ခရီးသွားပုံပြင်

zoxnetApril 30, 20101min721
qa

အလုပ်ကိစ္စတစ်ခုကြောင့် ကျွန်တော် Kingdom of Saudi Arabia(K.S.A) နိုင်ငံကို သွားခဲ့ရပါတယ်။ အဲဒီတုန်းက မြန်မာနိုင်ငံမှာ (K.S.A) သံရုံးမရှိသေးတော့ ကျွန်တော်တို့ (K.S.A) ဗီဇာကို Thai နိုင်ငံ Bangkok မြို့မှာသွားယူရပါတယ်။ ခရီးစဉ်အစအဆုံးကို ရန်ကုန်မှာရှိတဲ့ အေးဂျင့်တစ်ခုကို အပ်လိုက်တာပါ။ အေးဂျင့်ရဲ့ ပိုင်ရှင်နဲ့ကလည်း နဂိုကတည်းက ခင်မင်မှုရှိနေတာကတစ်ကြောင်း၊ သူကလဲ (K.S.A) ကိုသွားဖို့ကိစ္စရှိနေတယ်ဆိုတော့ အဖော်လဲရတယ်ဆိုပြီး အပ်ဖြစ်သွားတာပါ။ သူကပဲ Thailand Visa ကိစ္စ၊ (K.S.A) ဗီဇာကိုစ္စ၊ ရန်ကုန်- ထိုင်း -(K.S.A) အသွားအပြန်လေယာဉ်လတ်မှတ်ကိစ္စ အားလုံးကို တာဝန်ယူထားပါတယ်။ (စားစရိတ်၊ နေထို်င်စရိတ်မပါ။) ရန်ကုန်ကနေ ထိုင်းကိုကျွန်တော်တို့ Thai Air Asia စီးသွားပါတယ်။ လေယာဉ်ပေါ်မှာစားဖို့ ဒံပေါက်ထုတ်လေးတွေကို ကိုယ်စီကိုယ်စီ ဝယ်သွားပါတယ်။(အားလုံးသိကြသလို Thai Air Asia က ဘတ်ဂျက်လိုင်းဆိုတော့ ရေသန့်ဘူးလေးတောင် မရပါဘူးခင်ဗျ) ထိုင်းနို်င်ငံဘန်ကောက်ကို ချောချောမောမော ရောက်ပြီး ဘန်ကာပီ က ရီးဂျင့်ဟိုတယ်မှာ တည်းကြပါတယ်။ အဲဒီမှာနေရင်းနဲ့ (K.S.A) ဗီဇာကို သွားတင်ပါတယ်။ ဘန်ကောက်မြို့ကိုလည်ပတ်ရင်း ဗီဇာကို စောင့်ရတာပေါ့ခင်ဗျာ။ (၈) ရက်မြောက်နေ့မှာ …(K.S.A) ဗီဇာကို ရရှိပါတယ်။ဗီဇာရတာနဲ့ အဲဒီနေ့မှာပဲ (K.S.A) သွားဖို့ အစစအရာရာ ပြင်ဆင်ပါတော့တယ်။ ကြာကြာနေရင် ပါလာတဲ့ငွေစလေးတွေအတွက် စိတ်မချရသလို၊ ရန်ကုန်ကယူလာတဲ့ စားစရာရိက္ခာလေးတွေကလည်း (K.S.A) မရောက်ခင် ကုန်သွားနိုင်ပါတယ်။ ဒါကြောင့် သူကပဲနေ့ချင်း (K.S.A) သွားဖို့ လေယာဉ်လတ်မှတ် ကိုသွားဝယ်ပါတယ်။ (သူဆိုတာ ကျွန်တော့်ဘော်ဒါ အေးဂျင့်ပိုင်ရှင်ပါ။) Qatar Airline ပါ။ သူ့ကိုပဲကျွန်တော်က ခရီးစဉ်နဲ့ပတ်သက်ပြီး အားလုံးအပ်ထားတာဆိုတော့ လေယာဉ်လတ်မှတ်အပါအဝင်၊ ပတ်စ်ပို့တ်စာအုပ်ကိုပါ ပေးထားပါတယ်။ ဒီလိုနဲ့ ဘန်ကောက်ကစထွက်တယ် ဆိုပါတော့ဗျာ။ Qatar Airline က (K.S.A) ကိုသွားဖို့ခရီးစဉ်မှာ ဘန်ကောက်ကနေထွက်ပြီး Qatar နိုင်ငံ Doha မြို့ကို Transit အတွက်ဆင်းပါတယ်။ Qatar Airport လည်းရောက်ရော ပြသနာကစပါတော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ပြောင်းစီးရမယ့် လေယာဉ် (Qatar ကနေ (K.S.A) ကိုသွားမယ့်လေယာဉ်) ကနောက်နေ့ 3:00 pm မှထွက်မှာပါ။ ကျွန်တော်တို့ ကာတာကိုရောက်တာ လက်ရှိည 7:00 pm ပါ။ ထုံးစံကတော့ Airline ကဟိုတယ်ပေးရမှာပါ။ ကျွန်တော် အဲယားလိုင်းကို သွားပြောတော့ တာဝန်ရှိသူဝန်ထမ်းက ဟိုတယ်ဘောက်ချာပါမှသာ ဟိုတယ်ပေးမယ်လို့ ပြောပါတယ်။ ဟုတ်ပါတယ်ခင်ဗျ။ သူတို့အမှားတော့ မဟုတ်ပါဘူး။ လတ်မှတ်သွားဝယ်သူရဲ့ အပြစ်ပါ။ ကျွန်တော်လည်း ဒေါသထွက်ထွက်နဲ့ ကျွန်တော့်မိတ်ဆွေ အေးဂျင့်ပိုင်ရှင်ကြီးကိုပြောတော့ သူကမဆီမဆိုင် ဘန်ကောက်က အဲယားတစ်ကတ်ရုံးကို အပြစ်ဖို့ပါတယ်။ ဒီလိုနဲ့ပေါ့ဗျာ။ အဲဒီည 7:00pm ကနေ နောက်နေ့ 3:00pm အထိ Qatar Airpot က Tea Lounge မှာထိုင်ရင်း အချိန်ကုန်လွန်စေခဲ့ပါတယ်။ ဒီလိုနဲ့ (K.S.A) ကိုသွားမဲ့လေယာဉ်ထွက်ချိန်ကို ရောက်လာပါတော့တယ်။ တညလုံးစိတ်ညစ်ညစ်နဲ့ ထိုင်စောင့်လို်က်ရတာဆိုတော့ ကျွန်တော်လည်းဝမ်းသာအားရနဲ့ စောစောစီးစီးတည်းကပဲ ချက်အင်ဝင်ပြီး လေယာဉ်ထဲကို ဝင်ထိုင်နေလိုက်တာပေါ့ဗျာ။ သူကတော့ လေယာဉ်ထွက်ခါနီးမှာ အေးအေးဆေးဆေးရောက်လာပါတယ်။ ကျွန်တော်စိတ်သိပ်မကြည်တာကိုလဲ သိလို့နေမှာပေါ့။ ဒီလိုနဲ့လေယာဉ်လည်းစထွက်ပါတော့တယ်။ ကျွန်တော်လည်း မြန်မြန်ရောက်ဖို့ကို ဆုတောင်းရင်း လေယာဉ်ပေါ်က တီဗွီအစီအစဉ်လေးကိုကြည့်ပြီး နောင်ဖြစ်လာမယ့် ပြသနာနောက်တစ်ခုကို မသိပဲနဲ့ လိုက်ပါလာပါတယ်။ ဘာလဲဆိုတော့ လေယာဉ်မယ်က ခရီးသည်တွေအားလုံးရဲ့ ခါးပတ်တွေကို လိုက်စစ်ပါတယ်။ ခါးပတ်ပတ်ခိုင်းတာပါ။ တချိန်တည်းမှာပဲ လေယာဉ်မောင်းက ” ကျွန်တော်တို့ လေယာဉ်ပျံဟာ ဘာရိန်းနိုင်ငံလေဆိပ်ကို ဆင်းသက်ပါတော့မယ်လို့ ကြေငြာပါတယ်။ ကျွန်တော်လဲ အဲဒါကိုကြားကြားချင်း ခေါင်းနဲနဲကြီးသွားသလို ခံစားရပါတယ်။ သူ့ကိုကြည့်လိုက်တော့ သူကလဲမသိသလိုပုံစံနဲ့ ခေါင်းလိုက်ကြီးပြပါတယ်။ သူ့ကိုအပြစ်ပြောလည်း မထူးတော့တာမို့ ကျွန်တော်တို့လေယာဉ်လတ်မှတ်တွေကို ထုတ်ကြည့်တော့ ခရီးစဉ်ထဲမှာ ဘာရိန်းထရန်စစ်ပါနေတာကို တွေ့ရပါတယ်။ ကျွန်တော်လည်း လတ်မှတ်ပေါ်က အဲဒီစာတမ်းလေးကို လက်ညှိုးနဲ့သူမြင်အောင် ထောက်ပြပါတယ်။ အဲဒီတော့မှ ငနဲသားက ကျွန်တော့်ကို တောင်းပန်ပါတယ်။ သူလတ်မှတ်ကို မကြည့်မိကြောင်း၊ လတ်မှတ်ရုံးမှာ သွားချန်တဲ့နေ့နဲ့၊ မြို့ကိုသာပြောပြခဲ့ကြောင်း၊ သူတို့ခရီးအစီအစဉ် ဘယ်လိုဆွဲပေးလဲဆိုတာကို မကြည့်ခဲ့ကြောင်း ပြောပြပါတယ်။ (အဲဒါအေးဂျင့်ရဲ့ ပို်င်ရှင်ဖြစ်နေလို့သာပေါ့) ဘာမှမထူးတော့တာမို့ ကျွန်တော်လည်း လေယာဉ်ထိုင်ခုံပေါ်မှာ ငြိမ်ငြိမ်လေးလိုက်ပါလာရပါတယ်။ (ခုန်ချဖို့လဲ မရဲဘူး) ဘာရိန်းလေဆိပ်ကိုရောက်တော့ ကျွန်တော်တို့လိုပဲ ထရန်စစ်ခရီးသည်တွေက အများကြီးပါပဲ။ ထိုင်စရာထိုင်ခုံ အလွတ်တစ်ခုမှ မရှိတော့ အဆင့်အတန်းရှိရှိ ကြမ်းပြင်ပေါ်မှာပဲ ကျွန်တော်တို့ ထိုင်ချလိုက်ပါတယ်။ ကျွန်တော်လဲ စိတ်ညစ်ညစ်နဲ့ ကျန်နေသေးတဲ့ ရိက္ခာလေးတွေကို ထုတ်စားနေမိပါတယ် (စိတ်ညစ်ရင် ဗိုက်ဖြည့်ရပါတယ်။) ခဏနေတော့ သူက (သိပ်မကြာပါဘူးဗျာ။ နောက်တစ်နာရီဆိုရင် ပြန်ထွက်ရတော့မှာပါ) ဆိုပြီး ကျွန်တော့်ကို နှစ်သိမ့်ပါတယ်။ ဒီလိုနဲ့ လေယာဉ်ပြန်ထွက်ဖို့ အချိန်လဲနီးလာရော ကျွန်တော် Qatar Check In Counter ရှိရာကိုထွက်လာကြပါတယ်။ ကောင်တာရှေ့လဲရောက်ရော ကောင်တာက မဖွင့်သေးဘူးခင်ဗျ။ လတ်မှတ်ထဲမှာပါတဲ့ လေယာဉ်ထွက်ချိန်က နာရီဝက်ပဲလိုတော့တယ်။ ကျွန်တော်လဲ စဉ်းစားမနေတော့ပဲ ကာတာ လေယာဉ်ရုံးခန်းရှိရာကို သွားရတော့တာပေါ့။ ရုံးခန်းထဲက တာဝန်ရှိသူကိုလည်း မေးကြည့်ရော ခရီးစဉ်ဖျက်သိမ်းထားပါတယ်လို့ ပြောပါတယ်။ ကျွန်တော်လဲ ကွမ်ပလိန်းလုပ်ရတော့တာပေါ့။ ဒါပေမယ့် သူတို့ကခပ်တည်တည်ပါပဲ။ နောက်နေ့လေယာဉ်ကျမှ လိုက်သွားပါလို့ပြောပါတယ်။ ဒီနေ့ခရီးစဉ်မရှိတော့ပါဘူးတဲ့။ ရုံးခန်းတောင်ပိတ်ဖို့ ပြင်နေပါတယ်။ ဟိုငနဲကတော့ ခေါင်းကလေးငုံ့ ဇက်ကလေးပုနေပါတယ် (အဲဒီဇက်မပုထားရင် ကျွန်တော်တက်နင်းမိမှာ သေချာပါတယ်)။ နောက်ဆုံးကျွန်တော်လဲ လေဆိပ်မှာရှိနေတဲ့ BAHRAIN AIRLINE ရုံးခန်းကိုသွားပြီး ကာတာလိုင်းရဲ့ လုပ်ဆောင်ချက်ကို ပြောပြအကူအညီတောင်းပါတယ်။ BAHRAIN (GULF) AIRLINE ရဲ့တာဝန်ရှိသူတွေက ပထမတော့သူတို့နဲ့ မဆိုင်ကြောင်းပြောပြပါတယ်။ ဒါပေမယ့် ကျွန်တော်လည်း ကျွန်တော်တို့ဒုက္ခကို ပြောပြပြီး အတင်းအကြပ်အကူအညီတောင်းတော့ ခဏကြာရင်တော့ K.S.A ကိုထွက်မယ့် GULF လေယာဉ်ရှိကြောင်း၊ အဲဒီလေယာဉ်နဲ့ လို်က်သွားနိုင်ဖို့ ကူညီနိုင်ကြောင်း၊ ကာတာလေယာဉ်လတ်မှတ်ကို သူတို့ယူထားပြီး နောက်နေ့မှ သူတို့ကာတာအဲယားဝေးစ်နဲ့ ဆက်သွယ်ပြောကြားမှာဖြစ်ကြောင်း ပြောပြပါတယ်။ ကျွန်တော်လည်း ဝမ်းသာသွားပါတယ်။ သူ့တို့ကိုကျေးဇူးတင်စကားပြောပြီး GULF AIRWAYS CHECK IN COUNTER ကို တန်းပြေးပါတော့တယ်။ ဒါက ကျွန်တော့်အသွားခရီးမှာ ကြုံရတဲ့ Airline နဲ့ Agent ရဲ့ လက်ဆောင်တွေပဲ ဖြစ်ပါတယ်။

One comment

  • susunosuki

    May 1, 2010 at 2:03 pm

    လွဲတတ်မှားတတ်တယ်ဆိုတာ
    ကျုပ်တို့ တနိုင်ငံတည်းမဟုတ်ဘူးဆိုတာ
    သိကြစမ်းပါ

Leave a Reply