ပါးစပ်ထဲက ဓါးမတစ်ချောင်း…

lu ta loneApril 30, 20101min1496

အော်.. ပါးစပ်.. ပါးစပ်..။ တော်တော် ထိန်းရခက်တဲ့ ပါးစပ်ပါပဲ။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက ဆုံးမဩဝါဒ ပေးခဲ့ပါတယ်..။ လူတွေကို အကုသိုလ်အပေးဆုံးဟာ စိတ်ပြီးရင် နှုတ်ဆိုတဲ ပါးစပ်ပါပဲတဲ့။ ဟုတ်ပါတယ်နော်..။ မုန်းစေချင်ရင်လည်း ဒီပါးစပ်.. ချစ်စေချင်ရင်လည်း ဒီပါးစပ်ပါပဲ..။ ဒီပါးစပ်ကြောင့် အများသူငါကို စိတ်ချမ်းသာအောင် ပြောဆိုနိုင်သလို.. အများသူငါကို အကုသိုလ်တွေ ပွားစေအောင် လုပ်နိုင်ပါတယ်နော်။ ဒီနှုတ်ကြောင့် အကုသိုလ်တွေ အများဆုံး ဖြစ်စေနိုင်ပြီးတော့ အပါယ်သို့ ဆင်းသွားရတဲ့ သာဓကတွေ.. သံသာရာတလျောက်လုံးမှာ ခန္ဓာနဲ့ အဆမတန်အောင် ပေးဆပ်သွားရတဲ့ သာဓကတွေ အများကြီးပါပဲ။ ဒါ့ကြောင့်လည်း ဝစီဆိုတဲ့ နှုတ်လေးကို ထိန်းစေချင်တာပါ။ ပြောလိုက်တဲ့ စကားလေးတစ်ခွန်းဟာ (၅)စက္ကန့်လောက်တောင် မကြာလိုက်ပေမယ့် ပေးဆပ်လိုက်ရာတာတွေက ဘဝ(၅၀၀)မကအောင်ပါပဲနော်။ ဒါ့ကြောင့်လည်း ပါးစပ်ထဲက ဓါးမတစ်ချောင်းလို့ ပြောလိုက်ရတာပါ။ ဓါးမဆိုတဲ့ စကားလေးက သေးများသေးသွားမလားတောင် မသိပါဘူးနော်။ ဓါးမနဲ့တူတဲ့ ပါးစပ်တစ်ခုကြောင့် ခန္ဓာနဲ့ အဆမတန်ပေးဆပ်သွားရတဲ့ အကြောင်းအရာလေးတွေ ပြောပြချင်ပါတယ်။

အရင်ဆုံး ပြောပြချင်တာကတော့ ဝေသာလီရဲ့ အလှဧကရီ အမ္ဗပါလီရဲ့ အကြောင်းလေးပါပဲ။ ဘဝတစ်ခုမှာ ပါလီဟာ ဘိက္ခူနီမ တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဘုရားကျောင်းမြေတွေမှာ သန့်ရှင်းရေးအမြဲလုပ်ပေးခဲ့တဲ့ သူပေါ့။ တစ်နေ့မှာတော့ သူသန့်ရှင်းရေးလုပ်နေတဲ့ နေရာကို အရိယာဘိက္ခူနီမတစ်ယောက် တံတွေးထွေးလိုက်တဲ့ တံတွေးကျန်ခဲ့တာကို ကြည့်ပြီး သန့်ရှင်းရင်း ပါးစပ်ကပြောလိုက်ပါတယ်.. ဘယ် ပြည့်တန်ဆာမထွေးသွားတာလဲ ဆိုတဲ့ စကားလေးတစ်ခွန်းပါ။ ဒီစကားလေးပြောလိုက်တာက (၉)လုံးထဲပါပဲ။ ဒါပေမယ့် ပြန်ပြီးပေးဆပ်လိုက်ရတာကတော့ ဘဝပေါင်း မရေမတွက်နိုင်အောင်ပါပဲ။ ဘုရားရင်ပြင်မှာ သန့်ရှင်းရေးလုပ်ခဲ့တဲ့ ကုသိုလ်ကြောင့် ဖြစ်လေရာဘဝမှာ ရုပ်အဆင်းရူပါဟာ သူများနဲ့ မတူအောင် လှပချောမောပေမယ့်.. အရိယာကို စော်ကားမိတဲ့ စကားလေး(၉)လုံးကြောင့် ဖြစ်လေရာဘဝအများစုဟာ ပြည့်တန်ဆာမဘဝနဲ့ပဲ ဖြစ်ရပြီးတော့ ခန္ဓာနဲ့ အဆမတန်အောင် ပေးဆပ်သွားရတာပါ။ နောက်ဆုံး ပရိနိဗ္ဗာန်စံဝင်ရမဲ့ ဘဝထိပါပဲနော်။ ဒါဟာ ဘာကြောင့်လဲလို့ အဖြေရှာကြည့်တော့ နှုတ်မစောင့်ခဲ့တဲ့ စကားလေး တစ်ခုကြောင့်ပါပဲနော်။

နောက်တစ်ဦးကတော့ ကဿဖဘုရားရှင်လက်ထက်တော်တုန်းက လက်သမားတစ်ဦးရဲ့ အကြောင်းအရာလေးပါ။ သူ့မှာ ဘုရား၊ တရားကို ကြည်ညိုယုံကြည်သော သူငယ်ချင်းတစ်ယောက် ရှိပါတယ်။ တစ်နေ့တော့ သူငယ်ချင်းက ကဿဖဘုရားရှင်ရဲ့ တရားကို သွားရောက်နာကြားဖို့ သူနဲ့ အတူလိုက်ခဲ့ရန် ခေါ်ပါတယ်။ တကယ်ဆိုရင် သူအနေနဲ့ မလိုက်လိုက မလိုက်နိုင်ကြောင်း ငြင်းဆန်လိုက်လျှင် ကိစ္စမရှိပါဘူး။ အပြစ်လည်း မဖြစ်ပါဘူး။ ဒါပေမယ့် သူငယ်ချင်းပြောတဲ့ စကားကို ကတ်တီးကတ်ဖဲ့ ပြောလိုလို့ စကားလေး ပြန်ပြောမိတယ်.. ဟေ့ သူငယ်ချင်း၊ မင်းရဲ့ဘုရားဟောမယ့် တရားတွေ လိုက်နာလို့ ငါ့အတွက် ဘာတွေများ အကျိုးရှိလာမှာတဲ့လဲ.. မင်းရဲ့ဘုရားက ငါ့လယ်ကို လာထွန်ပေးမှာတဲ့လား ဆိုတဲ့ စကားလေးတစ်ခွန်းပါနော်။ သူ့နှုတ်ထွက်စကားက ဘယ်လောက်ထိ ကံကြီးထိုက်သွားမှန်း သူမသိလိုက်ပါဘူး။ အဲ့ဒီ့ ဘုရား၊ ရဟန္တာကို ပြစ်မှားမိတဲ့ ကံကြောင့်ပဲ သေလွန်တဲ့အခါမှာ လယ်သမားပြိတ္တာဘဝနဲ့ ဘုရားရှင်နှစ်ဆူပွင့်တော်မူပြီးတိုင်အောင် မကျွတ်မလွတ်နိုင်ခဲ့ရပါဘူး။ ပြောလိုက်တဲ့ စကားလေး (၃)စက္ကန့်လောက်ဟာ ကမ္ဘာပေါင်း မရေတွက်နိုင်လောက်အောင် ပေးဆပ်သွားရတာပါနော်။ သတိထားသံဝေဂယူစရာလေးပါပဲ။

နောက်ဆုံးတစ်ခုအနေနဲ့ ပြောချင်တာကတော့ ပစ္စေကဗုဒ္ဓပွင့်တော်မူတုန်းက အချိန်အခါပါ။ ပစ္စေကဗုဒ္ဓဆွမ်းခံကြွလာတဲ့ ရွာတစ်ရွာမှာ ဥစ္စာပစ္စည်းချမ်းသာ ကြွယ်ဝတဲ့ သဌေးသား တစ်ဦးရှိပါတယ်။ တစ်နေ့မှာ သဌေးသားဟာ ဝတ်ကောင်းစားလှတွေဝတ်ပြီး ရွာထဲ ထွက်လာခဲ့ပါတယ်။ ရွာသူရွာသားများက သူ့လိုလှပပြီး ဝတ်ကောင်းစားလှဝတ်ထားတဲ့ သူကိုမကြည့်ပဲ အဝတ်အစားဟောင်းနွမ်းဆွေးမြေ့ပြီး အရှက်လုံရုံလွှမ်းခြုံထားတဲ့ ပစ္စေကဗုဒ္ဓရဲ့ အေးဆေးတည်ကြည်နေပုံကို ကြည့်ပြီး ကြည်ညိုနေကြပါတယ်။ ဒီအချိန်မှာ သူပြောလိုက်တဲ့ စကားတစ်ခွန်းကတော့.. တောက်.. တော်တော်ခက်တဲ့လူတွေပဲ.. ဘယ့်နှယ့်.. ငါ့လို ဝတ်ကောင်းစားလှ ဝတ်ဆင်ထားတဲ့ သူကိုကျတော့ မကြည့်ပဲ ကူဋ္ဌနူနာ သူတောင်းစားတစ်ယောက်လို စုတ်စုတ်ပြတ်ပြတ် ဝတ်ဆင်ထားတဲ့ သူကိုမှ အာသာငမ်းငမ်း ကြည့်နေလိုက်တာဗျာ ဆိုတဲ့ စကားလေးတစ်ခွန်းပါပဲ။ အရိယာကို စော်ကားမိတဲ့ အဲ့စကားတစ်ခွန်းကပဲ သေလွန်တဲ့ အခါမှာ အဝီစိထိ ကျသွားစေပြီး အဝီစိမှ ကျွတ်လွတ်တဲ့ အခါမှာ ဘဝဆက်တိုင်း ကုဋ္ဌနူနာသည် သူတောင်းစားဘဝချည်းဖြစ်ခဲ့ ဖြတ်သန်းခဲ့ရပြီး ဂေါတမဘုရားရှင် လက်ထက်ရောက်မှ ကျွတ်လွတ်ခဲ့ရပါတယ်။ ဝစီကံများ ကြောက်မက်ဖွယ်ကောင်းလှပါဘိ။

အထက်မှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာလေးမှာ အမ္ဗပါလီရဲ့ အကြောင်းကို ဖတ်ပြီး စိတ်မကောင်းလည်း ဖြစ်မိပါတယ်။ ကုသိုလ်လုပ်နေရဲ့သားနဲ့ အကုသိုလ်တွေ ဝင်လာရတာဟာ ဒီမစောင့်စီးမိတဲ့ နှုတ်ကြောင့်ပါနော်။ လယ်သမားရဲ့ဘဝဇတ်ကြောင်းကို ပြန်ကြည့်မယ်ဆိုရင်လည်း မလိုအပ်မပြောသင့်တဲ့ စကားကို ပြောမိလို့ပါပဲ။ နောက်ဆုံး သဌေးသားကတော့ သူများအပြစ်ကို မိမိကိုယ်ကို အထင်ကြီးစိတ်ဝင်ပြီး သူတစ်ပါးကို အထင်သေးတတ်တဲ့ အတွက်ပါ။ ဒီအကြောင်းအရာတွေ အဓိကဖြစ်ရတဲ့ အကြောင်းရင်းကတော့ သူများအပြစ်ကို ဆီလို အပေါက်ရှာတတ်တဲ့ သူတွေ အများဆုံး ဖြစ်ရတာပါ။ ကိုယ်ပြောလိုက်တဲ့သူဟာ အရိယာဟုတ်မဟုတ် ဘယ်သူမှ မသိနိုင်ပါဘူး။ အရိယာဆိုတဲ့ ဆိုင်းဘုတ်လည်း ချိတ်မထားပါဘူးနော်။ အရေးကြီးဆုံးကတော့ သူ့ဘာသာ ဘာပဲဖြစ်နေဖြစ်နေ ကိုယ့်အနေနဲ့ ဝစီကံနဲ့ မပြစ်မှား မပြောဆိုမိဖို့ အရေးကြီးပါတယ်။

ဒါ့ကြောင့် စကားတစ်ခွန်းပြောတော့မယ်ဆိုရင် မပြောခင်စဉ်းစားပါ.. ပြောနေတုန်းမှာလည်း စဉ်းစားပါ.. ပြောပြီးရင်လည်း စဉ်းစားပါ ဆိုတဲ့ အချက်သုံးချက်နဲ့ မှန်မမှန် အရင်ဆုံး စစ်ဆေးသင့်ပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဆုံးမထားတဲ့ စကား(၆)ခွန်းထဲက (၂)ခွန်းကိုပဲ ပြောဆိုနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ အဲ့ဒါတွေကတော့ (၁) ဟုတ်တယ်.. မှန်တယ် အကျိုးရှိတယ်.. သူတစ်ပါးနာလိုတယ်၊ (၂) ဟုတ်တယ်.. မှန်တယ်.. အကျိုးရှိတယ်.. သူတစ်ပါးမနာလိုဘူး (ဒါပေမယ့် အခြေအနေနဲ့ အချိန်အခါကြည့်ပြော) ဆိုတဲ့ စကားနှစ်ခွန်းပါပဲ။ ဘုရားရှင် ကိုယ်တော်မြတ်ကြီး အဓိကဆုံးမထားတာကတော့ ဟုတ်တိုင်းလည်း မပြောနဲ့ မှန်တိုင်းလည်း မပြောနဲ့ မိမိသူတစ်ပါး အကျိုးရှိမှ ပြောဆိုတဲ့ စကားပါပဲနော်။ ဓမ္မမိတ်ဆွေ အပေါင်းလည်း.. ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းမှာ လောဘသံတွေ ဒေါသသံတွေ မောဟသံတွေ မပါအောင် ပြောနိုင်ကြပါစေလို့ အဓိက ပြောကြားလိုပါတယ်။ ဓမ္မမိတ်ဆွေအပေါင်း.. ပါးစပ်ထဲမှာရှိတဲ့ ဓါးမတစ်ချောင်းကို မိမိသူတစ်ပါး အကျိုးမဲ့စေမယ့် စကားတွေနဲ့ ကိုယ့်ကိုကိုယ် အခုတ်မခံပဲနဲ့.. ကိုယ့်ကို နှောက်ယှက်လာမယ့် လောဘ၊ ဒေါသ၊ မောဟ ဖြစ်စေမယ့် စကားတွေကြိုပန်ပြီး ခုတ်ထွန်ရှင်းလင်းနိုင်မဲ့ ဓါးမများအဖြစ် ပြောင်းလဲနိုင်ကြပါစေလို့ ဆန္ဒပြု ဆုတောင်းပေးလိုက်ပါတယ်။

6 comments

  • susunosuki

    May 1, 2010 at 11:36 am

    ဟုတ်ပါတယ်
    စကားစကားပြောပါများစကားထဲကဇာတိပြဆိုသလိုပဲ
    မပြောသင့်တာတွေတောင် ပြောတာများရင်ပြောမိမှားတတ်ပါတယ်

  • yelwinsoe

    May 2, 2010 at 6:40 am

    အော်ပါးစပ်ပါးစပ် lu ta lone ပြောတာမှန်တယ်နော် .. ပါးစပ်ကပဲဘာမဆို ပျော်ရွှင်အောင်လုပ်နိုင်တာလည်းပါးစပ်ပဲ .ဝမ်းနည်းအောင်လုပ်နိုင်တာလည်းပါးစပ်ပဲနော်…မှတ်သားစရာ…

  • poeaung6

    May 8, 2010 at 3:33 pm

    အော်ဒါကြောင့် (နှုတ်ကြောင်သေ လက်ကြောင့်ကြေ) လို့ဆိုတာပေါ့

  • myominkhine

    May 26, 2010 at 5:49 am

    မေးပါများ စကားရ လေ
    မမေးတောင်မမေးရသေးဘူး
    ကိုလူတလုံး ကရေးလိုက်တော့
    ရပြန်ပြီ ပွိုင့်တွေ .. မဟုတ်ပါဘူး
    ဗဟုသုတတွေလို့

  • lu ta lone

    May 26, 2010 at 6:18 am

    ပွိုင့်ကလဲ အသက်ပဲဗျ… 😛
    နောက်တာပါဗျာ… ရသအနေနဲ့ တင်ပေးထားတာပါ…

  • zamte

    May 27, 2010 at 10:45 am

    အရေးအသားရော၊ တင်ပြပုံပါ သိပ်ကောင်းပါတယ်။ ဖတ်လို့လည်း အရသာရှိသလို အနှစ်လည်းပါတဲ့ ဆောင်းပါးတိုလေးတပုဒ်ပါပဲ။ ဒါမျိုးလေးတွေ များများရေးပါ။ အမြဲဖတ်ရှုအားပေးနေပါ့မယ်။

Leave a Reply