ကျွန်ုပ်၏ အယူဝါဒ-၁

asiamastersApril 25, 20111min1424

 

၁။         ကျွန်ုပ်၏ အယူဝါဒ-၁ ဆိုတာက မှန်မှန်ကန်ကန်ရှင်သန်မယ် ဆိုတဲ့ အယူဝါဒဖြစ်ပါတယ်။ အယူဝါဒကို အင်္ဂလိပ် ဘာသာ စကားဖြင့် (Doctrine) လို့ခေါ်ပါတယ်။ Doctrine ဆိုတာက ကျွန်တော်ရဲ့ ယုံကြည်ချက်တစ်ခု (သို့) ယုံကြည်ချက်တွေ ကို စုစည်း ထားခြင်းဖြစ်ပါတယ်။ ဒီလို ယုံကြည်ချက်တွေပေါ်လာရတာကလည်း ကျွန်တော်ဖြတ်သန်းကြီးပြင်းလာခဲ့တဲ့ လူ့ဘဝပတ်ဝန်းကျင် တွေမှာ တွေ့ကြုံလာရတဲ့ အတွေ့အကြုံတွေနဲ့ လက်တွေ့စမ်းသပ်နေထိုင်မှုတွေကနေရလာတဲ့ လောကအမြင် (Philosophy) က နေတစ်ဆင့်ပြီးတစ်ဆင့် ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ လောကအမြင်ဆိုတာက ကျွန်တော်တို့ ပတ်ဝန်းကျင် မှာရှိနေတဲ့ သဘာဝ ပတ်ဝန်းကျင်ကို ရှုမြင်ပုံ၊ လူသားတွေရဲ့ အခန်းကဏ္ဍ နဲ့ လူသားတွေရဲ့ မရှောင်လွှဲနိုင်တဲ့ အနာဂတ် အဖြစ်အပျက်များပဲ ဖြစ်ပါ တယ်။ “ မှန်မှန်ကန်ကန် ရှင်သန်မယ်” ဆိုတဲ့ အယူဝါဒမှာ မှန်မှန်ကန်ကန်ဆိုတဲ့အပိုင်းရယ်၊ ရှင်သန်မယ်ဆိုတဲ့ အပိုင်းရယ်ဆိုပြီး အပိုင်းနှစ်ပိုင်းပါပါတယ်။

 

၂။         “ မှန်မှန်ကန်ကန်”  ဆိုတာကို အင်္ဂလိပ်ဘာသာစကားဖြင့် (Righteous) လို့ဆိုပါတယ်။ အနက်ကတော့ မှန်ကန် ကောင်း မွန်သောအကျင့်စာရိတ္တဖြင့် မျှတသောလုပ်ဆောင်မှုဖြစ်ပါတယ်။ မှန်ကန်ကောင်းမွန်သည့် အကျင့် စာရိတ္တ ဆိုတဲ့အထဲမှာတော့ နုတ် ကတိတည်ခြင်း၊ သစ္စာရှိခြင်း၊ သူတစ်ပါးအကျိုးပျက်စီးရန် မလိမ်လည်ခြင်း၊ သူတစ်ပါးပစ္စည်းကို မခိုးခြင်း၊ မလုယူခြင်း၊ အမှန်တရားကို ချစ်မြတ်နိုးခြင်း၊ မုသားသက်သေ မထွက်ဆိုခြင်း၊ အခွင့်အာဏာကို မိမိ ကိုယ်ကျိုးအတွက် အသုံးမပြုခြင်း၊ မဖြစ်နိုင်မှန်းသိသော်လည်း မိမိ၏ရပ်တည်မှုအတွက် ရေငုံနုတ်ပိတ်၍ အမှားမကျူးလွန်ခြင်း၊ အများပိုင်ငွေ နိုင်ငံတော်ပိုင် ငွေကြေး များကို ကိုယ်ကျိုးနှင့် မမှန်မကန်သောနည်းလမ်းများဖြင့် အသုံးမပြုခြင်း၊ လူသားတို့ကို  ကျဉ်းမြောင်းသော အမြင်ဖြစ်စေကာ မသိ နားမလည်သူများကို အသုံးမချခြင်း၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားခြင်းမရှိပဲ မိမိကိုအကျိုးပြုသူကိုသာ အခွင့်ထူးမပေးခြင်း၊ မိမိ၏ မိသာစုထက် အများကောင်းစားရေးကို ဦးစားပေခြင်း၊ မိမိလူမျိုးများကို အကာအကွယ်ပေးခြင်း၊  မိမိ၏ ကိုယ်စွမ်းအား၊ ဉာဏ်စွမ်းအားကို အသုံးပြု၍​မှန်ကန်သော ဝင်ငွေကို ရယူလိုခြင်းတို့ ပါဝင် ပါတယ်။

 

၃။         “ရှင်သန်မယ်” ဆိုတာကို အင်္ဂလိပ်ဘာသာစကားဖြင့် (Living) လို့ဆိုပါတယ်။ အနက်ကတော့ ယခုအသက် ရှင်သန်ခွင့် ရတဲ့ အချိန်ကိုနေထိုင်ခြင်းဖြစ်ပါတယ်။ ရှင်သန်ခြင်းဆိုတဲ့နေရာမှာ အရေးကြီးတဲ့ သဘောသဘာဝ (၃) မျိုးပါဝင်ပါတယ်။ Grow လို့ ခေါ်တဲ့ကြီးထွားခြင်း၊ Movement လို့ခေါ်တဲ့ ရွေ့လျှားခြင်းနဲ့၊ Development လို့ခေါ်တဲ့ အသွင်ပြောင်းရင့်ကျက်မှုတို့ လိုအပ်ပါ တယ်။ ဒီသုံးခုရှိမှ ရှင်သန်ခြင်းလို့ခေါ်ပါတယ်။ ဒီသုံးခုမရှိရင် သေဆုံးခြင်းလို့ခေါ်ပါတယ်။ သေဆုံးသွားပြီဆိုရင်တော့ ကြီးထွားမှု၊ ရွေ့လျှားမှု၊ တုန့်ပြန်မှု ဘာမှမရှိတော့ပါဘူး။ သေဆုံးပြီဆိုရင် သစ်ရွက်ခြောက်တွေလိုပဲ ခြောက်သွေ့ပြီး မြေမှုံများအဖြစ်သို့ သာ ပြောင်းလဲသွားမှာဖြစ်ပါတယ်။ လူသားတွေရဲ့ ကြီးထွားမှုမှာက ရုပ်ပိုင်းဆိုင်ရာကြီးထွားမှုနဲ့ စိတ်ပိုင်းဆိုင်ရာကြီးထွားလာမှုတွေ ရှိ တယ်။ ကြီးထွားလာတဲ့နေရာမှာလည်း အရေအတွက်ပိုင်းကနေ အရည်အချင်းပိုင်းကို အသွင်ပြောင်းရင့်ကျက်မှုတွေရှိတယ်။ ဒီလို ရုပ်ပိုင်းနဲ့ စိတ်ပိုင်းနှစ်မျိုးစလုံးကြီးထွားမှသာလျှင် ရှင်သန်နေတဲ့လူလို့ခေါ်ပါတယ်။ အရေးကြီးတာက မိမိရဲ့လက်ရှိ အခြေအနေ ကနေ ကြီးထွားလာလိုစိတ်နဲ့ ပြောင်းလဲလိုတဲ့စိတ် ပြင်းပြင်းပြပြ ရှိဖို့လိုပါတယ်။ ဒီလိုကြီးထွားလိုတဲ့စိတ်၊ ပြောင်းလဲ လိုစိတ် မရှိ တော့သူတွေဟာ အသက်ရှုနေရင်း သေနေတဲ့လူတွေဖြစ်လာကြတယ်။ ဒီလိုလူတွေဟာ အသက်ရှင်နေလည်းသိပ်တော့မထူးပါဘူး။ နဂိုကတဲက သေနှင့်ပြီးသားဖြစ်နေပါပြီ။

 

၄။         မှန်မှန်ကန်ကန်ရှင်သန်သူတွေဟာ မိမိရဲ့ ကိုယ်စွမ်းအား၊ ဉာဏ်စွမ်းအားကို အသုံးပြုပြီး မျှတတဲ့ ဝင်ငွေရအောင် ကျိုးစားလို သူများဖြစ်တဲ့အတွက် မိမိရဲ့ ဘဝရပ်တည်မှုအတွက် စိုးရိမ်ကြောင့်ကြစရာမလိုပါဘူး။ မိမိလုပ်ဆောင်တဲ့ အလုပ်တွေဟာ တရားမျှတ တယ်၊ လုပ်ဖို့လိုအပ်တယ်လို့ ပြင်းပြင်းပြပြ ယုံကြည်တဲ့အတွက် ဘယ်အရာကိုမျှ မကြောက်ရွံ့ကြပါဘူး။ ရဲရဲဝံ့ဝံ့ဆုံးဖြတ်နိုင်တဲ့သတ္တိ ရှိသူတွေဖြစ်လာကြပါတယ်။ သတ္တိရှိသူတွေဟာ မိမိရဲ့ အလုပ်ကို အပေါ်ယံမလုပ်ပဲ ဆုံးခန်းတိုင်အောင် ဇွဲကြီးကြီးနဲ့ မမေ့မလျှော့ လုပ်ကိုင်ကြတဲ့အတွက် ပြီးမြောက်အောင်မြင်မှုကိုရကြပါတယ်။ အသက်မွေးအတတ်တွေတတ်မြောက်လာကြတယ်။ ပြီးမြောက် အောင်မြင်လာသူတွေဟာ ချမ်းသာကြွယ်ဝမှုကို ချက်ချင်းမရနိုင်ပေမဲ့ ပိုမိုကောင်းမွန်တဲ့ ဘဝတွေကို ရရှိလာကြပါတယ်။ ဒီလို ပိုကောင်းလာတဲ့ဘဝတွေကနေ ပျော်ပျော်ရွင်ရွင်နဲ့ ချမ်းသာတဲ့ ဘက်ကို ကူသွားကြပါတယ်။

 

၅။         မမှန်မကန်ရှင်သန်ရသူတွေကတော့ ပြောင်းပြန်ဖြစ်ပါတယ်။ မမှန်မကန် လုပ်ထားတဲ့အတွက် အမြဲတစေ ကြောက်ရွံ့နေ ကြ ရတာဖြစ်ပါတယ်။ လူရှေ့သူရှေ့တောင် မထွက်လာဝံ့တဲ့သူတွေအများကြီးပါပဲ။ အမြဲတမ်းပုန်းအောင်းလိုနေပြီး အမြီးကျက် အမြီးစား၊ ခေါင်းကျက်ခေါင်းစားတဲ့ အခွင့်အရေးသမား၊ အချောင်းသမားများသာဖြစ်လာပါတယ်။ ခိုးကြောင်ခိုးဝှက် လုပ်ကိုင် လေ့ရှိပါတယ်။ နဂိုကတည်းကလည်းမိမိ လုပ်တဲ့အလုပ်ကို ယုံကြည်သူများမဟုတ်လို့ ဘယ်တော့မှ ဆုံးခန်းတိုင်အောင် မလုပ် ပါဘူး။ ပြင်းယိသူများ ဖြစ်လာပါတယ်။ အသက်မွေးအတတ်တွေကိုလည်း မတတ်ကြတော့ပါဘူး။ ဒီလိုလူတွေဟာ ချမ်းသာ ကြွယ်ဝမှုကိုတော့ ရရင်ရမယ် ပိုကောင်းတဲ့ ဘဝကိုတော့ ဘယ်တော့မှမရနိုင်တော့ပဲ၊ တစ်ချိန်ချိန်မှာတော့ လူသားတွေကစီရင်တဲ့ ပြစ်ဒဏ်ကို သေချာပေါက်ခံ ကြရမှာ ဖြစ်ပါတယ်။

 

၆။         လူသားတစ်ဦးဟာ မှန်မှန်ကန်ကန်ရှင်သန်ဖို့အတွက် လူ့ဘဝရဲ့ ရည်ရွယ်တဲ့အကြောင်းရင်း (Purpose of life) နဲ့ အခြေခံလိုအပ်ချက်ကြီး (၆) ရပ်လိုပါတယ်။ ကျွန်ုပ်၏ အယူဝါဒ-၂ က လူ့ဘဝရဲ့ ရည်ရွယ်တဲ့အကြောင်းရင်းဖြစ်တယ်။  အခြေခံလိုအပ်ချက်ကြီး ငါးရပ်ကတော့ ဝင်ငွေ (Income)၊ ဗဟုသုတ (Knowledge)၊ ခွန်အား (Strength)၊ နည်းပညာ (Technology)၊ လူသားဆန်မှု (Humanity)၊ လောကအမြင် (Philosophy) တို့ ဖြစ်တယ်။ လူသားတွေကို လေ့ကျင့်ပေးလို့ရပါတယ်။ ငယ်ရွယ်တဲ့အချိန်မှာ လေ့ကျင့်ပေးရင်ပိုကောင်းတယ်။ လူသားတွေဟာ ပြောင်းလဲနိုင်တယ် ပူးပေါင်း ဆောင်ရွက်လို့ရတယ်။ ကိုယ့်ရဲ့မှန်ကန်တဲ့ အယူဝါဒက ခိုင်မာရင် စည်းရုံးနိုင်မယ်၊ စုစည်းနိုင်မယ်၊ ပြောင်းလဲနိုင်ပါ တယ်။

 

 



4 comments

  • bigcat

    April 25, 2011 at 4:00 am

    ကျုပ်ရဲ့အယူဝါဒကတော့ ကောင်းတာတွေအကုန်လုပ်ပြီး မကောင်းတာမရှိဘူးဗျို့… မူကိုပြောတာနော်၊ လူကတော့ တော်သလိုနေ လည်သလိုကြည့်ပြီး လုပ်ကိုင်စားသောက်တယ်။

    • asiamasters

      April 25, 2011 at 4:36 am

      အခုလို တွေ့ဆုံခွင့် ရတဲ့အတွက် ဝမ်းသာပါတယ်။ ကျွန်တော်တို့မှာ ပြင်းပြတဲ့ အယူဝါဒ တစ်ခုတော့ရှိရမှာဖြစ်ပါတယ်။ မှန်မှန်ကန်ကန်ရှင်သန်ရင် အကျိုးများပါတယ်။

  • kai

    April 25, 2011 at 8:23 am

    ဒီလိုစာတွေများများရေးပေးပါ.. မြန်မာလူ့အသိုင်းအဝိုင်းကြားသင်ကြားပေးပါလို့ တိုက်တွန်းချင်တာပါပဲ..။
    ဘာသာရေးနဲ့မဆိုင်တဲ့… စာပေဟောပြောပွဲတွေ… နားလည်တတ်ကျွမ်းတဲ့ ပါမောက္ခ၊ စာရေးဆရာ၊ နိုင်ငံရေးသမားတွေရဲ့Seminar/Workshop program လေးတွေလည်း များများရှိသင့်တယ်..။ ရှိအောင်လည်း အခွင့်အလမ်းတွေ လုပ်ပေးစေချင်တာပါပဲ..။ တတ်နိုင်ရင် ငွေကြေးတတ်နိုင်သူတွေက စိုက်ထုတ်ပေးပြိး ..သာမန်လူငယ်တွေ… အခမဲ့တက်ရောက်နားထောင်လို့ရတာလေးတွေပေါ့..။

  • asiamasters

    April 25, 2011 at 10:15 am

    အခုလိုမှတ်ချက်ရေးပေးတဲ့ အတွက်ကျေးဇူးအထူးတင်ပါတယ်။

Leave a Reply