ရင်ထဲက…………….ကဗျာအပိုင်း(၁)

ko noMay 11, 20111min1032

ဘယ်သူ့အတွက် ပွင့်ခဲ့တဲ့ ပန်းလေးလည်းကွယ်…
`မ´ရယ် မောင်ပြောတာ မလုံလောက်သေးလို့လား
`မ´အတွေးမှာ မယုံလောက်သေးလို့လား…
ပန်းလိုလှတဲ့ `မ´ကို မောင့်ရာသီအမှီ ပွင့်စေချင်ကြောင်း
ဆုတောင်းမိတာ အပြစ်ဆိုရင်
ချစ်မိတဲ့ မောင့်အပြစ်က တစ်ဝက်
သိပ်လှတဲ့ `မ´အပြစ်က တစ်ဝက်ပေါ့…
`မ´နှုတ်ခမ်းလေးတွေ အရောင်ဆိုးတိုင်း၊
`မ´ဆံနွယ်တွေ လေပြည်မှာ လွင့်မျောတိုင်း၊
`မ´ရင်မှာ မောင့်အကြောင်းတွေ တွေး၊
`မ´တစ်ယောက်ကြည်းနူးပြုံးလေးတွေ ပြုံးနေစေချင်တယ်…
`မ´တစ်ယောက် ကိုယ့်လမ်းကို လျှောက်ဖို့ လမ်းကူဖောက်ပေးရုံ သက်သက်ပါ၊
`မ´က ခရီးသည်ဆိုရင် လမ်းပြကြယ်လေး ဖြစ်ချင်လို့ပါ၊
`မ´အမောပြေရာ ချွေးသုတ်တဘက်လေးပဲ ဖြစ်ဖြစ်၊
အိုအေစစ်လေးပဲ ဖြစ်ဖြစ်၊
`မ´ဘဝရဲ့ နေရာတိုင်းမှာ အဖြည့်ခံတစ်ယောက်ပဲ ဖြစ်ဖြစ်၊
`မ´အနားမှာ ထာဝရနေထိုင်ခွင့်ပြုပါတော့ `မ´ရယ်…
`၀´လုံးလေး
နှာခေါင်းလုံးလုံး၊ ပါးပြုံးပြုံးကြောင့်
`၀´လုံးလေးလို့ပဲ၊ မှတ်ထားလိုက်တယ်…
ပညာအဝီစိ၊ ရုပ်နတ္တိနှင့် ငွေလည်းမရှိ
ငါကိုယ်ငါလည်း သိလိုက်ပါတယ်၊ `သုည´လို့…
`၀´လုံးလေးရေ…
တို့နှစ်ယောက်က၊ တူမလိုလိုနဲ့ ကွဲပြားနေပါလားနော်…

`မျဉ်းပြိုင်အိမ်မက်´
တို့နှစ်ယောက်က ဝေးနေကြတာလည်းမဟုတ်၊
ဒါပေမယ့် နီးလည်း မနီးစပ်ခဲ့ဘူး၊
ဪ..နောက်ဆုံးသိလိုက်ရတာက၊
မင်းနဲ့ငါဟာ ဆန့်ကျင်ဘက်
`မျဉ်းပြိုင်နှစ်ကြောင်း´ကိုး…
`မင်းအကြောင်း´
အိမ်မက်တစ်ခု ငြိမ်သက်မှုနဲ့လဲလျောင်း၊
ငါ့ခေါင်းထဲမှာ မင်းအကြောင်းတွေပါပဲ…
ရည်မှန်းချက်လား ခပ်ဝါးဝါးတောင်မတွေး
မပေးဖြစ်တဲ့ ကဗျာတွေမှာ မင်းအကြောင်းတွေပါပဲ…
မနက်ဖြန်အတွက်ဆို လက်တံလှည့်မရတဲ့ နာရီလို
ရာသီပြိုအလွမ်းတွေနဲ့ ကြမ်းနေခဲ့တဲ့ ငါ့နှလုံးသားမှာ
အမြဲစဉ်းစားနေတာ မင်းအကြောင်းတွေပါပဲ…
ဘဝအကြောင်း စာလုံးပေါင်းဖို့ ကျောင်းပို့ခဲ့တဲ့
အဖေနဲ့ အမေ၊ ဒါပေမဲ့ ပေခဲ့ လေခဲ့တဲ့ ငါ
စာဆိုတာ အမြဲရေး မင်းအကြောင်းလေးတွေချည်းပါပဲ…

`နိဒါန်းမဲ့ နိဂုံး´
အိမ်မက်တစ်ခုပါလို့ ငါကိုယ်ငါ ဖြေသိမ့်ခဲ့ရ
ငါရှာဖွေနေခဲ့တာပေါ့ အာဒမ်ရဲ့ နံရိုးလေး…
ဒီအချိန်မှာ `ဝုန်း´ခနဲလာဆောင့်
ဘယ်ဘက်ရင်အုံမှာ တော်တော်အောင့်သွားခဲ့
`အချစ်´ ဖြူသလား၊ မဲသလား မကွဲပြားခင်
ငါ့နှလုံးသား မွမွကြေသွားခဲ့တယ်…
ငါဟာ ရှုံးနိမ့်သူ မဟုတ်ပါဘူး
ယှဉ်ပြိုင်ခွင့်တောင် မရခဲ့သူပါ…
ပိုင်ရှင်ရှိတဲ့ ပန်းတစ်ပွင့်ကို
နမ်းခွင့်တောင် မမျှော်ကိုးရဲ
အဝေးက တမ်းတလွမ်းနေရရုံပါပဲ…
`အားလုံးကို စွန့်လွှတ်ရရင်တောင်
သတိရခြင်းကို ငါပိုင်တယ်´ဆိုတဲ့
တာရာမင်းဝေရဲ့ စာသား
ငါ့အတွက်တော့ မှားနေခဲ့…
တောင်ပံကျိုးပျက်ခဲ့တဲ့ ငှက်တစ်ကောင်အတွက်
သတိရခွင့်တောင် ရှိသေးရဲ့လား
မစဉ်းစားချင်တော့ဘူး…

`ရင်ကွဲရသ´
ရင်ကွဲရသ မချိုမြပါဘူး
ဒါပေမယ့် မင်းပေးခဲ့သမျှ..အမှတ်တရ
ဒါပဲရခဲ့တော့…..
မင်းနဲ့ ပတ်သက်မိမှတော့
ခံစားခဲ့ရသမျှ..အားလုံးဟာ
ရင်ကွဲရသ…..
သင်ပေးသမျှ မရလို့တဲ့
ငယ်ငယ်က ဆရာမ
ရိုက်ခဲ့မိတာ မနာမိပါဘူး
အခုတော့ ရွယ်ရုံနဲ့တင်
အရှိုးထင်နေတဲ့ နှလုံးသားက
မရမချင်း ကျက်နေမိတာ(မင်းပေးခဲ့တဲ့)
ရင်ကွဲရသ တဲ့လေ…..

`လူမသိ သူမသိ ဖြစ်ရပ်´
`မင်းကို ငါချစ်တယ်´
မုသားများများ လင်္ကာမထားဘဲ
ခပ်ပါးပါးလေး ပြောပစ်လိုက်တယ်..
ထိုအချိန်ကတော့
သမင်မကို မြင်ရတဲ့ ကျားတစ်ကောင်လို့
ကိုယ့်ကိုကိုယ် ထင်ခဲ့တာပေါ့..
မသိလိုက်ရတာက
သမင်မရဲ့ မမြင်ရတဲ့ ထောင်ချောက်
တိုးမပေါက်တဲ့ ကြိုး
`ခုတော့ သူငယ်ချင်းလိုမျိုးလေး´ဆိုပြီး
ခပ်ပျော့ပျော့ ချည်နှောင်..
ဒီကောင်ကလည်း ငါ`ကျား´ပဲဆိုပြီး
ရဲရဲကြီးဝင်ရောက်..တဖြည်းဖြည်းနဲ့
ဒူးထောက်မှန်းမသိထောက်
ရူးလောက်ပြီဆိုမှ(အောင်နိုင်တစ်ယောက်လို)
သူခပ်ဖျဖျ ပြုံး..
`လုံးဝ မစဉ်းစားပါနဲ့တော့´
`မဖြစ်နိုင်ဘူး´
`မေ့ပစ်လိုက်ပါတော့´
မမျှော်လင့်တဲ့ စကား၊ တကယ် ဘဝမေ့သွားပြီး
သမင်အစားခံရတဲ့ `ကျား´
ကျွန်တော်ဖြစ်သွားလေရဲ့…

`အချစ်(သို့) ရှုံးနိမ့်ခြင်း´
စစ်မရောက်ခင် မြှားကုန်တယ်တဲ့လား
ကြားရတဲ့စကား နားခါးလိုက်တာ…
ဓါးတစ်စင်းရဲ့ သိက္ခာ၊ လေဟုန်ကိုခွင်း အလင်းကို ဝါးမြို
အားလုံးကို ဖြိုဖျက်ပစ်မယ်၊ ငါကိုယ်တိုင် ကြွေးကြော်လို့
စစ်တုရင် ခုံမှာပြေးလွှား၊ ငါကိုယ်ငါ ဆော့ကစားခဲ့တယ်…
မထင်မှတ်တဲ့ တိုက်ကွက်၊ ရိုက်ချက်က ပြင်းလွန်းတယ်
အကြည့်တစ်ချက်နဲ့တင်၊ စိတ်ဓါတ်တွေ ယိုင်လဲ
ခိုင်မြဲတယ်ဆိုတဲ့ နှလုံးသား၊ ဓါးပါးပါး တစ်လက်နဲ့ အမွန်းခံခဲ့…
ပြန်လှည့်ဖို့ စိတ်မကူးပါဘူး၊ မင်းရှေ့မှာ ဒူးထောက်
ရူးလောက်တဲ့ အပြုံးတွေကိုတမ်းတ၊ မမှန်းဆချင်တော့တဲ့ ငါ့နိဂုံး
အရူးသမားလုံးလုံး ဖြစ်ခဲ့ရတာတောင်၊ အမှောင်ကျနေတဲ့ မင်းနှလုံးသားအတွက်
ငါ့ကိုယ်ငါ လောင်ကျွမ်းလိုက်မယ်၊ ယောင်ယမ်းပြီး သတိရမိရင်ပဲ
ငါကျေနပ်ပါပြီဟာ…..
`လေပြေလေးပါပဲ´
လေပြေလေးပါပဲ…ဒါပေမဲ့
ဒဏ်ရာတွေ အနည်ထ၊ ရင်ထဲမှာ နောက်ကျိခဲ့ရတယ်…
အကဲမစမ်းရဲတော့လို့..ငရဲခန်းရောက်ဖူးတဲ့
အသဲတစ်ခြမ်းကိုလည်း `ကွဲစမ်း´ဆိုပြီး
ပစ်ထားခဲ့တာ ကြာပြီ…
အချိန်တန်တာတောင်မှ ရခဲ့တဲ့ ဝေဒနာက
ရင်ခေါင်းမှာ တွင်းအောင်း..ဇိမ်ခံလို့ ကောင်းနေလိုက်တာများ
ကျောက်ချထားရာက တစ်စက်မှကို မရွေ့သေးဘူး…
ဒီလောက်တိုးတက်နေတဲ့ ခေတ်ထဲမှာ
နာတာရှည် အဆွေးသမား ငါဖြစ်မသွားချင်လို့
ကိုယ့်ရင်ဘတ်ကို ဆုံးမ၊ သုံးမရတဲ့ ဒဏ်ရာတွေကို
ခပ်မြန်မြန်တောထုတ်၊ ကိုယ့်ဖို့မဟုတ်တဲ့ မျက်ဝန်းတစ်စုံကို(ဇွတ်အတင်း)
ရင်ခုန်ပစ်လိုက်တယ်…
တွေးခဲ့တာပေါ့..ဒီဆေးနဲ့တော့ တည့်ကောင်းပါရဲ့လို့
ဖြစ်ချင်တော့ ပိုင်ရှင်နဲ့ စိတ်ကောက် Date Out နေတဲ့ ဆေးကြီးလေ…
အကောင်းပတိကျန်ရှိနေတဲ့ တစ်ခြမ်းပဲ့အသဲကိုတောင်မှ
အလွမ်းနဲ့ တည်းထားလိုက်ရတယ်…
တကယ်တမ်းတော့..လေပြေလေးပါပဲ
ဒါပေမဲ့..ဒဏ်ရာတွေ အနည်ထ ရင်ဘတ်ထဲမှာ နောက်ကျိခဲ့ရပြန်တယ်…

`အလင်း´
ငါ့ရဲ့ ဘဝညခင်း၊
လမင်းမရှိလည်း၊
ဆီမီးနဲ့တင် ဖြစ်တယ်…

`မ ဆီသို့´
`မ´နဲ့ ကျွန်တော်ဟာ မိုင်ပေါင်းရာချီကွာဝေးတယ်။
တစ်နေ့နေ့ ဝေးကွာရမှန်းလည်း သိတယ်။
ဒါပေမဲ့ အရာအားလုံးကို လျစ်လျူရှု့ပြီးတော့၊
`မ´ကို ကျွန်တော်တစ်ဖက်သတ် ချစ်ခဲ့တာ `မ´သိရဲ့လား။
`မ´နဲ့ တွေ့ဆုံခဲ့တဲ့ အချိန်တိုင်းဟာ၊
ကျွန်တော်အတွက်တော့ အားလုံးအမှတ်တရတွေချည်းပါပဲ။
`မ´ပြုံးရင် ကျွန်တော်ပျော်တယ် သိလား။
အဲဒီလောက်နဲ့တောင် ပျော်နေတာ၊
`မ´သာ ကျွန်တော်ကို ပြန်ချစ်မယ်ဆိုရင်၊
ကျွန်တော် ရူးသွားလောက်တယ် `မ´ရယ်။
ဒါက ကျွန်တော့် စိတ်ကူးလေး…၊ တစ်ခုတည်းသော စိတ်ကူးလေးပါ။
အခြေအနေတွေက မတူညီကြဘူးဆိုတာ ကျွန်တော်နားလည်ပါတယ်။
အဲဒီအတွက်လည်း အဆိုးဆုံးအထိ ခံနိုင်ရည်ရှိအောင် ကြိုးစားနေတယ်။
`မ´သာ ကျွန်တော်ကို အချစ်စစ်နဲ့ ချစ်မယ်ဆိုရင်
`မ´မှာရှိတဲ့ ဘယ်ချွင်းချက်မဆို ကျွန်တော် လျစ်လျူရှု့လိုက်မယ်။
`မ´ရဲ့ အိမ်မက်ထဲက လူဖြစ်ချင်တယ်။
`မ´ရဲ့ သူရဲကောင်း ဖြစ်ချင်တယ်။
`မ´ရဲ့ တစ်ဦးတည်းသော ချစ်သူ ဖြစ်ချင်တယ်။

`အချစ်ဆုံး´
ဝေးနေတုန်းကလည်း ဝေးလို့မို့ ချစ်နေမိတာပဲ…
နီးစပ်နေတုန်းလည်း နီးစပ်နေလို့ ချစ်နေမိတာပဲ…
ရာသီ်တွေ ဘယ်လိုပဲ ပြောင်းပြောင်း၊
နေရာတွေ ဘယ်လိုပဲ ဝေးဝေး၊
မင်းကတော့ ငါ့ရဲ့ အချစ်ဆုံးပါ ချစ်သူ…
နွေနေ့ခင်း ပူပြင်းလည်း မင်းကို ငါ သတိရတယ်၊
မိုးဖွဲလေးတွေ ရွာသွန်းလည်း မင်းကို ငါ သတိရတယ်၊
ဆောင်းနှင်းတွေ ကျဆင်းလည်း မင်းကို ငါ သတိရတယ် ချစ်သူ…
အိပ်ရာထ၊ အိပ်ရာဝင်တိုင်း မင်းမျက်နှာကို မြင်ယောင်နေမိတယ်၊
အောက်နှုတ်ခမ်းနဲ့ အပေါ်နှုတ်ခမ်းထိတိုင်း ငါမင်းကို လွမ်းနေမိတယ်၊
အချစ်ဆုံး…အချစ်ဆုံး…သူများတွေ ပြောတိုင်း ငါရယ်နေမိတယ်၊
အရူးတွေလို့ ထင်နေခဲ့မိတယ်၊ ငါ မင်းကို ချစ်မိတော့မှ
အရူးဆိုတဲ့ ဂုဏ်ပုဒ်ကို ငါ ကျေကျေနပ်နပ် ခံယူခဲ့တယ် ချစ်သူ…

`အိမ်မက်ချစ်သူ´
အိမ်မက်တွေထဲမှာ အမြဲစိုးမိုးနေသူလေးရယ်…
တစ်ညတစ်လေလည်းမဟုတ်၊ ညတိုင်းညတိုင်း မင်းပဲ စိုးမိုးနေတယ်။
အိမ်မက်တို်င်းမှာ မင်းဟာ မပါမဖြစ်ပဲ…
နေ့ဘက်အိပ်လည်း မင်းပဲ၊
ညဘက်အိပ်လည်း မင်းပဲ၊
ဘယ်အချိန်အိပ်အိပ် မင်းနဲ့ တိုးတာပဲ ချစ်သူ…
မင်းနဲ့တွေ့ချင်လို့ ငါအိပ်ရာကို စောစောဝင်ရတာကိုက အကျင့်တစ်ခု၊
ကြာကြာလေး မင်းနဲ့တွေ့ရဖို့ အိ်ပ်ရာနောက်ကျထရတာကလဲ တစ်ခု၊
အိမ်မက်မက်နေရင်း မင်းနာမည်ကို ယောင်ပြီးအော်မိတာက တစ်ခု၊
ငါ အိပ်ငိုက်နေရင်တောင် မင်းကရောက်လာတတ်တာ၊

2 comments

  • mandalarthu

    May 11, 2011 at 3:37 pm

    So lovely long poem it is! In fact ,I think it may be a good letter for yr. special one.Not for all.
    I love poems ,so I give you full marks of yr creative writing as a poem.Thanks for sharing.
    Try hard ,Mr.No., I wish yr dreams will come true after u become a best-seller as a poet.

  • မမလေး

    May 12, 2011 at 4:08 pm

    ဟေးဟေး .. ဘယ် *မ* ကိုပြောတာလဲ … ဒီ *မ* ကိုဘယ်မှာသွားထားမှာလဲ ? ? ? 😛

Leave a Reply