နတ်သုဓာ…

hmeeMay 3, 20111min11512

လူတွေဟာ ကိုယ်ကြိုက်တဲ့ အစားအစာလေး စားရပြီဆိုရင် အာဟာရဖြစ်တာ မဖြစ်တာ အသာထား ကောင်းလိုက်တာ နတ်သုဓာကျနေတာပဲလို့ ပြောကြပါတယ်။ ကျွန်မအထင်တော့  မိမိငယ်စဉ်က စားခဲ့ရလို့ (သို့) စားနေကျအစာမို့  မသိစိတ်မှာစွဲနေလို့ အဲဒီလိုလေး စားရပြီဆို တကယ့်အကောင်းဆုံးအစားလို့ ထင်တာဖြစ်မှာ။

တလောက ရုပ်ရှင်တကား ကြည့်ဖြစ်တယ် အဓိကဇာတ်ကောင်က ကြွက်ကလေး။ ကြွက်ဆိုပေမဲ့ စားဖိုမှုးဖြစ်ချင်သူ။ ဒါကြောင့်လမ်းတောင် လက်ညစ်ပတ်မှာဆိုးလို့ သူက လူလို လမ်းလျှောက်တာ။  စားသောက်ဆိုင်ကြီးတဆိုင်မှာ ပိုင်ရှင်စားဖိုမှုးကြီးက ဝေဖန်ရေးဆရာ တယောက်ရဲ့ ဝေဖန်ခြင်းခံရပြီး စိတ်ထိခိုက်ပြီး ဆုံးသွားတယ်။ သူ့သားက ဟင်းမချက်တတ်ဘူး။   ကြွက်ကလေးနဲ့တွေ့ပြီး ကြွက်ကလေး အကူအညီနဲ့ ဟင်းချက်တာ နာမည်ကျော်ကြားစ   ပြုလာတာပေါ့။  ဒီအကြောင်းကို ကြားတော့ ဝေဖန်ရေးဆရာကြီးက နောက်တခါ ဝေဖန်ဖို့ ဆိုင်ကိုရောက်လာပြီး အစားအစာတွေကို စားလိုက် ရေးလိုက်နဲ့ပေါ့။ အဲဒါကတော့ ဇာတ်လမ်းရဲ့ အထွဋ်အထိပ် နေရာလေ။ နောက်ဆုံးဟင်းတမယ်မှာ ကြွက်ကလေးက အရည်တမျိုးဆမ်းချင်တယ်။ စီနီယာကောင်မလေးက ဆိုင်ရဲ့ပုံသေနည်းအတိုင်း ထည့်ချင်တယ် လုပြီးထည့်တာ ကြွက်ကလေး ထည့်ခွင့်ရပြီး ဝေဖန်ရေးဆရာကြီးက အဲဒီဟင်းကို စားခွင့်ရသွားတယ်။ ပထမဆုံးတဇွန်းကို ပါးစပ်ထဲထည့်လိုက်ပြီး အရသာခံလိုက်တယ်ဆိုရင်ပဲ သူဘာကိုပြေးမြင်သလဲဆိုတော့ သူငယ်ငယ်က သူ့အမေ ချက်ကျွေးတဲ့ဟင်းကို စားလိုက်ရသလိုလို့ အတွေးထဲမှာ ခံစားသွားရတာကို ပြထားပါတယ်။ နှစ်ခြိုက်လွန်းလို့ ပန်းကန်မှာ ကပ်နေတဲ့ အရည်လေးကို လက်ညှိုးလေးနဲ့ ကော်ပြီးတောင် စားလိုက်ပါသေးတယ်။ သူငယ်ငယ်က စားခဲ့ရတဲ့အရသာမို့ သူ့အတွက်တော့ နတ်သုဓာလို့ ထင်သွားပုံပါပဲ။

————————————–xxxxxxx—————————————

ကျွန်မအတွက်လည်း နတ်သုဓာလို့ ထင်ခဲ့ရတဲ့ အချိန်ကြုံခဲ့ပါသေးတယ်။ အိမ်ထောင်ကျတော့ ယောင်နောက်ဆံထုံးပါ ယောက်ခမအိမ်ရောက်ခဲ့ပါတယ်။ သူတို့က မြို့သား အစစ်တွေမို့ နေ့ခင်းနေ့လည် အစာပြေကို ကော်ဖီ ၊ပေါင်မုန့် ဒါမှမဟုတ် ကိတ်မုန့် စားလေ့ရှိတယ်။ ကျွန်မလိုတောသူ အတွက်တော့ စားသာစားရပေမဲ့  ခံတွင်းမလိုက်လှပါဘူး။  တရက်တော့ သူလည်း အလုပ်ရက်ရှည်နားလို့ မွေးရပ်မြေကို အလည်အပတ်ပြန်ခဲ့ပါတယ်။ တရက်တရက် ရွာရိုးကိုးပေါက် လျှောက်သွား ကြုံတဲ့အိမ်ဝင်ထမင်းစားပေါ့။  တရက်တော့ ဦးလေးအိမ်ဘက်   နေ့လည်မှာ အလည်ရောက်သွားပါတယ်။   ခြံထဲ ရောက်ရင်ပဲ   ခြံစည်းရိုးနားကပ်ပြီး  စည်းရိုးပတ်လည် စိုက်ထားတဲ့ မချစ်စု သရက်ပင်တွေမှာ အသီးတွေ ပြွက်ခဲနေအောင် သီးနေတာမြင်လိုက်ရတယ်။  ရောက်တုန်းရောက်ခိုက် သရက်သီးသုပ်တော့ စားကိုစားမှဖြစ်မယ်လို့ တွေးမိတယ်။ အိမ်အောက် တန်းလျှားမှာ ဦးလေးနဲ့ အဒေါ်ထိုင်နေတယ်။ ကျွန်မတို့ကို မြင်တော့ မနေ့ကတည်းက မျှော်နေတာလို့ ပြောပြီး သူကိုအရှေ့ဖက်တန်းလျှား ကျွန်မကို အဒေါ်နဲ့အတူ အနောက်ဖက်တန်းလျှားမှာ ဝင်ထိုင်စေပါတယ်။ အဒေါ် ကျွန်မ သရက်သီးသုပ်စားချင်တယ်လို့ ပြောလိုက်တယ်ဆိုရင်ပဲ ညီမဝမ်းကွဲလေးက သရက်သီးတလုံး ခူးပြီး သုပ်ပေးပါတော့တယ်။သရက်သီးက တလုံးဆိုပေမဲ့ အလုံးကြီးလို့ တဇလုံလောက်တော့ ရပါတယ်။  သရက်သီးကို အခွံမသင်ပဲ ပါးပါးလှီး ပုစွန်ငါးပိအစိမ်း၊ ငရုပ်သီးအစိမ်းထောင်း ၊ ဆား ထည့်ပြီး နှံစပ်အောင်နယ်ပြီးကျွန်မရှေ့ စားပွဲပေါ် ချပေးပါတယ်။ ပန်းကန်ရှေ့ရောက်ပြီဆိုတာနဲ့ စားလိုက်တာ ကျွန်မလက်တွေပဲ ရှုပ်နေပါတော့တယ်။  သရက်သီးတဇွန်းစား ရေနွေးတခွက်သောက် နဲ့စားလိုက်တာ မျက်ရည် ၊နှာရည်၊ ချွေး အကုန်ကို ကျလာတာပါ။ မျက်ရည်သုတ်လိုက် စားလိုက် နှာရည်သုတ်လိုက် စားလိုက်နဲ့ စားတာ တပန်းကန်လုံး ကျွန်မတစ်ယောက်တည်း စားသလိုပါ။ ငယ်ငယ်က သူငယ်ချင်းတွေနဲ့ ကစားပြီးမောတော့ သူငယ်ချင်း ယူလာတဲ့သရက်သီးကို   ချောင်းထဲဆင်း ချောင်းထဲမှာ ရေသောက်ဆင်းနေတဲ့ သစ်မြစ်နဲ့ရိုက်ခွဲ  ရေဆေးပြီး အမေမသိအောင်  အင်ဖက်နဲ့ ထုပ်ပြီး ကျွန်မယူလာတဲ့ ငါးပိနဲ့ တို့ပြီး တယောက်တလှည့် စားခဲ့တာကို ပြေးမြင်မိပါတယ်။ အရှေ့ဖက် တန်းလျှားမှာဦးလေးနဲ့ အတူထိုင်ပြီး စကားပြောနေပေမဲ့ စိတ်ကတော့ ကျွန်မဆီရောက်နေကာ ဆက်မစားဖို့  မျက်ရိပ်မျက်ကဲ ပြကာတားနေတာကို မသိယောင်ဆောင်ပြီး  ဆက်စားနေတာမို့ နောက်ဆုံး မနေနိုင်ပဲ ပါးစပ်က ထုတ်ကို ပြောပါတော့တယ်။ “ မင်းကွာ အာဟာရ မဖြစ်တာဆို စားလိုက်တာ ကြည့်ပါဦး။ အာဟာရဖြစ်တာဆို မကြိုက်ဘူး မစားချင်ဘူး”လို့  ဘေးကလူတွေကိုတောင် အားမနာနိုင်ပဲ ပြောပါတော့တယ်။  ကျွန်မကတော့ ဟီးဟီး လို့ ရီပြပြီး ကျန်တာကို အပြတ်ကိုရှင်းပြစ်လိုက်ပါတယ်။ အဒေါ်က “မင်းအတွက် ကိတ်မုန့်၊ ပေါင်မုန့် တို့ဟာ အာဟာရလည်းဖြစ်ပြီး မင်းလည်းကြိုက်လို့ မင်းအတွက်တော့ နတ်သုဓာပေါ့။ အေးအဲဒီလိုပဲ ငါ့တူမက သူငယ်ငယ် ကတည်းက စားလာခဲ့တဲ့ အစာမို့ ရုပ်အတွက် အာဟာရ မဖြစ်ရင်တောင် သူ့စိတ်မှာ စွဲနေတဲ့ အရသာအစွဲကို အာဟာရဖြစ်စေလို့ သူ့စိတ်ကျေနပ်သွားတဲ့အတွက် ဒါက သူ့အတွက်တော့ နတ်သုဓာပေါ့” လို့ ဝင်ပြောတော့ သူလည်း ပြုံးပြီး ဆက်မပြောတော့ပါဘူး။

—————————-XXXXXXXXXXXX———————————–

အခုတခါကတော့ လက်ရှိအခုရောက်နေတဲ့ နေရာမှာ ကြုံရတာပါ။  တရက်ကတော့ ကျွန်မလည်း ကြက်သားနဲ့ မျှစ်ချဉ် ချက်ပါတယ်။ ငါးပိနဲ့ ငရုပ်သီးစိမ်းထောင်းလေးနဲ့ တွဲဖက်စားရင် ခံတွင်းမြိန်စေမှာမို့ ငါးပိမီးကင် ရဦးမှာပါ။ ဒီက သူတို့တွေက ငါးပိ၊ ငံပြာရည်၊ ကြက်သွန်ဖြူကြောက်တယ်လေ။ ကိုယ်ကတော့ ကြိုက်မှကြိုက်။ ငါးပိ မီးကင်တာ ငါးပိရည်ကျိုတာ  အနံထွက်တော့ ကိုယ်က ကြိုက်လို.မွှေးတယ်ထင်ပေမဲ့ သူတို့ အတွက်က ပြသာနာလေ။  တခါတခါ စားဖို့  မြန်မြန် မီးကင် မြန်မြန် အနံပျောက်အောင် လုပ်ရတာ။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့မှာ ဂက်စ်ကုမ္ပဏီက ဂက်စ်ပိုက်လာစစ်ဖို့ရှိတယ်။ ကျွန်မ အမျိုးသားက စစ်ဆေးတဲ့သူလာပြီးမှ  ငါးပိကို မီးကင်ဖို့ပြောတာနဲ့ တမနက်လုံးစောင့်နေတာပါ။ ၁ဝ နာရီကျော်တဲ့အထိ ရောက်မလာလို့  ဒါဆိုရင်တော့ နေ့လည်စာစားချိန်ရောက်ပြီ စားပြီးမှပဲ လာတော့မှာသေချာပြီပေါ့။ အခုအချိန် မီးကင်ရင် သူလာတဲ့အချိန်မှာ အနံပျောက်ပြီပေါ့ ကိုယ့်အတွေးနဲ့ကိုယ် လုပ်ငန်းစပါတယ်။  ဖြစ်ချင်တော့ ငါးပိ မီးကင်လို့ အကျက် အနံလေးက မွှေးနေတာပဲလို့ ကိုယ့်အထင်နဲ့ကိုယ် ကျေနပ်နေတုန်း ဗြုန်းဆို ဂက်စ်သမားရောက်လာပါတယ်။ တအိမ်လုံး ငါးပိမီးကင်နံ လှိုင်နေတာပါပဲ။ အဲဒါက ကိုယ့်အထင်လေ တံခါးဖွင့်လိုက်တယ်ဆိုရင်ပဲ ဂက်စ်သမား မျက်နှာကြီး ရုတ်တရက် ရှုံတွသွားတာမြင်ဖြစ်အောင် မြင်လိုက်ပါသေးတယ်။  သူ့ခမျှာ  ဂက်စ်ပိုက်ကို ကမန်းကတန်း စစ်ဆေးပြီး အားလုံးအိုကေတယ် လို့  ကသုတ်ကရက်ပြောပြီး ပြေးပါတော့တယ်။ ကျွန်မအမျိုးသားပြန်ပြောတဲ့ ကျေးဇူးတင်စကားတောင် အဆုံးထိ ကြားပုံမရပါဘူး။ “မင်းကလဲကွာ ပြောထားသားနဲ့ ဟိုမှာပြေးပြီ”လို့ ကျွန်မကို ပြောတော့ ကျွန်မက “ဒါတော့မတတ်နိုင်ဘူးလေ သူမကြိုက်ပေမဲ့ ဒီငါးပိထောင်းက ကျွန်မအတွက်တော့ နတ်သုဓာ ဟာကိုး” လို့ ပြန်ပြောရင်း ဂက်စ်သမားမျက်နှာ မြင်ယောင်ပြီး ရယ်မိပါတော့တယ်။

12 comments

  • mihninlay

    May 3, 2011 at 10:00 am

    hmee ပြောသလိုပဲမိနှင်းလေးတို ့လဲအိမ်မှာသုပ်စားနေကြလေ..မောင်နှမတစ်တွေခိုးသုပ်စားကြတာအဖေလဲလာရောသရက်သီးသုပ်ပန်းကန်ကို ဖွတ်တဲ့သူကဖွက်ပြေးတဲ့သူကပြေး ..ပေနေတဲ့ဟာတွေရှင်းတဲ့သူကရှင်းနဲ ့ပြာယာကိုခတ်သွားတာပဲ..ခုတော့အဲလိုစားချင်တာတောင်သရက်သီးစိမ်းကသိပ်မရလို ့မစားဖြစ်တော့ဘူး

  • nozomi

    May 3, 2011 at 10:27 am

    ဟုတ်တယ် မ မှီရေ ငယ်ငယ်က စားခဲ့ဘူးတဲ့လက်ရာ ကစွဲနေတော့ နောက်ပိုင်းစားဖြစ်တာကို အဲဒီပေတံနဲ့ပဲ တိုင်းပြီး ဆုံးဖြတ်မိသွားတယ် ထင်ပါတယ် ဘယ်လောက် ဟင်းကောင်းကောင်းတွေ စားရ စားရ အမေချက်ကျွေးခဲ့တဲ့ ပဲကြီးဟင်းနဲ့ အညာငရုတ်သီးထောင်းလောက်တော့ မမြိန်တာ အမှန်ပဲ

    အဲဒီမှာ ငပိရည်ကြိုလို မြန်မာစာတွေ ဝယ်လို့လွယ်လား

    စိုက်ပျိုးရေးနဲ့ တက်နေတဲ့ မြန်မာတွေလဲ အများကြီးရှိမယ် ထင်တယ်

  • hmee

    May 3, 2011 at 11:01 am

    မြန်မာအစာလို့တော့ ပြောလို့ရမယ်ထင်တယ်။ ထိုင်း၊ ဖိလစ်ပိုင်တွေများတော့ သူတို့အတွက် အဓိထားရောင်းတာ ကိုယ်တွေနဲ့ အစားအစာတူလို့ စားလို့တော့ဖြစ်တယ်။မျှစ်ချဉ်၊ ပုစွန်ငါးပိ၊ ငါးပိရည်ကို ပုလင်းလေးတွေနဲ့ ချိပ်ပိတ်ထားတာကို ထိုင်းကတင်သွင်းတယ်ထင်တာပဲ။ ဈေးတော့ကြီးတယ် ဒါပေမဲ့ စားချင်တော့လည်း ဈေးကြီးတာထက် ဝယ်လို့ရတာကိုပဲ ကျေးဇူးတင်နေရတယ်။ ငါးခြောက်လည်း ဝယ်လို့ရပါတယ်။ မရတာက ချဉ်ပေါင်ပါ။ တခါတလေ ကင်ပွန်းချဉ်ရွက် ချဉ်ရည်ဟင်းလေး၊ ဟင်းနုနွယ်ရွက်ကြော်လေး လွမ်းမိသား။

  • bigcat

    May 4, 2011 at 5:07 am

    နယ်မှာနေတဲ့အသိတယောက် ငပိကြော်တာကို အိမ်နီးနားချင်း အဖြူမကြီးက It smells like ၈ လို့ ပြောသတဲ့….ဆင်ခြင်ကြဖို့ပါ…

  • king

    May 4, 2011 at 5:28 am

    အားးးးးးးးးးးးးးးးးးးးးး
    ဗိုက်ဆာလာပြီ
    မြန်မြန်အိမ်ပြန်တော့မှပဲ
    နောက်ဆို အစားအသောက်ဟာဆို ဖတ်ဖို့ ဆင်ခြင်ရတော့မယ်

  • nature

    May 4, 2011 at 12:16 pm

    ခင်ရာဆွေမျိုး မိန်ရာဟင်းကောင်းတဲ့။

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 4, 2011 at 5:29 pm

    ဟုတ်တယ်ကျွန်တော်လည်းဒါကိုဘဲလက်ခံတယ်
    သူများကိုဆန့်ကျင်တာမဟုတ်ဘူးနော
    ဘာဖြစ်လို့လဲဆိုတော့
    နတ်သုဓာ ဆိုတာက စာပေစကားဘဲလေ
    လူတွေရဲ့စားသောက်ဖွယ်ရာထက်ကောင်းလွန်းတယ်လို့ဘဲအလွယ်မှတ်ရမယ်ထင်မိပါရဲ့
    ဒီလောက်ကောင်းတဲ့အစာကို နတ်တွေကနေ့တိုင်းစားရတာလေ
    ကြည့်ရတာ နတ်တွေမှာ ထမင်းမေ့ဟင်းမေ့လောက်တဲ့ အပျော်အပါးတွေရှိပုံရတယ်
    သဘောအရ ခန္ဓာကို အသက်ရှင်ဖို့ မဖြစ်မနေအဟာရဖြည့်ရမယ်လေ
    သူတို့က အပျော်အပါးတွေကြောင့် နတ်သုဓာကို မှန်မှန်စားဘို့မေ့သွားရင်
    နတ်သက်ကြွေရမယ်လို့ပြောတာဘဲ စာဖတ်ပြီးပြောတာ 🙂 ဒါကသတ်သတ်
    ဒီနေရာမှာ မြင်ကြည့်တာက ဘယ်လောက်ကောင်းပါတယ်ဆိုတဲ့စားစရာဖြစ်ပါစေ
    အမြဲတမ်းစားနေရရင်ရိုးသွားတတ်ကြတော့
    နတ်သုဓာဆိုတာလည်း အမြဲတမ်းစားရရင်ကောင်းတော့မှာမဟုတ်ဘူး
    လူတွေဘက်ကပြန်ကြည့်လိုက်ရင်
    ကိုယ်တွေ့ပေါ့နော်
    ရွာမှာနေတုန်းကဆို ငပိနဲ့ဟင်းချို ချည်းနေ့တိုင်းလွေးနေရတော့ နှာခေါင်းရှုံ့တယ်
    ဆီပြန်ဟင်းလေးဘာလေးတက်မက်သပေါ့ဗျာ
    ပြည်ပကိုရောက်လာတော့ ဆီပြန်ဟင်းနေ့တိုင်းစားရတော့
    ငပိနဲ့ဟင်းချိုကိုပြန်တမ်းတပြန်ရော
    ဒီမှာသတိထားမိတာက
    ငပိ၊ ဟင်းချို၊ ဆီပြန်ဟင်းမှ မဟုတ်ဘဲ
    စားလို့မြိန်ရင် ဟင်းကောင်းဖြစ်တယ်လို့ထောက်ခံလိုက်တယ်ဗျို့
    ခင်ရာဆွေမျိုးဆိုတာကတော့ နောင်များကြုံရင်ပြောရသေးတာပ
    ဪ….
    မြန်ရာဟင်းကောင်းဆိုပြီးပြောလိုက်ရင်အစေကြီးပွဲပြတ်သွားမယ့်ဟာ

    • kai

      May 4, 2011 at 6:35 pm

      ကျန်သေးတယ်..
      ဒိဗ္ဗစက္ကု… နတ်မျက်စိတဲ့..။
      အတားမရှိ..အကုန်မြင်ရတာကို ပြောတာ..။

      ဆိုတော့…နတ်သမီးတွေ.. အချွန်အတက်နဲ့.. နတ်ဝတ်ဆန်ဆာ..အဝတ်အစားဝတ်တယ်ဆိုတာ အလကားပဲ..။
      နတ်သားက နတ်သမီးကြည့်လိုက်ရင်..တုံးလုံးကြီးဖြစ်နေမှာ..
      အဲဒါလည်း ကြည့်ဖန်များ..နေဖန်များရင်..ရိုးသွားမလားမသိဘူးနော..

      အာဟိ…။

      • king

        May 6, 2011 at 4:00 am

        ကျွန်တော်ထင်တာကတော့
        သူတို့တွေရိုးမသွားလောက်ပါဘူး
        ဘာလို့လဲဆိုတော့ နတ်သမီးတွေ တစ်ဖက် ၅၀ဝ ဆိုတော့
        တစ်နေ့ တစ်ယောက်ပဲကြည့်အုန်း မှတ်မိမယ်မထင်ဘူး
        နှစ်တော်တော်ကြာတဲ့အထိ ကြည့်ပြီးသားလား မကြည့်ရသေးတာလား အသစ်တိုးလာတာတွေလား
        လူ့ပြည်ကိုသွားပြီး ခွဲစိတ်ပြုပြင်ထားလားနဲ့ အလုပ်ရှုပ်နေပုံပေါက်တယ်
        အဲဒါကြောင့်ပဲ နတ်သက်ကြွကုန်တာလည်းမသိ ….

  • ဆူး

    May 5, 2011 at 1:15 pm

    သဂျီးရေ… ဒိဗ္ဗစက္ကု… နတ်မျက်စိ ဆိုတာ ပါဝါ ကွာတယ် ပြောကြတာလည်း ကြားဖူးတယ်။ ပါဝါ နည်းရင် မြင်ရမယ် မထင်ဘူး။ ပါဝါကြီးရင်တော့ သေချာ မြင်မှာပေါ့။ မျက်မှန် တပ်သလိုပဲ နေပါလိမ့်မယ်။

  • kopauk mandalay

    May 5, 2011 at 4:22 pm

    သူကြီးရေ
    ဒိဗ္ဗစက္ကု… နတ်မျက်စိတဲ့..။ မဟုတ်ဘူး။
    ဒိဗ္ဗစက္ခု နတ်မျက်စိတဲ့..။
    သူက သူကြီးထင်သလို အကာအကွယ်မပါဘဲဖြင်ရတာမဟုတ်လောက်ဘူး။
    ကြိုတင်ပြီးမြင်တာကို ပြောတာနေမှာ။
    ဘာလဲ သူကြီးက နတ်မျက်စေ့ လိုချင်တယ်ထင်သနော်

Leave a Reply