ဈေးတချို့မှာ ဆေးဆိုးထားတဲ့မျှစ် ပြန်တွေ့လာ

klnApril 30, 20101min951

စားသုံးတဲ့မျှစ်ကို ဆေးနီ၊ ဆေးဝါ၊ ချွတ်ဆေး(ဆိုဒီယမ် ဟိုက်ဒရိုဆာလဖိုက်) စတာတွေအသုံးပြုပြီး အရောင်တင်ရောင်းချမှုတွေ ဈေးတချို့မှာ ပြန်လည်တွေ့လာရတယ်။ အင်းစိန်ဈေးမှာ ချဉ်ဖတ်မျိုးစုံရောင်းချသူတစ်ဦးက “သဘာဝမျှစ်ရဲ့အရောင်က မီးခိုးရောင်သန်းတယ်၊ မှိုင်းညစ်ညစ်နဲ့၊ အဲဒါကို ဒီအတိုင်းရောင်းရင် ဝယ်သူတွေက ရိနေတယ်၊ မကောင်းတော့ဘူး၊ မလတ်ဆတ်ဘူးလို့ထင်တယ်”လို့ သူကြုံတာကိုပြောပြတယ်။ သဘာဝအရောင်က အမြင်မလှတာကြောင့် ဈေးသည်တချို့က မျှစ်ရဲ့မူအရောင်ကို ချွတ်ဆေးနဲ့ချွတ်ပြီး သန့်စင်တယ်၊ ပြီးရင် ဆေးနီ၊ ဆေးဝါစတာတွေဆိုးပြီး ရောင်းချတယ်လို့ဆိုတယ်။ ဆိုးဆေးပါပေမယ့် ရေနွေးဆူဆူနဲ့ပြုတ်ရင် ဆေးရင် ဓာတ်ပြယ်တယ်လို့ ထင်တာလည်းရှိတယ်။ အင်းစိန်မြို့နယ်မှာ အိမ်ရှင်မတစ်ဦးက “ဆေးဆိုးထားတဲ့မျှစ်နီကိုဝယ်ပေမဲ့ အိမ်ရောက်ရင်ပြုတ်တယ်၊ အဲဒီပြုတ်ရည်ကို သွန်ထုတ်ပစ်လိုက်တယ်၊ ပြီးမှ ကြော်တာ၊ ချက်တာလုပ်တယ်၊ ရေနွေးပြုတ်ရည်က နီရဲသွားတယ်၊ မျှစ်မှာတော့ အရောင်သိပ်မကျန်တော့ဘူး”လို့ပြောပါတယ်။ ဆေးဆိုးထားတဲ့အစားအသောက်ကို ဘယ်လိုပဲသန့်စင်အောင်ပြုလုပ်ပေမဲ့ ဓာတုဓာတ်ကြွင်းကကျန်တယ်လို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဌာန၊ အငြိမ်းစားဒုတိယညွန်ကြားရေးမှူး ဒေါက်တာဦးဝင်းသိန်းကပြောပါတယ်။ သူက “ဆိုးဆေးအန္တရာယ်ကကြောက်ဖို့ကောင်းတယ်၊ ဆိုဒီယမ်ဟိုက်ဒရိုဆာလဖိုက်က အစားအသောက်မှာ သုံးခွင့်တော့ ပေးထားတယ်၊ သူလဲအန္တရာယ်ဖြစ်စေနိုင်တဲ့အထဲ အနည်းအကျဉ်းတော့ပါတာပဲ၊ တခြားဆေးနီ၊ ဆေးဝါတွေက ချည်တွေကို အရောင်ဆိုးတဲ့ဆေးတွေ၊ အဲဒါကို အလွယ်တကူရတော့ အမျိုးမျိုးအသုံးပြုလာတာတွေ့ရတယ်”လို့ရှင်းပြတယ်။ ဓာတုဗေဒ ဆိုးဆေးတွေက တာရှည်စားသုံးမှုများရင် လူကိုအန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒေါက်တာဦးဝင်သိန်းက “အစာအသောက်တွေက ပါတဲ့ ကိုယ်စားမိတဲ့ ဓာတုဗေဒပစ္စည်းတွေက အများကြီးရှိနိုင်တယ်၊ အဲဒါတွေက ခန္ဓာကိုယ်ထဲမှာ စုနေပြီး တစ်ချိန်ချိန်မှာ ကင်ဆာလိုရောဂါမျိုးဖြစ်နိုင်တယ်၊ အင်္ဂါမစုံတဲ့ သန္ဓေသားတွေ မွေးဖွားလာနိုင်တယ်”လို့ ပြောတယ်။ စက်မှုလုပ်ငန်းသုံး ဓာတုဗေဒပစ္စည်းတွေကို အစားအသောက်မှာထည့်သွင်းအသုံးပြုခွင့်မရှိဘူးလို့သိရပါတယ်။ အထူးသဖြင့် ရိုးရာအစားအသောက်တွေမှာ အသုံးပြုခွင့် လုံးဝတားဆီးထားတယ်လို့ သိရတယ်။ ၂၀၀၉ခုနှစ်က လက်ဖက်မှာ ဆိုးဆေးတွေ့လို့ ဆိုးဆေးမသုံးဖို့တားမြစ်ထားသလို တခြားအစားအသောက်တွေမှာ ဆိုးဆေးမသုံးဖို့ကိုလည်း အစားအသောက်ဥပဒေအရ တားမြစ်ထားပါသည်။khitlunge.org.mm

One comment

  • susunosuki

    May 1, 2010 at 11:40 am

    ဟုတ်ပါတယ်
    ဈေးတွေမှာ ဆေးဆိုးတဲ့မျှစ်တွေ ဆေးဆိုးတဲ့ငရုတ်သီးမှုန့်တွေ ခုတလေပြန်တွေ့နေရတတ် တယ်

Leave a Reply