မန်မာနိုင်ငံ၏မူပိုင်ခွင့် ဥပဒေသစ်ကို ၂၀၁၃ခုနှစ်မကျော်လွန်မီ ထုတ်ပြန်မည်

klnApril 29, 20101min530

မြန်မာနိုင်ငံ၏မူပိုင်ခွင့်ဥပဒေသစ်ကို (New IP Law) ၂၀၁၃ခုနှစ်မတိုင်မီသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဦးဆောင်ရေးဆွဲအကောင်အထည်ဖော်ထုတ်ပြန်မည်ဟု သိရှိရကြောင်း ဧပြီလ ၂၆ရက်နေ့၌ ကျင်းပသည့် WIPO Day အထိမ်းအမှတ်ပွဲတွင်ရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ကမာ္ဘ့ကုန်သွယ်ရေးအဖွဲ့ (WTO)၏ သဘောတူညီချက်အရ မြန်မာနိုင်ငံအပါအဝင် ကမာ္ဘ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများအနက် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက် မူပိုင်ခွင့်ရေးရာများ အကောင်အထည်ဖော်၍ သတ်မှတ်ပေးထားသည့် နောက်ဆုံးအချိန်ကာလကို ၂၀၁၃ခုနှစ် ဇူလိုင်လ ၁ရက်နေ့အထိ သတ်မှတ်ပေးခဲ့ကြောင်း သိရှိရသည်။ ယခုအချိန်တွင် မြန်မာနိုင်ငံ၌ ရေးဆွဲလျက်ရှိသော မြန်မာ့မူပိုင်ခွင့်ဥပဒေသစ်များမှာ ကုန်ပစ္စည်းတံဆိပ်ဥပဒေ၊ စာပေအနုပညာမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေ၊ စက်မှုလက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေတို့ဖြစ်ကြောင်း အဆိုပါဥပဒေများကို ၂၀၀၄၊ ၂၀၀၅ ဝန်းကျင်မှစတင်ရေးဆွဲနေခြင်းဖြစ်ပြီး ၂၀၁၃ခုနှစ်မတိုင်မီ ဥပဒေများထုတ်ပြန်ရန် သင့်တော်ပြည့်စုံသည့်အချိန်၌ နိုင်ငံတော်မှ စတင်ပြဋ္ဌာန်းမည်ဖြစ်ကြောင်း သိရှိရသည်။ “မြန်မာနိုင်ငံမှာ ရေးဆွဲနေတဲ့ မူပိုင်ခွင့်ဥပဒေသစ်လေးမျိုကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲလျက်ရှိပြီး ၂၀၁၃ခုနှစ်မတိုင်မီ အထိ ဒီဥပဒေတွေကိုပြဋ္ဌာန်းဖို့အချိန်ရရှိမှာဖြစ်ပါတယ်။ ဒီဥပဒေလေးမျိုးက၊ စကားအရမ်းပြောရတဲ့ ဥပဒေမျိုး၊ ပြဿနာပေါင်းစုံပါဝင်တဲ့ ဥပဒေမျိုးဖြစ်ပါတယ်။ ရှေ့နေချုပ်ရုံးဝန်ထမ်းတစ်ဦးအနေနဲ့ပြောရမယ်ဆိုရင် သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနက မူပိုင်ခွင့်နဲ့ပတ်သက်တဲ့ စာမူကြမ်းတွေကို ကျွန်တော်တို့ဆီကိုပို့ပါတယ်။ ကျွန်တော်တို့ဆီကနေ သူတို့ဆီကိုပြန်ပို့ပြီးတဲ့အခါမှာ သူတို့ကနေတစ်ဆင့် ရုပ်ရှင်အဖွဲ့၊ ပန်းချီပန်းပုအဖွဲ့၊ စာပေစာနယ်ဇင်းအဖွဲ့နဲ့ တခြားတိုင်းရင်းသားအဖွဲ့ပေါင်းများစွာနဲ့ ပူးပေါင်းဆောင်ရွက်ရတဲ့အတွက် တခြားဥပဒေတွေနဲ့မတူတဲ့ ဥပဒေသစ်တစ်ရပ်ဖြစ်ပါတယ်” ဟု ရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ မူပိုင်ခွင့်ဟူသည် မှီငြမ်းမှု၊ ကိုးကားမှု၊ တစ်ဆင့်ပြန်လည်အသုံးပြုမှုအတွက် အဓိကဖြစ်သည်ဆိုသည့်အယူအဆမှာ အပြည့်အဝမှန်ကန်မှုမရှိနိုင်ဘဲ ကနဦးတီထွင်မှု၊ ဖန်တီးမှုများအတွက် အထူးအရေးပါသော နေရာမှ ရပ်တည်နေကြောင်း ရှေ့နေတစ်ဦးက ပြောကြားခဲ့သည်။ စီးပွားရေးတိုးတက်မှုနှေးကွေးပြီး တီထွင်မှုနည်းပါးသည့်နိုင်ငံများတွင် မူပိုင်ခွင့်ဥပဒေဖွံ့ဖြိုးမှုနည်းပါးကြောင်း တီထွင်မှုများပြားလာပါက မူပိုင်ခွင့်ရရှိရန်လိုအပ်မှုမှာ များပြားလာမည်ဖြစ်ပြီး အဆိုပါမူပိုင်ခွင့်သည် မူပိုင်သူများနှင့် တီထွင်သူများကို အကာအကွယ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။ ပြည်ပ ရင်းနှီးမြှုပ်နှံသူများကလည်း ရင်းနှီးမြှုပ်နှံရန်အခွင့်အလမ်းများကို စိစစ်လေ့လာရာတွင်၎င်းတို့ရင်းနှီးမြှုပ်နှံရန် ရည်ရွယ်ထားသော နိုင်ငံများတွင် ဉာဏပစ္စည်းအရပ်ရပ်တို့၏ ပိုင်ဆိုင်မှုအခွင့်အရေးများကို ထိရောက်ခိုင်မာစွာ အကာအကွယ်ပေးနိုင်သော ဥပဒေများပြဋ္ဌာန်းထားမှု ရှိမရှိဟူသည် အရေးပါသော သုံးသပ်ချက်တစ်ခုဖြစးပါသည်။ khitlunge.org.mm