စိန်ခေါ်မှုများနှင့် ရွှေ့ပြောင်း အလုပ်သမားဘဝ(၁)

စဆရ ႀကီးMay 5, 20111min1266

လွန်ခဲ့သော နှစ်၂ဝ ခန့်က မြန်မာနိုင်ငံသားများ နိုင်ငံရပ်ခြား၊ တိုင်းတစ်ပါးတွင် အလုပ် လုပ်ကိုင်ရန်သွားရောက်ကြပြီးနောက် ကျန်ရစ်သောမိသားစုဝင်များအား တစ်ဦးတစ်ယောက်၏ကောင်းမှုကြောင့် ရှိရင်းစွဲအခြေအနေမှ ပိုမိုမြင့်မားသောဘဝကို မြှင့်တင်ပေးနိုင်စွမ်းရှိခြင်းကြောင့်လည်းကောင်း၊ ရွှေရောင်စေတီပုထိုးများ ပေါများရာ Golden Land ဟု အမည်သမုတ် ခေါ်ဝေါ်ခြင်းခံရသော နိုင်ငံသားများဖြစ်ခြင်းကြောင့် ရေ/မြေခြားအရပ်တွင် မိမိလူမျိုးအချင်းချင်း ညွှန်းဆိုခေါ်ဝေါ်ကြသည်မှာ “ရွှေ”ဟု ဖြစ်သည်။ နိုင်ငံခြားပြန်ဆိုသူများမှာ ဆင်းရဲသားဝါဒီ အနုပညာရှင်များကြားတွင် လူဆိုးကြီးတစ်ဦးပမာ မကောင်းတာ အကုန်လုပ်ခွင့်ရနေသော ငွေကြေးချမ်းသာကြွယ်ဝသူများအဖြစ်နှင့်သော်လည်းကောင်း၊ ဘွဲ့လက်မှတ်၊ သင်တန်းဆင်းလက်မှတ်ပေါင်းစုံကိုင်ကာ ရလိမ့်နိုးနိုးထင်သောအလုပ်များကို အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများတွင် လိုက်လံရှာဖွေနေသူများအတွက် မဟာ့ မဟာ သူရဲကောင်းကြီးများအဖြစ်လည်းကောင်း၊ မိမိတို့၏ သမီးများအား နောင်ရေးစိတ်အေးချင်သဖြင့် အားကိုးစရာ သမက်လောင်းရှာဖွေကြသော မိဘများစိတ်ကူးတွင် နံပါတ်(၁)နေရာ ပေးခြင်းခံရသူများအဖြစ်နှင့် အတော်လေးပင် ကျော်ကြားခဲ့ကြဖူးသည်။

ယနေ့အချိန်တွင်မူ…..?

(၁)

ကျွန်တော် နိုင်ငံခြားတွင် သွားရောက် အလုပ်လုပ်ကိုင်ရန် ဆုံးဖြတ်လိုက်ပါသည်။ လက်ရှိလုပ်ကိုင်နေသော Graphic Designer ဘဝသည်ကား ရင်းနှီးမြှုပ်နှံရသည့်အချိန်များ များပြားသလောက် ရရှိသည့် အကျိုးအမြတ်မှာ အတော်ပင်နည်းလှသည်။ လွန်ခဲ့သော ရ နှစ်ခန့်က P4 ကွန်ပျူတာတစ်လုံး၏တန်ဖိုးသည် ၃ သိန်းကျော်ခန့် တန်ပေသည်။ ထိုစဉ်က ရွှေဈေးနှင့် လက်ရှိငွေကြေးတန်ဖိုးကို တွက်ကြည့်မည်ဆိုလျင် လွန်စွာမှပင်များပြားလှသော တန်ဖိုးတစ်ခုဖြစ်ပေသည်။

အသိတစ်ယောက်၏ မိတ်ဆက်ပေးမှုအရ ၃ရ လမ်းအတွင်းရှိ အခန်းကျဉ်းကျဉ်းလေးတွင် ဆိုင်ဖွင့်ထားသော ကိုကျော်သူထံတွင် အလုပ်သင်အနေနှင့် ဝင်လုပ်ဖြစ်သည်။ များသောအားဖြင့် Moon Bakery၊ RV Center တို့မှ ဒီဇိုင်းများရေးဆွဲပေးရခြင်း၊ Soul Studio မှ ပုံများကို ပြန်လည်ပြုပြင်တည်းဖြတ်ပေးရသည့် အလုပ်သက်သက်သာဖြစ်သည်။ ဟုမ်းလမ်းရှိ Sun ကာလာခွဲတို့တွင် ဖလင်များအပ်၊ လမ်း ၄ဝ ရှိ ပုံနှိပ်တိုက်တွင်အပ်ခြင်းနှင့် ၃၄ လမ်းတွင် ပုံများအား ပလတ်စတစ်လောင်းခြင်းတို့သည်သာ ကျွန်တော်၏ မယ်မယ်ရရ ပြစရာ အလုပ်ဖြစ်လေသည်။ ကိုယ်ပိုင်ဒီဇိုင်းအနည်းငယ်မျှသာ ဆွဲရပြီး များသောအားဖြင့် လိုအပ်သည်များကို ကူညီခြင်းသက်သက်သာဖြစ်သည်။ ဆူးလေမှ အိမ်ပြန်ချိန်တွင်မတော့ နေ့စဉ်မိုးချုပ်လေ့ရှိသောကြောင့် ပုံမှန် ၁၀ဝ တန်ခရီးစဉ်အား ၂၀ဝ ဖြင့်ပြေးဆွဲပေးသည့် ၉ရ ကို အတင်းလုယက်တိုးဝှေ့ရပြန်သေးသည်။ ထိုအချိန်တွင် လူတိုင်းကိုယ်စီ၏ မျက်ဝန်းများတွင် အသက်ကြီးသူ၊ ငယ်ရွယ်သူ၊ သားသည်အမေ၊ အမျိုးသမီး မည်သို့မျှ ခွဲခြားခြင်းမရှိတော့ဘဲ အိမ်စောစောပြန်ရောက်ရေးအတွက်သာ အတင်းလုယက်တိုးဝှေ့တက်နေသော အရွယ်ပေါင်းစုံတို့အား မြင်ရတိုင်း သက်ပြင်းမောကြီးတစ်ချက်သာ ချနိုင်ပါသည်။ ကျွန်တော်သည်လည်း သူတို့ထဲမှ လူတစ်ယောက်ပေပဲမို့ သူတို့နည်းအတိုင်းပင် အိမ်ပြန်ချိန်တိုင်း ကြိုးစားအားထုတ်ခဲ့ရသည်ချည်းသာဖြစ်သည်။

ထိုကဲ့သို့ပင် သွားလာလုပ်ကိုင်ရင်းနှင့် တစ်နေ့တွင်မတော့ ကျွန်တော်သည်လည်း အိမ်မက် မက်နေရာမှ အသိလေးတစ်ချက်ဝင်လာမိသည်။ ၃ရ လမ်းရှိ တစ်ခါပြင် ၃၀ဝ တန်ထမင်းဆိုင်တွင် စားနေရင်းနှင့် ကုန်သည်လမ်းတစ်လျှောက်တွင် ဖြတ်သန်းသွားလာနေသော အရောင်မျိုးစုံကားများ၊ မိန်းမလှလေးများ၊ လူပေါင်းများစွာကို ကြည့်ရင်းနှင့် ကိုယ့်ဘဝကိုယ်သုံးသပ်လေ့လာကြည့်ရာ မျှော်လင့်စရာ တစ်စက်မှ မရှိပါလားဟု ဖြစ်သည်။ နောက်ပြန်လှည့်ကြည့်သောအခါတွင် မိမိအားထောက်မှီပေးမည့်သူမရှိ၊ ရှေ့မျှော်ကြည့်သောအခါတွင်လည်း အနာဂါတ်လမ်းမမြင်နှင့် ထိုနေ့မှစတင်ကာ နိုင်ငံခြားသွားလျင် ကောင်းလေစွဟု စဉ်းစားမိပြီးသည့်နောက်တွင်မတော့ ကျွန်တော့်၏ ပြည်ပအလုပ်သမားဘဝခြေလှမ်းကို စတင်လှမ်းခဲ့တော့သည်။

(၂)

နေ့စဉ်ဖြတ်သန်းသွားလာနေကျ ပန်းဆိုးတန်းလမ်းမပေါ်တွင် နိုင်ငံခြားသွားရန်အတွက် အလုပ်များလျက်ရှိကြသော သူများအား တစ်ချိန်က ကျွန်တော်သည် လှောင်ပြုံး ပြုံးနေကျဖြစ်သည်။ ကိုယ့်နိုင်ငံမှာကိုယ်မလုပ်စားဘဲ နိုင်ငံခြားဆိုတာကို အထင်ကြီးနေကြသူများဟု ဖြစ်သည်။ ယခုတွင်မတော့ ကျွန်တော်သည် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကြီးအတွင်းရှိ လှေကားထစ်များတွင် မိမိရှေ့ရှိ လူတန်းရှည်ကြီးကို စိတ်မသက်သာစွာကြည့်ရင်း ချွေးတစ်လုံးလုံး၊ စိတ်ပျက်လက်ပျက်ဖြင့် ရှိနေပေသည်။ ထိုပုံကြီးဖြင့် ဖြစ်သလိုရိုက်ထားသော ဓါတ်ပုံသည်ကား နိုင်ငံကူးလက်မှတ်အတွင်းတွင် ယနေ့တိုင်အောင် ကျက်သရေတုံးစွာဖြင့် ရှိသေးသည်။ လေဆိပ်တိုင်းတွင် လူနှင့် Passport အား တိုက်ဆိုင် စစ်ဆေးတိုင်း ထိုပုံနှင့် မတူ တူအောင်လုပ်ပြမှပင် လျှောလျှောလျူလျူဖြတ်သန်းရသည်။ ထိုမျှပင်ခန့်ညားချောမောသော ပုံပင်ဖြစ်လေသည်။

အလုပ်အကိုင်ရှာဖွေရေးပေါင်းများစွာကို လိုက်လံစုံစမ်းမေးမြန်းရင်းနှင့်ပင် သူငယ်ချင်းတစ်ယောက်၏ အမြှူဆွယ်ကောင်းမှုကြောင့် ပန်းဆိုးတန်းလမ်းတွင်းရှိ နာမည်နှစ်လုံးဖြင့် ပြည်ပလုပ်စားခွင်ရှာဖွေရေး တွင် အင်တာဗျူးဝင်ခဲ့ရာ ပထမဆုံးအကြိမ်မှာပင် အောင်မြင်ခဲ့လေ၏။ ငယ်စဉ်က ရယူခဲ့သော လျှပ်စစ်ကျွမ်းကျင်လက်မှတ်တစ်ခုကြောင့် အခက်အခဲမရှိ လျှပ်စစ်ပြင် အလုပ်သမားဖြင့် စလုံးသို့ ထွက်လာခဲ့ရသည်။ မသွားခင် တစ်လအလိုကပင် ဟိုစဉ်က အခေါ်အပြောမရှိခဲ့သော လူများပင် လမ်းတွေ့လျင် ပြုံးပြနှုတ်ဆက်ကြတော့သည်။ အမျိုးများဆိုလျင်တော့မူကား ဆိုဖွယ်ရာပင် မရှိတော့ပြီ။ ကျွန်တော့်မှာ အတော်ပင် မျက်နှာပွင့်ခဲ့ပါ၏။ သွားရောက်သောနေ့တွင်တော့မူကား Townace Light Truck တစ်စီးဖြင့်ပင် လိုက်လံပို့ဆောင်ပေးသူများအား ခေါ်ဆောင်ရသေးသည်။ (ပြန်လာချိန်နှင့် လားလားမျှပင် မဆိုင်ပေ)

(၃)

Jet Star လေကြောင်းလိုင်းပိုင် လေယာဉ်ပေါ်တွင် ကျွန်တော်တို့အဖွဲ့သည်ကား အညာမှ ဘုရားဖူးတက်လာသူများပမာ ပြတင်းပေါက်မှ မြင်နေရသမျှတိုင်းကို အံ့အားသင့်စွာ ငေးမောကြည့်ကြရင်း ကျယ်လောင်စွာ ရယ်မောပြောဆိုနေကြသဖြင့် အခြားခရီးသည်များက လှည့်လှည့်ကြည့်တိုင်း ပြန်ပြန်ပြုံးပြနေရသည်မှာ လေယာဉ်ပေါ်မှ ဆင်းသောအခါ ပါးများပင် အတော်ညောင်းနေပြီဖြစ်သည်။ ထိုစဉ်ကတွေးမိသည်မှာ ငါတို့ကို မြန်မာတွေမှန်းသိလို့ သူတို့တွေ စိတ်ဝင်စားနေကြရှာတယ်ဟု ကြံဖန်ပင် ဂုဏ်ယူခဲ့မိသည်။ ထိုမျှပင် ခေတ်မှီခဲ့ကြသော ကျွန်တော်တို့အဖွဲ့ဖြစ်သည်။ ပြောရလျင် ၁၆ ယောက်သာရှိသောအဖွဲ့တွင် မြို့ပေါင်း ၁၂ မြို့ခန့်မှ လူများဖြစ်နေခြင်းကြောင့်လည်း ဖြစ်မည်ထင်ပါသည်။

ထိုနေ့က မိုးတွေဖွဲဖွဲလေးရွာနေပါသည်။ ကြီးမားကျယ်ဝန်းလှသည်ဟုဆိုသော နာမည်ကြီးချန်ဂီလေဆိပ်တွင်လေယာဉ်ပေါ်မှ လေဆိပ်ပြင်ပသို့ထွက်ခွာလာရာ စုစုပေါင်း ၁၅ မိနစ်ခန့်သာကြာပါသည်။ မြန်မာနိုင်ငံတွင် လေဆိပ်ထဲတွင် တစ်နာရီနီးပါးမျှ ဖြတ်သန်းခဲ့ရသဖြင့် အံ့အားသင့်ရသေးသည်။ ဪ… စင်္ကာပူက ဝန်ထမ်းတွေက အလုပ်ကို ပြီးစလွယ်လုပ်ကြတာပဲ၊ ကြပ်ကြပ်မတ်မတ်မလုပ်ကြပါလားဟု တွေးမိသည်။

လေဆိပ်မှအထွက်တွင်မတော့ India တစ်ယောက်မှ ပြုံးပြနေပြီး ကျွန်တော်တို့အား လာရောက်ကြိုဆိုနေသည်။ စာရွက်စာတမ်းများ၊ Passport များအား သိမ်းဆည်းသွားပြီးနောက်တွင်မတော့ ထိုသူမှ ကားသွားယူဦးမည်ဟုဆိုကာ အတော်ကြာသည်ထိ ပေါ်မလာပေ။ မမှုပါ၊ ကျွန်တော်တို့အဖွဲ့သည် ၁၆ ယောက်တောင် ရှိပေသည်မို့လား။ လာရောက်ကြိုဆိုကြသော ကားများ အသီးသီးထွက်သွားသည်ကို ငေးကြည့်ရင်းနှင့် အချင်းချင်းပြောဆိုမိကြသည်မှာ လူဦးရေများသဖြင့် လာကြိုသည့်ကားများမှာ အတော်လေးများနေသဖြင့် နောက်ကျနေခြင်းပင်ဖြစ်လိမ့်မည်ဟုပင်။ ၁၆ ဦးရှိသည့်အတွက် စုစုပေါင်း ၄ စီးခန့်လာရပေမည်။ ကျွန်တော်တို့မှာ ဆလွန်းကားတစ်စီးဝင်လာလိုက်၊ ကိုယ့်များလာကြိုသည့်ကားများဖြစ်လေမလားဟု မျှော်လင့်တကြီးကြည့်လိုက်နှင့် ကားများပင် အတော်လေးရှားသွားပေပြီ။

ထိုအချိန်တွင် Lorry ကားတစ်စီးမောင်းလာသည်ကိုတွေ့ရရာ အားလုံးမှာ ဂရုမစိုက်ဘဲ စကားသာများလျက်ရှိကြသည်။ ကျွန်တော်တို့အဖွဲ့ရှေ့တွင် ထိုကားရပ်လိုက်သဖြင့် ဘာများလဲဟု ဝိုင်းပြီးစူးစမ်းကြည့်လိုက်ရာမှ ခေါင်းခန်းအတွင်းမှ ကျွန်တော်တို့အား လာရောက်ကြိုဆိုသော India အား တွေ့လိုက်ရတော့သည်။ ထိုအခါမှ အဖြစ်မှန်ကို သဘောပေါက်ပြီး လေဆိပ်အတွင်းမှ ခပ်ရှက်ရှက်ဖြင့်ပင် ကားပေါ်သို့ အထုပ်အပိုးများအပြေးအလွှားတင်ကာ မျက်နှာမပြရဲအောင်ပင် ဖြစ်ရတော့သည်။

ကြိုဆိုပုံ သင်းလှပါသော ပြည်ပ အလုပ်သမား ဘဝပင် ဖြစ်တော့သည်။

(၄)

လမ်းပြောင်းပြန်မောင်းနေသော ကား၏နောက်တွင် အသည်းတယားယားဖြင့် ထိုင်လိုက်လာရင်းနှင့်ပင် ကျယ်ဝန်းချောမွေ့လှသော ၈ လမ်းသွား လမ်းမကြီးထက်တွင် ဖြတ်သန်းမောင်းနှင်နေသော အမျိုးအမည် ခေါ်ဝေါ်ရန်မတတ်နိုင်သည့် ကားအသစ်အဆန်းများကို ငေးမောကြည့်ရင်းနှင့် မြို့ပြတိုက်တာ အဆောက်အဦးများကိုမြင်ရသောအခါ ပျော်ရွှင်ခြင်းများ ပြန်လည်ဖြစ်ပေါ်လာတော့သည်။ မြို့တော်ရန်ကုန်ကြီးနှင့် မဆိုင်ရေးချ မဆိုင်ပေ။ ယခုကဲ့သို့သော နိုင်ငံတွင် နေထိုင်ရတော့မည်ဟုတွေးကာ ကြည်နူးပီတိ ဂွမ်းဆီထိသည့်အလား ခံစားမိတော့သည်။

ထိုကဲ့သို့ ကြည့်နေရင်း၊ ကြည့်နေရင်းနှင့်ပင် တိုက်တာများမှာ တစ်ဖြည်းဖြည်းကျဲပါးလာတော့သည်။ ကျွန်တော်တို့လူတစ်သိုက်အား သယ်ဆောင်လာသည့် Lorry ကားကြီးမှာ သွားမြဲသွားလျက်ပင် ရှိသေးသည်။ အံ့အားသင့်ခြင်း များစွာ ဖြစ်မိလာတော့သည်။ ထိုအချိန်က စဉ်းစားမိသည်မှာ ကျွန်တော်တို့အား စ လုံးတွင် အလုပ်ရမည်ဟု လိမ်လည်ကာ မလေးရှားသို့ ခေါ်ဆောင်သွားသည်ဟု ထင်မိတော့သည်။ အချိန်အတော်လေးကြာသောအခါ ဘေးပါတ်ဝန်းကျင်တွင် တောအုပ်ထူထူများကိုသာ မြင်ရတော့သည်။ ကျွန်တော်တို့နေထိုင်ရမည့် နေရာသို့မရောက်သေးပေ။ မကြာမှီကာလမှာပင် သချင်္ိုင်းကုန်းတစ်ခုကို မြင်ရသောအခါတွင်မတော့ ကားပေါ်တွင် အတော်လေးအသံကျယ်လောင်လာတော့သည်။ ဆူညံပွက်လောရိုက်နေကြပြီဖြစ်သည်။ ထိုနေရာအား ကျော်လွန်သွားပြီးနောက်တွင်မတော့ ကားသည် တောအုပ်တစ်ခုအတွင်းသို့ ရုတ်ချည်းချိုးဝင်လိုက်တော့သည်။

(၅)

အနည်းငယ်မျှကြာသောအခါ တောအုပ်အတွင်းမှ ဆူညံ ဆူညံအသံများကို ကြားရတော့သည်။

အံအားသင့်စရာပင်၊ ၃ ထပ်အဆောက်အဦးများ၊ တစ်ထပ်တန်းလျားရှည်များကို ခြံစည်းရိုးခတ်လျက်၊ လုံခြုံရေးအစောင့်အကျပ်များနှင့် တွေ့ရတော့သည်။ ယခုကဲ့သို့သော တောအုပ်အတွင်းတွင် လမ်းမမှ လှမ်းကြည့်လျင် အလွယ်တကူမမြင်နိုင်စေရန် ဆောက်လုပ်ထားသည့်အပြင် ရ ပခန့်အမြင့်ရှိ သံပြားများဖြင့် ခြံစည်းရိုးပင်ခတ်ထားသေးသည်။

ကျွန်တော်တို့ နေထိုင်ရမည့် သာစွဌာနေ Limchukang ရှိ အဆောင်သို့ ရောက်ရှိခဲ့ပါပြီ။

ကားပေါ်မှ အထုပ်အပိုးများကို ဆွဲချနေသည့် ကျွန်တော်တို့ လူတစ်သိုက်အား အဆောင်ပေါ်မှ ဝိုင်းအုံကြည့်ရှူနေသည့် ဖြူဖြူမဲမဲ၊ ပုပုရွရွ များပြားလှသော လူများအားကြည့်ရင်းနှင့် ရင်ထဲတွင် ဝမ်းနည်းစွာ ရေရွတ်မိလေတော့သည်။

ဪ….
ဒါ.. နာမည်ကြီးလှတဲ့ စင်္ကာပူဆိုတဲ့ မြို့ကြီးပါလားကွယ်… ဟု ယူကြုံးမရ တီးတိုးရေရွတ်မိပါတော့သည်။

ကျွန်တော်၏ ပြည်ပအလုပ်သမားဘဝကို ထိုနေ့မှာပင် စတင်ခဲ့လေတော့သည်။

6 comments

  • ဆူး

    May 6, 2011 at 9:43 am

    နောက်နေ့ ဆက်တင်မဲ့ အတွေ့အကြုံတွေ စောင့်နေတယ်နော်။

  • nozomi

    May 6, 2011 at 10:28 am

    ကို ရှုံး ..လူ ကျွန်တော်လဲ စောင့်နေတယ် (ဖတ်ဘို့)

  • MaMa

    May 6, 2011 at 1:02 pm

    တကယ့် ကိုယ်တွေ့အဖြစ်အပျက်တွေ ထင်တယ်။ အရေးအသားလည်း ကောင်းတယ်။ အချက်အလက်လည်း ခိုင်မာတယ်။ ဗဟုသုတလည်း ရစေတယ်။ ပိုစ့်ကောင်းလေးတစ်ခုပါပဲ။ စောင့်မျှော်အားပေးလျှက် ရှိပါကြောင်း။

  • myomyowai09@gmail.com

    May 11, 2011 at 5:14 am

    ဖတ်လို.အရမ်းကောင်းပါတယ်။ဆက်ဖတ်ဖို.စောင်.နေမယ်။

  • kai

    May 11, 2011 at 8:39 am

    ဇတ်ကြမ်းကြီးပဲဖြစ်နေမှာမို ့..
    သဘောကျတဲ့ ချောနှမတွေအကြောင်းလည်း ထည့်ရေးပါဗျို ့…။ 🙂

  • meelay

    May 11, 2011 at 10:09 am

    နောက်အပိုင်းတွေကို စောင့်နေပါတယ် … 🙂

Leave a Reply