မေလကုန်အထိစောင့်ကြည့်ရမယ့်မုန်တိုင်း

klnApril 30, 20101min610

အခုဧပြီလကုန်ပိုင်းကနေ မေလကုန်အထိ မုန်တိုင်းဝင်ရောက်နိုင်တာကြောင့် သတိပြုစောင့်ကြည့်ဖို့လိုတယ်လို့သိရပါတယ်။ အခုကာလက မိုးကြိုကာလဖြစ်ပြီး ရာသီဥတုပုံမှန်မဟုတ်ဘဲ မုန်တိုင်းဝင်ရောက်တာ၊ မိုးကြိုးပစ်တာ၊ နေရာကွက်ကြားမိုးကြီးတာ၊ လျှပ်တစ်ပြက်ရေကြီးတာ၊ မိုးသီးကြွေတာမျိုးတွေကြုံတွေ့နိုင်တယ်လို့ဆိုပါတယ်။ ရာသီဥတုအခြေအနေက မိုးဝင်၊ မိုးထွက် နောက်ကျပြီး မုတ်သုံဝင်တာလည်းနောက်ကျတယ်။ မုတ်သုံဝင်တာက ပုံမှန်ရက်ပေါင်း ၃ဝကနေ ၄၅ရက်အထိဖြစ်သွားတော့ မိုးတိမ်တောင်ဖြစ်တာပိုများတယ်။ မိုးတိမ်တောင်တွေစုပြီး မုန်တိုင်းအဖြစ် ဝင်လာနိုင်တယ်။ အခုဆိုရင် မိုးတိမ်တောင်တွေကြောင့် မြန်မာနိုင်ငံအထက်ပိုင်ဒေသတွေမှာ လေပြင်းတိုက်ခတ်တာတွေဖြစ်နေတယ်လို့သိရပါတယ်။ ဘင်္ဂလားပင်လယ်ပြင်မှာ ဖြစ်တဲ့မုန်တိုင်းတွေရဲ့ ၄၂ရာခိုင်နှုန်းခန့်က မြန်မာနိုင်ငံရဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေကို ဝင်ရောက်နိုင်တယ်လို့ဆိုပါတယ်။ “မုန်တိုင်းသတိပေးချက်တွေကိုသတိထားစောင့်ကြည့်ဖို့လိုတယ်၊ မိုးလေဝသဌာနက ထုတ်ပြန်တဲ့ မုန်တိုင်းသတင်းတွေမှာ ခေါင်းစဉ်ကိုကြည့်ရမယ်၊ “မုန်တိုင်းသတင်း”လို့ ကြေညာထားရင် မုန်တိုင်းကမြန်မာပြည်ထဲကို မဝင်ဘူး၊ “မုန်တိုင်းသတိပေးချက်”လို့ကြေညာရင်တော့ မုန်တိုင်းကမြန်မာနိုင်ငံထဲကို သေချာပေါက်ဝင်မယ်ဆိုတာကို သတိထားရမယ်”လို့ ဒေါက်တာဦးထွန်းလွင်ကပြောပြခဲ့ပါသည်။
www.khitlunge.org.mm