ဒုတိယနတ်သား – ခက်မာ

kaiApril 30, 20101min905

အဲဒီ့နေ့က နှင်းမုန်တိုင်းလည်းမကျပါဘူး။ရေခဲမိုးလည်း မရွာပါဘူး။ဒါပေမယ့် ဘာကြောင့်မှန်းမသိ ဆန်ဖရန်စစ်စကိုက ပစ်စ်ဘတ်ကိုသွားမယ့်လေယာဉ်က တစ်နာရီနောက်ကျမယ်တဲ့။ကျမနည်းနည်းတော့ စိတ်ညစ်သွားတယ်။ပုံမှန်အတိုင်းတောင် လေယာဉ်ကပစ်စဘတ်ကိုည၁ဝနာရီခွဲမှဝင်မှာ။အဲဒီအချိန်ဆိုရင်တော့ taxi ဖြစ်ဖြစ်shuttle busဖြစ်ဖြစ်စီးသွားလို့ရသေးတယ်။ရသေးတယ်ဆိုတာ စီးရဲသေးတာကိုပြောတာပါ။ကျမတို့မှာကားမရှိဘူးလေ။

ခုအတိုင်းဆိုရင်တော့ လေယာဉ်ကအနည်းဆုံး၁၁နာရီခွဲလောက်မှဝင်မယ်။baggageထုတ်မှာနဲ့ဆို၁၂နာ
ရီ။သက်ပြင်းလည်းမချချင်တော့ပါဘူး။ကျမဘဝမှာ ဒီလိုအခက်အခဲဆိုတာက ရိုးနေပြီလေ။

Sam Francisco Asian Art Museumမှာကျင်းပနေတဲ့ ထိုင်း-မြန်မာအနုပညာပြပွဲမှာ မြန်မာစာရေးဆရာတယောက်ရဲ့ readingထည့်ချင်တယ်ဆိုပြီး Museumကဖိတ်လို့ကျမလာခဲ့တာပါ။Reading မှာ‘Night Flow”(ညရေစီး)ဆိုတဲ့ကျမရဲ့ဝတ္ထုတိုတစ်ပုဒ်ဖတ်ခဲ့တယ်။ကျမရဲ့မိတ်ဆွေဦးအောင်အောင်တိတ်အင်္ဂလိပ်လိုဘာသာပြန်ပေးပြီး သူငယ်ချင်းနယူးဇီလန်စာရေးဆရာမPenelope Toddတည်းဖြတ်ပေးခဲ့တာပါ။ကျမရဲ့ကိုရီးယားသူငယ်ချင်းရာဟီဒေါက်(Ra Hee Duk)ပြောခဲ့တဲ့စကားလေးကို သဘောကျပြီးစိတ်ကူးရသွားတဲ့ ဝတ္ထုလေးတပုဒ်ပေါ့။

ကျမ၂၀၀ရခုနှစ် International writing Programအတွက် အိုင်အိုဝါးစီးတီးမှာ တခြားတိုင်းပြည်ကစာရေးဆရာအယောက်၄ဝနီးပါးနဲ့ နေရစဉ်တုန်းကပေါ့။ကျမတို့နေရတဲ့ဟိုတယ်လ်ဘေးအိုင်အိုဝါမြစ်ကမ်းမှာ ညတိုင်းနီးပါးကျမတို့လမ်းလျှှောက်ဖြစ်ကြတယ်။သိမ်သိမ်မွေ့မွေ့စီးဆင်းနေတဲ့အိုင်အိုဝါမြစ်ရေကိုကြည့်ရင်း ရာဟီဒေါက်ပြောခဲ့တာ။ညဘက်မှာစီးတဲ့မြစ်ရေဟာ သိပ်စိတ်ဝင်စရာကောင်းသတဲ့လေ။အပေါ်ယံမှာတည်ငြိမ်လှပသလောက် မြစ်အောက်ခြေမှာရုန်းကန်မှုများနေသတဲ့။အပေါ်ယံမျက်နှာကျောမာလှသူလို့ လူတော်တော်များများသတ်မှတ်ခံရတဲ့ကျမရင်ထဲကဝဲကတော့တွေအကြောင်းစောကြောမိတဲ့ကျမက ကိုယ့်ကိုကိုယ်ညရေစီးနဲ့နှိုင်းပြီး အဲဒီဝတ္ထုလေးရေးခဲ့မိတာ။

အဲ့ဒီ့ခရီးစဉ်မှာပဲ“နှင်းနတ်သား”ဆိုတဲ့ဝတ္ထုတိုလေးတပုဒ်ရေးမိခဲ့သေးတယ်။လေယာဉ်ကွင်းမှာဆုံတွေ့ခဲ့တဲ့ သဘောဖြူလူငယ်လေးတယောက်အကြောင်းရေးခဲ့တဲ့ဝတ္ထုလေးကို လေယာဉ်အကြာကြီးစောင့်ရင်းသတိရနေမိသေးရဲ့။အဲဒီတုန်းကတော့ ရေခဲမိုးနဲ့နှင်းမုန်တိုင်းထဲမှာ။

ဒီကနေ့ကတော့ ဘာလို့လေယာဉ်နောက်ကျမှန်းမသိပေမယ့် ရာသီဥတုကမဆိုးလှပါဘူး။နေ့လည်၂နာရီခွဲထွက်ရမယ့်လေယာဉ်က ညနေ၃နာရီခွဲကျော်ကျော်မှထွက်တော့ ပစ်စဘတ်ကို ည၁၁နာရီခွဲကျော်မှရောက်တယ်။(time zoneကလည်း ၃နာရီခြားသေးတာကိုး)“နှင်းနတ်သား”ဝတ္ထုတိုထဲကအတိုင်း ကျမကဆက်တိုက်ကံဆိုးတတ်လေတော့ baggageတွေကတော်တော်နဲ့ထွက်မလာဘူး။နာရီဝက်လောက်စောင့်ပြီးမှ ကိုယ့်အိတ်ကိုယ်ထုတ်နိုင်တော့တယ်။ဒီတော့ချက်ချင်းပဲ Shuttle busစီးရမယ့်ကောင်တာကိုပြေးရတော့တာပေါ့။ဒီမှာလည်းကံဆိုးပြန်ပြီ။Shuttle busကောင်တာမှာလူမရှိဘူး။လက်မှတ်ကိုစက်နဲ့ဝယ်ချင်ဝယ်။မဝယ်ချင်ရင်သူတို့ပေးထားတဲ့ဖုန်းနံပါတ်ကိုဖုန်းခေါ်ပါတဲ့။ဒါနဲ့ ကျမလည်းဖုန်းခေါ်လိုက်တယ်။ပထမဆုံးကြားရတာ အော်တိုဖုန်းဖြေတဲ့စက်။တစ်ဖက်ကဖုန်းဖြေမယ့်သူavalibaleဖြစ်သည်ထိကိုင်ထားပါတဲ့။

ကျမဖုန်းကိုင်ထားရင်း လေယာဉ်ကွင်းထဲကိုမျက်လုံးဝေ့ကြည့်မိတယ်။လေယာဉ်ကွင်းထဲမှာ ဝန်ထမ်းတွေအပါအဝင်လူလေးငါးယောက်လောက်ပဲတွေ့ရတော့တယ်။ဖုန်းထဲကလည်းဒေါင်ဒေါင်ဒင်ဒင်တီးလုံးတွေပဲကြားနေရတုန်း။ကျမနည်းနည်းတော့စိတ်ပူပြီ။

အဲ့ဒီအချိန်မှာ ကျမနောက်ကခြေသံတဒေါက်ဒေါက်ကြားလိုက်ရတာ။လှည့်ကြည့်လိုက်တော့ လောင်းကုတ်ရှည်ဝတ်ထားတဲ့လူငယ်လေးတယောက်shuttle busလက်မှတ်ဝယ်တဲ့စက်ဆီ တန်းသွားနေတယ်။သူဟိုနှိပ်ဒီနှိပ်နဲ့ စက်တထဲကလက်မှတ်ဖြတ်ပိုင်းလေးထွက်လာတာမြင်လိုက်တော့ ကျမဖုန်းပိတ်လိုက်ပြီး သူ့နားကိုလျှောက်သွားလိုက်တယ်။

“ကျမကိုလက်မှတ်ဘယ်လိုဝယ်ရမလဲပြပေးပါလား”

“sure”

သူကကျမမျက်နှာကို ဖြတ်ကနဲတချက်ပဲကြည့်ပြီး လက်မှတ်ဝယ်တဲ့စက်ကိုဟိုနှိပ်ဒီနှိပ်နှိပ်ပြန်တယ်။ပြီးတော့ကျမနာမည်နဲ့လိပ်စာမေးတယ်။ပြီးစက်ထဲရိုက်ထည့်တယ်။ခဏချင်းမှာပဲလက်မှတ်နဲ့recepitလေး လျှောကနဲထွက်လာတယ်။သူ့ကိုကျေးဇူးတင်ကြောင်းပြောပြီး ကျမတို့၂ယောက် လေယာဉ်ကွင်းအပြင်ဖက်ကshuttle busဂိတ်ကိုထွက်ခဲ့ကြတယ်။

လေယာဉ်ကွင်းအပြင်ဖက်က စိမ့်နေအောင်အေးတဲ့လေက ကျမတို့ကိုနှုတ်ဆက်တယ်။ရာသီဥတုကကြည်လင်သာယာနေပေမယ့် အေးချက်ကတော့ရက်ရက်စက်စက်ပါပဲ။

“မင်းဘယ်ကလာတာလဲ”

သူကသူ့ဂျာကင်ကော်လာကို မေးစေ့ရောက်အောင်ထောင်လိုက်ပြီးမေးတယ်။သူ့လက်ထဲမှာ

ပလတ်စတစ်နဲ့ပတ်ကာထားပြီး အကျီင်္ချိတ်တန်းလန်းနဲ့ဝတ်စုံတစုံကိုလည်း ကိုင်ထားသေးတယ်။

“ကျမဆန်ဖရန်စစ်စကိုကလာတာ”

“မဟုတ်ဘူးလေ။မင်းရဲ့ဇာတိတိုင်းပြည်ကိုမေးတာ”

“အမေရိကန်ရုပ်မပေါက်တဲ့ ကျမကိုသူစပ်စုတာပါ”

တကယ်တော့ သူလည်းအမေရိကန်စစ်စစ်ရုပ်တော့မဟုတ်ဘူး။အသားကအတော်ကလေးဖြူပေမယ့် ဆံပင်နဲ့မျက်လုံးတွေကအနက်ရောင်။အရပ်ကတော်တော်ကလေးရှည်တယ်။

“ဪ..ကျမကမြန်မာပြည်ကပါ”

“ကျနော့်အဖိုးက အိန္ဒိယကလေ”

လာပြန်ပြီ။အိန္ဒိယနွယ်ဖွား။၂၀၀ရခုနှစ်တုန်းက ရေခဲမိုးတွေ၊နှင်းမုန်တိုင်းတွေကြား ကျမနဲ့အတူတညလုံး လေယာဉ်ကွင်းမှာထိုင်စောင့်ပြီး ဖွေးဖွေးလှုပ်နေတဲ့နှင်းတွေကြားထဲကနေကျမကို ဟိုတယ်အရောက်လိုက်ပို့ပေးခဲ့တာလဲ အိန္ဒိယသားပဲ။အဲ့ဒိအိန္ဒိယသားကိုတော့ စိတ်ညစ်ညူးဖွယ်ရာနှင်းမုန်တိုင်းကြားမှာ မထင်မှတ်နိုင်အောင် ကျမကိုစိတ်ရှည်လက်ရှည်ကူညီခဲ့တာမို့  “နှင်းနတ်သား”လို့တင်စားခဲ့တယ်။

“ကျနော်က ချီကာဂိုကပါ။ပစ်စဘတ်မှာ ဆေးကျောင်းတက်ဖို့ ဝင်ခွင့်အင်တာဗျူးလာဖြေတာ။”သူက ကျမကို ကျောင်းတက်နေတာလားမေးတယ်။

“ကျမကဒီမှာ writing programနဲ့နေတာပါ။residency writing programပေါ့”

ကျမအဖြေကိုသူကမျက်ခုံးပင့်တုန့်ပြန်တယ်။

“residency writing programဆိုတာဘာလဲ။ဆောရီးပဲ။ကျနော်သိပ်နားမလည်လို့ပါ”

စာပေနဲ့စာရေးဆရာလောကနဲ့ဝေးတဲ့ဆရာဝန်လောင်းလေးကို ကျမရယ်မောရင်းကြည့်မိတယ်။ပြီးတော့ကျမကစာရေးဆရာဖြစ်ကြောင်းနဲ့စာရေးဆရာတွေအတွက်။writing programတွေအကြောင်းရှင်းပြမိတယ်။သူကတအံ့တဩနဲ့reallyတွေတလှေကြီးနဲ့တုန့်ပြန်လို့လေ။လေယာဉ်ကွင်းကိုဖြတ်တိုက်လာတဲ့လေက အကာအကွယ်လွတ်နေတဲ့ကျမတို့မျက်နှာတွေကို မညှာမတာတိုးဝှေ့နေတယ်။

“သိပ်အေးတာပဲ။အထဲဝင်နေပါလား။ကားလာရင်မြင်ရမှာပဲ”

သိပ်ချမ်းပေမယ့်ကျမအထဲမဝင်ဖြစ်ပါဘူး။ကားစောင့်နေတဲ့သူက၂ယောက်ထဲပေမယ့် ကားရောက်လာခဲ့ရင်ကားနားအမြန်ဆုံးရောက်ချင်စိတ်နဲ့shuttle busဆိုတဲ့ဆိုင်းဘုတ်အောက်မှာပဲ ပေရပ်နေမိတယ်။သူပြောတာနဲ့ လေဆိပ်အဆောက်အအုံထဲလှမ်းကြည့်လိုက်တော့ လူတယောက်မှမမြင်ရတော့ဘူး။အဲဒီလောက်ကြီးမားတဲ့အဆောက်အဦးနဲ့ကွင်းပြင်ကြီးထဲမှာ သက်ရှိလူသားဆိုလို့ သူနဲ့ကျမ၂ယောက်ထဲရယ်။ခပ်လှမ်းလှမ်းမှာတော့yellow cab taxi၃စီးတန်းစီရပ်ထားတယ်။အထဲမှာဒရိုင်ဘာတွေတော့ရှိမှာပဲ။သူတို့အေးလွန်းလို့အပြင်မထွက်ကြတာနေမှာ။

“တို့ကားစောင့်နေတာ၁နာရီနီးပါးရှိပြီ။ကျနော်shuttle bus companyကိုဖုန်းဆက်လိုက်ဦးမယ်”

သူကကားလက်မှတ်ပေါ်မှာပါတဲ့နံပါတ်ကို ဖုန်းလှမ်ခေါ်ပြီး လေကွယ်တဲ့ဝင်ပေါက်နားမှာစကားသွားပြောတယ်။သူစကားပြောတာဆယ်မိနစ်လောက်တော့ကြာမယ်ထင်တယ်။နံပါတ်တစ်ခုရေးမှတ်ထားတဲ့စာရွက်ကလေးကိုင်ပြီး ကျမနားပြန်ရောက်လာတယ်။

“ကျနော်တို့အစောကြီးထဲကဖုန်းဆက်သင့်တာ။စကားပြောနေကြတာနဲ့ ဖုန်းဆက်ဖို့မေ့သွားတယ်။shuttleက၁၁နာရီခွဲနောက်ဆုံးတဲ့။မနက်၃နာရီကျမှ နောက်တကျော့ပြန်စမတဲ့”

ကျမဒီတခါတော့ တော်တော်စိတ်ညစ်သွားတာ။နာရီကြည့်လိုက်တော့ ည၂နာရီထိုးခါနီးပြီ။မနက်၃နာရီထိစောင့်ရဦးမှာလား။ဗိုက်ကလဲဆာလှပြီ။ချမ်းကလဲချမ်းလှပြီ။စိတ်ပျက်လက်ပျက်နဲ့ ခရီးဆောင်အိတ်ပေါ်ထိုင်ချတော့မှ သူကရေးမှတ်ထားတဲ့စာရွက်ကလေးကျမရှေ့ထိုးပြရင်းပြောတယ်။

“သူတို့ကဒီလိုလုပ်ဖို့ပြောတယ်။တွေ့တဲ့yellow cabဒရိုင်ဘာကို ကျနော်တို့ရဲ့လက်မှတ်တွေပြ။ဒီကုတ်နံပါတ်ပေးပြီး ဖုန်းဆက်ခိုင်းပါတဲ့။သူတို့ပို့ပေးပါလိမ့်မယ်တဲ့”

ကျမ ဆတ်ကနဲထရပ်လိုက်တယ်။

“ဒါဆိုသွားကြစို့လေ”

ကျမတို့ အနီးဆုံးyellow cabဆီထွက်ခဲ့ကြတယ်။သူနဲ့လူမည်းဒရိုင်ဘာတို့အပြန်အလှန်ပြောကြပြီးမှ သူကကျမဖက်လည့်ပြောတယ်။

“ခင်ဗျားနဲ့ကျနော်အတူတူသွားမလား။ကိုယ့်ဖာသာတစီးသပ်သပ်သွားချင်လား။ခင်ဗျားဆန္ဒရှိသလိုလုပ်လို့ရတယ်”

ကျမကမန်းကတန်းတုန့်ပြန်လိုက်တယ်။ည၁နာရီကြီး လူမည်းဒရိုင်ဘာနဲ့ကျမ ၂ယောက်ထဲမသွားရဲဘူးလေ။

“တူတူသွားကြတာပေါ့”

“အိုကေ”

ဒရိုင်ဘာက သူပေးတဲ့နံပါတ်နဲ့ဖုန်းဆက်နေတာ အတော်ကြာသေးတယ်။ပြီးတော့navigatorထဲမှာ ကျမတို့လိ်ပ်စာတွေထည့်။ဆရာဝန်လောင်းလေးက မြို့ထဲကဟိုတယ်တခုမှာတည်းမှာဆိုတော့ ကျမကိုနောက်မှပို့မှာပဲ။ကောင်လေးဆင်းသွားရင် ကျမတို့၂ယောက်ထဲဆိုတော့ ကျောကနည်းနည်းစိမ့်လာပြန်တယ်။

ကောင်လေးနဲ့ဒရိုင်ဘာက ပစ်စဘတ်နာမယ်ကျော်baseball champion Steelerအသင်းအကြောင်းပြောနေကြတယ်။ကျမက လောလောဆယ်နှင်းကျမနေပေမယ့် အရင်ရက်ကကျထားတဲ့နှင်းတွေအရည်မပျော်သေးတာမို့ ဖြူဖွေးနေတဲ့မြင်ကွင်းကိုငေးမောကြည့်လိုက်လာရင်း ကျမရဲ့နှင်းနတ်သားကို သတိရမိသေးတယ်။၂၀၀ရခုနှစ်၊ဒီဇင်ဘာလရဲ့နှင်းမုန်တိုင်းထဲမှာ ကျမကိုကူညီကယ်တင်ခဲ့တဲ့ နှင်းနတ်သားလေးတစ်ယောက်ကိုတွေ့ခဲ့တယ်။အခု၂၀၀၉ရဲ့ဒီဇင်ဘာမှာတော့ နှင်းတွေကျမနေပေမယ့် လူသူတယောက်တလေမှမရှိတော့တဲ့ လေယာဉ်ကွင်းကြီးထဲမှာ ကျောချမ်းစရာညလည်ခေါင်ကြီးမှာ ကျမကိုအဖော်ပြုကယ်တင်ပေးတဲ့ နတ်သားလေးတစ်ပါးကို တွေ့နေရပြန်ပြီ။

Cab လေးကAlleghenyမြစ်ကိုဖြတ်ဆောက်ထားတဲ့တံတားပေါ်ဦးတည်လိုက်တော့ သူတို့ကျမကိုအရင်ပို့တော့မယ်လို့သိလိုက်တယ်။ကောင်လေးသွားရမယ့်ဟိုတယ်က အဲ့ဒီမြစ်ကိုဖြတ်စရာမလိုဘူးလေ။ကျမစိတ်ထဲကစိုးရိမ်စိတ်တွေ၊ဆန္ဒတွေကို သူတို့သိနေကြသလိုပဲ။

Pittsburgh Night

“မြို့ကလှလိုက်တာ”

အသံထွက်ရေရွတ်လိုက်တဲ့ကောင်လေးကိုကြည့်ရင်း ကျမစဉ်းစားမိတယ်။တကယ်ပဲဒီကောင်လေးဟာ ကျမတစ်ယောက်ထဲ လေယာဉ်ကွင်းမှာကြောက်ကြော်လန့်လန့်ကြောင်တိကြောင်တောင်ဖြစ်နေတုန်း အဖော်တစ်ယောက်လောက်ရှိရင်တော့ကောင်းမှာပဲလို့စိတ်ထဲက ကြိတ်ဆိုတောင်းနေတုန်း ခြေသံတဒေါက်ဒေါက်နဲ့ရောက်လာခဲ့တယ်။ပြီးတော့ သူသာရှိမနေရင ်ကျမဘုမသိဘမသိနဲ့မနက်၃နာရီထိစောင့်ရမှာ။အဲဒါကိုသိနေတဲ့အလားသူက shuttle bus companyကိုဖုန်းလှမ်းဆက်တယ်။ပြီးတော့yellow cabသမားနဲ့ ညှိပေးတယ်။ကျမဘာသာဆို ဘယ်လိုပြောရမှန်းမသိသလိုပြောရဲမှာလည်းမဟုတ်။ခုလည်းကြည့်။သူဆင်းသွားရင်လို့ တွေးပြီးစိတ်ပူနေတာကိုသိနေသလိုပဲ။ကျမကိုအရင်ပို့ပေးဖို့ ဒရိုင်ဘာကိုသူပြောလိုက်တာ။

သူဟာ၂၀၀ရတုန်းက ကျမတွေ့ခဲ့တဲ့နတ်သားလေးပဲ ကျမကိုကူညီဖို့ရုပ်ပြောင်းပြီးရောက်လာခဲ့တာလားလို့ ကလေးကလားတွေးမိသေးတယ်။အင်မတန်ဘေးကျပ်နံကျပ်အကူအညီလိုအပ်နေချိန်မှာ ရောက်လာကြတာကိုး။ပြီးတော့

“ဟိုတုန်းကနတ်သားလေးကို ကျမနာမည်လေးတောင်မမေးမိလိုက်ဘူး။ဒီကောင်လေးကိုတောပ နာမည်မေးလိုက်မှပါလို့တွေးပြီး ပါးစပ်ဟလိုက်တုန်း ကောင်လေးဖုန်းကမြည်လာတယ်။သူဖုန်းပြောပြီးမှ နာမည်မေးမယ်လို့စောင့်တုန်း ကားလေးကကျမအိမ်ရှေ့ရောက်လာတော့တယ်။ကျမကားပေါ်ကဆင်း၊အထုတ်အပိုးတွေချပြီး ကားလေးထွက်ဖို့ပြင်တော့မှ ကောင်လေးကဖုန်းကိုပိတ်လိုက်တယ်။ကျမအိမ်လှေခါးပေါ်တက်ဖို့ပြင်နေတုန်းမှာပဲ

သူထိုင်နေတဲ့နောက်ခန်းတံခါးလေးလျှောကနဲပွင့်သွားတယ်။သူကပြုံးရင်းလှမ်းအော်ပြောတယ်။

“အိပ်မက်လှလှမက်ပါစေ”

ကားကလေးဝေါကနဲထွက်သွားပြီ။ဒီတစ်ခါလဲ နတ်သားလေးရဲ့နာမည်ကိုကျမမသိလိုက်ရပြန်ဘူး။

ခက်မာ
မှတ်ချက်။  ။ မန္တလေးဂေဇက် ဧပြီလ-၂၀၁ဝ တွင်ပုံနှိပ်ဖေါ်ပြပြီးဖြစ်ပါသည်။

5 comments

  • zoxnet

    April 30, 2010 at 1:58 pm

    နောက်တစ်ခေါက်ဆို သတိထားဗျို့။ အဟဲ။

  • susunosuki

    May 1, 2010 at 1:53 pm

    ကျွန်တော်တို့ဆီမှာ အိန္ဒိယသားဆို မိန်းမတွေကသိပ်ကြောက်တာဗျ
    သူတို့က လက်ဆလဲပြင်းတယ် ပြောကြတယ်
    ကိုရွှေ အိန္ဒိယတို့ကလဲ ကိုယ့်ဂုဏ်ကို ကိုယ်ထိန်းသင့်ပါတယ်

  • jaryitt

    December 17, 2011 at 6:32 pm

    အော်………. ခုတော့လည်း တစ်စိမ်းတွေ လိုပါပဲလား…ဆရာမရယ်…. ။ မြန်မာ ပြည်က ကျွန်တော်တို့ကို မေ့ပြီပေါ့………

  • windtalker

    December 17, 2011 at 8:42 pm

    အူးကိုင် များ ဖြစ်နေမလား တော့ မသိ

  • naywoonni

    December 17, 2011 at 9:18 pm

    ဟင် …. သူက အင်ဒိယ က ဆေးကျောင်းသားလို့ ပြောတယ်ပေါ့………။ ချာမနဲ့ တိုင်မယ်……… ဒါဆို 😛 😛

Leave a Reply