” နောက်ဆုံးပေါ် လေယာဉ်ခရီးအတွေ့အကြုံလေးတစ်ခု ”

 

MG လိုဘဲ ကျွန်တော် အမြဲဝင်ကြည့်နေကျ ဆိုဒ်လေး တစ်ခုရှိပါတယ် ဆရာဦးစိုးမြင့်-မေ့ဆေး ရဲ့ ဆိုက်လေးပါ အမြဲဝင်ကြည့်နေကျ အသစ်မတင်ကြာပါပြီ ဒီနေ့ဝင်ကြည့်တော့မှ ပို့စ်အသစ်လေး တွေ့ရပြီး အားရဝမ်းသာ ဖတ်ဖြစ်ပါတယ် ခရီးသွားအတွေ့အကြုံတွေလဲရ ပြင်သင့်သူတွေ ပြင်နိုင်ဘို့ ဒီမှာလဲ လူများများသိအောင် ဆရာ့ဆိုဒ်ကပြန်ကူးတင်ပေးပါတယ် (http://www.soemyint.com/2011/04/blog-post.html)

Jan လတုန်းက ကျွန်တော် ခွင့်သုံးလနဲ့ ရန်ကုန်ပြန်သွားတာ ဘာမှကြာလိုက်တယ် မထင်မိပါဘူး အာဖရိက ကိုပြန်ရောက်လာရပြန်ပါပြီ။ ကိုယ့်မိသားစု နဲ့ဆွေမျိုးသားချင်းတွေနဲ့ ပြန်တွေ့ရလို့ပျော်ခဲ့ရတာ တွေ၊ တတ်နိုင် သလောက်ဘာသာရေး အလုပ်အချို့လုပ်နိုင်ခဲ့တာတွေအပြင် အမိနိုင်ငံမှာ ကိုယ်တတ်နိုင်တဲ့၊ ကူညီနိုင်တဲ့ကိစ္စတွေ၊ ဥပမာ စစ်ကိုင်းက ဝါးချက်ဆေးရုံ မှာအထူးကု ဆရာဝန်တွေ အဖွဲ့နဲ့ အတူ သွားရောက် ကုသိုလ်ဖြစ် ဆေးဝါးကုသပေးတာတွေ၊ စတာတွေနဲ့ ရေးစရာ ကြည်နူးစရာ ကုန်ကြမ်းတွေအတော် လေးရ ခဲ့ပါတယ်။ ဒါပေမဲ့ လုံးဝပျော်စရာ ကောင်းလွန်း တဲ့ ကုန်ကြမ်းတစ်ခုကိုတော့ ရန်ကုန်ကအပြန် မင်္ဂလာဒုံ လေဆိပ်မှာ ရခဲ့ပါတယ်။ အများသူငါ သိထားထိုက်တယ် ကျေးဇူးရှိမယ်ထင်လို့ ဒီစာလေးနဲ့ပဲ ကျွန်တော့စာစုလေး ကိုပြန်စလိုက်ချင်ပါတယ်။

ဇာတ်လမ်းက ကျွန်တော်ယခင်က မဟေသီမဂ္ဂဇင်းမှာတုန်းကရေးခဲ့ဘူးတဲ့ လေယဉ်လက်မှတ်ဇာတ်လမ်း မျိုးပါပဲ၊ ဒါပေမဲ့ခုပုံစံက တစ်မျိုးပါ၊ ပြည်ပ လေယာဉ်ခရီး သွားဘူးသူတွေအဖို့တော့ အထူးပြောပြစရာမလို တဲ့ကိစ္စပါ။ ခရီးသည်တစ်ယောက်အဖို့ မိမိနဲ့အတူ Cabin bag လို့ခေါ်တဲ့ ရ ကီလိုထက်မပိုတဲ့  သေတ္တာ သို့မဟုတ် အိပ်ငယ်တစ်လုံး သာကိုယ်နဲ့ ယူဆောင်နိုင်ပြီး ကျန်တဲ့ ကီလို ၂ဝ (အချို့ ၃၀)  သေတ္တာတစ်လုံး ကိုတော့ လေယာဉ်ကုန်ခန်းမှာ တံဆာလုပ် အပ်ရပါတယ်။ ခရီးဆုံးလေဆိပ် ရောက်တော့မှ မိမိပစ္စည်း ကိုပြန်ရွေးယူရတာ ထုံးစံပါ၊ ဒီနေရာမှာ ကျွန်တော်တို့လို ခရီးရှည်နိုင်ငံ ၃-၄ ခုဖြတ်သွားရ လည်းပြဿနာ မရှိပါ။ ကိုယ်ကသာ လေဆိပ်တွေမှာ လေယဉ်ပြောင်း ပြောင်းတက်ရပေမဲ့ ကိုယ့်ပစ္စည်း တွေကတော့ လေဆိပ်ဝန် ထမ်းတွေက မိမိပစ္စည်းမှာ ကပ်ထားတဲ့(လေဘယ်) ကဒ်ပြားလေးအရ နောက်လေယာဉ်တွေပေါ် ပြောင်းပြောင်းတင်ပေးရတာ သူတို့အလုပ်ပါ။ Check through လို့ခေါ်ပါတယ်။ ခုလိုမှမိမိပစ္စည်းကို ကြားလေ ဆိပ်မှာ အမှားအယွင်းတစ်ခုခုကြောင့် အချိန်မီပြောင်းတင် မပေးနိုင်ရင်တော့၊ ကျန်ရစ်ပြီး နောက်လေယာဉ် နဲ့မှပါလာ တော့မှာသေချာပါတယ်။ အကယ်လို့သာ (လေဘယ်) ကလမ်းဆုံး နိုင်ငံကို မှားရေးလိုက် လု့ိက တော့ ဆုံးပြီပေ့ါ ကံကြီး လွန်းလို့ ကူညီတတ်သူ နဲ့ တွေ့ရင်တော့ခံ သာမှာပါ၊ (ဒါကလည်း အတွေ့အကြုံရှိဦးမှကိုး)

မှတ်မိပါသေးတယ်၊ ၂၀၀၁  ခုနှစ် ဧပြီလက ကျွန်တော် Namibia ကနေ ခွင့်နဲ့အိမ်ပြန်တော့၊ UK နိုင်ငံ ကိုဝင်လည် ခဲ့ပါတယ်။ ပထမ ခရီးစဉ်က Namibia – Johannesburg Jhb – UK ပါ။ ဖြစ်ချင်တော့ (ကျွန်တော် ခရီးထွက်တဲ့နေ့က ဆောင်းရာသီစံချိန် စပြောင်းတဲ့နေ့ ဖြစ်နေတာသတိမထားမိလိုက်လို့)  လေဆိပ်ကို တစ်နာရီတိတိ နောက်ကျမှရောက်သွားလို့ ကိုယ်စီးရမဲ့လေယျာဉ်လွတ်သွားပါတယ်၊ လူလဲအတော်  ‘ပြာ’သွားတာပေါ့၊ ကံကောင်းချင်တော့ Jhb ကိုထွက်မဲ့ ဗြိတိသျှ British Airway လေယာဉ် တစ်စီးကမကြာမီပဲ ထွက်တော့မှာမို့ ချက်ချင်းပဲ လက်မှတ်ဝယ်ပြီး Jhb လေဆိပ်ကို အမှီလိုက် ခဲ့ပါတယ်။ ( Uk ထိကိုယ်စီးရမဲ့ လေယာဉ်က တောင်အာဖရိကလေကြောင်း South African Airway ပါ )၊ လေယာဉ်ပေါ် ရောက်တဲ့ထိ အားလုံးက အိုကေ ပါပဲ။ (ပျော်သွားပြီပေါ့) ဒါပေမဲ့ သိပ်မကြာပါဘူး အတွေးတစ်ခု ခေါင်းထဲဝင်လာလို့ ‘ဖျား’ သွားမိရတော့တယ်။ လေကြောင်းချင်းမှမတူတာ ကျွန်တော့ luggage သေတ္တာကြီးကို ဘယ်လိုလုပ် နောက်လေယာဉ်ပေါ် ပြောင်းတင်မလဲပေါ့၊ ကျွန်တော်လုံးဝ မပျော်နိုင်တော့ပါ၊ ဒါနဲ့ လေယျာဉ်မယ်လေး တွေအကူညီ တောင်းကြည့်တော့ သူတို့က ဟိုကျ Jhb က SA Airline ကိုရှင်းပြပါ၊ အဆင်ပြေသွားမှာပါတဲ့၊ (လွယ်လိုက်တာ) ဒါပေမဲ့ ကျွန်တော်ကတော့ ဒါမျိုး မကြုံဘူးတာမို့ တထိပ်ထိပ် နဲ့သာတစ်လမ်းလုံး ဘုရားတ နေခဲ့ရပါတယ်။

Jhb ရောက်လို့ SA Air Line ကောင်တာ သွားတော့ ကိုယ်စီးလာတာက British Airway မို့သူ့ဆိုင်ရာ ကောင် တာကိုသွားပါတဲ့။ British Airway ရုံးရောက်တော့ စောသေးလို့မဖွင့်သေး၊ ခုလောက်ဆို ကိုယ့်သေတ္တာကြီး က (သူ့လေဘယ်အရ) Jhb လေဆိပ်ထဲရောက်နေလောက်ပြီ၊ တစ်ခုတည်းသောလုပ်နိုင်က ကိုယ်တိုင်လေဆိပ် အပြင်ထွက် luggage ကိုရွေး၊ ရှေ့ဆက်ရမဲ့လေယာဉ်ပေါ် တင်ပေးဖို့ပါ။ အပြောလွယ်သလောက် လက်တွေ့
မှာလုံးဝမဖြစ်နိုင်ပါ။ ပစ္စည်းသွားရွေး ဖို့ဆိုတာက သူများနိုင်ငံထဲမှာပါ၊ သူများအချုပ်အချာနိုင်ငံထဲ ခဏ ဝင်ပရစေ ဆိုလို့  ဗီဇာမပါပဲနဲ့ ဘယ်သူက ခွင့်ပြုမှာလဲ? ဗီဇာရှိအုံးတော့ လူဝင်မှု၊ Immigration, အကောက်ခွန် Customs တို့၊ လုံခြုံရေး Security တို့၊ ကိုမလွဲမသွေ ဖြတ်ရဦးမှာ၊ ပစ္စည်းတွေပြန်စစ်၊ ဝိတ်လည်းပြန်ချိန်ရဦးမှာ၊ လွယ်တာမဟုတ် ပေအရှည်ကြီး (လူတန်းကလည်းအရှည်ကြီး) ပါ၊ နောက်ဆုံး ကိုယ်လဲဘာမှ တတ်နိုင်တာ မဟုတ် သမို့ SA ကောင်တာမှာပဲ မှာချင်တာတွေမှာခဲ့ ပြီးခုံတန်းတစ်ခုပေါ် စိတ်ပျက်ပျက်နဲ့ ထိုင်နေမိ တော့တယ်။ နောက်ခရီးဆက်ရမဲ့ လေယာဉ်က ည ၈နာရီမို့   ၂နာရီတော့ အချိန်ရသေးတာပဲလို့ စိတ်မှာ ဖြေသိပ်ရပါတော့တယ်။ (အဲဒီ ၂နာရီဆိုတာကလည်း ၂ကမ္ဘာလောက် ကြာမယ်ထင်ပါတယ်) ဘယ်သူမပြု မိမိမှုမို့၊ ကိုယ့်အပြစ်နဲ့ ကိုယ်မို့ ခံပေါ့။

ဘယ်လောက်ကြာသွားတယ်မသိ၊ လူဖြူလေယာဉ် ဝန်ထမ်းတစ်ယောက်က  ဒေါက်တာမြင့်လား? လို့လာ မေးတော့မှ ငိုက်နေရာမှ လန့်နိုးသွားမိတယ်။ သူက လူကြီးမင်းရဲ့ သေတ္တာကြီး ပစ္စည်းရွေးတဲ့ conveyer belt (ပစ္စည်းတွေနဲ့ လည်နေတဲ့ခါးပတ်ကြီး) ပေါ်မှာရွေးမဲ့သူမရှိပဲ လည်နေတာတွေ့ လို့လာ အကြောင်း ကြားတာပါတဲ့။ ခုမှပဲကျွန်တော်လည်း ဝမ်းသာအားရနဲ့ ဖြစ်ကြောင်းရယ်ကုန်စင် ပြောပြ အကူညီတောင်းရ တော့တာပေါ့၊ သူ့ ကျေးကြောင့်ပါပဲ သူတို့လေကြောင်းလိုင်းချင်း အချိပ်အဆက်နဲ့ကျွန်တော့ UK ခရီးစဉ် အဆင်ချောသွား ပါတော့တယ်။ ကျွန်တော်ဘာမှ ထွက်လုပ်စရာမလိုပါ၊ကျေးဇူးကမ္ဘာပါပဲ၊  ဒါနဲ့– ဒီလူဘယ်လိုလုပ်ပြီး ခရီးသည်တွေ ရာထောင်ရှိတဲ့ လေဆိပ်ကြီးမှာ ကျွန်တော့ကို မှဆိုက်ဆိုက် မြိုက်မြိုက် လာရှာနိုင်တာလဲ ဆိုတာကိုတော့ ကျွန်တော်ခုထိ မစဉ်းစား တတ်သေးပါ။ အံ့ဘွယ် Miracle ပါပဲ။ ဒီလူတွေရဲ့ စိတ်ကောင်း စေတနာ ကောင်းတွေ သာမပါရင်မဖြစ်နိုင်တာတော့သေချာပါတယ်။

ခုတစ်ခေါက် ကျွန်တော်မင်္ဂလာဒုံမှာဆုံရတာကတော့ ကိုယ့်အပြစ်လုံးဝ မဟုတ်ပဲနဲ့၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးနဲ့ ကျမှ သိသိကြီးနဲ့ ခံခဲ့ရတာပါ။ ကျွန်တော့ ခရီးစဉ်က ရန်ကုန် – စင်္ကာပူ – ( တောင်အာဖရိကနိုင်ငံ)
ဂျိုဟန်နက်စဘတ် Johannesburg  – (လီဆိုသိုနိုင်ငံ) မာစရူး Maseru ထိ ကြားနိုင်ငံနှစ်ခုမှာလေယဉ် ၂ကြိမ် (Singapore Air line နဲ ့  South African Airway ) ပြောင်းစီးရမှာပါ။ ကျွန်တော်ရေးခဲ့သလိုပေါ့ ဘာမှပြဿနာ မရှိပါ၊ ကိုယ့်ပစ္စည်းက Check through နဲ့သူ့ဟာသူလိုက်လာမှာပါ။ လာတုံးကလည်းဒီလိုပဲလာခဲ့တာပဲဟာ။   ဒါပေမဲ့ ဧပြီလ ၉ရက်နေ့ ကောင်တာမှာ Check in (လက်မှတ်ဝင်) လုပ်တော့ ” အန်ကယ်က လီဆိုသို ထိသွားမှာလား၊ ဒါပေမဲ့ အန်ကယ့် luggage ကတောင်အာဖရိက နိုင်ငံ ထိပဲရောက်မှာမို့၊ အဲဒီကျရင် လေဆိပ်ထဲဝင် ပစ္စည်းရွေး  လေယာဉ် ပြောင်း တင်ပေးဖို့ လိုပါတယ်” တဲ့။ ပြောတာက ကိုယ့်သမီးရွယ် လောက်ရှိတဲ့ ကောင်မလေး တွေပါ။ ပြေပြေ ပြစ်ပြစ်ပါပဲ၊ သူတို့စကားက အပြောချိုပေမဲ့ ကျွန်တော့အဖို့မှာတော့ ငယ်ထိပ်မိုးကြိုး ပစ်ချခံလိုက်ရသလိုပါပဲ၊ လုံးဝမသာယာပါ။ ( ဒီ Jhb လေဆိပ်မှာပဲ ခဲမှန်ဘူးတဲ့စာသူငယ်မဟုတ်လား) ဒါကြောင့် သူတို့ မသိဘူးထင်လို့ South Africa နဲ့ Lesotho ဆိုတာကတစ်နိုင်ငံစီ မို့ မဖြစ်နိုင်တဲ့ အကြောင်း ပြန်ပြောရတာပေါ့။ ဒါကိုပဲ သူတို့က Jhb လေဆိပ်ကိုဆင်းတဲ့ လူတိုင်းကိုယ့်ပစ္စည်း ကိုယ်ဆင်းရွေး ရပါတယ်တဲ့။ စိတ်ပျက်စရာကတော့ ဂိတ်ဆုံးနေပါပြီ၊ ဒီလောက်တောင် မဖြစ်နိုင်တဲ့ကိစ္စကြီးကို သူတို့မို့ လွယ်လွယ်လေး ငှက်ပြောသီးအခွံနွှာ စားသလိုပြောနေ တာကြားရတာကိုပဲ အသည်းယားစရာ ကောင်းနေပါပြီ။ ဒါကြောင့်မို့ မင်းတို့ရဲ့အထက် လူကြီးကို ခေါ်ပေးပါဆိုတော့ Silk Air ကတာဝန်ရှိ လူလပ်ပိုင်းတစ်ယောက် ရောက်လာပါတယ်။ အားကိုးရမလား အောက်မေ့မိပါတယ်၊ သူကလည်း ထူးမခြားနား ဒီစကားတွေပဲ ထပ်ပြောနေပြန်တော ့၊၊၊၊၊၊၊၊၊ သူကတောင် နဲနဲပိုတာက၊ Luggage တွေကို Jhb ဖြတ်ပေးသယ်တာဘာမှ မခက်ပါဘူး၊ ခလုပ်တစ်ချက်လေးကိစ္စ ပါတဲ့၊ ဒါပေမဲ့ ခုနောက်ဆုံးထုတ်ထား တဲ့အမိန့်အရ သူတို့ရုံးကို ဒဏ်ငွေ ဒေါ်လာ (၅၀၀၀) ရိုက်မှာတဲ့၊ နောက်ဆုံး မှာတော့ မချော ၄ယောက် ကိုယ်တစ်ယောက်၊ ကျီးကန်းတွေလို ဝိုင်းအအာ ခံလိုက်ရတော့ Custumer is always right ဆိုတာလဲ စဉ်းစားချိန်ပင်မရလိုက်ပါ။ ကျွန်တော်ကပဲ အောင်မြင်စွာဆုတ်ခွါခဲ့ရပါတယ်။ ဒါပေမဲ့ တစ်ခုတော့သူတို့ကို ပြန်မေးဖြစ်အောင်မေး လိုက်မိပါတယ်၊ မီးမီးတို့ ခုလို်လေကြောင်း ခရီးရှည်မျိုး သွားဘူးသလားလို့? သူတို့ခုမှပဲငြိမ်ကျသွားကြတော့တယ်။

၁၉၉၄ ကတဲကနေု့ထိ ၁ရနှစ်တာ ကာလအတွင်းမှာ နှစ်စဉ် အာဖရိကနဲ့ ရန်ကုန် သွားချီပြန်ချီလုပ်နေတဲ့  ကျွန်တော်က ပြည်ပအတွေ့ကြုံ ဆိုလို့ ဘာမှ မရှိတဲ့ကောင်မလေးတွေ ရဲ့ပညာပေးခံရတာခံရချက် ဆိုးဝါးလှပါတယ်၊  ကျွန်တော်လည်းခရီးထွက်ရတာ မပျော်နိုင်တော့ပါ။ သူတို့လုပ်မပေးပေမဲ့ ကိုယ်ဘာလုပ်ရ မယ်ဆိုတာ သိပြီးသားမို့ စင်ကာပူ ရောက်ရောက်ချင်း သူတို့ လေကြောင်းကောင်တာမှာပဲ အကူညီဝင် တောင်းရပါတယ်၊ ဟိုကမမလေး တွေက သူတို့နဲ့မဆိုင်ပေမဲ့ ရှောရှောရှူရှူပါပဲ၊ ကျွန်တော့ လေဘယ်ကို ပြန် ပြင်ပေးလိုက် တာမို့ (Retag လို့ခေါ်ပါတယ် ) ကျွန်တော်လည်းခုမှပဲ ရင်ထဲကအလုံးကြီးကျသွားပြီး ပျော်နိုင်ပါတော့တယ်။
‘ ဖွ ‘ လက်စနဲ့ဆက်ပြီး ‘ ဖွ’ ရရင်တော့ ၂၀၀၉ အောက်တိုဘာလတုန်းကလည်း ကျွန်တော်ရန်ကုန်ကနေ Lesotho ပြန်သွားဘူးပါတယ်၊ အဲဒီတုန်းက ထိုင်းလေကြောင်း TG, ပင်လယ်ကွေ့လေကြောင်း
Gulf Air နဲ့ ဘန်ကောက်နဲ့ဒူဘိုင်းကိုဖြတ်ပျံတာပါ။ အဲဒီ တုန်းကလည်း မင်္ဂလာဒုံမှာ ကျွန်တော့ luggage ကို၊  ဒူဘိုင်းလေဆိပ်မှာဆင်းရွေးဖို့ အပြောခံခဲ့ရဘူးပါတယ်၊ ဒူဘိုင်းမှာ ဆိုက်မဲ့အချိန်ကလဲ ညသန်းခေါင်ယံကြီး၊  သူတို့ရဲ့ဆင်ခြေက ဟိုကတောင်အာဖရိက လေကြောင်းနဲ့ သူတို့TG အဆက်သွယ်ရှိတာမဟုတ်လို့ပါတဲ့၊ (အံ့ရောပဲ) အမှန်တော့ ဒီနေရာမှာ သူတို့ ကဦးဆောင် လေကြောင်းလိုင်း Leading airlineမို့ နောက်လေယာဉ် နဲ့ဆက်ပေး ရဖို့ တာဝန်ရှိပါတယ်။ ဘယ်လိုမှ ပြေလည်အောင်ပြောပြလို့ မရတဲ့အဆုံး မှာတော့ ခုလိုဘဲစိတ်ဆင်းရဲစွာနဲ့ ရန်ကုန်ကနေ ထွက်ခဲ့ရတာပါ၊ ဘန်ကောက်ရောက်တော့လည်း အလွယ်သား၊ TG ကောင်တာမှာဝန်ထမ်းလေးကပဲ “လူကြီးမင်းရဲ့ luggage က ဒူဘိုင်းမှာတင်လမ်းဆုံးနေပါလား” ဆိုပြီး ယဉ်ကျေးစွာနဲ့ လေဘယ်ကို ပြန်ပြင်ပေးလိုက်တာ ဘာမှမကြာလိုက်ပါဘူး၊ ကျွန်တော်ပင်သိပ်ပြောစရာမလို လိုက်ပါ။

ဗဟုသုတ အနေနဲ့ပြောရရင်တော့ JHB လေဆိပ်ဆိုတာက အာဖရိကတောင်ပိုင်းနိုင်ငံအားလုံး ရဲ့တစ်ခုတည်းသော ဝင်ပေါက်၊ထွက်ပေါက်ကြီးပါ၊ Namibia, Malawi, Angola,Zambia, Botswana
Zimbabwe…စတဲ့နိုင်ငံတွေ အားလုံးဒီလေဆိပ်ကပဲ အဝင်ထွက်လုပ်ရတာပါ။ (ရန်ကုန်လာချင်လျှင် ဘန်ကောက်၊ စင်ကာပူ စတဲ့လေဆိပ်တစ်ခုခု မှာလေယာဉ်ပြောင်းစီးရ သလိုပေါ့၊ ဘယ်နိုင်ငံမှာ
မှပစ္စည်း ဆင်းရွေးစရာမလိုပါ ) ကျွန်တော်ကိုယ်တိုင်လည်း နှစ်ပေါင်းများစွာ Namibia, Malawi, Lesotho နိုင်ငံတွေကို JHB ကနေတဆင့်ဝင်ထွက်ခဲ့ရတာ ဘာပြဿနာမရှိခဲ့ပါဘူး။ ဒီလိုအနေထားမျိုးရှိ တာကို ခုမှ JHB လေဆိပ် ကိုကျော်ပြီး ပစ္စည်းမဖြတ်ရဘူး လို့မင်္ဂလာဒုံကပြောနေတာ အံ့ဘွယ်တစ်ပါးပါပဲ။ ပြောစရာတစ်ခုရှိတာက အချို့နိုင်ငံတွေမှာ သူတို့နိုင်ငံထဲ ဝင်တာမဟုတ်ပေမဲ့ Transit visa ( ဖြတ်သန်းဗီဇာ) မပါလျှင် လေဆိပ်ထဲပင်ဝင်ခွင့်မရှိပါ။ ဥပမာ Australia လိုမျိုးပါ၊ ဒါပေမဲ့ Transit visa လိုတယ် ဆိုတာက လူကို သာ ပိတ်ပင်တာပါ၊ (ဒီဗီဇာနဲ့လည်း လေဆိပ်အပြင်ထွက်ခွင့် မရှိပါ) ပစ္စည်းမဖြတ်ရ ဆိုတာ မကြားဘူးလို့ JHB မှာဒီကိစ္စမေးကြည့်မယ် စိတ်ကူးမိပါတယ်၊ ဒါပေမဲ့ silly question ( မေးရမှာပင် ရှက်စရာ သိပ်ကောင်းနေတဲ့ မေးခွန်း) ဖြစ်နေတာမို့ မမေးဖြစ်ခဲ့ပါ။

သိချင်လွန်းတာနဲ့ လွန်ခဲ့တဲ့ တစ်လကျော်လောက်ကမှ ကျွန်တော့ခရီးစဉ်အတိုင်း Silk Air နဲ့ Namibia ပြန်သွားတဲ့ မြန်မာအမျိုးသမီးလေးကို ဖုန်းနဲ့လှမ်းမေးကြည့်တော့သူလည်းကျွန်တော့လိုပဲခံခဲ့ရပါတယ်တဲ့၊ သူမ၊ကတော့ စိတ်ညစ်လွန်းလို့ ချုံးပွဲချပြီး ငိုလိုက်မှ ပြန်ပြေလည်သွားပါတယ်တဲ့။ (အံ့ရောပဲ) နောက်တစ် ယောက်ရှိသေးတယ်၊ သူကတော့ Malaysia Air နဲ့ Lesotho ကိုမကြာမီကမှပြန်လာတဲ့ မြန်မာဆရာဝန်ပါ၊ သူ့ကျ တော့ ဘာပြဿနာမှ မတက်ခဲ့ပါတဲ့၊ ( တောင်အာဖရိက ရဲ့ဥပဒေက  လေယာဉ်လိုင်း ချင်းခွဲခြားထားသလား ) ရှင်းနေပါပြီ၊ ကောင်မလေးက ငိုပြလို့ Silk Air က ဒေါ်လာ ၅၀၀ဝ ဒဏ်ရိုက်ခံပြီး လွှတ်ပေးလိုက် တာတော့မဖြစ်နိုင်လောက်ဘူးထင်ပါတယ်။ လေယာဉ်ခကမှ ၂၀၀ဝ ပင်မရှိတာ။ ဟုတ်နေ ရင်တော့ သာဓု ၁ဝကြိ်မ်မက ခေါ်ထိုက်ပါတယ်။

ခရီးသွားတယ် ဆိုတာ ပြည်ပဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် လူနဲ့အတူ ပစ္စည်းပါရ မြဲပါ၊ လူချည်းပဲ ရောက်လာပြီး ပစ္စည်းပါမလာရင် အတော့်ကို ပြဿနာပါ၊ ဒါကို လေကြောင်းလိုင်း တွေအထူး
ဂရုစိုက်ကြပါတယ်၊ သူတို့မှာ ပစ္စည်းပျောက် ဌာနတွေနဲ့ တာဝန်ယူဖြေရှင်း ပေးကြပါတယ်။ ၁၉၉ရ တုန်းက ကျွန်တော် Namibia လေဆိပ် ဆိုက်တော့ ကျွန်တာ့ သေတ္တာကြီးပါမလာပါ၊ JHB မှာမှားကျန်ရစ် ခဲ့တာပါ။
( ဒီတုန်ကလည်း ရန်ကုန် Silk air က ဒိပ်မှားရေးလိုက်လို့ပါ ) နောက်နေ့မှာသူတို့ လေကြောင်း ကလူတွေ ကျွန်တော် တည်းတဲ့ဆေးရုံ ထိလိုက်လာပြီး ပြန်ပို့ပေးပါတယ်၊ ဒါတင်မကဘူး တောင်းပန်စကား တွေလည်းပြောယင်း နစ်နာကြေးငွေ ၁၀၀Rand ပါထုတ်ပေးတာမို့ စိတ်ညစ်စရာမရှိတော့ပါ။ (တစ်ရက်ကို ၁၀ဝနှုံးနဲ့ မို့ စောစောပြန်ရတာကိုပဲ နှမျောနေမိသလိုလို ) ဒါကနိုင်ငံခြား မှာထုံးစံပါ၊ Singapore ကော Bangkok တွေမှာလည်း ဒီလိုပါပဲ။  အဲ၊ ၂၀၀၅တုန်းက ကျွန်တော့ သေတ္တာကြီး မလေးရှား KL လေဆိပ်မှာကျန်ရစ်လို့၊ မင်္ဂလာဒုံ လေဆိပ်ကို အချိန်ကုန် ငွေကုန် လူပန်း နောက်ရက်မှာ သွားပြန်ရွေးရပါတယ်၊ ဒါနဲ့ Malaysia လေကြောင်းရုံး ကိုသွား ပြောပြတော့ ” နစ်နာကြေး ပေးတာ သူတို့မှာ ထုံးစံမရှိဘူး ” လို့ မန်နေဂျာ ကတစ်ခွန်းထဲ အပြတ်ပြော လွှတ်လိုက်တာ ခံခဲ့ရဘူး ပါတယ်။
(မိုက်ချက်ကတော့ ကမ်းကုန်ရော) အခြားနိုင်ငံမှာခုလိုလုပ်စား လို့ကတော့ ကုမ္ပဏီပါ ဒေဝါလီ ခံရဖို့ပါ။
ကြုံကြိုက်လို ့ပြောရရင်  ပြည်ပလေဆိပ် တွေမှာ မကြာခဏဆုံဘူးပါတယ်၊ ဘာစာမှမတတ်ပဲ “သူ့ကိုကူညီ
ပါ “ဆိုတဲ့ စာရွက်ပိုင်းလေး တစ်ခုထဲနဲ့ ခရီးသွားနေသူတွေ၊ လူကြီးမပါပဲနဲ့ ၊ ကျောင်းပိတ်လို့ မိဘရှိရာ နိုင်ငံ ကို လိုက်လာသူ လူငယ်လေးတွေ၊ ဟုတ်နေကြပါတယ်၊ ကြုံရာလူကကူညီ ကြပါတယ်။ ဒါမျိုး မင်္ဂလာဒုံမှာ သာဆိုဒုက္ခလှလှ ကျဖို့ပေါ့။

ဒါဆို မြန်မာနိုင်ငံမှာ လုပ်စား နေကြတဲ့ နိုငိငံခြား လေကြောင်း လိုင်းတွေ မြန်မာပြည်က ခရီးသည်တွေတွက် Double standard ထားပြီး “စံ”  တစ်မျိုးနဲ့များ ဆက်ဆံနေ သလားမသိ၊ ဆိုးတာက ကိုယ့်ခရီးသည်ကို စိတ်ချမ်းသာအောင်၊ လွယ်အောင် ကူညီရမည့်အစား ပိုခက်အောင်၊ ထိုင်ငိုရလောက်အောင်၊ သူတို့ စိတ်ကြိုက် တာဝန်မဲ့ပြောချင်ရာ ပြော နေကြသလား ? လုပ်နေကြတာများလား ? ခုလိုရင့်ရင့်သီးသီး ပြောရတာ စိတ်မကောင်းပါ၊ အမှန်တကယ်ဖြစ်နေတာတွေပါ၊ ကျွန်တော် တစ်ယောက်ထဲ မှရွေးခံနေရ တာမဟုတ်ပါ။ တစ်ခုအကြံပေး လိုတာကတော့ လေကြောင်းမှာ လုပ်နေကြတဲ့ ဝန်ထမ်းတွေကို ဘောနပ် ဆုအနေနဲ့ ပြည်ပကို မကြာခဏ မဟုတ်တောင် တခါတလေလွှတ်ပေးနိုင်ရင် ကောင်းမယ်ထင်ပါတယ် ဒါမှ၊ သူတို့လည်း  နွားခြေရာခွက်ထဲက ဖားသူငယ်တွေလို မဟုတ်ပဲ ကိုယ်ချင်းစာတတ် နိုင်ငံကြီးသား စိတ်ဓါတ် တွေဝင်တတ် သွားမှာ သေချာပါတယ်။ ကျွန်တော်တို့ ” ရွှေ ” ခရီးသည် တွေလည်း သိပ်အကြောက် မလွန် သွားစေလိုပါ သူတို့မကူညီလည်း Bangkok တို့ Singapore တို့ မှာကူညီမည့် သူတပုံကြီး တွေရှိပါတယ်။

ကျွန်တော့ဒီစာကို ဖတ်မိမည့် သူတွေထဲမှာ ဒီမှာ ပတ်သက်ရာ ပတ်သက်ကြောင်း လေကြောင်းက လူတွေ လည်းပါမှာပါ၊ ကျွန်တော့ရဲ့ အမေးကိုဖြေပေးနိုင်မယ်၊ ပြုပြင်နိုင်မယ် ဆိုရင် ကျေးဇူးပါ၊ နောင်နှစ်ကျ မင်္ဂလာဒုံမှာ ပျော်ပျော် ပါးပါးကြီး ပြန်ဆုံကြပါစို့၊ လို့……………..။

စိုးမြင့်-မေ့ဆေး
ခေတ္တ Maseru, Kingdom of Lesotho.
27 April 2011

25 comments

  • nozomi

    May 4, 2011 at 7:25 am

    ပြင်မဲ့သူတွေ တွေ့နိုင်မယ်ထင်လို့ ထပ်ပြောပြချင်ပါတယ်

    လေဆိပ်က ပုဂ္ဂလိက ယူပြီးနောက်ပိုင်း သန့်ရှင်းမှုပိုကောင်းလာပါတယ် ဒါပေမဲ့ service အပြည့်အဝ မပေးနိုင်သေးဘဲ Airport tex ကို ပိုကောက်ဖို့လုပ်တာ ကတော့ ………

    နာမည် ၂လုံးနဲ့ လေကြောင်းလိုင်းကို စီးတော့ ပစ္စည်းကို ပေါင်ချိန်ပါတယ် ပေါင်ပိုပစ္စည်းကို လက်ကသယ်ဘို့ပြောပါတယ် ဒါပေမဲ့ သူတို့ရောင်းတဲ့ မြွေအရေအခွေအိတ်လို့ခေါ်တဲ့ အိတ်လေးနဲ့ပဲသယ်ရပါတယ် အပြင် မှာ ၁၅၀ဝ လောက် ပေးရင်ရတဲ့ အိတ်ကိုတော့ ၇၀၀ဝ ပေးခဲ့ရပါတယ်

    ရန်ကုန်လေဆိပ် ပြန် ရောက်ရင် အကျီဖြူဖြူနဲ့ ကိုကိုတွေက အရမ်းအရမ်းခင်တဲ့ အတွက် ဘာလက်ဆောင်ပါလဲ မေးပါတယ် ၊ခါးပတ်က ပစ္စည်းရွေးပြီး ထွက်လာရင် ပစ္စည်းမှာ မြေဖြူနဲ့ ကြက်ခြေခတ်ရာတွေ ( မေးကြည့်တော့ အိတ်စ်ရေး သမားက ရေ ဖြစ်နိုင်တဲ့ ပစ္စည်းဆို ခြစ်ပေးတယ်တဲ့) ပါလာရင် စကတ်တိုတိုနဲ့ ညီမလေးတွေ ဝိုင်းလာပါတယ်

    • ဆူး

      May 4, 2011 at 8:01 am

      မြေဖြူ ကြက်ခြေခတ် ပါလို့ကတော့.. အိတ်လည်း အရိုးတခြား အသားတခြား ဖြစ်သွားအောင် မြေလှန် ခံရမယ်သာမှတ်…

      ပစ္စည်းထည့်ရင် ဝတ်ပြီးသား အဟောင်း အကျီ အနံတွေ အပေါ်က မြင်သာတဲ့ နေရာမှာသာ ထည့်.. မြေဖြူရာပါလို့ စစ်ချင်သပါ့ ဆို ဖွင့်ပြလိုက်.. အနံ ထွက်တော့ ရှုလိုက်ကြပေါ့.. ခပ်တည်တည်ပဲ..

      နိုင်ငံခြားသွားတာ ဒေါ်လာမြင်လို့ ဒါဘာလဲ တဲ့..
      သူများ နိုင်ငံသွားတာ ခြေစောင့်လက်စောင့်တော့ ပါရမှာပေါ့လို့ ပြောလိုက်မှ ငြိမ်သွားတယ်။
      အပြူးအပြဲ ရှာတာမှ.. ဗိုက်ဆာနေတဲ့ မိချောင်းတွေ သမင်တကောင် ချပေးလိုက်လို့ ဝိုင်းတွယ်နေတာ ကျနေတာပဲ။
      ကင်မရာ တလုံးတောင် ပါသွားတယ်။

      ကိုယ်တိုင်တော့ မကျင့်သုံးဘူးသေးဘူး။ ပစ္စည်းပျောက်တယ် ဆိုလို့.. အိတ်ထဲမှာ ပစ္စည်းထည့်ရင် ကြိုးနဲ့ တုတ်ထားပြီး ထည့်တဲ့.. လွယ်လွယ်ကူကူ ဖွင့်ပြီး လက်ဆော့ဖို့ မလွယ်အောင်တဲ့ကွယ်။

  • ဆူး

    May 4, 2011 at 7:55 am

    တော်တော် ကောင်းတဲ့ စာလေးပါပဲ။

    တလောက ဘန်ကောက်က ပြန်လာတာ.. လေဆိပ်အဝင်မှာ အကူအညီ လိုအပ်သူ နှစ်ယောက်ကို ကူညီ ပေးလိုက်ရတယ်။
    လူငယ်တယောက် စာတမ်းဖတ်ပွဲ အပြန် လေဆိပ်ကို လိုက်ပို့သူက မြန်မာ စကားပြောနေတာ တွေ့လို့ အမတို့ ရန်ကုန်လား လူထည့်ပေးချင်တယ်ဆိုလို့.. တခါတည်း အဝင်မှာ ခေါ်လာခဲ့တယ်။ အတွင်းကို ရောက်တော့ ဘုန်းကြီးတပါး သင်္ကန်း အရောင်က ပိန္နဲရောင်နဲ့ အစောကြီးကတည်းက မြင်တော့ မြင်တယ်.. မြန်မာ ဘုန်းကြီးလား မသိဘူး ထင်နေတာ.. ယောင်လည်လည် ဖြစ်နေတာ မြန်မာ စကားပြောတာ မြင်လို့ သူလည်း လာပြီး ရန်ကုန်ပြန်မှာလား ဆိုပြီး လက်မှတ်ကလေး ကိုင်လို့.. ဘယ်ဂိတ်သွားရမှန်း မသိဖြစ်နေတာနဲ့.. စာဖတ်ပြီး လမ်းညွန်လိုက်တယ်။ အချိန်ကတော်တော် စောနေသေးတာနဲ့ အတွင်းမှာ မုန့်စားမယ် ပစ္စည်းနည်းနည်း ဝယ်မယ် ဆိုပြီး အတွေးနဲ့ ညွန်ပြလိုက်တယ်။ ဘုန်းကြီး နဲ့ လူငယ် တို့က လမ်း နည်းနည်း လျောက်ပြီး နီးစပ်ရာ ခုံတခုမှာ ထိုင်ပြီး ပြန်ဖြတ်လာမှာ ထိုင်စောင့်နေကြတယ်။ စိတ်တောင် မကောင်ဘူး။ ဒါနဲ့ အဖွဲ့တွေကို ထားခဲ့.. ပြန်လာခဲ့မယ် လျောက်ပတ်နှင့် ဝယ်ချင်တာ ဝယ်ထား.. ပြန်လာလို့ အချိန်မှီမှ လိုတာ ဝယ်မယ် ဆိုပြီး ထိုင်ခုံမှာ ထိုင်စောင့်နေတာကို ဦးဆောင်ပြီးတော့သာ လေယာဉ်ပေါ် တက်ဖို့ နောက်ဆုံး ထိုင်စောင့်ရတဲ့ ဂိတ်ကိုသာ လိုက်ပို့ပြီးတော့.. ပြန်လာရတော့တာပဲ လေဆိပ်မှာက ဂိတ်တွေ အဝင်လွန်သွားရင် ပြန်ထွက်မရဘူး အဲဒါလည်း သတိထားရတယ်။ နောက်ဆုံးတော့ လေဆိပ်ထဲမှာ ဟိုပြေးဒီပြေးနဲ့ မောသွားတာပဲ။ ဒါတောင် အချိန်က တော်တော် ပိုနေသေးတာ.. လူ မမြင်ရင် အားငယ်နေမှာ စိုးလို့ ပြန်လာပြီး စောင့်နေလိုက်တယ်။ ရန်ကုန် လေဆိပ် ရောက်တော့ လေယာဉ်ပေါ်က ဆင်းတော့ မဆင်းသေးပဲ ကိုယ် ကို မြင်မှ ဆင်းတယ် စောင့်နေကြတယ်။ တော်တော် အံဩသွားတယ်။နောက်ဆုံးတော့ လူဝင်မှုကို ဖြတ်ပြီးတော့ အပြင်အထုတ် ဆွဲထွက်မှ တာ့တာ ပြပြီး လမ်းခွဲလိုက်ရတယ်။

  • nozomi

    May 4, 2011 at 8:15 am

    ဆူးမမ ပြောမှ တစ်ခု သတိရလာပြီ စင်ကာပူက ပြန်လာတော့ ခုံကအလယ်မှာထိုင်ရတယ် ဘေးကနှစ်ယောက်က ခပ်တည်တည်ပဲ မိန့်မိန့်ကြီတွေထိုင်လို့ ရှော့ပင်ထွက်ပြီး ပြန်လာတဲ့ပုံတွေနဲ့ white card ဖြည့်တော့မှ အကုန်လိုက်ကူးချလို့ သူတို့ဟာ ကူဖြည့်ပေးရသေးတယ် မလေးရှား သွားတဲ့သူတွေ ဆိုရင်တော့ အများစုက ဘာမှ မသိတဲ့ လူတွေပဲ သနားဘို့လဲကောင်းပါတယ် ဝမ်းရေးအတွက်မို့သာ စွန့်စားသွားရတာ

    နိုင်ငံခြားသွားရင် ဒေါ်လာ ၅၀ဝ ပဲယူလို့ရတာ လဲ ပြင်သင့်နေပြီ တကယ်သုံးရရင် တစ်ပတ်တောင် မခံတာကို

  • susunosuki

    May 4, 2011 at 9:17 am

    သွားဖူးတဲ့သူတွေက ခုလိုတင်ပေးလို့ ဗဟုသုတရတယ်။ ကိုယ်တိုင်သွားတဲ့အခါကျရင် သတိထားနိုင်တာပေါ့။
    တလက်စထဲ လေဆိပ်မှာ ဧည့်သည်ကြိုဖို့ ဝင်ရင် လက်ဝါးရိုက်ရတာ ဘာကြောင့်လည်းသိချင်တယ်။

    • antimoe

      May 4, 2011 at 12:38 pm

      susunosuki
      ဟေး…
      မတွေ့တာ တနှစ်လောက်ရှိပြီ။
      ဘယ်သဝေထိုးနေတာလဲ…၊

  • ဆူး

    May 4, 2011 at 9:22 am

    လက်ဝါး ရိုက်တာ လက်ဝါးယားလို့..
    လက်ဝါးယားတော့ ငွေဝင်တယ်။

  • မမလေး

    May 4, 2011 at 10:40 am

    ပိုက်ဆံအိတ် လက်ထဲကနေလွတ်ပြီး အောက်ကိုပြုတ်ကျရင် ငွေဝင်တယ်လို့ကြားဖူးတယ် …

  • weiwei

    May 4, 2011 at 11:03 am

    နောက်ဆုံးတစ်ခေါက် ရန်ကုန်လေဆိပ်အတွေ့အကြုံတစ်ခုက တော်တော်ဆိုးပါတယ် … ကျွန်မက တစ်ယောက်ထဲ သွားမိတာရော၊ အဝတ်အစားက ပေါ့ပေါ့ပါးပါး ခပ်စုတ်စုတ်ကလေး ဝတ်မိတာရောလား မသိပါဘူး … ရစ်လိုက်ကြတာ …

    လဝက မှာ ဖြစ်ခဲ့တာ .. ကျွန်မက ကလေးမဟုတ်ပါဘူး .. လူကြီးပါဆိုတာ မယုံကြလို့လေ … 😛
    လေယာဉ်ထွက်ဖို့ နာရီဝက်လောက်ပဲလိုတော့တဲ့အချိန်အထိ … ငိုပြလို့လဲမရ တောင်းပန်လို့လဲမရနဲ့ … ကြံရာမရတဲ့အဆုံး သူတို့ကြောက်လောက်တဲ့ လူကြီးတစ်ယောက်ကိုဖုန်းဆက်ပြီး အာမခံပေးခိုင်းလိုက်တော့မှ သွားစေသတည်းတဲ့ ….
    နောက်တစ်ခေါက်သွားရမှာတောင်ကြောက်နေတယ် …

    • etone

      May 5, 2011 at 7:33 am

      အာ … မဝေက အရွယ်တင်ကြောင်း ကပ်ကြွားတာ အဟီး 😛

  • ဆူး

    May 4, 2011 at 12:37 pm

    ကလေးရုပ် ပေါက်နေတော့ လူကြီးဆိုတာ ဘယ်ယုံကြမလဲ.. ဟီးဟီး.. နောက်တာ..

  • intro

    May 4, 2011 at 1:47 pm

    ဗဟုသုတ ရပါတယ်ဗျာ… အတွေ့အကြုံလေးတွေ ဖောက်သည်ချပေးကြတဲ့ အတွက် ကျေးဇူးပါ…

  • antimoe

    May 4, 2011 at 2:43 pm

    (အထွက်အတွက်)
    ွှTGလေဆိပ်ကောင်တာမှာ ပစ္စည်းချိန်ရင်
    ၁) အမျိုးသမီးခပ်ဖြောင့်ဖြောင့်တယောက်ရှိတဲ့ကောင်တာကိုရှောင်ပါ။
    ပေါင်ပိုတယ်ဆိုပြီး တောင်းပါတယ်။ ရစ်ပါတယ်။ ဒေါ်လာ ရာချီကျပါတယ်။
    ၂) ပစ္စည်းတွေ ကိုယ့်ဟာကိုယ်သယ်ပါ။ ကူလီနဲ့ အထဲနဲ့ ပေါင်းထားပါတယ်။
    ပြဿနာရှာတဲ့ကောင်တာကို တည့်တည့်ကြီးသယ်သွားတာပါ။
    ၃) အကောင်းဆုံးကတော့ အိတ်ပျော့ပါ။ အိတ်ချည်းပဲ တော်တော်လေးနေတာ တွေရှောင်သင့်ပါတယ်။ အဓိကက များများသယ်ဖို့လေ။
    Transitမှာ ကိုယ်ကပဲမှားမှား သူကပဲမှားမှား အရေးကြုံရင်ဒုက္ခ မရောက်အောင် လက်ဆွဲထဲမှာ ၂ရက်စာခန့်အဝတ်အစားနဲ့ ငွေကြေး၊ ပတ်စပို့ဓာတ်ပုံ၊စာရွက်စာတမ်း အပါအဝင် အရေးကြီးတာတွေ အကုန်ထည့်ပြီး ကိုယ်နဲ့မကွာထားပါ။ အရည်တွေ မပါစေပါနဲ့။ လေယာဉ်ဆိုက်ချိန်နောက်ကျလို့ Transit အတွက် အချိန်နည်းနေရင် လေယာဉ်ပေါ်မှာကတည်းက ပြောပါ။ ဂိတ်နံပါတ်ရေးထားတဲ့စာရွက်လေးနဲ့ လာစောင့်နေပါလိမ့်မယ်။ Terminator ဇာတ်လမ်းထဲကလို လေဆိပ်မှာ သောင်တင်နေမှာ မဟုတ်ပါဘူး။
    အမေးရှိရင် အဖြေရှိပါတယ်။

    • nozomi

      May 5, 2011 at 3:59 am

      အန်တီမိုးရဲ့ အတွေ့အကြုံတွေ ကလည်း အများကြီးအကျိုးရှိပါတယ်

      ၁) အမျိုးသမီးခပ်ဖြောင့်ဖြောင့်တယောက်ရှိတဲ့ကောင်တာကိုရှောင်ပါ။ ဆိုတာ အတွက်ကတော့ ရွာထဲက ကာလသားကြီတွေ ကိုငှက်ကြီး၊ ကိုကြောင်ကြီး၊ကိုအောင်ပုတို့ကိုသတိပေးထားလိုက်ပါမယ် (ရပါ့မလားတော့ မသိဘူး)

      • bigcat

        May 5, 2011 at 4:19 am

        သိပ်ဖြောင့်လွန်းရင် မကြိုက်ဘူး။ ဖြောင့်သင့်တဲ့နေရာဖြောင့်၊ ကောက်သင့်တဲ့နေရာကောက်၊ ရှိုက်သင့်တဲ့နေရာရှိုက်၊ မို့သင့်တဲ့နေရာမို့နေမှ ကြိုက်တာ….. ကိုငှက်ကြီးကတော့ ဂေးအကြောင်းတင်တာ ခဏခဏဆိုတော့ နီးစပ်တယ်။ ကိုအောင်ပုကလည်း ထရေမူးမူးနဲ့ သစ်ခေါင်းပေါက်တောင် မချန်လို့ ကိုချစ်စရာ ဖော်ကောင်လုပ်ဖူးတယ်…

  • Oo Oo

    May 4, 2011 at 5:20 pm

    တကယ်တော့…လေဆိပ်ဆိုတာကနိုင်ငံတကားခရီးသွားတွေအတွက်…ပထမဦးဆုံးအဲ့ဒီနိုင်ငံရဲ့လူမျိုးတွေ
    အကြောင်းသိရှိလေ့လာခွင့်ရတဲ့နေရာတခုပါပဲ…ရန်ကုန်လေဆိပ်ကဝန်ထမ်းတွေကတော့..မြန်မာတမျိုး
    သားလုံးရဲ့ဂုဏ်ကိုနိုင်ငံခြားသားတွေရှေ့မှာမရှက်မကြောက်ဖေါ်နေကြတာအံ့ဩစရာပါပဲ..
    ကျနော်ကိုယ်တိုင်ခံခဲ့ရတာလဲအများကြီးပါပဲ..ကိုယ့်နိုင်ငံရဲ့အထာသိနေလို့မေတ္တာစိတ်လေးပဲမွေးလိုက်
    တော့တယ်..ကျနော်တခါကရန်ကုန်ကိုအလည်ပြန်တော့..ကျနော့ရှေ့ကဆင်းတဲ့..ဂျာမန်လူမျိုးစုံတွဲတစ်တွဲရဲ့အဖြစ်ကိုကြည့်ပြီး..ငိုအားထက်ရီအားသန်မိတယ်…
    သူတို့ကြည့်ရတာ..ပထမဦးဆုံးအကြိမ်မြန်မာပြည်ရောက်ဖူးတာနဲ့တူပါတယ်…လေဆိပ်ကောင်တာတွေ
    ကိုဖြတ်ပြီးတာနဲ့မျက်နှာတွေစပျက်နေပါပြီ…ပစ္စည်းရွေးပြီးလို့အပြင်လဲထွက်ရော..သူတို့ရဲ့အထုတ်တွေကို
    လေဆိပ်အလုပ်သမားတွေကအတင်းဝင်ဆွဲကြတဲ့အခါ..မိန်းမဖြစ်သူကငိုတော့မလိုဖြစ်နေပါပြီ
    သူ့ကိုကြည့်ရတာတော်တော်ကြောက်နေတဲ့ပုံပါ..သူ့အထုပ်တွေကိုလဲအတင်းပြန်လိုက်လုနေပြီး..ဘေးကလူတွေကိုအကူအညီတောင်းတဲ့အကြည့်နဲ့လိုက်ကြည့်နေတယ်..ဗြုန်းကစားကြီးဆိုတော့သူ့စိတ်ထဲမှာလူဆိုးတွေကသူတို့ရဲ့အထုပ်တွေလုပြေးတာလို့ထင်သွားပုံရပါတယ်..နောက်မှတခြားခရီးသည်
    တွေရဲ့အခြေအနေတွေကိုမြင်ပြီးနဲနဲစိတ်အေးသွားပုံရပါတယ်..လိုက်ပြန်မလုတော့ပဲယောက်ကျားဖြစ်သူနားကပ်ပြီးပြောလိုက်တယ်…
    အခြေအနေမကောင်းဘူး..မြန်မြန်ပြန်ကြရအောင်တဲ့
    လေဆိပ်အပြင်ရောက်တော့လဲအလုပ်
    သမားတွေရဲ့အပြုအမှုအပြောအဆိုမယဉ်ကျေးပုံတွေကိုကြည့်ပြီး..အလုပ်သမားတွေတောင်းသလောက်
    ကို..ကြောက်ကြောက်နဲ့ထုတ်ပေးနေတာတွေ့ရတယ်…တကယ်စိတ်ပျက်စရာပါပဲ
    နိုင်ငံတကာလေဆိပ်တွေထဲမှာ..ရန်ကုန်လေဆိပ်ကဝန်ထမ်းတွေလောက်ဆားဗစ်ကောင်းပြီးယဉ်ကျေး
    တာဘယ်နိုင်ငံရဲ့လေဆိပ်မှာမှမရှိလောက်တော့ဘူးထင်တယ်…ဟီးး

  • bigcat

    May 5, 2011 at 2:38 am

    ခက်လိုက်တာ ဒေါက်တာဦးစိုးမြင့်ရယ်။ စင်္ကာပူချန်ဂီလေဆိပ်တို့၊ တောင်အာဖရိက Jhb လေဆိပ်တို့လို ပါချီပါချဲ့ လေဆိပ်လေးတွေကတော့ တနေ့တနေ့ လေယာဉ်လေးသုံးလေးစင်းလောက် အဆင်းအတက်ရှိတာဆိုတော့ လုပ်နိုင်ကြမှာပေါ့။ ရန်ကုန်မင်္ဂလာဒုံလေဆိပ်က အလုပ်သိပ်များတဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးဗျ။ ဝန်ထမ်းတွေထပ်ခေါ်ရအောင်ကလည်း လစလေးတပဲခြောက်ပြားပေးတဲ့ လေကြောင်းလိုင်းအလုပ်ကို ဘယ်သူမှစိတ်မဝင်စားဘူး။ အားလုံးလိုလိုက လစာကောင်းပြီး ခံစားခွင့်အပြည့်ရှိတဲ့ အထည်ချုပ်စက်ရုံ တွေမှာပဲ လုပ်ချင်ကြတာ။ ဒါတောင် တောမှာစက်ရုပ်နွားနဲ့ လယ်စိုက်စားတာ ပိုကိုက်လို့ မြို့မှာအလုပ်သမား မရှိတော့ဘူး….

  • babymay

    May 5, 2011 at 3:42 am

    မြန်မာပြည်လေဆိပ်ပုံပြင်တွေကတော့ အမျိုးမျိုးပါပဲ။။။ ဒါပေမယ့်ကြားရသလောက် ကိုယ်တွေ့ကြုံရသလောက်ကတော့ ကောင်းတာတစ်ခုမှမရှိပါဘူး။။။ ပြုပြင်သင့်တာကြာပါပြီ။ အေးဓားပြတိုက်သလို တရားဝင်ပုံစံမျိုးပိုက်ဆံတောင်းတာကတော့ မရှက်မကြောက်ပါပဲ။။။ အရေးယူမဲ့သူ မရှိတာကတော့ တော်တော်အံ့ဩစရာကောင်းပါတယ်။။။

  • zoe

    May 5, 2011 at 4:18 am

    Airport Tax ဆောင်တာ US dollar ကို မြန်မာလေဆိပ် က ဂျီးများပြီး ခြောက်ပြစ်ကင်း ဘဏ်တိုက်ကထွက်ခါစ လို အသစ်နီးပါးမှလက် ခံ နိင်တာ ဘာကြောင့် လဲ ??

    • nozomi

      May 5, 2011 at 4:32 am

      တစ်ခါ နိုင်ငံခြားကဧည့်သည် ကိုလိုက်ပို့ပေးရတယ် Airport tax ဆောင် တော့ ပိုက်ဆံကနွမ်းနေလို့ ပြန်လဲ ခိုင်းတယ် ၊ဧည့်သည်က ပြန်လဲပေးပါတယ် ၊သူတို့ပြန်အမ်းတဲ့ ပိုက်ဆံကျ အဟောင်းကြီးတော်တော် ဆိုးတယ် ၊ပြန်ပြောတော့ မလဲပေးဘူး ဧည့်သည်လဲ တော်တော် မကျေမနပ်ဖြစ်သွားတယ် (အဲဒါကတော့ လေဆိပ်မှ မဟုတ်ဘူး နေရာတိုင်းပဲ MFTB မှာ အပ်ရင် ဟောင်း၊နွမ်း၊အစွန်းပါရင် လက်မခံဘူး ) သူကြီးပြောတဲ့ ပလပ်စတစ်ကဒ်က မြန်မြန်သုံးမှ အဆင်ပြေမှာပါ ဘဏ်တွေဘက်ကတော့ အဆင်သင့်ပြင်ပြီးစောင့်နေကြတာပဲ

      အခုရက် ဂျာနယ်တွေမှာ တွေ့နေရတာ Airport Tax ကို လက်မှတ်ထဲ တစ်ခါတဲ ထည့်မယ်တဲ့ အဲဒါဆိုရင်တော့ ဒီကိစ္စတစ်ခုလျော့သွားမှာပေါ့

  • zoe

    May 5, 2011 at 4:42 am

    Airport Tax ကို လက်မှတ်ထဲ တစ်ခါတဲ ထည့် တာ ကိုကြို ဆိုပါ တယ် ။ လုပ်သင့်နေတာ ကြာ ပြီ ။

  • moethidasoe

    May 5, 2011 at 6:35 am

    အင်ဒိုမှာတောင် airport tax ကို သူတို့ငွေနဲ့ပဲ ဆောင်ရတယ် .. မြန်မာမှာ ဘာလို့ …….
    နောက်ပြီး ဘာပြောပြော ဒေါ်လာတော့ အတော်မက်တယ် ..

  • naywoonni

    May 5, 2011 at 7:46 am

    မပြောတတ်တော့ဘူးးးး……. အော် မပြောအပ်တော့ဘူး…… ဒီတစ်ညမှာ သာလွန်းတဲ့ မောင့်…………လပြည့်ဝန်း………..

  • htoohtoo777

    May 5, 2011 at 12:04 pm

    ခုလိုအတွေ့အကြုံလေးရေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်

  • unclegyi1974

    May 5, 2011 at 4:06 pm

    တထောင့်တညပုံပြင်စာအုပ်က
    အရှုံးပေးရမယ်ထင်တယ်
    တတ်လည်းတတ်နိုင်ကြပါတယ်မောင်တို့…..

Leave a Reply