တစ်ခါက ကျောင်းသားအရွယ် လူငယ်လေးတစ်ယောက်က ပစ္စည်းတစ်ခုကို အလစ်သုတ်ပါတယ် ကာယကံရှင်က သိပြီး ကယ်ကြပါဦး ဒီမှာ ပစ္စည်းခိုးသွားလို့ပါလို့လဲ အော်လိုက်ရော ပတ်ဝန်းကျင်မှာ ရှိတဲ့လူတွေဝိုင်းလာပြီးတော့ အလစ်သမားနောက်ကို လိုက်ပါတယ် ဘေးကလဲဝိုင်းအားပေးကြတယ် လိုက်ကွ ချကွ မိရင် အသေသာဆော်ပစ် နဲ့ပေါ့ ကောင်လေးလဲ လွတ်အောင်ပြေးပေမဲ့ နောက်ဆုံးတော့ လူအုပ်ကြီးရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ် အဲဒီမှာ သွေးဆူပြီး ဒေါသထွက်နေတဲ့ လူအုပ်ကြီးက တစ်ယောက်တစ်လက် ၀ိုင်းအားပေးလိုက်ကြတာပေါ့ မြင်ကွင်းကို ကြည့်လိုက်တော့ ရိုက်၊နှက်၊ထိုး၊ကြိတ် နေကြတဲ့ လူတွေက လူကောင်ကြီးကြီး ထွားထွားတွေ နောက် လူကလဲအများကြီး အလစ်သမားဆိုတဲ့ ကောင်လေးကတော့ အသက်ကငယ်ငယ် လူကောင်ကသေးသေး အားလုံးရဲ့အားပေးတာကိုခံထားရတော့ သွေးတွေကလည်း မြင်မကောင်းပေါ့ စိတ်ဆိုး ဒေါသထွက်ပြီး ရိုက်မယ် ချမယ် ဆိုတဲ့ လူအုပ်ကြီးလည်း မြင်ရတဲ့ မြင်ကွင်းကြောင့် ဒေါသတွေလျော့လာပြီး ကောင်လေးကို သနားစိတ်ဝင်လာတယ် နောက်ဆုံးတော့ ၀ိုင်းဗျင်းနေတဲ့ လူအုပ်ထဲကပဲ ကောင်လေးကို ခွင့်လွတ် နားလည်ပေး ဆေးခန်းပို့ပေး အိမ်ပြန်ပို့ပေး လုပ်လိုက်ကြတယ် သင်တန်းတစ်ခုမှာ တွေ့ခဲ့ရတဲ့ ဆရာတစ်ယောက်ရဲ့ သင်ခန်းစာပို့ချချက် တစ်ခုထဲက မှတ်မိနေတာလေးပါ ဆရာကတော့ အဲဒါကို reverse theory လို့ခေါ်ပါသတဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က သင်ခဲ့ရပေမဲ့ အခုထိအမှတ်တရ ရှိနေတုန်းပဲ ဒီသဘောတရားကို သိတဲ့သူတွေက ဒါကို ကောင်းကောင်းအသုံးချတတ်ကြပါတယ် မူလအခြေအနေကနေ ဖြစ်သင့်ဖြစ်ထိုက်တဲ့အနေအထားကနေ ရလဒ်တွေပြောင်းပြန်ဖြစ်သွားတာပါ ဒါမျိုးကို ရွာသူရွာသားတွေလဲ ကြုံဘူးမှာပါ အပြင်မှာ ရေဒီယိုမှာ ရွာထဲမှာ …………… အတွေးပုံသွင်းခံရ တစ်ခါတစ်လေ ခပ်ရိုင်းရိုင်းပြောရရင် အတွေးမုဒိမ်းကျင့်ခံရ တာတွေကြောင့် ဆရာပြောပြခဲ့တာတွေ စိတ်ထဲပေါ်လာပြီး မနေ့က “ဘယ်လိုမြင်စေချင်လဲ” ဆိုတာလေး ရေးဖြစ်ရင်းနဲ့ ဒါလေးပါဆက်ရေးဖြစ်တာပါ ဖတ်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်

( ပုံကိုတော့ ဂူးဂဲကနေ ကူးယူဖော်ပြပါတယ်)

မောင်ဆန်း

About မောင်ဆန်း

has written 64 post in this Website..

မကောင်းတာ မတွေးနဲ့ မကြံနဲ့ မလုပ်နဲ့ ၊ ကုသိုလ်ရမဲ့ဟာလုပ် ၊ စိတ်ချမ်းသာအောင် ငြိမ်းချမ်းအောင်နေပါ