b4401

ရှေးဟောင်း တရုတ်ရိုးရာ လေ့ကျင့်ခန်း တစ်မျိုးဖြစ်သည့် ထိုက်ချိ လေ့ကျင့်ခြင်းအားဖြင့် နာတာရှည် နှလုံးရောဂါရှိသူများ၏ ကိုယ်စိတ်ကျန်းမာရေး အခြေအနေကို တိုးတက် ကောင်းမွန်စေနိုင်ကြောင်း အမေရိကန်တွင် ပြုလုပ်ခဲ့သော လေ့လာမှု တစ်ခုက ဧပြီလ ၂၅ ရက်နေ့၌ ဖော်ထုတ်ခဲ့သည်။

တစ်ပတ်လျှင် တစ်နာရီကြာ လေ့ကျင့်သင်ကြားပေးသည့် အဖွဲ့နှစ်ဖွဲ့ကို လေ့လာသုံးသပ်ခြင်းအားဖြင့် စိတ်နေစိတ်ထားနှင့် ယုံကြည်မှုတွင် ထူးခြားကောင်းမွန်သည့် တိုးတက်မှုများ ပြသနိုင်ခဲ့သည်ဟု အမေရိကန် ဆေးပညာအသင်း၏ ဂျာနယ်တစ်ခု ဖြစ်သော Archives of Internal Medicine တွင် ဘော်စတွန်အခြေစိုက် လေ့လာမှု ရလဒ်များက ဖော်ပြခဲ့သည်။ နှလုံးရောဂါရှင် ၅ဝ ဦးကို ထိုက်ချိ လေ့ကျင့်ခန်းများ သင်ကြားပေးသည့် ဆရာတစ်ဦး၏ သင်တန်းတွင် လေ့ကျင့်စေပြီး သင်တန်းဆရာ က ပြေပြစ်ကျော့ရှင်းသော ရွေ့လျားမှုများဖြင့် လေ့ကျင့်ပေးခဲ့သည်။

ကျန်နှလုံးရောဂါရှင် ၅ဝ ကိုမူ နှလုံးပညာရေးကိုသာ သင်ကြားစေခဲ့သည်။ အုပ်စုနှစ်စုစလုံးတွင် ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုမှာ တူညီသော်လည်း ထိုက်ချိလေ့ကျင့်ခန်း ပြုလုပ်ခဲ့သူများကမူ ထူးခြားသည့် တိုးတက်မှုများ ပြသခဲ့သည်။ ထိုက်ချိအုပ်စုတွင် လေ့ ကျင့်ခန်းနှင့် ဆက်နွှယ်သည့် အပြုအမူများ ဆောင်ရွက်ရန် ပိုမို ယုံကြည်မှုရှိကြောင်း ပြသခဲ့ပြီး ကျန်းမာရေးကောင်းမွန်သည့် စိတ်ခံစားမှုများလည်း ပြသခဲ့ကြသည်။
နာတာရှည် နှလုံးရောဂါရှိသူများကို ကုသ စောင့်ရှောက်ရာတွင် ထိုက်ချိ လေ့ကျင့်ခန်းများသည် အလွန် ကောင်းမွန်သည့် နည်းလမ်းတစ်ခု ဖြစ်ကြောင်း ဖော်ထုတ်ခဲ့သည်။

ထိုက်ချိပညာရပ်
ထိုက်ချိပညာရပ်ကို သိုင်းပညာတစ်မျိုး အနေဖြင့်သာမက ကျန်းမာရေးအတွက် အားကစားနည်း တစ်ရပ် အဖြစ်ပါ လေ့ကျင့် သင်ကြားကြသည်။ နှေးကွေးသော လှုပ်ရှားမှုများဟု လူအများက မှတ်ထင်ကြသည့် လှုပ်ရှားမှုပုံစံများဖြင့် ကမ္ဘာတွင် ထင်ရှားသည်။ ဂိုဏ်း ငါးဂိုဏ်း ကွဲပြီး ချန်၊ ယန်၊ ဝူ/ဟောင်၊ ဝူ၊ ဆွန်တို့ဖြစ်ကာ ယနေ့ခေတ် ကစားဟန်များသည် ယင်းတို့မှ ဆင်းသက်လာသည်ဟု မှတ်ယူကြသည်။ ထိုက်ချိချွမ်ဟု အပြည့်အစုံ ခေါ်ဝေါ်ပါက အနှိုင်းမဲ့လက်သီးဟု အဓိပ္ပာယ်ရသည်။ ဝူတန်အုပ်စုဝင် ပညာရပ် သတ်မှတ်ခံရပြီး ဒဏ္ဍာရီလာ ဝူတန်ဂိုဏ်း တည်ထောင်သူ ကျန်းဆန်းဖုန်းမှ စတင်ခဲ့သည်ဟု ယူဆကြသည်။ ခေတ်သစ် ထိုက်ချိ ပညာရပ်များမှာမူ ချန်၊ ယန်၊ ဝူ/ဟောင်၊ ဝူ၊ ဆွန်တို့မှ ပျံ့နှံ့လာခြင်း ဖြစ်ပြီး ချန်ဝမ်တင်းမှာ ရှေးအကျဆုံး မှတ်တမ်းရှိ ပညာရှင် ဖြစ်သည်။ နိုင်ငံတကာတွင် သိုင်းပညာရပ်ထက် ကျန်းမာရေးအတွက် လိုက်စားမှုက ပိုမိုများပြီး ၂ဝ ရာစု အစောပိုင်းက ယန်၊ ဝူ၊ ဆွန် မျိုးနွယ်တို့မှ တစ်ဆင့် ကမ္ဘာအနှံ့ ပျံ့နှံ့ခဲ့သည်။

Eleven Media Group မှ ကူးယူဖော်ပြသည်။

About ဦးကောက်

has written 79 post in this Website..