CRC (Child Rights Convention) ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ်

erosApril 19, 20111min1842

သမိုင်းကြောင်း

CRC (Child Rights Convention) ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ်သည် အစပထမ၌ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး ကြေငြာစာတမ်း အဖြစ်စတင်ခဲ့ပါသည်။ ထိုကြေငြာစာတမ်းကို စတင်ပြုစုခဲ့သည်မှာ မစ္စ အန်ကလန်တိုင်းဂျက် (Eglantyne Jebb 1876-1928) ဖြစ်ပြီး သူမသည် Save the Children အဖွဲ့ကို စတင် တည်ထောင်ခဲ့သူဖြစ်ပါသည်။

ပထမကမ္ဘာစစ်အပြီးတွင် သူမသည် စစ်ရှုံးနိုင်ငံများမှ ကလေးသူငယ်များ ကျန်းမာရေးနှင့် မညီညွတ်သော၊ အန္တရာယ်များသော အလုပ်ကြမ်းများကို လုပ်ကိုင်နေရသည်ကို မြင်နေရသဖြင့် အခြေခံကလေးသူငယ်ဆိုင်ရာ အခွင့်အရေးအတွက် စတင်လုပ်ဆောင်ခဲ့သည်။ အစပထမ တွင် လူအတော်များများ က လက်မခံပဲ တိုက်ခိုက်ခဲ့လေသည်။ သူသည် အစပထမ အခြေခံ အချက် ၅ ချက်ပါသော ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး ၅ ချက်ကို ပြုစုခဲ့လေသည်။ ၎င်းတို့မှာ
၁. ကလေးသူငယ်များကို ၎င်းတို့၏ ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ ပုံမှန်ဖွံဖြိုးတိုးတက်မှုအတွက် လိုအပ်မှုများအား ပေးအပ်ရမည်။
၂.ဆာလောင်နေသော ကလေးငယ်အား ကျွေးမွေးရမည်ဖြစ်ပြီး၊ နာမကျန်းဖြစ်နေသော ကလေးငယ်အား ပြုစုစောင့်ရှောက် ကုသပေးရမည်ဖြစ်ပြီး၊ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးမှုနေသော ကလေးငယ်များကို ကူညီပေးရမည်ဖြစ်ပြီး၊ ပြစ်မှုကျုးလွန်သော ကလေးငယ်များအား ပြုပြင်ပေးရမည်ဖြစ်ပြီး၊ မိဘမဲ့ကလေးငယ်များ နှင့် ခိုကိုးရာမဲ့ကလေးငယ်များအား ခိုလှုံရာ နှင့် အကူအညီပေးရမည် ဖြစ်သည်။
၃.ဘေးဒုက္ခ ကျရောက်သော အခြေအနေတွင် ကလေးသူငယ်များသည် ပထမဆုံးကယ်တင်ခံရမည် ဖြစ်သည်။
၄.အလုပ်လုပ်နေရသော ကလေးများသည် မည်သည့်နည်း၊ ပုံစံမျိုးနှင့်မျှ ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်း မခံစေရ။
၅. ကလေးသူငယ်များအား ၎င်းတို့၏ အသိဉာဏ် နှင့် ပင်ကိုအရည်အသွေးအား ကြင်နာသောလူသား တဦးဖြစ်လာစေရန် ဆောင်ကြဉ်း ပေးရမည်။

၁၉၂၄ ခုနှစ်တွင် နိုင်ငံပေါင်းချုပ်အသင်းကြီးမှ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးကြေငြာ စာတမ်းအား အတည်ပြုခဲ့လေသည်။၁၉၄၈ ဒီဇင်ဘာလ ၁ဝရက်နေ့တွင်ကုလသမဂ္ဂအထွေထွေညီလာခံတွင် အထွေထွေလူ့အခွင့်အရေးကြေငြာစာတမ်းအား လက်ခံ အတည်ပြုလိုက်သည်။ ၁၉၅၉ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ကလေးသူငယ်အခွင့်အရေးနှင့်ပတ်သက်၍ ဒုတိယအကြိမ်မြောက် ကြေငြာစာတမ်းအား အတည်ပြုလိုက်လေသည်။ ၁၉၇၉ခုနှစ် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ် အဖြစ် စတင်လုပ်ဆောင်ခဲ့ပါသည်။ ၁၉၈၉ခုနှစ် နိုဝင်ဘာလ ၂ဝရက်နေ့တွင် ကုလသမဂ္ဂမှ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ် အားအတည်ပြုခဲ့ပါသည်။ ၁၉၉ဝခုနှစ် စက်တင်ဘာလ ၂ဝရက်နေ့တွင် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ် သည် နိုင်ငံတကာ ဥပဒေဖြစ်လာသည်။

ပါဝင် ဖွဲ့စည်းပုံ
ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ်သည် အခြေခံမူ ၄ ချက်ကို အခြေခံထားသည်။
၁. ကလေးသူငယ်အတွက် အကောင်းဆုံးစဉ်းစားပေးခြင်း
၂. မည်သည့်ကလေးကိုမျှ ခွဲခြားဆက်ဆံမှု မရှိခြင်း
၃. ကလေး၏ အမြင် နှင့် ခံယူချက်ကို အလေးပေးခြင်း
၄. ကလေးတိုင်း ရှင်သန်ခွင့် နှင့် ကာကွယ်ခွင့် ရစေရခြင်း တို့ဖြစ်သည်။

ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ်တွင် အပိုဒ်ပေါင်း ၅၄ ပိုဒ်ပါရှိသည်။ အပိုဒ် ၁ မှ ၄၂ အထိသည် ကလေးသူငယ်နှင့်တိုက်ရိုက် သက်ဆိုင်သော အခွင့်အရေးများဖြစ်သည်။၎င်းထဲတွင် ကလေးများအတွက် အသက်ရှင်သန်ခွင့်၊ ဖွံဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ပိုင်ခွင့် နှင့် ပါဝင်ပိုင်ခွင့်များ ပါရှိသည်။ အပိုဒ် ၄၃မှ အပိုဒ် ၅၄ အထိသည် ကုလသမဂ္ဂ နှင့် အစိုးရများ အကောင်အထည်ဖော်ဆောင်ရွက် ရမည့် အပိုင်းများဖြစ်သည်။

မြန်မာနိုင်ငံနှင့် CRC (Child Rights Convention) ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ်

မြန်မာနိုင်ငံသည် ၁၉၉၁ခုနှစ် ဂျူလိုင်လ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံသည် CRC (Child Rights Convention) ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး၊ ၁၉၉၁ခုနှစ် ဩဂုတ်လ ၁၄ ရက်တွင် စတင် အသက်ဝင်ခဲ့ပါသည်။ ၁၉၉၃ခုနှစ် ဂျူလိုင်လ ၁၄ ရက်နေ့တွင် ကလေးသူငယ်ဥပဒေကို ပြဌာန်းခဲ့ပါသည်။

အခွင့်အရေး (rights)
အခွင့်အရေးဆိုသည်မှာ အခွင့်အရေး ပေးအပ ်သူနှင့် ရယူသူအကြား ဆက်နွှယ်မှုတခုဖြစ်သည်။
အခွင့်အရေးဆိုသည်မှာ လူတဦးတယောက် အတွက် မျှတပြီး၊ ရရှိရန်နှင့် လုပ်ဆောင်နိုင်သော အရာဖြစ်သည်။
အခွင့်အရေး ရရှိသူများ သည် အခွင့်အရေးအား ရရှိခံစားရန်သာ မဟုတ်၊ ၎င်းအခွင့်အရေးအတွက် တာဝန်ယူမှုရှိရမည်ဖြစ်သည်။

၁၃ရက် ဧပြီလ ၂၀၁၁ (သင်္ကြန်အကြိုနေ့) ဗုဒ္ဓဟူးနေ့
၁ရ နာရီ ၃၅ မိနစ်

2 comments

  • eros

    April 20, 2011 at 5:23 am

    ဒီကိစ္စတွေဟာ ကျွန်တော်တို့ နိုင်ငံမှာပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိ်ဖို့လိုနေတယ်ဗျ။ အထူးသဖြင့် လက်ဖက်ရည်ဆိုင်က ကလေးတွေ အခွင့်အရေးတွေ တော်တော်များများ ဆုံးရှုံးနေရတယ်။ အထူးသဖြင့် ပညာသင်ခွင့်ပေါ့။နောက်ပြီး ဒါကို ကျွန်တော်တို့ နိုင်ငံကလည်း ပါဝင်လက်မှတ်ရေးထိုးထားတာ ဗျ။ အစိုးရပိုင်းကလဲ လူမှုဝန်ထမ်း ဦးစီးဌာနကလည်း လုပ်ဆောင်နေတယ်ဗျ။ လုပ်ကြပါဦး ကွန်မန့် လေးဘာလေး။

Leave a Reply