“မင်္ဂလာအစ မင်္ဂလာ အလယ် မင်္ဂလာအဆုံး”

“ မင်္ဂလာအစ ………….. မင်္ဂလာအလယ်………မင်္ဂလာအဆုံး………….”
လူတွေရဲ့စိတ်ကို ညွှတ်နူးစေတဲ့အထဲမှာ သီချင်းလေးတွေလဲပါ ပါတယ်။
အထူးသဖြင့် တိတ်ဆိတ်နေတဲ့ ညမျုးိ မှာ ဟိုးဝေးဝေးကနေခပ်သဲ့သဲ့လေးကြားနေရတဲ့သီချင်းသံလေးတွေက
စိတ်ကို ပိုကြည်နူးစေ လွမ်းဆွတ်စေတတ်ပါတယ်။
နံနက်ခင်းများမှာဆိုရင်လဲ ကျက်သရေ မင်္ဂလာရှိတဲ့ စာသား သာယာနာပျော်ဘွယ်ကောင်းတဲ့သံစဉ်နဲ့
ဖွဲ့တည်ထားတဲ့ သီချင်းလေးများကို ကြားရတယ်ဆိုရင် စိတ်ထဲမှာ ပိုလို့ ကြည်လင်လာသလိုပါဘဲ။
ဟိုငယ်ငယ် ရေဒီယိုခေတ်ကတော့ နံနက်ခင်းတေးသံသာ ရေဒီယိုလာမှာဘဲကြားရတတ်ပါတယ်။
မြန့်မာအသံက စလွှင့်တဲ့အချိန်ကတော့ မနက် (7)နာရီပါဘဲ။
နောက်ပိုင်းဓါတ်စက်တွေ ရီကော်ဒါတွေ ပေါ်လာပေမယ့်လဲ အများစုသုံးနိုင်တဲ့ပစ္စည်းများမဟုတ်ပြန်ပါဘူး။
နောက်ပိုင်းမှာတော့ ကက်ဆက်ဆိုတာပေါ်လာတော့ အိမ်တော်တော်များများကနေ သီချင်းသံလေးတွေကြားလာရပြန်တယ်။
ဒါပေမယ့်လဲ 2000ခုနှစ်နောက်ပိုင်း VCD ခေတ်မှာတော့ တရုပ်ပြည်ဖြစ်စက်တွေက လူတိုင်းသုံးနိုင်လောက်တဲ့
ငွေပမာဏဆိုတော့ အိမ်တိုင်းစေ့လောက် ဝယ်နိုင်ကြပါတယ်။
ဒီတော့ လဲ နေ့နေ့ ညည သီချင်းသံလေးတွေက လေထဲမှာပျံ့လွင့်လို့နေတတ်ပါတယ်။

အခုနောက်ပိုင်း ရေဒီယိုခေတ်တစ်ပါတ်ပြန်လည်လာတဲ့အခါမှာတော့ သီချင်းသံက အချိန်မရွေးကြားလာရပြန်ပါတယ်။
ရေဒီယိုအသေးစားလေးတွေကလဲ သယ်ဘို့လွယ် ဝယ်ဘို့ကလဲ ကျပ်ထောင်ဂဏန်းဆိုတော့
လူတော်တော်များများလက်ထဲမှာ ရေဒီယိုလေးတွေရှိနေပြန်ပါတယ်။
မနက်ပိုင်းကျန်းမာရေးအတွက်လမ်းလျှောက်ထွက်တဲ့လူတွေထဲက ရေဒီယိုနားထောင်ဘို့ဝါသနာပါသူများကလဲ
လက်ထဲမှာရေဒီယိုလေးကိုင်လို့ ကိုယ်နားထောင်ချင်တာကို နားထောင်ရင်း လမ်းလျှောက်ရတာ အရသာတစ်မျိူးပါ။
တစ်ရက်လမ်းလျှောက်လာရင်း သုမောင်ရဲ့ “မင်္ဂလာဦးမှာ”ဆိုတဲ့သီချင်းလေးကို ကျက်သရေရှိစွာကြားလိုက်ရပါတယ်။
သိပ်မကြာခင် မှာဘဲ အငြိမ့်ခန်းတစ်ခုမှာ “နေတိုး” မပီ့တပီနဲ့ဟာသလုပ်ဆိုသွားတဲ့
“လူကြီးတွေလဲ ဖိတ်ကြားမယ် တရွာလုံးကိုလဲဖိတ်ကြားမယ်” စာသားပါတဲ့ မြန်မာ့ ကျေးလက်အဆိုတော်ကြီး
တွံတေးသိန်းတန်ရဲ့မောင်ဒေါနနဲ့ကွမ်းတောင်ကိုင် သီချင်းသံလေးကို လွမ်းစဖွယ်ကြားလိုက်ရပါတယ်။

ဆက်လမ်းလျှောက်လာရင်း ကရဝိက်ကြီးနားက မမြလေးဘုရားအလွန်မှာ တောင်ဘက်ကနေလာတဲ့
ကားအဖြူလေးက ကိုယ့်နားဘေးနားကို ရှောကနဲရပ်လိုက်တော့ ဗြုန်းဆို လန့်သွားပါတယ်။
နောက်ကားတံခါးပွင့်လာပြီး “ကိုပေါက်”လို့ခေါ်သံကြားမှ မတွေ့တာအတော်ကိုကြာနေတဲ့ “ခင်မျုးိသွယ်”
ဖြစ်နေပါတယ်။
သူက ကားဘက်လှည့်ပြီး “သမီး ဆင်းအုံး”လို့လှမ်းပြောလိုက်တော့ အသားနည်းနည်းညိုပေမယ့်
ကြည်လင်ဝင်းပနေတဲ့မျက်နှာလေးနဲ့ အသက် (၂၀)လောက်ရှိမယ့်
ကလေးမလေးတစ်ယောက်ဆင်းလာပါတယ်။
မျက်နှာဝိုင်းဝိုင်း ကိုယ်လုံးလေးက ခပ်ပြည့်ပြည့် “ခင်မျုးိသွယ်” ငယ်ငယ်က အတိုင်းပါဘဲ။
“ကိုပေါက် ဒါ ကျမရဲ့တစ်ဦးတည်းသော သမီးလေးလေ…….ယဉ်မျုးိသွယ် တဲ့”
“သမီး မှတ်ထားနော် ဒါ မေမေတို့နဲ့ဟိုးရှေးရှေးကတည်းက ခင်ခဲ့တဲ့ မေ့မေ့ အချစ်ဆုံးသူငယ်ချင်း”
“ အခုမုံရွာမှာဘဲလား” လို့ကျနော်က မေးတော့
“ဟုတ်ဘူး ကိုပေါက် စစ်ကိုင်းပြန်နေတာ တစ်နှစ်ကျော်ပြီ ကိုပေါက်နဲ့သာမတွေ့လို့ရယ်၊
အရင်အိမ်ဘဲ လာခဲ့အုံးလေ မေမေက စကားစပ်မိတိုင်း ကိုပေါက်ကို သတိတရနဲ့မေး မေးနေတာရယ် “
“ အေး ဟ ငါကလဲ နင်တို့ မရှိဘူးဆိုပြီး ဝင်မလာတာရယ်၊
စစ်ကိုင်း ကိုတော့ မကြာမကြာရောက်တယ် “
“ ကိုပေါက် နောက်မှတွေ့မယ် ပုသိမ်ကြီးမှာ သမီးအလုပ်ကိစ္စချိန်းထားတာရှိသေးတယ်၊ အိမ်လာခဲ့ ညအိပ်လာရင်ပိုကောင်းမယ် အေးအေးဆေးဆေး စကားပြောကြတာပေါ့ “
ပြောပြောဆိုဆို နဲ့ သွား မယ်ဆို ပြော တော့ သူ့သမီးလေးက
“ ဦးဦး သမီးတို့သွားလိုက်ပါအုံးမယ်ရှင့် “ဆိုပြီး ယဉ်ယဉ်ကျေးကျေးလေးနုတ်ဆက်ပြီး
ကားပေါ်ကိုပြန်တက်သွားပါတယ်။
ကျွန်တော်က တောင်ဘက်ကို လမ်းဆက်လျှောက် သူတို့ကမြောက်ဘက်ကို ကားနဲ့ဆက်အသွား
စိတ်အတွေးတွေကတော့ ဟိုး…………………….ကျန်ခဲ့တဲ့ အတိတ်ဆီကို အလည်ပြန်ရောက်သွားပါတယ်။

ကျွန်တော် ပုဂ္ဂလိက စက်ရုံမှာအလုပ်လုပ်နေတုန်းက ခင်မျိုးသွယ်နဲ့ ကျွန်တော်က ဌာနမတူပေမယ့်
အလုပ်အသွားအပြန်ဆုံနေကျ အတူပြန်နေကျပေါ့။
သူက စစ်ကိုင်းကနေ မန်းလေးကို အလုပ်နေ့တိုင်းလာ။
စစ်ကိုင်းကနေမနက်စောစောထလိုင်းကားစီးပြီး လာ ၊
29လမ်း ရုံတော်ကြီးနားမှာဆင်း အမှတ်(10)ကားဆက်စီးပြီး ဈေးချို ကနေ ပြီးမြောက်ပြင်မှာရှိတဲ့ စက်ရုံကိုသွားရပါတယ်။
ကျွန်တော်က25လမ်းကျုံးဒေါင့်မှာနေတော့84လမ်းဈေးချိုနာရီစင်နားက်ိုလာပြီးစောင့်စီးတော့
သူနဲ့နေ့တိုင်းဆုံပါတယ်။
အဲတော့ လဲ တစ်ယောက်မလာသေးရင် တစ်ယောက်စောင့်ပြီး ဘတ်စကားအတူစီးတဲ့အထိ ခင်မင်ကြပါတယ်။
သူကကျွန်တော့်ထက် 2 နှစ်လောက်တော့ကြီးပါတယ်။
သူ့မိဘတွေက စစ်ကိုင်းဈေးထဲမှာ အထည်ဆိုင် ဖွင့်ထားသလို ယက္ကန်းစက်လဲ တောင်မြို့မှာထောင်ထားပါးတယ်။
သူက ဓါတုဗေဒနဲ့ကျောင်းပြီးတော့ အရည်အသွေးထိန်းသိမ်းရေးဘက်မှာတာဝန်ကျ ကျနော်ကတော့ သာမန်အောက်တန်းစာရေးလေးပေါ့။
သူ့အိမ်က ဒီအလုပ်လုပ်တာ သဘောမကျပါဘူး။
မနက်အိမ်ကထွက် ညနေမိုးချုပ်မှာပြန်လာ အိမ်အလုပ်ကိုဘာမှလဲမကူနိုင်
သူရတဲ့လခကျတော့လဲ ဘတ်စကားခနဲ့ကုန်တာကိုးဗျ။
သူသာ အိမ်ကမိသားစုအလုပ်ကိုလုပ်မယ်ဆိုရင်မိဘတွေက ဆိုင်ကိုသူနဲ့ထား
တရားရိပ်သာသွားလို့အေးအေးဆေးဆေးနေချင်ကြတာပါ။
နောက်ပြီး သူ့ကို အိမ်ထောင်ကျစေချင် ခက်ပြန် တာက သူကလဲ အပျိုကြီးစတိုင်ခပ်တည်တည်နဲ့နေတော့ သူ့ကို ဘယ်သူမှလဲမစရဲ ဖြစ်နေပါတယ်။
သားနဲ့သမီးနှစ်ယောက်ထဲရှိတဲ့အိမ်မှာ သားက အဝေးမှာဆိုတော့ ဒီသမီးလေးကိုစိတ်ချလောက်တဲ့သူနဲ့အိမ်ထောင်ချပေး သူတို့နဲ့အတူနေ အိမ်အလုပ်တွေဦးစီးစေချင်ပါတယ်။

အဲလိုနေရင်း ကျွန်တော်က အဲဒီစက်ရုံကထွက်ပြီး ကျွန်တော်ဝါသနာပါတဲ့ တေးသံသွင်းလုပ်ငန်းကိုပြောင်းသွားတော့ နေ့စဉ်မတွေ့ဖြစ်တော့ပါဘူး။
ဒါပေမယ့် သူ့နဲ့ကျွန်တော်အဆက်အသွယ်တော့ မပြတ်ပါဘူး။
သူတို့အိမ်မှာ ဘာလေးလုပ်လုပ် ကျွန်တော့်ကိုဖုန်းဆက်ပြီးခေါ်စမြဲပါ။
ကျွန်တော်အလုပ်ပိတ်တဲ့ဥပုဒ်နေ့မျိုးဆိုရင်ညနေ သူ အလုပ်က အပြန်ကားဂိတ်ကသွားစောင့်
လက်ဖက်ရည်ဆိုင်မုန့်ဆိုင် အတူထိုင်စကားပြောပြီးမှ သူ့ကို စစ်ကိုင်းကားပေါ်တင်ပေးလိုက်ပါတယ်။
အဲလိုနောက်ကျတယ်ဆိုရင် သူ့အိမ်ကလဲ ကျနော်နဲ့သွားလာနေလို့ဆိုတာကို သဘောပေါက်ပြီးသားပါ။
ကျွန်တော်အလုပ်ပိတ်ရက်နဲ့သူ့ရုံးပိတ်ရက် တနင်္ဂနွေနေ့လိုဆုံရင ်ကျွန်တော်က အဖိတ်နေ့ညကတည်းက
သူတို့အိမ်ကို လိုက်သွားပြိး ဟိုမှာညအိပ်ပါတယ်။
သူနဲ့စစ်ကိုင်းဘက်က ဘုရားတွေသွားပြီးလည်ကြပါတ်ကြ သူတို့အိမ်က စက်ဘီးကိုကျွန်တော်ကနင်း
နောက်က ကယ်ရီယာမှာသူကထိုင်ပေါ့။
နောက်အလုပ်ဖွင့်တဲ့နေ့မှ အတူပြန်လာကြပေါ့။
နောက် သူ့အဖေနဲ့ကျွန်တော်က အင်္ဂလိပ်စစ်တုရင်ထိုးတာ ဝါသနာတူတယ်လေ။
အဲလိုနေရင်းက တစ်နှစ်လောက်အကြာမှာ သူတို့စက်ရုံကို အင်္ဂျင်နီယာအသစ်တွေရောက်လာပါတယ်။
တိုတိုပြောရရင် ဇော်မျုးိအောင် ဆိုတဲ့သူက အိပ်ပျော်နေတဲ့ သူ့နှလုံးသားကို အပိုင်သိမ်းလိုက်နိုင်ပါတယ်။
အားလုံးက အံ့တွေဩလို့ပါ။
ကျွန်တော်နဲ့သေချာပေါက်လို့ သတ်မှတ်ထားတာကိုး။
နာမယ်ကြိးထမင်းငတ်ပေါ့။
ဒါပေမယ့် အားလုံးက မသိတာက ကျွန်တော်တို့နှစ်ယောက်က စိတ်ထဲမှာတကယ့် မောင်နှမလို ပါဘဲ။
တစ်ယောက်ကိုတစ်ယောက်ဘယ်လိုမှ မရိုးသားစိတ်တွေမရှိတာအမှန်ပါဘဲ။
သူနဲ့ဘယ်လောက်ဘဲ နီးနီးကပ်ကပ်နေနေ စိတ်ထဲမှာကတော့ ဘာမှမထူးခြားပါဘူး။

ကျွန်တော့် ကိစ္စတွေ ပါတ်သက်သမျှကောင်မလေးတွေ အကြောင်းသူ့ကို အကုန်လုံးပြောပြ
ကျွန်တော့်ရီးစားအကြောင်းတွေဖြစ်တဲ့ ပြဿနာတွေအကုန်သိ။
ကျွန်တော်ဘာပြောပြော သူကတော့ “ဟတ်လား ဟတ်လား” ဆိုပြီးအတည်လိုလို
နောက်တာလိုလိုခပ်ပြုံးပြုံးလေးနဲ့နားထောင်နေစမြဲပါ။
ကျွန်တော်က သာ ဇာတ်လမ်းတွေဖွဲ့နေတာ သူကတော့ ဒီလို အချစ်ရေးကိစ္စနဲ့ပါတ်သက်ရင် ဘာသံမှမကြားရတာအမှန်ပါဘဲ။
တညနေမှာတော့ သူအလုပ်လုပ်တဲ့ဆိုုင်ကို သူရယ် ရုပ်ခပ်ဖြောင့်ဖြောင့် လူတစ်ယောက်ရယ်ရောက်လာပါတယ်။
သူနဲ့လက်ထပ်မယ့် ဇော်မျုးိအောင်နဲ့ပေါ့။
ကျွန်တော်နဲ့မိတ်ဆက်ပေးဘို့ခေါ်လာတာပါ။
သူ့မှာ လက်တွဲဖော်ရှိပြီဆိုတော့ ကျွန်တော်က အရင်လိုသူဆီမသွားတော့ပါဘူး။
လေးလလောက်ကြာတော့ သူတို့ အိမ်မှာ မင်္ဂလာဆွမ်းကျွေး လုပ်မယ်ဆိုပြီး လာဖိတ်ပါတယ်။
နောက်တစ်ပတ်အကြာမှာ မင်္ဂလာဆောင်မယ်ပေါ့။
ဖြစ်ချင်တော့ သူတု့ိ မင်္ဂလာဆွမ်းကျွေးမတိုင်ခင် တစ်ရက်မှာ ကသာမှာရှိတဲ့ကျွန်တော့် ဦးလေးတစ်ယောက်ဆုံးတော့ ကျွန်တော်နဲ့ အဖွားက လိုက်သွားရပါတော့တယ်။
သူ့မင်္ဂလာဆောင်ကိုတောင် မမှီလိုက်ဘူးပေါ့။
ပြန်လာမှဘဲတောင်းပန်ရတော့မယ်ဆိုပြီး စိတ်ကူးထားပါတယ်။
အိမ်လဲပြန်ရောက်ရော ကျွန်တော့်အဒေါ်ငယ်က
“ကိုပေါက်ရေ ခင်မျုးိသွယ်တို့ မင်္ဂလာပွဲပျက်သွားတယ်”လို့မျက်စေ့မျက်နှာပျက်ပျက်နဲ့ပြောပါတယ်။
“ ဘယ်လိုဖြစ်ကြတယ်တော့ မသိပါဘူးကွယ် မင်္ဂလာဆောင်ပွဲအပြီး လက်ဖွဲ့ပစ္စည်းကိစ္စနဲ့ပါတ်သက်ပြီးဖြစ်ကြတယ်ကြားတာဘဲ ဒေါ်လေးလဲ အတိအကျမသိဘူး၊
သွားတော့ မမေးနဲ့အုံးနော်“လို့ကျွန်တော့်ကိုမှာ ပါတယ်။
ဒါနဲ့ဘဲအရင်ကလုပ်ဖော်ကိုင်ဘက်တွေနဲ့တွေ့တော့ မေးကြည့်တဲ့အခါမှာ လက်ဖွဲ့ပစ္စည်းတွေထဲမှာ
နာရီလှလှလေးတစ်လုံးပါလာပါသတဲ့။
“ခင်မျုးိသွယ်”ရဲ့ အကိုဝမ်းကွဲက နိုင်ငံခြားက ပို့လိုက်တာလေးတဲ့။
အဲဒါကို သူတို့သား အဖေက လိုချင်တယ်။
သူတို့သမီးအမေက သူ့တူကပို့လိုက်တဲ့ပစ္စည်းဆိုတော့ မပေးချင်ဘူး။
အဲဒီမှာ တင် တစ်ယောက်နဲ့တစ်ယောက် အခြေအတင်တွေစကားများပြီး အကွဲအပြဲတွေဖြစ်ကုန်ပါသတဲ့။
နောက်တော့ ခင်မျုးိသွယ် လဲအလုပ်ကထွက် စစ်ကိုင်းက ဆိုင်ကိုရောင်း မုံရွာကို မိသားစုလိုက်ပြောင်းသွား
ကြပါတယ်။
ကျွန်တော်နဲ့လဲ အဆက်အသွယ်ပြတ်သွားပါတယ်။
နောက်မှသိတာက မင်္ဂလာဆောင်တဲ့နေ့မှာကွဲကြပေမယ့် မင်္ဂလာဆွမ်းကျွေးတဲ့နေ့ကစပြီးအတူနေကျတော့
ကိုယ်ဝန်က ကျန်နေခဲ့ပါသတဲ့။
ဒါကြောင့်လဲ “ခင်မျုးိသွယ်”တို့မိသားစုက မုံရွာကိုအပြီးပြောင်းသွားကြတာပါ။
ရှက်တာလဲ ပါမှာပါ။
ကျွန်တော်နဲ့“ခင်မျုးိသွယ်” ပြီးခဲ့တဲ့ ငါးနှစ်လောက်က ကျွန်တော်မုံရွာကိုရောက်တော့ ခဏတွေ့ဖြစ်ပါသေးတယ်။
အဲဒီနောက်မတွေ့ဘဲ ခုမှပြန်တွေ့ကြတာပါ။
ဘာမဟုတ်တဲ့ကိစ္စလေးနဲ့အရှက်တကွဲအကျုုးိနည်းဖြစ်ကြရတာပါ။
မင်္ဂလာဆောင်တွေမှာ က လူငယ်ချင်းကတော့အဆင်ပြေ မင်္ဂလာကိစ္စပြောကြတောင်းကြရမ်းကြတဲ့အချိန်မှာ
ဘယ်လောက်တင်တောင်းရမယ်ဆိုတာပြောရင်းပြဿနာတက်၊
ဟောလက်ထပ်မယ့်ရက်ရွေးတဲ့ရက်အတွက် ပြဿနာတက်၊
ဖိတ်စာရိုက်တာ့ ဟိုလူနာမယ်ထည့်မယ် မထည့်ဘူးပြဿနာတက်
မင်္ဂလာဆောင်လုပ်မယ့်ခန်းမနေရာရွေးရင်းပြဿနာတက်၊
လက်ထပ်ပြီးရင် ဘယ်ဘယ်လိုက်နေမယ်ဆိုတာနဲ့ပြဿနာတက်၊
မင်္ဂလာဆောင် မှာကျွေးမယ့်မုန့်အတွက်ပြဿနာတက်။
ဟောဒါတွေပြေလည်လို့ မင်္ဂလာဆောင်ကြပြီဆိုပြန်တော့
မင်္ဂလာကြုးိတား တာ ခဲဘိုးပေးတာ သူဘက်နဲ့ကိုယ့်ဘက်နည်းတယ်များတယ်ဆိုပြီးပြဿနာတက်၊
မင်္ဂလာဆောင်ဧည့်ခံပွဲကို သွားမယ်လုပ်တော့ ဟိုကားနဲ့မလိုက်ရ ဒီကားနဲ့မလိုက်ရလို့ ပြဿနာတက်၊
မင်္ဂလာဆောင် လက်ဖွဲ့ခုံကို သူ့ဘက်ကထိုင်မယ် ငါ့ဘက်ကထိုင်မယ်ဆိုပြီးပြဿနာတက်၊
မင်္ဂလာဆောင်ရောက်ပြန်တော့ ဓါတ်ပုံရိုက်တဲ့နေရာမှာသူ့ဘက်က ရိုက်ချင်ကိုယ့်ဘက်ကရိုက်ချင်နဲ့
ဓါတ်ပုံဆရာလုရင်းပြဿနာတက်၊
ဟောအဲဒါတွေ မဖြစ်ပြန်တော့ လက်ဖွဲ့ငွေကို သူ့ဘက်ကယူမယ် ငါ့ဘက်ကယူမယ်ဆိုပြဿနာတက်၊
ဆိုတဲ့ပြဿနာပေါင်း သန်းခြောက်ထောင်ကို လွန်မြောက်ပြီဆိုမှ မင်္ဂလာဆောင်ကြတဲ့ မင်္ဂလာမောင်မယ်
မှာစိတ်အေးလက်အေးနဲ့ တံခါးပိတ် ဂျိတ်ကြရပါတယ်။

အဲဒီနေ့က အပြန်လမ်းမှာတော့ လမ်းလျှောက်ရင်းဒီမင်္ဂလာဆောင်ကိစ္စကိုဘဲ ဆက်တွေးလာမိပါတယ်။
ပြီးခဲ့ တပေါင်းလထဲကပါဘဲ။ကိုသန်းအေးက လိုက်ခဲ့စမ်းပါလို့ အဖော်ခေါ်တာနဲ့ သူ့အလုပ်က တပည့်လေးမိန်းမသွားတောင်းတဲ့ဆီကို အဖော်လိုက်သွားပါတယ်။
ကျွန်တော်ရယ် ကိုသန်းအေးရယ် သတို့သားလောင်းရယ် သူ့ဦးလေးရယ်ပေါင်းမှ လေးယောက်ထဲ။
လမ်းမှာ လက်ဖက်ရည်ဆို်င် ခဏဝင်ထို်င်တော့ မိန်းမသွားတောင်းမှာ ဒီလူဘဲလား ဘယ်သူတွေလိုက်လာမှာလဲလို့ စပ်စုတော့ ကောင်လေးက ပြန်ဖြေပါတယ်။
သူ့မိဘတွေက လူအများကြီး ပါစရာမလိုဘူး။
မင်းသွေးရင်းသားရင်းထဲက ယုံကြည်စိတ်ချရတဲ့သူပါရင်ရပြီလို့ပြောပါတယ်။
ကောင်လေးမိဘတွေက လှည်းတတန် ထော်လာဂျီတလှည့် ကားနဲ့တစ်ခါ အဆင့်ဆင့်လာမှ
ရောက်ရှာတဲ့အရပ်မှာနေကြတာပါတဲ့။
အဲဒါနဲ့ သူတို့သမီးနေတဲ့ရွှေမင်းဝံကွက်သစ်ထဲက အိမ်ကိုရောက်သွားကြပါတယ်။
အိမ်လေး ကတိုက်ခံပျဉ်ခင်းသွပ်မိုး သပ်သပ်ရပ်ရပ်နဲ့အိမ်လေးပါ။
ကျွန်တော်တို့ရောက်တော့ ကောင်မလေးရဲ့မိဘနှစ်ပါးရယ် အသက်ခြောက်ဆယ်လောက်ရှိတဲ့
အမေကြီးတစ်ဦးရယ်က ပြုံးပြုံးရွှင်ရွှင်နဲ့ ကြိုပါတယ်။
နောက်ကျွန်တော်တို့အတွက် ကော်ဖီတွေမုန့်တွေချပြီးဧည့်ခံပါတယ်။
ခဏနေတော့ မိတ်ဆက်စကားတွေပြောလဲပြီးရော ကောင်မလေးရဲ့အဖေက
“ ကလေးတွေကိစ္စကတော့ အားလုံးလဲသိပြီးသားပါဘဲ။
အပိုဆာဒါးတွေလဲမပြောချင်ပါဘူး။
အားလုံးက သာမန်လူတန်းစားတွေဖြစ်နေတော့ ဘာတင်တောင်းမှ ညာတင်တောင်းမှဆိုတာတွေလဲ
အပိုအလုပ်တွေဘဲသဘောထားပါတယ်။
ကလေးတွေ ရဲ့ ဘဝရှေ့ရေးဖြောင့်ဖြူးဘု့ိက အဓိကပါဘဲ။
သမီးကိုတန်ဘိုးမထားလို့ရော့အင့်လို့ လွယ်လွယ်ပေးလိုက်တာမဟုတ်ဘူးနော်။
နောင်သားဖြစ်လာမယ့် သူအတွက် ကိုယ်ချင်းစာလို့ပါ။
သားတို့သမီးတို့ကလဲ မင်္ဂလာဆောင်ကို လိုအပ်တာထက်ပိုပြီး ပကာသနတွေအတွက် ဇာမချဲ့ပါနဲ့။
နောင်အနှစ်သုံးဆယ်လောက် အေးအေးချမ်းချမ်းနေနိုင်ဘို့ ကြိုစဉ်းစား ပြီးဆုံးဖြတ်စေချင်တယ်။
သုံးနာရီလောက် ခဏလေးနေရမယ့် မင်္ဂလာဧည့်ခံပွဲမှာ မလိုတာတွေဖြုန်းတီးမယ့်အစား
ကိုယ်နိုင်သလောက်ကလေးနဲ့ဘဲလုပ်ပါ။
မင်္ဂလာဆောင်က ဘဝ အစလေးပါ။
အဲတော့……
မင်္ဂလာမဆောင်ခင်ရော ဆောင်နေတဲ့အချိ်န်ရော ဆောင်ပြီးတဲ့အချိန်ရော စလယ်ဆုံး
စိတ်အေးချမ်းသာနဲ့ဖြတ်သန်းစေချင်ပါတယ်။”
“တစ်ဆက်တည်းမှာလိုက်ပါအုံးမယ် တကယ်လို့များ သားရဲ့မိဘတွေက မအားလပ်လို့လာဘို့ခက်ခဲနေရင်မလာပါနဲ့။
ဘယ်လိုမှ စိတ်ထဲမှာ မထားပါဘူး။
အေး သားတို့ သမီးတို့လူငယ်တွေကသာ မင်္ဂလာဆောင်ပြီးရင် ဟိုဘက်မိဘကိုသွားကန့်တော့ကြပါ”လို့
ပြောတာ ကြားလိုက်ရတဲ့အချိန် ကျွန်တော့်မှာ ဘာမှ မသက်ဆိုင်ပါဘဲနဲ့ ကြက်သီးတွေဖျန်းကနဲထသွား
ပါတယ်။
သဘောကျလွန်းလို့ပါ။
ကဲ…………………….ကျွန်တော်တို့အလှည့်ကတော့ ပြီးသွားခဲ့ပါပြီ။
ဒီတော့ သတို့သမီး သတို့သားအလောင်းအလျာတွေရော။
ယောက္ခမ အလောင်းအလျာတွေရော ကိုယ့်အလှည့်ကျရင်
ဘယ်လို မင်္ဂလာဆောင်ပွဲလေး ကျင်းပချင်ပါသလဲလို့…?…………………..မေးစမ်းချင်ပါတယ်။

ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
(8-5-2011)
www.kopaukmdy.info တွင် ရူ့ခင်းပုံများ ဝင်ရောက်အားပေးနိုင်ပါသဗျာ။

22 comments

  • mihninlay

    May 9, 2011 at 2:42 am

    ကြားရကြားရနားဝမှာမသက်သာပါလားနော်….ဒါကြောင့်တစ်ကိုယ်တည်းအပျိုကြီးဘဝပဲကောင်းပါတယ်

    • bigcat

      May 9, 2011 at 3:05 am

      ကိုကြောင်ကြီးလည်း လူပြိုဂျီးပါပဲ မိနှင်းလေးရယ်…. ဦးပေါက်ရေ နဲနဲလောက် ပို့ပေးပါအုံးဗျ။

  • eros

    May 9, 2011 at 3:17 am

    တောက် နေဦး အခုရုံးမှာ အလုပ်ကိစ္စတွေများလို့ သေသေချာချာ မဆွေးနွှေး မမန်းနိုင်ဘူး။ ညနေကျမှပဲ လတ်တလော သုံးသပ်ချက်ကတော့ အတ္တ နဲ့ အမျိုးဘက်လိုက်လွန်းတာလို့ ထင်ပါတယ်၊ လတ်တလောတော့ လူပျိုကြီးဆိုတော့ သူများပွဲတွေကိုကြည့်ပြီး သုံးသပ်ရတာပါပဲ။ကိုယ့်အလှဲ့ကျ ဘယ်လိုလာမယ် မသိ။

    • maythakhin

      May 9, 2011 at 5:21 am

      ကြည့်စမ်း၊အပျိုကြီးတွေ လူပျိုကြီးတွေ ဖြစ်ကြောင်းကြွားနေကြတယ်။ ဟိ..ဟိ

  • manawphyulay

    May 9, 2011 at 3:36 am

    သူများနဲ့ မတူတဲ့ပွဲမျိုးတော့ ကျင်းပချင်တာပေါ့ အဟိ..

  • nozomi

    May 9, 2011 at 4:05 am

    ကောင်းလိုက်တဲ့ ပို့စ်လေး ကိုပေါက်ကြီး ရေ
    မင်္ဂလာဆောင်ရန် ပြင်ဆင်ဆဲ ပြင်ဆင်လတ္တံသော မောင်နှံနဲ့ မိသားစုတွေ ဖတ်သင့် သိသင့် လိုက်နာသင့်ပါတယ်
    ရန်ကုန်မှာ အဲဒီလိုကိစ္စတွေ ပိုဆိုးတယ် လူအထင်ကြီးအောင် ရှိတာလေး ပေါင်နှံပြီး ဆီဒိုးနားမှာဆောင် (တတ်နိုင်လို့ ဆောင်တဲ့သူတွေမပါနော်)ပြီးတော့ အကြွေးတင် အိ်မ်ထောင်ရေးမှာ ပြသနာတက် အားလုံးပဲ အရှည်ကို မျှော်ကြည့်ကျစေချင်ပါတယ် တစ်ရက်စာအတွက် တစ်သက်စာ စိတ်မညစ်ကျစေချင်ဘူး

  • susunosuki

    May 9, 2011 at 5:30 am

    မကြာသေးခင်ကပဲ အလုပ်တူလုပ်ဖူးတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက် တာမွေဖက်က တိုက်ခန်းရောင်းလိုက်တော့မယ်လို့ပြောတယ်။ အကြွှေးတွေရှိလို့တဲ့၊ မင်္ဂလာဆောင်လိုက်တာတဲ့။ မကြာသေးခင်ကမှ သူ့ရဲ့ဟော်တယ်မှာဆောင်တဲ့ မင်္ဂလာဓါတ်ပုံတွေ ကြည့်လိုက်ရတဲ့ ကျွန်တော်ဘာပြောရမှန်းမသိတော့ပါဘူး။

    မင်္ဂလာမောင်မယ်ပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် အဓိကနဲ့ သာမညကို ခွဲခြားနို်င်ဖို့လိုပါတယ်။ အသိုင်းအဝိုင်းကိုမလွန်ဆန်နို်င်လို့ လျှောက်လုပ်ကြရင် အချိန်တန်တော့ ကိုယ်ပဲဒုက္ခရောက်ရပါတယ်။

  • hmee

    May 9, 2011 at 7:29 am

    ဝတ္ထုတပုဒ်ဖတ်ဖူးတယ်။ သမီးရှင်အဖွားကြီး သုံးယောက်အကြောင်း။ တယောက်က သူ့သမီးကို ဘယ်ရွေ့ဘယ်မျှတင်တောင်းမှ၊ တယောက်က ဘယ်လိုနေရာမှာ မင်္ဂလာဆောင်ပေးမှ စသည်ဖြင့် အပြိုင်ပြောနေတာပေါ့။ ဒါပေမဲ့ တတိယ အဖွားကြီးက သူ့သမီးအတွက် ဘာပစ္စည်းမှ မလိုပါဘူး သမီးလေးကို ကြင်ကြင်နာနာနဲ့ ရိုးမြေကျ ပေါင်းသင်းရင် တော်ပါပြီတဲ့ ။

  • kopauk mandalay

    May 9, 2011 at 11:50 am

    ပို့လိုက်ပြီ ကိုကိုကြောင်ရေ
    ကိုပေါက် ပြောတဲ့ စိတ်ညစ်စရာတွေဘဲ မတွေးနဲ့နော်
    ကောင်းတာတွေလဲရှိသေးတယ်။
    ဥပမာ သားသား မီးမီးလေးကို ပိုုင်ဆိုင်ရတာပြောတာပါ။

    အမြန်ခေတ်ဆိုတော့ ပို့ရင် ပလို့ ဂျိနဲ့ မရတော့ဘူး ။
    DJ နဲ့ဘဲပိုမယ့်။
    ထူးလဲ ထူးတယ် မြူးလဲ မြူးတယ် ဒို့ကိုကြီးကြောင်
    ဒုံးချပ်ဒုံးချပ် ဒွန့်ဒွန့် …………………………………………

  • ဆူး

    May 9, 2011 at 12:51 pm

    မင်္ဂလာဆောင်ပြီး ညရောက်တော့ လက်ဖွဲ့ ပစ္စည်းကိစ္စ စကားများပြီး ကွဲတဲ့ ကိစ္စ တခု ကြားဖူးတယ်။ အသိတယောက်က ပြောတယ် သူ့ဦးလေး က မင်္ဂလာဦးည မှာတင် ကွဲသွားတာ မင်္ဂလာဆောင်ပြီး အားလုံး အိမ်ပြန်ရောက်တော့ သူက အထုတ်ဆွဲပြီး တံခါးခေါက်တော့ လန့်သွားတယ်တဲ့.. ပြောတော့ ကွဲပြီတဲ့ကွယ်.. ဒီလိုနဲ့ ဟိုလိုလို ဒီလိုလို လူပိုကြီး ဘဝ နဲ့ နေနေတာ အခုထိပါပဲတဲ့။

  • naywoonni

    May 9, 2011 at 2:04 pm

    ကိုပေါက်ရေ..။ နောက်ဆုံးပြောလိုက်တဲ့ စကားလေးကြိုက်တယ်..ဗျာ ..။ အဲဒိလိုယောက္ခမ မျိုး အပြင်မှာ တစ်ကယ်ကောရှိရဲ့လား? ကျွန်တော်တော့ မတွေ့သေးလို့ ဒီအချိန်ထိ…………………………………………

  • parlayar46

    May 9, 2011 at 2:41 pm

    ကိုယ့်တုန်းကတော့ ထားတော့ …………။
    အခုတော့ ကျုပ်က သားရှင် ယောက္ခမလောင်း။
    ဆိုတော့ကာ ကိုပေါက်နောက်ဆုံးပြောတဲ့သူလိုမျိုး ခမည်းခမက်လောင်းများ ဘယ်မှာရှာရပါ့ ???

  • MaMa

    May 9, 2011 at 2:57 pm

    စာရေးဆရာ ဒါရိုက်တာ ဦးသုခက ပြောဖူးတယ်။ ရုပ်ရှင်တွေထဲမှာ မင်္ဂလာဆောင်ရင် ှဇာတ်သိမ်းပြီတဲ့။ တကယ့် အပြင်လောကမှာတော့ မင်္ဂလာဆောင်ပြီးမှ ဘဝဇာတ်လမ်းက စတာတဲ့။ ကိုပေါက်ဇာတ်လမ်းအရ ဆိုရင်တော့ စလယ်ဝင်ဖင်မမဲခင်ကဆိုတဲ့ စကားပုံကိုတောင် ပြောင်းရတော့မယ်ထင်တယ်။

  • kopauk mandalay

    May 9, 2011 at 3:17 pm

    မိုးကေခမ်း 37 minutes ago ရဲ့မှတ်ချက်

    အဲဒါမှ ကိုပေါက်ပြောတဲ့ မင်္ဂလာအစ အလယ် အဆုံး.. ပါပဲ ကိုပေါက်ရေ…. 🙂

    အားရလိုက်တာဗျာ..။ ကျွန်တော်တို့တတွေဟာ လိုအပ်လာရင် ထုံးတမ်းစဉ်လာအရလိုအပ်တဲ့အရာတော်တော်များများကို ပုန်ကန်ရဲရမယ်ဗျ..။ အဲဒီစိတ် အဲဒီသတ္တိမရှိပဲနဲ့တော့ ဘယ်တော့မှ ကျွန်တော်တို့လူမျုိုးမကောင်းစားဘူး။

    ကိုပေါက် ကြက်သီးဖြန်းခနဲ ထသလိုပေါ့ဗျာ..။ ပုန်ကန်တယ် ဆိုတိုင်း မကောင်းတာချည်းပဲ ထင်နေတတ်ကြတာက အရိုးစွဲလုစွဲခင်။

    အခုဟာကဗျာ.. တလွဲဆံပင်ကျ ကောင်းတတ်လိုက်ကြတာများ..။
    (ဒါက မြန်မာသူငယ်ချင်းများနေ့ထဲက မိုးကေခမ်း မန်းထားတာလေးပါ)

  • unclegyi1974

    May 9, 2011 at 3:44 pm

    မင်္ဂလာဆောင်တာလက်ဖွဲ့ပစ္စည်းကြောင့်
    တယောက်နဲ့တယောက်ပြတ်စဲကွာရှင်း
    ကြတယ်ဆိုတာ
    တယောက်နဲ့တယောက်တကယ်ချစ်တာ
    မဟုတ်ပဲပစ္စည်းကြည့်ယူကြလို့ဖြစ်မှာပါ
    ဘာဖြစ်ဖြစ်နောင်ကြာမှဖြစ်တာမှာထက်
    လက်ငင်းချက်ချင်းပြတ်ကြတာပိုကောင်း
    တယ်လို့မြင်ပါတယ်

  • kopauk mandalay

    May 9, 2011 at 4:10 pm

    အဲလိုဖြစ်တာ ကာယကံရှင်ဖြစ်တဲ့ လူငယ်ကြောင့်မဟုတ်ဘူး အီးကယ်ဂျန်ရေ
    အသုံးမကျတဲ့ အတ္တကြီးတဲ့လူကြီးတွေကြောင့်ဖြစ်ရတာပါဗျာ။

  • phyoshein

    May 9, 2011 at 7:15 pm

    ဟုတ်ပါ့.. ကိုပေါက်ရေ….
    ကျွန်တော်တို့ မြန်မာ့ လူ့ဘောင်မှာ ဖြစ်နေကြပြဿနာတွေထဲက အရေးအကြီးဆုံးအစိတ်အပိုင်းပါ…
    ဘယ်သူ့ကို မဆို မင်္ဂလာအစ.. မင်္ဂလာအလယ်… မင်္ဂလာအဆုံးပဲ ဖြစ်စေချင်ပါတယ်..
    အတော်များများက အဲဒီလိုပဲ.. ဖြစ်နေကြသလားလို့… ကွဲသွားကြတာ မဟုတ်ပေမယ့်.. အဲဒီလက်ဖွဲ့ရယ်.. တင်တောင်းတဲ့ ကိစ္စရယ်… မင်းဘာလဲ ငါဘာလဲတွေနဲ့ကို ရှုပ်နေတာ…
    နောက်လည်း ဒီလိုလေး ရေးပေးပါဦး..
    နောက်တစ်ခုက ကျွန်တော်တို့ ဆီမှာ လူငယ်လေးတွေ ခိုးပြေးနေကြတာ ခဏ ခဏ တွေ့နေရတယ်..
    သဘောတူမှ ယူရမယ်လို့ မဟုတ်ပေမယ့်.. ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျကုန်တော့..တိုင်းပြည်အတွက် အတော်နစ်နာပါတယ်.. အိမ်ထောင်ကျပြီး ရုန်းရကန်ရ.. ပြီးတော့ အဆင်မပြေကြတာက ပိုများကြသလားလို့လေ… ဒါကြောင့် ဒီလိုကိစ္စလေးတွေမှာ ထပ်ရေးပေးပါဦး…

  • eros

    May 10, 2011 at 2:42 am

    လက်ဖွဲ့ရယ်.. တင်တောင်းတဲ့ ကိစ္စရယ်… မင်းဘာလဲ ငါဘာလဲတွေနဲ့ကို ရှုပ်နေတာ…

    သေချာပါတယ်။ အတ္တကြီးလွန်းမှုတွေပေါ့။ နောက်တခုက ဦးပေါက်ရေ လက်ဖွဲ့ဆိုတာက ဇနီးမောင်နှံ အတွက်ပဲမဟုတ်လား ဘယ့်နှယ် မိဘတွေက ဝေခြမ်းယူနေရတာတုန်း

    သတို့သားကလည်း အတ္တဆန်လွန်းတယ်ထင်ပါတယ်။ အမှန်အမှားခွဲခြားမှုမရှိ ကိုယ့်ဘက်က ဘာလုပ်လုပ် မှန်တယ်လို့ သတ်မှတ်တဲ့ပုံပါပဲ။ နောင်လည်းဒီလိုဆို ပြဿနာဖြစ်နေမယ့်ပုံပါပဲ။

  • weiwei

    May 10, 2011 at 6:49 am

    မင်္ဂလာဆောင်ကန်ထရိုက် .. အသုဘ ကန်ထရိုက်တွေလဲ ရှိသေးတယ် … 😛

    • eros

      May 10, 2011 at 7:29 am

      အဲဒါက တရုတ်တွေမှာလေ မဝေရဲ့။

  • naywoonni

    May 10, 2011 at 1:48 pm

    ဒီနေရာမှာ ကြားဖြတ်ကြော်ညာ ဝင်ရရင်ဖြင့် ဆရာ ရန်ကုန်ဘဆွေ ရေးတဲ့ ချစ်ဇနီး သို့ ဆိုတဲ့ အထဲမှာ ခုပြောနေကြတာတွေက စကားလုံးကြမ်းကြမ်းတွေနဲ့ သုံးနှုန်းရေးပြထားတယ်ဗျ……။ ဂျပန်ခောတ်စစ်ပြေးနေတုန်း ပြက္ခဒိန်နောက်ကျောတွေမှာရေးခဲ့ရတာဆိုတော့ ဘာပဲပြောပြော နှစ် 70လောက်တော့ရှိပြီ….။ ဒီကနေ ဒီစာမျက်နှာတွေပေါ်မှာပြောနေကြတဲ့ အယူအဆတွေကို နှစ်70 လောက်ကတည်းက ပြောခဲ့ဖူးတယ်..။ ခုထိလည်း ဒီအကျင့်တွေ မပျောက်သေးဘူးဆိုတော့ နောက်လည်းပျောက်မှာမဟုတ်ဘူး…။ ဘယ်လောက်ပြောပြော ကိုယ်ပျော်ဖို့ လူအလည်ခေါင်မှာလက်မထောင်ဖို့ စကားဝိုင်းမှာ အနိုင်ယူပြောဖို့ ငါက သမီးရှင်ဆိုတဲ့ စိတ်နဲ့ တစ်ဘက်သားကိုအနိုင်ယူဖို့ စိတ်တွေ ရှိနေဦးမှာပဲ……။ ဒီတော့ကာ….. အဲဒိလို စိတ်မျိုးရှိတဲ့သူတွေ သူ့ရို့သမီးတွေ အရက်သမား ဖဲသမား ချဲသမား ဘောလုံးပွဲ မိန်းမပေါင်ပြီး လောင်းတဲ့ကောင်တွေနဲ့ ရပါစေ……။

  • noob

    May 10, 2011 at 7:37 pm

    ချစ်သူတယောက် ရှာရတာ တောင် ရန်ကုန်မြိုကြီး ဖုန်ဒီလောက်ထနေတာ အဲဒီလို ယောက္ခမ ပါအစစ်ရဖို ဆိုရင်တော့ အွန် ယောက္ခမရှာပုံတော် အသစ်ထက်ဖွင် ့ရတော့မှာပေါ့

Leave a Reply