ဆန့်ကျင်ဘက် ဒွန်တွဲတည်ရှိမှုနှင့် စစ်၏အခြေခံသဘောတရားများ

 

 

စစ်ရဲ့ အခြေခံသဘောတရားများ (principles of war) တွေဟာ အသုံးပြုသူတွေရဲ့ အရည်အချင်းပေါ် မူတည်ပြီး စစ်ပွဲတွေရဲ့ အရှုံးအနိုင်ကို ဆုံးဖြတ်ပေးနိုင်တဲ့ rules of thumb တွေပဲ ဖြစ်ပါတယ်။ ဒီအခြေခံသဘောတရားတွေကို စစ်ပွဲတွေသာမက နိုင်ငံရေး၊ စီးပွားရေး၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး ကဏ္ဍတွေမှာပါ နည်းမျိုးစုံနဲ့ ဆန်းသစ်တီထွင်ပြီး အသုံးပြုလေ့ရှိကြပါတယ်။

 

ခေါင်းဆောင်တွေအနေနဲ့ ဘယ်အချိန်မှာ နောက်လိုက်တွေကို အမိန့်ပေးညွှန်ကြားပြီး၊ ဘယ်လိုအချိန်မှာ နောက်လိုက်တွေရဲ့ စွန့်ဦးလုပ်ဆောင်မှုကို ခွင့်ပြုပေးရမလဲ ဆိုတာကို ခွဲခြားသိမြင်တတ်ဖို့ လိုအပ်ပါတယ်။ ကွဲပြားခြားနားတဲ့ အမြင်တွေ၊ ဆန့်ကျင်ဘက်ဒွန်တွဲ တည်ရှိနေတဲ့ သဘောတရားတွေကို တသမတ်တည်း မထားပဲ၊ အခြေအနေရဲ့ တောင်းဆိုမှုနဲ့အညီ ဆုံးဖြတ်ချက်ချမှတ် အကောင်အထည် ဖော်နိုင်ခြင်းဟာ အောင်ပွဲရအောင် ဦးဆောင်နိုင်မယ့် ခေါင်းဆောင်တွေရဲ့ အရည်အချင်း တရပ်ပဲ ဖြစ်ပါတယ်။

 

ဆန့်ကျင်ဘက်ဒွန်တွဲတည်ရှိခြင်း (Paradoxical Reasoning)

 

လောကမှာ ဆန့်ကျင်ဘက်ဖြစ်ပေမယ့် ဒဂါင်္းပြားတစေ့ရဲ့ ခေါင်းနဲ့ ပန်းလို ဒွန်တွဲတည်ရှိနေတဲ့ အရာတွေ အများအပြား ရှိပါတယ်။ အကောင်းအဆိုး၊ သုခဒုက္ခ၊ အရှုံးအနိုင် စတာတွေဟာ ဆန့်ကျင်ဘက် ဒွန်တွဲတည်ရှိမှု (Paradoxical Reasoning) ရဲ့ အခြေခံတွေပါပဲ။ စစ်နဲ့ ပတ်သက်ပြီး ဆန့်ကျင်ဘက်ဒွန်တွဲ တည်ရှိနေတာကတော့ ငြိမ်းချမ်းရေးပဲ ဖြစ်ပါတယ်။ စစ်ပွဲမှာ အဆုံးသတ်ဆိုတာ မရှိပါဘူး။ စစ်ပွဲရဲ့ အဆုံးသတ်ပန်းတိုင်ဟာ ငြိမ်းချမ်းရေးပါပဲ။ နောက်ထပ်ထင်ရှားတဲ့ အဆိုအမိန့် တခုကတော့ အကောင်းဆုံးခံစစ်ဟာ တိုက်စစ်ဖြစ်တယ်ဆိုတဲ့ အယူအဆပါ။

 

ခေါင်းဆောင်တယောက်ဟာ ဒီလိုဆန့်ကျင်ဘက်ဒွန်တွဲတည်ရှိနေတဲ့ သဘောတရားတွေကို နားလည်ပြီး၊ လိုက်လျောညီထွေတွေးခေါ်ခြင်း (adaptive thinking) ရှိဖို့ လိုအပ်ပါတယ်။ နောက်လိုက်တွေရဲ့ ထကြွလုံ့လရှိမှု၊ မိမိကိုယ်ကို ယုံကြည်မှု၊ ဦးဆောင်လိုစိတ် ထက်သန်မှုတွေကို အားပေးတဲ့ အနေနဲ့ စွန့်ဦးလုပ်ဆောင်မှု (Initiative) ကို ခွင့်ပြုပေးရင်း၊ တပြိုင်နက်တည်းမှာပဲ strategic big picture တခုလုံးကို ထိခိုက်စေတဲ့ ပြုမူဆောင်ရွက်မှုတွေ ပေါ်ထွက်လာခြင်း မရှိအောင် ကွပ်ကဲမှုနဲ့ ထိန်းကျောင်းမှု (Command and Control) ပြုလုပ်နိုင်ရပါမယ်။

 

ခုခံစစ်၊ တိုက်စစ်၊ တော်လှန်စစ်စတဲ့ စစ်ပွဲတွေအပါအဝင် တဘက်ရန်သူနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့ နိုင်ငံရေးစစ်မျက်နှာတွေ အားလုံးမှာ ကွပ်ကဲမှု တစုတစည်းတည်းရှိခြင်း (unity of command) ဟာ အောင်ပွဲရဲ့ သော့ချက်ပါပဲ။ ဘယ်လိုအခြေအနေနဲ့ အချိန်အခါတွေမှာ ဆန့်ကျင်ဘက် ဒွန်တွဲတည်ရှိနေတဲ့ Initiative နဲ့ Command and Control ကို ဦးစားပေးမလဲဆိုတာကို ခေါင်းဆောင်တွေက ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

 

နောက်ထပ် အရေးကြီးတဲ့ ဆန့်ကျင်ဘက်ဒွန်တွဲတည်ရှိနေမှုကတော့ Internal Focus (မိမိအင်အား၊ စိတ်ဓာတ်ခိုင်မာမှု၊ ကျွမ်းကျင်မှု စသည်များ) နဲ့ External Focus (ရန်သူ့အင်အား၊ နိုင်ငံတကာနှင့် အန်ဂျီအိုအဖွဲ့များ၏ ဘက်လိုက်မှု အခြေအနေ၊ ရာသီဥတု၊ ပထဝီဝင်နိုင်ငံရေး စသည်များ) ဖြစ်ပါတယ်။ ဒီအခြေအနေ နှစ်မျိုးစလုံးကို အာရုံစိုက်ပြီး၊ မှန်မှန်ကန်ကန် အကဲဖြတ်နိုင်ဖို့ လိုအပ်ပါတယ်။ စစ်ပွဲနဲ့ နိုင်ငံရေးထိပ်တိုက်ရင်ဆိုင်မှုတွေမှာ ခေါင်းဆောင်တွေရဲ့ အာရုံစိုက်မှုကို ကြည့်ပြီး အရှုံးအနိုင်ကို တွက်ချက်လို့ ရပါတယ်။ External Focus ကိုပဲ အာရုံစိုက်တဲ့ဘက်က မလွဲမသွေ ရှုံးပါလိမ့်မယ်။

 

coup d’oeil

 

လိုက်လျောညီထွေရှိမှုနဲ့ ကွပ်ကဲထိန်းကျောင်းမှုတွေကို တန်ဖိုးထားရင်း အခြေအနေတွေကို အတွင်းမှ အပြင်သို့ကြည့်ခြင်း၊ အပြင်မှ အတွင်းသို့ ကြည့်ခြင်းတွေ တပြိုင်နက်တည်း ပြုလုပ်ခြင်းကို စစ်ပညာရှင် ကလော့ဝစ်က coup d’oeil လို့ ခေါ်ဝေါ်သုံးစွဲခဲ့ပါတယ်။ coup d’oeil နဲ့ ဆက်နွယ်တဲ့ အကြောင်းအရာ လေးမျိုး ရှိပါတယ်။ ပထမတမျိုးက human implications တွေနဲ့ သက်ဆိုင်ပါတယ်။ တူညီတဲ့ ယုံကြည်ချက်၊ ခံယူချက်၊ တန်ဖိုးထားမှု၊ စိတ်ဓာတ်ခိုင်မာမှုနဲ့ အပြန်အလှန်ယုံကြည်မှုတွေရှိတဲ့ အဖွဲ့အစည်းယဉ်ကျေးမှု ရှိလာစေဖို့ ခေါင်းဆောင်တွေက လေ့ကျင့်ပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။

 

ဒုတိယတမျိုးကတော့ လေ့လာသင်ယူမှု (learning implications) နဲ့ သက်ဆိုင်ပါတယ်။ တင်းမာတဲ့ အခြေအနေတခုမှာ အရှုံးအနိုင် ခေါင်းဆောင်ကဘယ်လောက်သိတယ်၊ ဘယ်လောက်တော်တယ် ဆိုတာနဲ့ မဆုံးဖြတ်နိုင်ပါဘူး။ ခေါင်းဆောင်နဲ့ သူ့အဖွဲ့အစည်းရဲ့ မြန်မြန်ဆန်ဆန် တွေးခေါ် ဆုံးဖြတ်ချက်ချမှတ် ဆောင်ရွက်တတ်မှုပေါ်မှာ မူတည်ပါတယ်။ နောက်လိုက်တွေရဲ့ စဉ်ဆက်မပြတ် လေ့လာဆည်းပူးမှု၊ လုပ်ရည်ကိုင်ရည်ရှိမှု၊ ကျွမ်းကျင်မှု၊ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်မှုတွေကို ခေါင်းဆောင်က အကဲဖြတ်ဆန်းစစ်နေဖို့ လိုအပ်ပါတယ်။

 

တတိယအချက်ကတော့ စီမံချက်ချမှတ်ခြင်း (Planning implications) နဲ့ သက်ဆိုင်ပါတယ်။ အောင်ပွဲကို ဦးတည်စေတဲ့ စီမံချက်တွေ ချမှတ်နိုင်ဖို့ တိကျတဲ့ ဆန်းစစ်ချက်တွေ ပြုလုပ်နိုင်ဖို့ လိုအပ်ပါတယ်။ မဟာဗျူဟာ၊ နည်းဗျူဟာတွေရဲ့ ပြင်ပဝန်းကျင်အပေါ် သက်ရောက်နိုင်တဲ့ အကျိုးဆက်တွေကို လေ့လာသုံးသပ်ပြီး၊ အောင်ပွဲရစေနိုင်မယ့် လှုပ်ရှားမှုတွေဖြစ်လာအောင် စီမံချက်တွေနဲ့ ထိန်းကွပ်ရပါတယ်။

 

နောက်ဆုံးအချက်ကတော့ structural implications တွေပဲ ဖြစ်ပါတယ်။ မူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ အခြေခံသဘောတရား စတာတွေကို တိတိကျကျ စေ့စပ်သေချာစွာ သိရှိဖို့ လိုပါတယ်။ တိုက်စစ်၊ ခံစစ်မှာ တိကျစွာ လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်။ လုပ်ထုံးလုပ်နည်းတွေ ရောထွေးပြီး institutional inertia ကို မဖော်ထုတ်နိုင်ရင် အောင်မြင်ဖို့ မလွယ်ပါဘူး။ ဒီ coup d’oeil ဆိုင်ရာ အချက်တွေကို စွန့်ဦးတီထွင် လုပ်ဆောင်စေမှု၊ ကွပ်ကဲထိန်းချုပ်မှု၊ ပြင်ပအာရုံထားမှု၊ အတွင်းအာရုံစိုက်မှု စတဲ့ ဆန့်ကျင်ဘက်ဒွန်တွဲ တည်ရှိနေမှုတွေအကြားမှာ အခြေအနေ၊ အချိန်အခါနဲ့ အညီ ဆောင်ရွက်တတ်ဖို့ လိုအပ်လှပါတယ်။

 

 

စစ်၏ အခြေခံသဘောတရားများနှင့် ဆန့်ကျင်ဘက်ဒွန်တွဲတည်ရှိမှု

 

(က) တိုက်စစ်နှင့် ခံစစ် (Offensive-Defensive)

 

တိုက်စစ်က ရန်သူက ကိုယ်က ဦးအောင်တိုက်ခိုက်တာဖြစ်ပြီး၊ ခံစစ်က ရန်သူက ကိုယ့်ကို ကနဦးတိုက်ခိုက်လာတာကို ခုခံကာကွယ်စစ် ဖြစ်ပါတယ်။ သဘောတရားအရ ဆန့်ကျင်နေပေမယ့် အတူတကွ ဒွန်တွဲတည်ရှိနေပါတယ်။ ဘယ်စစ်က အောင်ပွဲရစေမယ်လို့ တရားသေ ယူဆချက် မပြုလုပ်နိုင်ပါဘူး။ အခြေအနေနဲ့ အချိန်အခါပေါ် မူတည်ပါတယ်။ တိုက်စစ် ဆင်နွှဲရမယ့်အချိန်မှာ ခံစစ်ဆင်နွှဲမှုနဲ့ ခံစစ်ဆင်နွှဲရမယ့် အချိန်မှာ တိုက်စစ်ဆင်ရင်တော့ သေချာပေါက်ရှုံးပါတယ်။

 

ဒုတိယကမ္ဘာစစ်အတွင်းတုန်းက ဆိုဗီယက်တပ်တွေရဲ့ space-for-time ခံစစ်ဗျုဟာက တိုက်စစ် အော်ပရေးရှင်းတွေအတွက် အကောင်းဆုံး စစ်မြေပြင်ကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ၁၉၈ဝ ကာလတွေမှာ အမေရိကန်ကျင့်သုံးခဲ့တဲ့ Strategic Defence Initiative က စစ်အေးတိုက်ပွဲကို အဆုံးသတ် စေခဲ့ပါတယ်။ အခြေအနေအရ ခံစစ်နဲ့ တိုက်စစ် နှစ်မျိုးစလုံးကို ပေါင်းစပ်တိုက်ပွဲဝင်ရတာလဲ ရှိပါတယ်။ နေတိုးအဖွဲ့ကြီးက ဒီလို ခံစစ်နဲ့ တိုက်စစ် နှစ်မျိုးပေါင်းစပ်ထားတဲ့ active defence လို့ ခေါ်တဲ့ strategic doctrine ကို ကျင့်သုံးခဲ့ပါတယ်။

 

() ရည်မှန်းချက်ရုတ်ခြည်းဖြစ်ပေါ်မှု (Objective- Surprise)

 

ရည်မှန်းချက်ဆိုတာမှာ ကြိုတင်စီမံမှု ပါဝင်ပါတယ်။ ကြောင်းကျိုးဆက်နွယ်မှုကို ကြိုတင် သုံးသပ်ချက်တွေ ရှိပါတယ်။ ရုတ်ခြည်းဖြစ်ပေါ်မှုမှာကျတော့ ကြိုတင်စီမံသုံးသပ်ချက်တွေ မပါဝင်ပါဘူး။ မထင်မှတ်ထားတဲ့ အခြေအနေတွေဟာ မထင်မှတ်ထားတဲ့ အချိန်တွေမှာ ဖြစ်ပေါ်လာတတ်ပါတယ်။ စစ်မြေပြင်မှာတော့ ရန်သူမထင်မှတ်ထားတဲ့ အချိန်မှာ လက်ဦးမှုယူပြီး တိုက်ခိုက်တာကို surprise attack လို့ သုံးနှုန်းကြပါတယ်။ နိုင်ငံရေးကစားပွဲမှာ ဝှက်ဖဲ အသုံးပြုပြီး surprise attack လုပ်ကြတာတွေလဲ ရှိပါတယ်။

တခါတရံမှာ စစ်ဆင်ရေးစီမံချက်ထဲမှာ တံတားကူးပြီး တဘက်ကမ်းရောက်ရင် အဲဒီတံတားကို ဖောက်ခွဲဖျက်ဆီးဖို့ ညွှန်ကြားချက်ပါပြီး၊ ပကတိမြေပြင်မှာ တံတားရှာလို့ မရတာတွေလဲ ရှိတတ်ပါတယ်။ အထူးသဖြင့် အခြားနိုင်ငံတွေကို ကျူးကျော်တိုက်ခိုက်ရတဲ့ စစ်ပွဲတွေမှာ ဒီလို အခြေအနေမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ ဒီလိုဖြစ်ရပ်တွေကို တပ်မှူးတွေက unwanted surprise လို့ ခေါ်ဝေါ်သုံးနှုံးကြပါတယ်။

 

စစ်ဆင်ရေးမှာပဲဖြစ်ဖြစ်၊ နိုင်ငံရေးထိပ်တိုက်ရင်ဆိုင်မှုတွေမှာပဲ ဖြစ်ဖြစ် စီမံချက်အတိုင်း လက်တွေ့မှ ဖြစ်ချင်မှ ဖြစ်လာမှာပါ။ ရည်မှန်းချက်ကို ပြည့်မှီချင်မှ မှီမှာပါ။ ရည်မှန်းချက်ရုတ်ခြည်းဖြစ်ပေါ်မှု ဆန့်ကျင်ဘက်ဒွန်တွဲနေတာကို အကောင်းဆုံး တုန့်ပြန်နည်းကတော့ concurrent deductive reasoning ကို အခြေခံပြီး လက်ရှိရှိနေပြီးသား စီမံချက်ကို အကောင်အထည်ဖော်ခြင်းနဲ့ inductive reasoning ကို အခြေခံပြီး၊ ရုတ်ခြည်းဖြစ်ပေါ်လာမှုတွေကို အကောင်းဆုံး ရင်ဆိုင်နိုင်မယ့် နည်းလမ်းသစ်တွေကို ရှာဖွေခြင်းပဲ ဖြစ်ပါတယ်။

 

() လှုပ်ရှားမှုလုံခြုံရေး (Maneuver- Security)

 

ဒီအခြေခံသဘောတရား နှစ်ခုကလဲ ဆန့်ကျင်ဘက်ဒွန်တွဲတည်ရှိနေပါတယ်။ စခန်းထိုင်နေရင် လုံခြုံရေးအတွက် စိတ်ချရပေမယ့် တိုက်ကင်းလှည့်လည်စဉ်မှာ ရန်သူနဲ့ ထိတွေ့မှုဖြစ်ပြီး ကျဆုံးထိခိုက်မှုတွေ ရှိတတ်ပါတယ်။ သို့ပေမယ့် လုံခြုံရေးကို ပထမဦးစားပေးပြီး၊ လှုပ်ရှားမှု မရှိပြန်ရင်လဲ တိုက်ပွဲက ရေရှည်မှာ အီလာပြီး၊ တဘက်ရန်သူက ရင်ဆိုင်ထိန်းချုပ်မှု လုပ်လာမယ့် အန္တရာယ် ရှိတတ်ပါတယ်။

 

စစ်ရဲ့ သဘောသဘာဝအရ စခန်းသိမ်းပိုက်ခံရမှ ရှုံးတာ မဟုတ်ပါဘူး။ ရင်ဆိုင်ထိန်းချုပ်ပြီး containment လုပ်ခံထားရတာကလဲ ရှုံးတာပါပဲ။ လုံခြုံရေးကို အားစိုက်လွန်းရင် လှုပ်ရှားမှု အားနည်းပြီး၊ လှုပ်ရှားမှုကို အားစိုက်လွန်းရင် လုံခြုံရေးကို ထိခိုက်ပါတယ်။ သက်ဆိုင်ရာ strategic doctrine ပေါ်မှာ အခြေခံပြီး၊ ဦးစားပေးသင့်တဲ့ အရာကို ရွေးချယ်ဆုံးဖြတ်နိုင်ဖို့ လိုအပ်ပါတယ်။

 

() ရိုးရှင်းမှု ရှုပ်ထွေးမှု (Simplicity- Complexity)

 

တချို့မဟာဗျူဟာ စဉ်းစားတွေးခေါ်ချက်တွေက ရှုပ်ထွေးပါတယ်။ ရှုပ်ထွေးနက်နဲတဲ့ အော်ပရေးရှင်းတွေလဲ အများအပြား ရှိနိုင်ပါတယ်။ ကမ္ဘာတဝှမ်းက command and staff college တွေမှာ သင်တန်းပို့ချသူတွေ ကြုံတွေ့လေ့ရှိတာက သင်တန်းသားတွေရဲ့ ရိုးရှင်းမှု၊ ရှုပ်ထွေးမှုတွေကို တုန့်ပြန်လက်ခံပုံ မတူညီမှုပဲ ဖြစ်ပါတယ်။ တချို့က တိုက်ခိုက်ရေးမှာ တော်ပေမယ့် တပ်ရေး၊ တပ်ထောက်အပိုင်းတွေမှာ အားနည်းတာလဲ ရှိပါတယ်။

 

အရေးကြီးတာကတော့ လူမှန်၊ နေရာမှန် ဖြစ်ဖို့ပါပဲ။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာစတဲ့ ကဏ္ဍတွေအားလုံးမှာ back office အတွက် သင့်တော်မယ့်သူတွေနဲ့ field work အတွက် သင့်တော်မယ့်သူတွေ သီးခြားစီ ရှိပါတယ်။ ခေါင်းဆောင်တွေက တာဝန်ခွဲဝေပေးတဲ့ အခါ မှန်မှန်ကန်ကန် အကဲဖြတ်တတ်ဖို့ လိုပါတယ်။ တခါတရံမှာလဲ ရိုးရှင်းစွာ အမိန့်အတိုင်း အကောင်အထည်ဖော်ရမယ့် field work ကိုမှ လူရာသွင်းမှုတွေကြောင့်၊ ရှုပ်ထွေးနက်နဲတဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်မယ့် လူတွေက field work ထဲ လိုက်ဆင်းပြီး၊ မဆုံးရှုံးသင့်ပဲ ဆုံးရှုံးရမှုတွေ ဖြစ်တတ်ပါတယ်။

 

ရိုးရှင်းမှုရှုပ်ထွေးမှုနဲ့ ပတ်သက်တဲ့ နောက်ထပ်အရေးကြီးတဲ့ အချက်ကတော့ ရှင်းလင်းပြတ်သားတဲ့ အမိန့်ဖြစ်ပါတယ်။ စစ်ဘုရင် နပိုလီယံရဲ့ adjutant technique လို့ လူသိများတဲ့ ရှင်းလင်းပြတ်သားသော အမိန့်ဟာ တိုက်ပွဲရဲ့ အရှုံးအနိုင်အတွက် အရေးကြီးပါတယ်။ စစ်မြေပြင် (သို့မဟုတ်) စစ်မြေပြင်သဏ္ဍာန် နိုင်ငံရေးအခင်းအကျင်း အခြေအနေတခုမှာ တိုက်ရင် ကောင်းမလားဆိုပြီး လူထုဆန္ဒခံယူပွဲ လုပ်နေလို့ မရပါဘူး။ တိုက်ချင်သူတိုက်ကြဆိုပြီး စွန့်ဦးလုပ်ဆောင်စေမှုလဲ လုပ်လို့ မရပါဘူး။

 

ကွပ်ကဲမှု တစုတစည်းတည်း (unity of command) ရှိရပါမယ်။ ခေါင်းဆောင်တွေက တက်မိန့်၊ ဆုတ်မိန့် ပေးရပါမယ်။ တိုက်ပွဲအီနေရင် ကျားထိုးတက်ရင်လဲတက်၊ အကျအဆုံး အနည်းဆုံးနဲ့ ဆုတ်ခွာမှုပြီး တိုက်စစ်အတွက် ပြန်လည်အားယူမှု လုပ်ရင်လဲ လုပ်ရပါမယ်။ ဒီလို ရှင်းလင်းပြတ်သားတဲ့ အမိန့်ကို မပေးပဲ၊ တိုက်ပွဲအီနေတာကို အချိန်ဆွဲထားရင် ဒုတိယအတွေး (second thought) တွေ ဝင်လာပြီး၊ မိမိတပ်တွေ ဖရိုဖရဲ ဖြစ်တတ်ပါတယ်။ ရှုပ်ထွေးနေတဲ့ အခြေအနေတွေကို ဆန့်ကျင်ဘက်ဖြစ်တဲ့ ရိုးရှင်းမှုနဲ့ ရင်ဆိုင်ဖြေရှင်းနည်းက အရေးပေါ်အခြေအနေမှာ သင့်လျော်ပါတယ်။

 

() Mission- People

 

စစ်ဆင်ရေးတွေမှာ မိမိဘက်က ထိခိုက်ကျဆုံးမှု အနည်းဆုံးနဲ့ ရည်မှန်းချက်တာဝန်ကို ပြည့်မှီအောင် ထမ်းဆောင်ဖို့ ညွှန်ကြားလေ့ရှိကြပါတယ်။ ဒီအချက်နှစ်ခုကလဲ ဆန့်ကျင်ဘက် ဒွန်တွဲတည်ရှိနေ ပါတယ်။ အထူးသဖြင့် သူသေကိုယ်သေ ရင်ဆိုင်ကြရတဲ့ အခြေအနေတွေမှာပါ။ ရည်မှန်းချက်တာဝန်ကို ပြည့်မှီဖို့ ရဲဘော်အချို့ရဲ့ အသက်တွေကို စတေးဖို့ လိုအပ်လာတာတွေ ရှိတတ်ပါတယ်။ စစ်မှာ ဒီအချက်ကို မလွဲမသွေ လက်ခံနိုင်ဖို့ လိုပါတယ်။

 

မိမိဘက်က ထိခိုက်ကျဆုံးမှု ဖြစ်နိုင်ချေကို risks မယူရဲရင် ရန်သူနဲ့ ထိပ်တိုက်ရင်ဆိုင်လို့ မရပါ။ တဘက်နဲ့ တဘက် လက်နက်ကိုင်စွဲတဲ့ အခြေအနေမှာပဲ ဖြစ်ဖြစ်၊ လက်နက်ကိုင်စွဲထားတဲ့ ဘက်တဘက်ကို ရင်ဆိုင်ရတဲ့ အခြေအနေမှာပဲဖြစ်ဖြစ် ဒီကိစ္စဟာ ခေါင်းဆောင်တွေအတွက် အောင်ပွဲနဲ့ စတေးရမှုအကြားမှာ ချိန်ခွင်လျှာညှိရမယ့် အချက်ဖြစ်ပါတယ်။

 

နိဂုံး

 

နိဂုံးချုပ်ဆိုရရင် စစ်ရဲ့ အခြေခံသဘောတရားတွေဟာ တခုချင်း သီးခြားဖြစ်တည်နေတာတွေ မဟုတ်ပါဘူး။ ဆန့်ကျင်ဘက်ဒွန်တွဲတည်ရှိမှုတွေ အများအပြား ရှိပါတယ်။ စစ်ဘုရင် ကလော့ဝစ်က ကွဲပြားခြားနားတဲ့ အကြောင်းအရာနှစ်ခုကို ဆက်စပ်အသုံးပြုရတဲ့အခါ၊ ဒီအကြောင်းအရာနှစ်ခုမှာ ဘုံဆက်နွယ်မှု ရှိနေမယ်ဆိုရင် polarity ဟာ အကြောင်းအရာတွေဆီမှာ မဟုတ်ပဲ ဆက်နွယ်မှု ပေါ်မှာ မူတည်တယ်လို့ ဆိုခဲ့ပါတယ်။ ဒါကြောင့် တခုနဲ့ တခု ဆက်နွယ်နေပြီး၊ အပြန်အလှန် တည်မှီနေသလို၊ဆန့်ကျင်ဘက်ဒွန်တွဲ ဖြစ်တည်မှုလဲရှိနေတဲ့ စစ်ရဲ့ အခြေခံ သဘောတရားတွေကို အခြေအနေ၊ အချိန်အခါနဲ့အညီ အသုံးပြုနိုင်သူတွေအနေနဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးတွေမှာ အောင်ပွဲရနိုင်မှာ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

 

ခင်မမမျိုး (၂၂၊ ၄၊ ၂၀၁၁)

 

ရည်ညွှန်းကိုးကား။ ။

 

Alger, J. (1982) The Quest for Victory: The History of the Principles of War, Westport, CN:

Greenwood Press

 

Howard, M. (1983) Clausewitz, Past Masters series, Oxford University Press

 

Howard, M. & Paret, P. (1976) Clausewitz: On War, Princeton University Press

 

Edward Luttwak (1987) Strategy: The Logic of War and Peace, Cambridge, MA: The Belknap Press of Harvard University Press

About kai

Kai has written 1053 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.