျို့။ ဒါလေးတောင် မဖြေနိုင်ရင် အရိယာသစ္စာဆိုတာ ဘယ်လိုယုံရမှာတုံး… သူတပါးကိုပြောရဲရင် ကိုယ့်ကိုဝေဖန်တာကိုလည်း ပြန်လည်ဖြေရှင်းတတ်ရမယ်…. ဒီမေးခွန်းကိုဓမ္မဥယျာဉ်ဆရာတော်ashinindakaရယ်၊ ရှင်အရိယာရယ်၊ သဂျီးရယ်၊ ခြင်္သေ့မင်းရယ်ကို မေးနေတာ သုံးလေးရက် ရှိသွားပြီ။ ဘယ်သူမှလည်း မဖြေတတ်ကြဘူး။ kosicca ဆိုသူလည်း ယောင်ဝါးဝါးပဲ။ ယုံဖူးအောင် ဂုဏ်ထူးဆောင် နေကြတာများလား…..
      ဒီအတိုင်းဆို ကိုယ်တော်တို့ယုံတဲ့ ဝါဒက ဒီဃတပဿီ အမည်ရှိသည့် နိကဏ္ဌ တိတ္တိဆရာကြီး၏ ကာယဒဏ်၊ ဝစီဒဏ်၊ မနောဒဏ်ဆိုတာကြီးကို စုတုပြုထားတာကြီးပဲဖြစ်ရမယ်။

      • eros

        April 24, 2011 at 12:56 pm

        ကိုကြောင်ကြီးရဲ့ ကွန်မန်းကို သဘောကျတယ်ဗျိုး။ အခုဟာက မေးလိုက်ရင် ဟိုဆိုက်ညွှန်း၊ ဟိုဟာဖတ်ပါဦး၊ ဒီဟာ ဖတ်ပါဦးနဲ့။ တခြားဘာသာခြားတွေ ဘာသာရေးကျုံးသွင်း သလိုမျိုးလုပ်နေတယ်။ eros တို့ကတော့ ဒါမျိုးနဲ့ သိမ်းသွင်းတာရိုးနေပြီ။ အကြိမ်ကြိမ် အခါခါ ခံရဘူးလို့။

        • first last

          June 22, 2012 at 11:10 am

          They don’t respond because of they don’t have answer.

          TO WHOM WHO FOLLOWING MOE BYAR.

          YOU CAN BELIEVE WHAT EVER YOU BELIEVE
          BUT PLEASE DON’T MAKE OTHER PEOPLE GO WRONG.

  • PEACEMAKER

    April 24, 2011 at 12:10 pm

    ဒဂုံမြို့သစ်မှာ ဒကာ ဒကာမတွေ လှူထားတဲ့ဝတ္ထုငွေတွေနဲ့ မြေကွက်တွေဝယ်ပြီး လုပ်စားနေတဲ့ ဘုန်းကြီးရှိတယ်။ ပွဲစားတွေနဲ့ပေါင်းပြီး စီးပွားရေးလုပ်နေတာ။ အကြောင်းသိတဲ့ ဦးဏှောက်ရှိတဲ့သူတွေက လုံးဝမကြည်ညိုဘူး။ တစ်ခါ ဘိုကလေးသွားတုန်းက ညဘက်ဈေးရောင်းတဲ့ဈေးသည်ကို သားပြော၊မယားပြော ပြောသွားတဲ့ဘုန်းကြီးနဲ့ ကြုံလိုက်ရတယ်။ ဈေးသည်ကို အဲလိုပြောတာ တို့တွေရှေ့မှာမို့ မယုံနိုင်လောက်အောင်ပေါ့။ ဈေးသည်ခမျာ လမ်းတောင် မလျှောက်နိုင်ဖြစ်သွားတယ်။ အံ့ဩတာရယ်၊ ရှက်လွန်းအားကြီးသွားတာရယ်။

  • True Answer

    September 27, 2011 at 8:14 am

    ထေရဝါဒ စာပေများတွင် ဟိန္ဒူဝါဒများရောနှောကာ မသန့်စင်ဟူပြီး မယုံကြည်သောစကားကိုဆိုသည်ကတဖက် –
    ထေရဝါဒစာပေများကို စွဲယူလျှက် မိမိတို့ဝါဒအတွက်
    အကိုးအကား အထောက်အထားပြုကာ ထင်ယောင်ထင်မှားပြုလုပ်နေခြင်းသည်ကားလည်းတဖက်…
    ပြုလုပ်နေသောကြောင့် မရိုးမသား ထင်ရောင်ထင်မှားလုပ်သော အယူဝါဒ အဖြစ် ယူဆပါသည်။

    ထေရဝါဒ၊ မဟာယန၊ ဝဇီရာယန ဗုဒ္ဓဘာသာအားလုံး
    -ရှေ့ဘဝနောက်ဘဝအယူ၊
    -ဘုရားအလောင်းအဖြစ် ဘဝပေါင်းများစွာ ပါရမီဖြည့်ကျင့်ရသောအယူ၊
    -လူ့ဘဝ အပြင် ပရလောက (အပါယ်လေးပါး) ရှိသေးသည်ဟူသောအယူ၊
    -ပဋိစ္စသမုပ္ပါဒ်၊ ဓမ္မစကြာ၊ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါးအယူ ၊
    -ကံကံ၏အကျိုး (အတိတ်၊ ပစ္စုပ္ပါန်၊ အနာဂတ်အယူ)၊
    -ပါဏာတိပါတကံ အယူ(တိရစ္ဆာန်များပါပါဝင်သည်) အားလုံး အတူတူပင်ဖြစ်လေသည်။
    ထိုသဘောထား အခြေခံမျှ မတူညီနိုင်ပဲ ဗုဒ္ဓစာပေများကို အကိုးအကားပြုကာ
    မိမိတို့ဝါဒကို အများလက်ခံအောင် ဗုဒ္ဓစာပေများကို ထုတ်ယူကိုးကားလျှက် မိမိလိုသလို ဘာသာပြန်ပြီး ဗုဒ္ဓသာသာအမည်ဖြင့် သပ်လျှို လိမ်လည် လှည့်ဖြားခြင်းကို ရပ်တန့်သင့်ပေပြီ။

    မိမိတို့ အယူကို မိမိတို့ကိုယ်ပိုင်နာမည် မိမိဖာသာ လွတ်လွတ်လပ်လပ် တင်ပြသင့်ပါသည်။

    ကျွန်တော်အမှတ်မမှားဘူးဆိုလျှင် ခင်ဗျားတို့ တင်ပြနေသောဝါဒသည်
    ၂ဝ ရာစုအစ ပြင်သစ်ပညာရှင်တစ်ဦးတင်ပြခဲ့ပြီးသော ဝါဒသာဖြစ်ပါသည်။
    Existentialism ဖြစ်ပါသည်။ ဆရာဦးဆန်းလွင်မှ ဖြစ်တည်မှုသာ ပဓါန ဝါဒ ဟူသော အမည်ဖြင့် ဘာသာပြန်ပြီးဖြစ်ပါသည်။

    ဘုရားဟောများကို ကွက်ပြီး မိမိအယူအတွက် လိုရာဆွဲယူဘာသာပြန်မှုအတွက်
    အသေးစိတ်ရှင်းလင်းချက် http://myanmargazette.net/64548/creative-writing

    • Ordinary Man

      September 27, 2011 at 10:00 pm

      true answer ကတော့ လုပ်ချလိုက်ပြန်ပြီ ဟိုမှာ သုတ္တန်နဲ့တကွ ဖော်ပြထားပါတယ်ဆို ကိုယ်ပိုင်နာမည်သုံးရမယ်လို့ ကျွန်တော့်အထင်ကတော့ သူတင်ပြပုံကရှင်းနေတာပါပဲ။ ဒီထဲမှာဒီလိုပါနေတယ် ကြည့်ကြပါသဘောပေါ့။ သူ့အယူအဆဆိုရင်တော့ သူ့ကိုယ်ပိုင်ပါလို့ပြောမှာပေ့ါ ။ အခုခတ်ကြီးမှာ မှန်ကန်တဲ့အယူအစဆိုရင်လူတွေလက်ခံကြမှာပါ။ ဒါပေမယ့် ဆရာကိုတော့ တင်ပြသူက ဖော်ပြချင်ပုံပါ။ ဆရာကိုဘယ်ပြစ်မှားဖို့တော်မလဲ။ ကိုယ်ပိုင်အမြင်ဆိုရင်ဂုဏ်ယူဝင့်ကြွားစွာနဲ့တော် ပြောမှာပါ။
      ဒီစာတင်ပြသူက ရှေးနောက်ဘဝမရှိဘူးလို့ပြောမဟုတ်ပါဘူး
      ရှိတယ် မရှိဘူး မယူဘူးလို့ဘဲရေးထားတာပါ
      ဒါလည်းသင့်မြတ်တယ်လို့မြင်ပါတယ် ဘာလို့လည်းဆိုတော့ ရှိတယ်လို့ပြောနေသူတွေက မရှိဘူးပြောသူနဲ့ ငြင်းနေရလိမ့်မယ် မရှိဘူးပြောလည်းထို့အတူပဲ

  • True Answer

    September 28, 2011 at 8:01 am

    ordinary man ရေ
    ခင်ဗျားတို့ပဲ ပြောနေတာပဲ ထေရဝါဒက မသန့်စင်ဘူး။ ဟိန္ဒူဝါဒတွေကို သံဃာယနာတင်သူတွေက ရောထည့်ထားတယ်ဆို။
    ခင်ဗျားတို့ကိုးကားတဲ့ ထေရဝါဒသုတ္တန်က ဟိန္ဒူသုတ္တန်ကြီးဖြစ်ချင်ဖြစ်နေမှာပါဗျာ။ ဟုတ်ဘူးလား။
    (ခင်ဗျားတို့ လေးယောက် ထဲက တစ်ယောက်ပြောတာပဲ။ koyo realman၊ ashinariya, ordinaryman တစ်ယောက်ယောက်ပဲ၊ ဒါမှမဟုတ် shadow လားတော့မသိ း)

    နောက်တစ်ချက်။ ခင်ဗျားတို့ ရှေ့ဘဝ နောက်ဘဝ ကို ရှိတယ် မရှိဘူး မယူဘူး ဆိုရင် –
    ရှိတယ်လို့ ယူတဲ့သူတွေကြားထဲ မရှိသယောင် ရှိသယောင် ယောင်တောင်တောင် ဝါဒဖြန့်ပြီး လိုက်မငြင်း နဲ့လေဗျာ။

    ခရစ်ယာန်ဘာသာထဲဝင်ပြီး ကျုပ်က ဘုရားသခင်နဲ့ ကောင်းကင်ဘုံကို မယုံကြည်တဲ့ ခရစ်ယာန်စစ်စစ်ပါလို့ လိုက်ပာသလိုဖြစ်နေပါပြီ။
    ရှေ့ဘဝ နောက်ဘဝ နဲ့ ပတ်သက်လို့ ဆိုလိုရင်းကိုလည်း
    http://myanmargazette.net/64548/creative-writing ဒီမှာ ရှင်းလင်းပြီးသားလေဗျာ မဖတ်ရသေးဘူးလား။
    ဒါနဲ့ –
    ခင်ဗျားတင်ထားတဲ့ အပြစ်သားမဟုတ် လူသားဆိုတဲ့ ပိုစ်က ကျုပ်တို့မေးခွန်းဖြေဦးလေဗျာ။

  • Ordinary Man

    December 13, 2011 at 7:47 pm

    ဟိုးရှေးယခင်တုန်းက ကဘာကြီးကို ပြားတယ်လို့လက်ခံလာခဲ့ကြတာ ဒါကိုဘဲ အမှန်လို့လူတွေလက်ခံခဲ့ကြရတာပါ။ အဲဒီလူတွေရဲ့ကြားထဲမှာ လုံးတယ်လို့ပြောတဲ့လူတစ်ယောက်ပေါ်လာတော့ အဲဒီလူကို သတ်တောင်ပစ်လို်က်ကြတယ်လို့ကြားဖူးတယ်။ ဒါပေမယ့် လုံးတယ်လို့သိတဲ့အသိဟာမှန်ကန်ပြီးလူးသားအတွက် အသုံးဝင်တဲ့အတွက် ဒီအမြင်ကို ယောင်တောင်တောင်လို့ပြောလည်းခံနိုင်ပါတယ်။ ကျနော်တို့က လူသားအတွက် အကျိုးရှိမယ်ဆိုရင် ဘယ်ဘာသာကပြော လက်ခံရမှာပဲဗျ။ ကိုယ်ယူတဲ့အယူအဆက ကိုယ်အမှန်တကယ်သိပြိးကိုယ့်အတွက်အမှန်တကယ်အသုံးဝင်ဖို့ပဲလိုတယ်လို့…

    • first last

      June 22, 2012 at 11:17 am

      Christian believe the world is flat and they kill the man who told the world is round.

      Buddha never teach the world is flat.

      From time to time, Science discover more and more, Buddha’s teaching will be more proved by science.

  • naywoonni

    December 13, 2011 at 8:10 pm

    “ဘုရား မဟော၊ မပြောတာကို မယူစေလို”
    ဆိုလို့ တစ်ခုလောက်တော့ သိချင်ပါ၏…….။ သံဗုဒ္ဓေ ဂါထာနဲ့ နမော တဿ တို့ ဟာ ဘုရားဟောထဲ မပါ ဘူးလို့ ဆိုတာကြားဖူးပါတယ်…။ နောက် နတ်ပင့်ဂါထာတွေ …။ အဲဒါ ဟုတ်မဟုတ် ရှင်းရှင်းလင်းလင်း သိလိုပါတယ်…။

    • Nyein Nyein

      June 22, 2012 at 11:55 am

      နမော တဿ ဂါထာဟာ ဘုရားဟောမဟုတ်ပါဘူး။ မြတ်စွာဘုရားကို နတ်မင်းကြီး လေးပါးက ပူဇော်ရှိခိုးတဲ့ဂါထာပါ။ ဂါထာထဲမှာက မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေကို ရည်မှန်းပြီး ပူဇော်တာပါ။ သန္ဗုဒ္ဓေ ဂါထာဟာလည်း ပွင့်တော်မူပြီးသော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်များကို ရှိခိုးပူဇော်တဲ့ ဂါထာတော်ပဲဖြစ်ပါတယ်။
      နောက်ပြီး ဩကာသ ဘုရားရှိခိုးဟာ ရှင်အရဟံကိုယ်တော်မြတ်က ပူဇော်ခဲ့တဲ့ ဂါထာပါ။ (ကိုနေဝန်းနီ ပြောတဲ့ထဲမှာ မပါပေမယ့် မသိတဲ့လူတွေအတွက် ထည့်ပြောလိုက်တာပါ။)

  • naing thu

    April 18, 2012 at 8:23 pm

    ဖတ်ကြည့်လို့ မြင်မိတာကတော့…
    ဘာတွေ ညာတွေ၊ ဟိုဟာ ဒီဟာတွေတော့ မယူဘဲ
    ကိုယ့်ကိုယ်ကို “ငါ”ကို လူကို (အတ္တအယူ)ကိုတော့ ယူတာတွေ့ရပါတယ်
    ဘာ ညာ ဟို ဒီ မှား မှန် ဆိုတာတွေဟာ ငါဆိုတဲ့ အယူရှိနေလို့သာ
    ပယ်နေ တွယ်နေကြတာပါ၊ “ငါ”ဆိုတဲ့ အယူမှားကင်းအောင်သာ ကြိုးစားရမှာပါလေ
    ဘာ ညာ ဟို ဒီ မှား မှန် ဆိုတာတွေက ပယ်နေ တွယ်နေရမှာ မဟုတ်တဲ့
    သုံးဖို့ သက်သက်တွေပါဘဲ…..

Leave a Reply