ပြည်သူ့ဂုဏ်ရည် ပထမအကြိမ် ဂုဏ်ပြုအခမ်းအနားက ကိုကျော်သူကို ဆန္ဒပြုသူအများဆုံးဖြင့် ဂုဏ်ပြုပြီ

BayoteApril 28, 20101min731

ပြည်တွင်းရှိ လူမှုလုပ်ငန်း စေတနာ့ဝန်ထမ်း စွမ်းဆောင်သူများမှ နောက်ဆုံးဆန်ကာတင် ၅ ဦးအနက် ဆန္ဒမဲအများဆုံး ရရှိသူတဦးကို ရွေးချယ်ကြသည့် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြု အစီအစဉ်ကို ယနေ့ ဧပြီ ၂၄ ညနေက ကျင်းပပြီး ကြေညာကြရာတွင် ရုပ်ရှင်သရုပ်ဆောင် နှင့် နာရေးကူညီမှုအသင်း၏ ဦးဆောင်သူ – ကိုကျော်သူ ကို ဆန္ဒမဲအများဆုံးဖြင့် ရွေးချယ်လိုက်သည်။

ကိုကျော်သူနှင့်အတူ ဆရာတော်ဦးဉာဏိသရ၊ ဦးအေးမြင့်၊ မဖြူဖြူသင်းနှင့် ကိုဇာဂနာတို့ကို နောက်ဆုံးဆန်ကာတင်အဖြစ် ရွေးချယ်ကြရာ အားလုံးကို ဖြစ်မြောက်ရေးကော်မီတီနှင့် ဝိုင်းဝန်းကြသူ မိတ်ဆွေများအားလုံးက ဂုဏ်ပြုမှတ်တမ်းလွှာများလည်း ပေးအပ်သည်။ ထိုမှတ်တမ်းလွှာများကို သူတို့အားလုံးကိုယ်စား မိတ်ဆွေများက ခေတ္တထိန်းသိမ်းထားကြမည်ဟု ဆိုသည်။

မြို့ ၁၄ မြို့နှင့် အခြားနိုင်ငံအသီးသီးက စေတနာရှင်များ၊ ဝိုင်းဝန်းကြသူများ တယောက်တလက် ဝိုင်းဝန်း လှူဒါန်းမှုများမှာ စုစုပေါင်း ဒေါ်လာ ၁ သောင်း ၅ ထောင် ရရှိသည်။ မဲအများဆုံး ရသူ ကိုကျော်သူကို ဂုဏ်ပြုအလှူငွေအဖြစ် ဒေါ်လာ ရ ထောင် သတ်မှတ်ပြီး၊ ကျန်ရှိသူ စေတနာဝန်ထမ်းစွမ်းဆောင်သူ ၄ ဦး စလုံးအား ဒေါ်လာ ၁ ထောင် စီ လှူဒါန်းကြမည်ဖြစ်ရာ ဆုကြေးအလှူအဖြစ် ဒေါ်လာ ၁ သောင်း ၁ ထောင် အဖြစ် စုစုပေါင်း ပေးအပ်မည် ဖြစ်သည်။ လက်ကျန်ငွေများကို နောင်နှစ်နှင့် ယခုနှစ် အခမ်းအနားမှတ်တမ်းများ၊ ရန်ပုံငွေ လှုပ်ရှားမှုများအတွက် သတ်မှတ်ထားသည်ဟု ဆိုသည်။
အိမ်ရှင်မြို့ခံ မိတ်ဆွေများက လုပ်အားများ၊ ကုန်ကျစာရိတ်များကို လှူဒါန်းခြင်းတို့ကြောင့် ဝစ်တီးယားကောလိပ်တွင် အခမ်းအနားကို သပ်ရပ် ခမ်းနားစွာ ဆောင်ရွက်နိုင်ကြောင်း၊ ဧည့်ပရိသတ် လူ ၂၀ဝ ကျော် တက်ရောက်ကြောင်း၊ ဧည့်သည်မြို့များအဖြစ် မေရီလန်း ထရိုင်စတိတ်၊ နယူးယောက်၊ ဆန်ဖရန်စစ္စကို နှင့် အော်ရီဂွန်တို့ လာရောက်ကြကြောင်း အခမ်းအနားတက်ရောက်သူတဦးက မိုးမခသို့ ပြောကြားသည်။
“ထူးခြားတာတခုကတော့ အော်ရီဂွန်မြို့က လူငယ်တွေ ကား ၂ စီးနဲ့ လာကြတယ်။ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ဖတ်ကြတယ်။ ဘယ်သူပဲ ဆုရရ အားလုံးက ထိုက်တန်တဲ့သူတွေ ဖြစ်လို့ အခမ်းအနားပြီးတော့ လူငယ်ကလေးတွေက အက အခုန်တွေနဲ့ ဂုဏ်ပြုကြတယ်။ လူကြီးတွေ လူငယ်တွေ အားလုံး လက်တွဲဆောင်ရွက်တဲ့ အလှတခု တွေ့ရတယ်”
ဟု ၎င်းက ပြောသည်။
အခမ်းအနားသို့ ဒီဗီဘီသတင်းဌာန၊ အာရ်အက်ဖ်အေ သတင်းဌာနတို့က နိုင်ငံတကာက မီဒီယာပရိသတ်သို့ သတင်းပို့နိုင်ရန် လာရောက် သတင်းလာယူကြသည်။ အဝေးရောက်မြို့အသီးသီးက မိတ်ဆွေများကလည်း တယ်လီဖုံး၊ အီးမေးများနှင့် ဆုရရှိသူ မည်သူဖြစ်သည်ကို မေးမြန်းကြသည်ကို တွေ့ရသည်။ ပြည်တွင်းရှိ ပရိသတ်တို့ကလည်း အားလုံးထိုက်တန်သူများ ဖြစ်သဖြင့် မည်သူပဲ ဆုရရ ဝမ်းသာ ဂုဏ်ယူကြသည်၊ စိတ်လှုပ်ရှားကြသည်ဟု ပြောကြသည်။
ယခု ဂုဏ်ပြုချီးမြှင့်ခြင်းသည် ပြည်ပရှိ မြန်မာများက အများပြည်သူတို့၏ ရှေ့မှောက်တွင် အသိပေးပြီး အားလုံး၏ အလှူဒါနဖြင့် ပြည်တွင်းရှိ စေတနာဝန်ထမ်း စွမ်းဆောင်သူများကို ဂုဏ်ပြုခြင်း ဖြစ်ရာ ပြည်တွင်း ပြည်ပက နှစ်ဖက်သော ပရိသတ်များ၊ မြန်မာအသိုင်းအဝိုင်းများ၏ ထူးခြားသော အမှတ်တရ ခြေလှမ်းတခု ဖြစ်သည်။

မိုးမခ သတင်းစာမျက်နှာမှကူးယူဖော်ပြသည်။