ဥပုသ်နေ့

nagargyiMay 5, 20111min1204

မေသစ္စာ လပြည့်နေ့မနက်တွင် အိပ်ရာမှနှိးလာတယ်။
မေသစ္စာ ။ ။ ဝါး….ဒီနေ့ဥပုသ်နေ့ပဲ။ ဒီနေ့ ရုံးမသွားခင် သီလယူရမယ်။ အမေ ဘာချက်ထားလဲ မသိ။
ပိုးမျိုးရှစ်ဆယ်။ ။ ဟေ့..ဗိုက်ထဲကအစာတွေ အရင်ထုတ်အုံး။ငါတို့ နံနေပြီ။
မေသစ္စာ ။ ။ အား…ဗိုက်ထဲက ရစ်လာပြီ။ အိမ်သာ တက်အုံးမှ။
ပိုးမျိုးရှစ်ဆယ်။ ။ အခုမှ သက်သာသွားတယ်။ ဟေ့..ဗိုက်ဟာသွားပြီ။ ဗိုက်ဖြည့်အုံး။
မေသစ္စာ ။ ။ အမေရေ။ ဒီနေ့ ဥပုသ်နေ့နော်။ သမီး ဗိုက်ဆာနေပြီ။
အမေ ။ ။ အေး..စားလို့ရပြီ။ ဒီနေ့ ဥပုသ်နေ့မို့ ရှယ်ချက်ထားတယ်။ အခုစားလိုက်။ ရုံးမသွားခင် သီလယူသွား။ အမေ ထမင်းချိုက် ပြင်ပေးထားမယ်။
မေသစ္စာ ။ ။ အမေ ဒီနေ့ဟင်းစုံပဲ။ အရမ်းစားကောင်းတယ်။ သမီး စားပြီးပြီ။ ရုံးသွားဖို့ သွားပြင်တော့မယ်။
ပိုးမျိုးရှစ်ဆယ်။ ။ ဒီနေ့ အစားအသောက်တွေက အသစ်အဆန်းတွေ ပါလား။
မေသစ္စာ ရုံးသို့ရောက်လာတယ်။
မေသစ္စာ ။ ။ ဟေ့..စံပယ်၊နီလာ၊သန္တာ၊သူဇာ၊မောနင်းနော်။ ဒီနေ့ ဥပုသ်နေ့နော်။ ငါဥပုသ် စောင့်ထားတယ်။ မနက်စာ စောစောစားရအောင်။
စံပယ် ။ ။ အေး..ဟုတ်တယ်ဟေ့။ ငါလည်း ဥပုသ်စောင့်ထားတယ်။
နီလာ ။ ။ ငါရောပဲ..။
သန္တာ ။ ။ ငါတော့ ဥပုသ်မစောင့် ထားဘူး။ သူဇာ နင်ရော။
သူဇာ ။ ။ ဒီနေ့ ဥပုသ်နေ့မှန်းတောင် မသိဘူး။ ဒါကြောင့် ငါလက်ဖက်တောင် သုတ်လာသေးတယ်။
သန္တာ ။ ။ ကောင်းတယ်။ ငါတို့နှစ်ယောက်ပဲ စားတာပေါ့။

မေသစ္စာ ။ ။ ဟေ့..(၁၁)နာရီထိုးပြီ။ ထမင်းစားရအောင်။ ဒီနေ့ ဥပုသ်နေ့ဆိုတော့ အမေက ရှယ်ထည့်ပေးလိုက်တယ်။
ပိုးမျိုးရှစ်ဆယ်။ ။ ဟဟ..ဘာတွေလဲ။ ဒီမှာတောင် မကုန်သေးဘူး။
မေသစ္စာ ။ ။ မနက်က စားတာများသွားလို့လား မသိဘူး။ စားချင်စိတ် သိပ်မရှိဘူး။ ငါတော်ပြီ။ နင်တို့ပဲ ဆက်စားတော့။

နေ့လယ် (၂)နာရီတွင်……..
သူဇာ ။ ။ ဟေ့..သန္တာ။ နင်နဲ့ငါ လက်ဖက်သုတ် စားမလား။
သန္တာ ။ ။ အေး..ကောင်းတယ်။ ငါလဲ ဗိုက်နည်းနည်း ချောင်သွားပြီ။
မေသစ္စာ ။ ။ (သူတို့ လက်ဖက်သုတ်စားတာ မြင်မှဗိုက်ကလဲ ဆာလိုက်တာ။ မနက်စာစားတာကလဲ နည်းသွားတယ်။ ရေသွားသောက်အုံးမှ။)

ညနေရုံးဆင်းပြီး အိမ်ပြန်လာတယ်။
မေသစ္စာ ။ ။ အမေ…ဒီနေ့ ဥပုသ်နေ့နော်။ ညနေအတွက် ဘာလုပ်ထားလဲ။
အမေ ။ ။ အေး…သမီးညနေသောက်ဖို့ ဖျော်ရည်တွေ လုပ်ထားတယ်။ ရေခဲသေတ္တာထဲမှာ ယူသောက်ချည်။

ညနေ (၆)နာရီတွင်……..
ပိုးမျိုးရှစ်ဆယ်။ ။ ဒီမှာ အစာမရှိတော့ဘူး။ အစာထည့်အုံးလေ။
မေသစ္စာ ။ ။ ဗိုက်ကလဲ ထိုးလိုက်တာ။ ဖျော်ရည်သွားသောက်အုံးမှပဲ။

ည (၈)နာရီတွင်…….
ပိုးမျိုးရှစ်ဆယ်။ ။ အဖတ်လေးဘာလေး ထည့်အုံး။ အရည်ကြီးပဲ။
မေသစ္စာ ။ ။ ဒီနေ့မှ ပိုဆာနေသလိုပဲ။ ငါဖျော်ရည်တွေ သောက်တာလည်း ဘယ်နှစ်ခွက် ရှိပြီလဲမသိတော့ဘူး။

ည (၁၀)နာရီတွင်…..
ပိုးမျိုးရှစ်ဆယ်။ ။ ဘာအစာမှမရှိဘဲ ငါတို့ဘယ်လို လုပ်မလဲ။
မေသစ္စာ ။ ။ အိပ်ချင်ပြီ။ ဗိုက်ကလည်း ဆာလိုက်တာ။ ဘယ်လိုအိပ်လို့ ရမလဲ။ နောက်ပြီး ငါကြားဖူးတာက အစာမစားဘဲနေရင် ဗိုက်ထဲကပိုးတွေက ကျိန်ဆဲတတ်တယ်တဲ့။
ငါလည်း တစ်နေ့လုံး ဥပုသ်ရထားတာပဲ။ မထူးပါဘူး။ ကျိန်ဆဲမခံရအောင် အမေ နက်ဖြန်မနက် ဥပုသ်ထွက်စားရအောင် ချက်ထားတဲ့ ဟင်းတွေနဲ့ထမင်းစားပြီး
အိပ်တာဘဲ ကောင်းပါတယ်။

မေသစ္စာရဲ့ ဥပုသ်နေ့တစ်နေ့လည်း ဤတွင် ပြီးဆုံးသွားပါတော့တယ်။

4 comments

  • MaMa

    May 6, 2011 at 12:03 am

    Nagargyi လူလည်။ ပိုးမျိုးရှစ်ဆယ်ကို တရားခံရှာထားတယ်။ 🙂

  • nagargyi

    May 7, 2011 at 2:00 am

    ကျွန်တော် လူလည်လုပ်တာ မဟုတ်ရပါဘူး MaMa ။ လ္ဘက်ရည်ဆိုင်မှာ ဘေးဝိုင်းက အမျိုးသမီးကြီးတွေ ပြောစကားကြားပြီး စိတ်ကူးရတာနဲ့ ရေးကြည့်တာပါ။

  • bigcat

    May 7, 2011 at 2:04 am

    ပိုးမျိုးရှစ်ဆယ်လို့ အတိအကျပြောရင် သိပ္ပံဝါဒီသဂျီးနဲ့ စစ်ခင်းရလိမ့်မယ်…သူသိတာ ပိုးမျိုးရှစ်ထောင်ဆိုလား ရှစ်သောင်းဆိုလား…

    • kai

      May 7, 2011 at 9:28 am

      အစာအိမ်က ဘာအလုပ်လုပ်မှန်းမသိ..။ ဘာဓါတ်နဲ့ခြေဖျက်မှန်းမသိတဲ့.. ခေတ်ကသုံးခဲ့ပြောခဲ့တဲ့..စကားတွေပါ..။
      ခေတ်နဲ့ညီအောင်.. ဟစ်ဟော့သီချင်းဆရာတွေလက်ထဲအပ်ပြီး… ပြင်လိုက်..။ ပြင်လိုက်.. 🙂

      ကြုံတုံးပြောရရင် ကျန်သေးတယ်..။ မိလိန္ဒပဉာမှာ..
      ငရဲနဲ့..ငရဲသားအကြောင်းမေးတာကို… ဖြေတာမှာ.. .သားအိမ်နဲ့..အစာအိမ်နေရာကွဲမသိဘူး.. တူတူမှတ်နေပြီးဖြေတယ်..။

Leave a Reply