ပြည်ဖုံးကားအချ ဇာတ်လမ်းအစ

thakhinmyoMay 10, 20111min1218

 သူရိယမျိုး

နေ့စဉ်လိုလို မြင်တွေ့နေကျ သူ၏ရုပ်ပုံကို သတင်းစာများတွင် မတွေ့ရတော့သည့်အခါ တမျိုးတော့ လွမ်းစရာ ကောင်းပါသည်။ ဘယ်သောအခါကမျှ ပြည်သူ လူထုအား စိတ်အား တက်ကြွဖွယ်မဖြစ်စေသော သူ၏ ထုံပေပေ မျက်နှာ၊ အမြဲတစေ လေးတိလေးလံဖြင့့်

တရွတ်ဆွဲနေသောဟန်ပန်၊ သူ့ရင်ဘတ်ပေါ်မှ တောက်ပနေသော ရင်ထိုးတံဆိပ်များသည် အသစ်ပေါ်လာသော ကိုရီးယား မင်းသားများလောက် ကျွန်တော်တို့အား မှတ်မိစေတော့မည် မဟုတ်ပါ။ သို့သော် သူ ခေတ်ကောင်းစဉ်က ထုတ်ပြခဲ့သည့် ဘီလူးသဘက်နှင့် တူသော အစွယ်များကိုတော့ တခါတရံ မြင်ယောင်မိ ကြပါဦးမည်။ သူ့ကြောင့် သေရာပါစွဲခဲ့သော ဒဏ်ရာများကို မြင်တိုင်း သူ့နာမည်ကို ထုတ်ဖော်၍ ကြိမ်ဆဲကြမည့်သူများ ကျွန်တော်တို့ ဝန်းကျင်တွင် ရှိနေကြပါဦးမည်။ ထို့ထက်ဆိုးသည်က သူ့ကြောင့် ကျွတ်လွတ်ခွင့် မရရှာသော ဝိဉာဉ်များ၏ ဟစ်အော်သံများလည်း ကျွန်တော်တို့ မမြင်နိုင်သော လောကတွင် ဆူညံနေကြပါဦးမည်။

သူ့အတွက် ဘဝကူး ကောင်းမကောင်း မသေချာသည့်တိုင် နိုင်ငံရေး လောကမှ သူကျောခိုင်း ထွက်ခွါသွားပုံကတော့ ညင်သာလွန်း လှပါသည်။ သူသည် အီရတ်မှ ဆက်ဒန်ဟူစိန်လို ကွက်မျက်ခံရခြင်းဖြင့်လည်း နိဂုံးမချုပ်။ တူနီးရှားမှ ဘင်အလီလို အခြားတစ်ပါး နိုင်ငံတွင် ခိုလှုံခွင့် တောင်းရခြင်းဖြင့်လည်း ရုပ်မပျက်။ ယုတ်စွအဆုံး သူ၏ နောင်တော်ကြီး ဖြစ်သူ ၂၆ နှစ်လုံးလုံး တိုင်းပြည်ကို ချယ်လှယ်ခဲ့သည့် ပုဂ္ဂိုလ်ကြီးကဲ့သို့ နေအိမ် အကျယ်ချုပ်ဖြင့်လည်း ဇာတ်မသိမ်း။ သူ အလွန်ဆုံး လုပ်ပေးလိုက်သည်က အဖက်ဖက်မှ ဇာတ်တိုက်ထားသော ရွေးကောက်ပွဲ တစ်ခု ကျင်းပ ပေးခဲ့သည်သာရှိသည်။ ထို့နောက် ဥပဒေနှင့်အညီ ပေါ်ထွက်လာသည်ဆိုသော အစိုးရ အသစ်ကို ရာထူးအားလုံး လွှဲပြောင်းပေးခြင်းဖြင့် နာမည်ကောင်းပင် ယူသွားသေးသည်။ သိုဖြင့် သူ၏ နိုင်ငံရေးဘဝကို အခမ်းအနားမပါဘဲ ရိုးစင်းစွာ (တနည်းအားဖြင့်) မရိုးသားစွာ မြုပ်နှံပစ်လိုက်သည်။

ပြည်ဖုံးကားချ ဇာတ်လမ်းအစ (အက်ဆေး)ပြည်ဖုံးကားချ ဇာတ်လမ်းအစ (အက်ဆေး)

အသေအချာ တွေးကြည့်လျှင်တော့ သူ လူလည်ကျ နေကျ ထုံးစံအတိုင်း သရုပ်ဆောင် သွားသည်သာဖြစ်သည်။ ထိုဇာတ်ကွက်အတွက် သူမျှော်လင့်ထားသည့် အကယ်ဒမီဆုကို သူရခဲ့ပါသည်။ ထိုဆုမှာ အခြားတော့မဟုတ်။ လူထု တော်လှန်ရေးနည်းဖြင့် မရှုမလှ ဖြုတ်ချ မခံရရေးပင်ဖြစ်သည်။ ယခုတော့ သူ့ဘဝ နေဝင်ချိန်များတွင် မြို့တော်သစ်ကြီးရှိ သူ၏ နန်းတော်ထဲ၌ နောက်ကျော လုံလုံဖြင့် စံစားနိုင်ပါလိမ့်မည်။ တခါတရံ ခြေဆန့် လက်ဆန့် လုပ်လိုသည့်အခါ တိရိစာ္ဆန်ရုံထဲရှိ ပင်ဂွင်း ငှက်များဆီသို့ အခစားဝင်နိုင်ပါသည်။ တခါတရံ သတ်ချင်ဖြတ်ချင် စိတ်များ ပေါ်လာသည့်အခါ အိမ်နောက်ဖေးမှ တောအုပ်ထဲသို့ သေနတ်တစ်လက်ယူပြီး အမဲလိုက် ထွက်နိုင်ပါသေးသည်။ သတင်းစာများတွင် သူ့ဓါတ်ပုံနှင့် သူ့အကြောင်းများ မပါတော့သည်က လွဲလျှင် အစစ အရာရာ ပိုနေမြဲ ကျားနေမြဲသာဖြစ်သည်။

သို့သော် သူ၏ အထီးကျန် ညများမှာတော့ သူ့ကို ခြောက်လှန့်နေမည့် ဝေါဟာရများရှိနေပါသည်။ သူသည် ရာထူးအာဏာကို သူ့အသက်ထက် ပို၍ မက်မောသော်လည်း “အာဏာရှင်” ဟူသော စကားလုံးကိုတော့ ကြောက်ရွံ့ပါသည်။ သူသည် စစ်တပ်၏ အရေးပါဆုံး အကြီးအကဲ ဖြစ်သော်လည်း “ စစ်ဘီလူး” ဟု အခေါ် ခံရသည် ကိုတော့ အလွန် နာကြည်းသူ ဖြစ်သည်။ ပို၍ ခံပြင်းသည်က သူလို ဘုရားတည်၊ ကျောင်းဆောက် အလှူရေစက် လက်နှင့် ပျက်လေ့မရှိသူ ..၊ မင်းကွန်းဆရာတော်ကြီးလို ထေကြီး ဝါကြီး ဆရာတော်များကပင် သူ့အား ကဗျာလင်္ကာရေးပြီး လက်ဆောင် ချီးမြှင့်သည်ကို ခံယူရလေ့ရှိသူ..၊ သူ့ခေတ်တွင် သာသနာတော်ကြီးကို နေလိုလလို ထွန်းစေ တောက်စေခဲ့သူ ..၊ သည်လို ဂုဏ်ဝိသေသများ ရှိသူကိုမှ မညှာမတာ “သာသနာဖျက်” ဟု စွပ်စွဲ ကြခြင်းပင်ဖြစ်သည်။ ထိုဝေါဟာရများအပြင် နိုင်ငံ တနံတလျားမှ သူ့အား အမျိုးမျိုးအဖုံဖုံ သမုတ် ထားကြသည်များလည်း ရှိနိုင်ပါသေးသည်။

သူ၏ ဘဝအတ္ထုပ္ပတ္တိကို သူကိုယ်တိုင် ရေးရမည်ဆိုလျှင်တော့ သူချန်လှပ်ထားချင်သော ကဏ္ဍ နှစ်ခု ရှိပါလိမ့်မည်။ တစ်ခုမှာ နိုင်ငံ့သမိုင်း တစ်လျှောက် အရူးနှမ်းဆုံးလုပ်ရပ်ဟု ပြောရမည့် တောတွင်း မြို့တောကြီးကို တည်ဆောက်ခဲ့ ခြင်းဖြစ်သည်။ ထိုမြို့တော်ကြီးကို တည်ဆောက်ရသည့် ရည်ရွယ်ချက်မှာ အများထင်သလို ဓါတ်ရိုက်ဓါတ်ဆင် ယတြာချေခြင်း မဟုတ်ပါ။ အင်အားကြီး နိုင်ငံများ၏ ကျုးကျော်မှုကို ကြောက်ရွံ့သောကြောင့် ပုန်းအောင်း လိုခြင်းလည်း မဟုတ်ပါ။ သဘာဝဓါတ်ငွေ့နှင့် ရေနံရောင်းရခြင်းတို့မှ အထုပ်လိုက် အထည်လိုက် ခုန်ပေါက်လာသော ငွေကြေးများအတွက် စာရင်းပြခြင်း တစ်ရပ်သာဖြစ်သည်။ ထိုငွေများကို နိုင်ငံအနှံ့ အရေးတကြီး လိုအပ်နေသော တည်ဆောက်ရေး လုပ်ငန်းများအတွက် အဘယ်ကြောင့် မသုံးသလဲဟူသော မေးခွန်းမျိုးအတွက် သူရူးချင်ယောင် ဆောင်နေမည်ဖြစ်သည်။

နောက်ထပ် ဖုံးကွယ်ထားလိုသော ကဏ္ဍတစ်ခုမှာ ရွှေဝါရောင် တော်လှန်ရေး၏ အရိပ်များပင်ဖြစ်သည်။ သံဃာတော်များ သွေးမြေကျခဲ့ရသည့် အဆိုပါ ဖြစ်ရပ်အတွက် သူ့ဘက်ကတော့ ထာဝစဉ် လိပ်ပြာသန့်လျှက် ရှိနေမှာ သေချာပါသည်။ အဘယ်ကြောင့်ဆိုသော် သတင်းစာများတွင် ထုတ်ပြန်ခဲ့သလို ဆန္ဒပြပွဲသို့ ချီတက်လာသော သံဃာတော်များသည် အတုအယောင်များသာ ဖြစ်သည်ဟူသော အယုံသွင်းမှုကို သူကိုယ်တိုင် ယုံကြည်ခြင်းကြောင့်ဖြစ်သည်။ သည်အတွက် ဘယ်သောအခါမှ အကုသိုလ် ဖြစ်စရာ အကြောင်းမရှိဟု သူအကြွင်းမဲ့ ကိုးစား နေပုံပေါ်သည်။ သို့သော် သူ၏ အဝိဇ္ဖာတွင် ခပ်ပါးပါးလေး ဖုံးကွယ်နေသော အချက်တစ်ခုကိုတော့ သည်ဘဝမှာလည်း နောင်တရမည့်ပုံ မပေါ်ပါ။ ၎င်းမှာ ရွှေဝါရောင် တော်လှန်ရေးပြီးပြီးချင်း တပြည်လုံးရှိ သံဃာတော်များအား အုပ်စုခွဲကာ ဖရိုဖရဲ ဖြစ်စေသည့်အတွက် သံဃာ သင်းခွဲမှု အပြစ်မြောက်သည့် ကိစ္စပင် ဖြစ်သည်။

သူ့အနေဖြင့် ကျေနပ်ဖွယ်ရာ ဘုန်းမီးနေလတောက်ခဲ့သော်လည်း လက်ညှိုးညွန်တိုင်း ရေဖြစ်ခဲ့သည်တော့မဟုတ်ပေ။ ၁၉၈၈ မှစတင်လာသော သမိုင်းခရီးရှည်ကြီးတွင် သူ၏နိုင်ငံရေးလုပ်ဆောင်ချက်မှာ ဝိုးတိုးဝါးတားမျှသာရှိသည်။၊ သူသည် သူ့ပုံစံအတိုင်း လေးလေးပင်ပင်နှင့် ဖင့်နွဲ့နေသော ဘုတ်ထိုင်းနိုင်ငံရေးဖြစ်စဉ်ကြီးကိုဖော်ဆောင်ခဲ့ခြင်းသာ ထူးခြားသည်ဟုဆိုရပါမည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုသည်မှာ သူ့အဘိဓာန်ထဲမှ ရာသက်ပန်ထုတ်ပယ်ထားသော စကားလုံးဖြစ်ဟန်တူသည်။ ထို့ကြောင့် နှစ်ပေါင်း ၂ဝ ကျော်အတွင်း တိုင်းရင်းသားများနှင့် စစ်မှန်သောငြိမ်းချမ်းရေးကို မတည်ဆောက်ပြနိုင်ခဲ့ပါ။

စစ်အုပ်ချုပ်ရေး ကာလများ၌ သူ ချစ်သော စစ်တပ်ကြီး ကောင်းစားရေးအတွက်ရော ဘာများ လုပ်ခဲ့သေးပါသနည်း။ အဖြေက ရှက်ဖွယ်လိလိ ဖြစ်သည်။ အကြောင်းမှာ နိုင်ငံတော် ဘဏ္ဍာ၏ ရာခိုင်နှုန်း အများဆုံးကို စစ်အသုံးစရိတ် အတွက် ယူထားရသော်လည်း၊ အမှန်တကယ်တွင် ပြည်တွင်းပြည်ပမှ ထောက်လှမ်းရေးနှင့် သတင်းပေး ဆက်သားများအတွက် ဖောဖောသီသီ သုံးနေရခြင်းကြောင့် ဖြစ်သည်။ လူ ၁ဝ ယောက်ရှိလျှင် အနည်းဆုံး တစ်ယောက်မှာ သူ၏ သတင်းပေး ဖြစ်နေသည့်အတွက် လူဦးရေ၏ ဆယ်ပုံတစ်ပုံကို အမြဲ ထမင်းကျွေးနေရသည့် စတုဒီသာ မဏ္ဍပ်ကြီးဖြင့် သူ ဝန်ပိလျှက် ရှိခဲ့သည်။ သူ့နေရာမှ ဝင်ကြည့်လျှင် လက်နက်ကိုင် တော်လှန်ရေးမလုပ်သော လူထုကို တိုက်ခိုက်ရေး သမား တစ်ယောက်ပီပီ သူမုန်းတီးမှာသေချာသည်။ လူထုက အကြမ်းမဖက်လေ…၊ သေနတ်ပြောင်းများ သံချေး တက်လေ.. ဖြစ်နေသည်။ သေနတ်ပြောင်းများ အလုပ်မလုပ်လေ…၊ ပါးစပ် သေနတ်ပစ်သည့်သူများကို မွေးထားရလေ ဖြစ်သည်။ ထိုသူများသည် သူ့အာဏာ တည်မြဲရေးအတွက် တပ်မတော်သားများထက် ပို၍ အရေးပါမှန်း သူသာလျှင် အသိဆုံးဖြစ်သည်။

တံခါးပိတ်ထားသော ဆယ်စုနှစ် နှစ်စုတွင် မည်သို့သော နိုင်ငံရေး ဖြစ်ပေါ် ပြောင်းလဲ တိုးတက်မှုကိုမျှ သူ စိတ်မဝင်စား ခဲ့ခြင်းကတော့ ပြည်သူများအတွက် ကံဆိုးမိုးမှောင် ကျခြင်းသာ ဖြစ်သည်။ သူ့အတွက် အပျင်းပြေ စေသည်မှာ ထိုကာလများ အတွင်း ကွယ်လွန်သွားကြသော နိုင်ငံရေးသမားများ၏ နာရေး ကြော်ငြာများသာလျှင် ရှိသည်။ အံ့ဩဖွယ် ကောင်းသည်က နိုင်ငံရေးမှုဖြင့် ထောင်ကျခဲ့သော ဖခင်ဖြစ်သူ မလွတ်မြောက် လာမီမှာပင် သားဖြစ်သူကလည်း နိုင်ငံရေးမှုဖြင့်ထောင်ထဲ ရောက်လာသည့် ခေတ်ဆိုးကြီးတစ်ခုကို သူ ထူထောင်နိုင်ခဲ့ခြင်းဖြစ်သည်။ မကြာမီ မြေးများလည်း အစိုးရ ဆန့်ကျင်သူများ အဖြစ် ထောင်ထဲ ရောက်လာကြပါဦးမည်။

နှစ်ပရိစ္ဆေဒ ကြာသွားသည်သာ ပြောစရာ ရှိပါသည်။ ၁၉၈၈ ခုနှစ်ခန့်က ရုန်းကန် နေရသော ပြည်သူလူထု၏ ဘဝသည် ၂၀၁၁ ခုနှစ်တွင်လည်း ထိုနည်း၎င်း ကြုံးရုန်းနေရဆဲ ဖြစ်သည်။ သူဆွဲဆန့်လိုက်သေ ာကာလ ၂ ခု၏ အခြေအနေ ကြားမှ အဖတ်ဆည် မရသော မြန်မာပြည်ကို ရှုစားရသည့် အတွက်တော့ သူ စိတ်ပျက်စရာ ဖြစ်ခဲ့မှာ အမှန်ပင်။ လူထု၏ ဆင်းရဲမွဲတေမှု ကြီးထွားလာခြင်း၊ ကိုယ်ကျင့်တရား ပျက်ပြားလာခြင်း၊ လာဘ်ပေးလာဘ်ယူစနစ် အရိုးစွဲနေခြင်းနှင့် အစိုးရ ယန္တရား တစ်ခုလုံး ခြစားနေခြင်းများ အတွက် သူ နှလုံးသွင်းသော အရာမှာ တစ်ခုထဲသာ ရှိသည်။ ၎င်းမှာ သဗ္ဗေသတ္တာ ကမ္မသက္ကာပင် ဖြစ်ပါသည်။

အကောင်းမြင်ဝါဒကို လက်ကိုင်ထား၍ သူ့အပေါ် ကျေးဇူးတင်ရမည့် အချက်များ စဉ်းစား ကြည့်သည့်အခါ အနည်းဆုံး ၃ ခု လောက်တော့ ခေါင်းထဲ ပေါ်လာပါသည်။ ပထမ တစ်ခုမှာ တန်ခိုးကြီးဘုရားများကို မွမ်းမံ တည်ဆောက် ပြုပြင်ခဲ့သလောက် ထိုဘုရားစေတီများ၏ ဘွဲ့အမည်တော်ကို သူ့အမည်သို့ မပြောင်းလဲခဲ့ခြင်းဖြစ်သည်။ သည့်အတွက် သူ့နာမည်ကို တိုင်တည်ကာ ဖူးမျှော်ရခြင်းဒုက္ခမှ ကျွန်တော်တို့ ကင်းဝေးခဲ့ပါသည်။

ဒုတိယ တစ်ခုကိုတော့ အာဖဂန်နစ္စတန်နိုင်ငံမှ စစ်အာဏာရှင်များကဲ့သို့ မယုတ်မာခဲ့ခြင်းအား ရွေးချယ်လိုပါသည်။ ထိုဒေသမှ စစ်ဘီလူးများသည် ၎င်းတို့ကို ဝေဖန် တိုက်ခိုက်သော လူ့အခွင့်အရေး ခေါင်းဆောင်အမျိုးသမီး မာလာလိုင် ဂျိုယာကို မုဒိန်း ကျင့်ပစ်မည်ဟု လူသိရှင်ကြား ခြိမ်းခြောက်ခဲ့ဖူးသည်။ ထိုခြိမ်းခြောက်မှုသည် သေနတ်ဖြင့် ထ ပစ်လိုက်သည်ထက် ဂုဏ်သိက္ခာအရ ဆိုးရွားမှန်း အားလုံး နားလည်နိုင်ပါသည်။ သို့သော် သူသည် ကျွန်တော်တို့၏ နိုဘဲလ်ဆုရ ဒီမိုကရေစီ ခေါင်းဆောင်ကို အကြောင်းအမျိုးမျိုး ပြပြီး ဖမ်းဆီး ထိန်းသိမ်းခဲ့သလောက် ထိုသို့ ဘယ်တော့မှ စိန် မခေါ်ခဲ့သည် အတွက် အိပ်ရာဝင်တိုင်း မေတ္တာပို့စရာ ဖြစ်သွားပါသည်။

တတိယ တစ်ခုမှာ လူထုအကြား သူပျိုး ကျဲခဲ့သောအကြောက်တရား ဖြစ်သည်။ ထိုအကြောက်တရားဖြင့် ဘယ်သောအခါမှ အုပ်ချုပ်သူ မင်းအစိုးရအား မတော်လှန်နိုင်ရန် သူရည်ရွယ်ခဲ့ပါသည်။ အလွန် ဆန်းကြယ်စွာပင် ထိုမျိုးစေ့များ အပင် ပေါက်လာသောအခါ အာဏာရှင်တို့ကို ကြောက်ရွံ့ တုန်လှုပ်ရသည့် ကျိုးကြောင်းမဲ့ ပုဂ္ဂိုလ်ရေး အကြောက်တရားမှ သွေဖီ၍ အာဏာရှင် စနစ်ကိုသာ ကြောက်ရွံ့မှုအဖြစ် သီးခြား ရှင်သန် လာသည်ကိုတွေ့ မြင်ရမည်ဖြစ်သည်။ သို့ရာတွင် နောင်လာ နောင်သားများက မေးလာခဲ့သည်ရှိသော် သူ့ကို ပုဂ္ဂိုလ်ရေးအရ မလွှဲမရှောင်သာ လက်ညှိုး ထိုးပြရမည်ကိုတော့ အားနာမိ ပါသည်။

မည်သို့ပင်ဖြစ်စေ နိုင်ငံရေး ဇာတ်ခုံပေါ်တွင် သူ၏ အခန်းကဏ္ဍမှာ လုံးဝ မရှိတော့ပါ။ အများသူငါ ပြောနေကြသလို ကန့်လန်ကာ နောက်ကွယ်မှ ကြိုးကိုင်ခြင်းသည်လည်း စိတ်ဝင်စားဖွယ်ရာ မကောင်းလှပါ။ သူ့အတွက် ကကြိုးမရှိ၊ ဆိုင်းသံ နတ္ထိ၊ ကတ္တီပါ ကားလိပ်ကြီးလည်း ချထားလိုက်ပြီ ဖြစ်သည်။ သို့သော် ပွဲကမပြီးသေး။ အမှောင်ထု ကြီးစိုးနေဆဲ ဖြစ်သောဇာတ်ရုံကြီးထဲတွင် နောက်ထပ် တင်ဆက် က ပြမည့် သူများကတော့ အသေအချာ ရှိနေခဲ့ပါသည်။ အရေးကြီး ဆုံးမှာ သူ ကပြ အသုံးတော် ခံသွားသလို ထပ်တူထပ်မျှ လိုက် မကကြဖို့သာ ရှိပါသည်။ သည်တစ်ခါ က ကွက် တူသွားလျှင်တော့ အလွန်တရာ ငြီးငွေ့ ပင်ပန်းနေသော ပရိသတ်ကြီး၏ ရုံခါမှုကို ရင်ဆိုင် ကြရပါလိမ့်မည်။ ဤအချက်ကို သူသိ နေသလို အားလုံးကလည်း သိနေပါသည်။ ။

သူရိယမျိုး

8 comments

  • maythakhin

    May 11, 2011 at 3:26 am

    အရေးအသားအရမ်းကောင်းပါတယ်။ရှုံ့ချမှုမပါ၊မြှောက်ပင့်မှုမပါ၊သဘာဝကျကျ ရေးသားဖွဲ့နွဲ့ပုံကြောင့် (၂) ခါပြန်ပြီး စိတ်ဝင်တစားဖတ်မိပါတယ်။

  • hokg

    May 11, 2011 at 8:33 am

    အရေးအသားတော်တော်ကောင်းတဲ. ပို.စ်လေးပါပဲ…….။

  • susunosuki

    May 11, 2011 at 9:43 am

    အရမ်း ကိုကောင်းလွန်းလို့ အခါခါဖတ်ပြီး အခြားလူတွေဖတ်ဖို့ ပရင့် ထုတ်လိုက်တယ်ဗျာ။ အကြောင်းအရာကလည်းစိတ်ဝင်စားဖို့ကောင်း၊ စကားလုံးရွေးတာလည်းကောင်း၊ အယူအဆလည်းကောင်းတော့ အတုယူစရာတောင် ကောင်းပါတယ်။

  • susunosuki

    May 11, 2011 at 10:00 am

    အရမ်း ကိုကောင်းလွန်းလို့ အခါခါဖတ်ပြီး အခြားလူတွေဖတ်ဖို့ ပရင့် ထုတ်လိုက်တယ်ဗျာ။ အကြောင်းအရာကလည်းစိတ်ဝင်စားဖို့ကောင်း၊ စကားလုံးရွေးတာလည်းကောင်း၊ အယူအဆလည်းကောင်းတော့ အတုယူစရာတောင် ကောင်းပါတယ်။ အကြိုက်ဆုံးစာသားက ” တန်ခိုးကြီးဘုရားများကို မွမ်းမံ တည်ဆောက် ပြုပြင်ခဲ့သလောက် ထိုဘုရားစေတီများ၏ ဘွဲ့အမည်တော်ကို သူ့အမည်သို့ မပြောင်းလဲခဲ့ခြင်းဖြစ်သည်။ သည့်အတွက် သူ့နာမည်ကို တိုင်တည်ကာ ဖူးမျှော်ရခြင်းဒုက္ခမှ ကျွန်တော်တို့ ကင်းဝေးခဲ့ပါသည်” ပါပဲ။

  • MaMa

    May 11, 2011 at 2:22 pm

    ကိုယ်ပြောချင်တာ မပြောတတ်ဘူး။ ပြောတတ်တဲ့လူ ပြောသွားတာကို ထောက်ခံပါတယ်။

  • thakhinmyo

    July 25, 2011 at 10:03 pm

    မှ ူး မှ ူး ကြီးကို မေ့နေကြပြီးလား ခလေးတို့ရေ…..

Leave a Reply