ရင်ထဲကကဗျာ အပိုင်းနှစ်

ko noMay 12, 20111min791

`ချစ်သူ…´
ပန်းတွေကြွေပြီး အလွမ်းတွေ ဝေနေလည်း
မင်းကိုတော့ ချစ်နေဆဲပါ ချစ်သူ…
အချိန်တွေ နှစ်၊ လ ကြာပေမယ့် မင်းကိုတော့
သတိရနေဆဲပါ ချစ်သူ…
အနမ်းတွေ ပေးချင်နေပေမယ့်
ငါ့မှာ ထွေးပိုက်ခွင့်လေးတောင် မရခဲ့ပါဘူး…
ငါမင်းကို အပြစ်မပြောရက်ပါဘူး
ပြောခွင့်လည်း ရှိခဲ့လို့လား ချစ်သူ…
`ငါ့ထက် မင်းကိုပိုချစ်နိုင်တဲ့လူရှိရင်
ငါကို စွန့်ခွာသွားနိုင်တယ်´လို့ ပြောခဲ့တာပါ…
`ငါ့ထက် ပိုချမ်းသာတဲ့လူ´လို့တော့ မပြောခဲ့ပါဘူး…
ဒါပေမဲ့ မင်းရွေးချယ်သွားတာ မင်းအတွက် မှန်တယ်ထင်ရင်
ငါ ကျေနပ်စွာနဲ့ ကျောခိုင်းလိုက်ပါ့မယ် ချစ်သူ…

`အတိတ်က ချစ်သူ´
`ချစ်တယ် ကိုရယ်´ လို့
တတွတ်တွတ် ပြောခဲ့ဘူးသော ချစ်သူ…
`ဘယ်တော့မှ မခွဲကြေး´ ဆိုပြီး
ကတိတွေ ပေးခဲ့ဘူးသော ချစ်သူ…
မွေးနေ့ရောက်တိုင်း ပဝါလေး တစ်ထည်
ပေးခဲ့ဘူးသော ချစ်သူ…
မနက်မိုးလင်းတိုင်း ဖုန်းထဲကနေ
” Good Morning ” လို့ နှုတ်ဆက်ခဲ့ဘူးသော ချစ်သူ…
နှုတ်မဆက်ဘဲ ထွက်ခွာသွားတာ
နှစ်နှစ်ပြည့်သွားပြီနော်…
အိမ်မက်တွေထဲကိုလည်း တစ်ခါတစ်လေ
မင်းရောက်လာတတ်တယ်နော်…
မလွမ်းဘူးလို့တော့ ပြတ်ပြတ်သားသား မပြောနိုင်ပါဘူး…
မျက်ရည်လေးတော့ ဝဲမိတာပါပဲကွာ…
မင်းပြန်လာချင် ပြန်လာဖို့
ငါ့ရင်ခွင် တံခါးကို အမြဲဖွင့်ထားပါတယ် ချစ်သူ…

`သူငယ်ချင်း´
`သူငယ်ချင်း´ဆိုတဲ့ စည်းကိုမှ ကျော်ခဲ့မိတာ
ငါ့အပြစ်ပါ ချစ်သူ…
`အရိုးသားဆုံးနဲ့ အဖြူစင်ဆုံး´ဆိုတဲ့ အဖြူရောင်သူငယ်ချင်း ဘဝကို
အရောင်ဆိုးချင်နေခဲ့မိတာ ငါ့အပြစ်တွေပါ ချစ်သူ…
ဒီလို မကြုံချင်လို့ မင်းနဲ့ မဆုံချင်ပေမယ့်
မင်းအပြုံးမှာ ကျရှုံးရင်း
မင်းကိုပဲ တစ်ဖက်သတ် ချစ်နေခဲ့မိတာပါ ချစ်သူ…
ဒီလိုနဲ့ နေ့တွေ၊ နေ့တွေ ကုန်လာလိုက်တာ
ဇူလိုင် (၂၉) မှာ မင်းကို ငါဖွင့်ပြောလိုက်တော့…
ငါအကြားချင်ဆုံးစကား မင်းပြောခဲ့တယ်
`ချစ်တယ် ကိုရယ်´တဲ့…

`နားလည်ခြင်း´
ဒုက္ခတွေကို ရင်ဆိုင်
ငါတို့လက်တွေ ခိုင်ခိုင်တွဲလို့
လျှောက်ခဲ့ဘူးတဲ့လမ်းတွေရှိတယ်…
တစ်ဦးနဲ့ တစ်ဦး အကြင်နာ မပျက်
ချစ်ခင်စကားတွေ အမြဲပြောခဲ့ဘူးတယ်…
ဖေးမကူညီရင်း အထင်လွဲစရာတွေရှိလို့
တစ်ခါတစ်လေ စိတ်ကောက်ခဲ့ဘူးတယ်…
ဘာပဲပြောပြော ငါဟာ မင်းအပေါ်မှာ
အရိုးသားဆုံးနဲ့ အဖြူစင်ဆုံး ချစ်ခဲ့တာပါ ချစ်သူ…
`ချစ်ရသူသို့…´
မင်း ငါ့ရင်ခွင်ထဲက ထွက်ခွာသွားတာ
မနေ့တနေ့က အတိုင်းပဲချစ်သူ…
`ပြန်လာမှာပါ´ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့
မင်းလာမယ့် လမ်းကိုပဲ မျှော်နေရသူပါ…
အားလုံးပြီးဆုံးသွားပြီလို့ သတ်မှတ်ချင်ပေမယ့်
မင်းကိုတော့ မေ့မရသေးတာ ငါ့အပြစ်ပါချစ်သူ…
အချိန်က ဒဏ်ရာကို ကုစားတယ်တဲ့လား
ငါ့အတွက်တော့ ဒဏ်ရာက ပိုနက်လာသလိုပဲ…
ဒါဟာ အိမ်မက်ဆိုးကြီးတစ်ခုဖြစ်ခဲ့ရင်
ငါ မေ့ပစ်လိုက်မှာပါ…
မင်းကို တပ်မက်တာတော့ မဟုတ်ပါဘူး
တမ်းတခဲ့တာပါ ချစ်သူ…
နောက်ဆုံးတော့ သိလိုက်ရတာက
ငါဟာ အရာရာကို ရှုံးနိမ့်ခဲ့သူပါ…

`ကျောင်းတော်ကြီး´
`မူးယစ်ကင်းစင်ကျောင်း´ဟူသော ဆိုင်းဘုတ်နဲ့၊
အိမ်သာထဲရှိ ဆေးလိပ်တိုနှင့် ကွမ်းတံတွေးများ။
`အမှိုက်ကင်းစင်ကျောင်း´ဟူသော ဝိသေသနဲ့၊
လေထဲတွင် ပျံဝဲနေသော စက္ကူနှင့် အမှိုက်များ။
`Learning Centre´ဟူသော ဆိုင်းဘုတ်နဲ့၊
သော့ပိတ်ခြင်းခံထားရသော စက်ကိရိယာများ။
ဖုန်တက်နေသော Apple ကွန်ပြူတာများနဲ့၊
သန့်ရှင်းရေးမှန်မှန်လုပ်ရသော လက်တွေ့ခန်းများ။
တစ်စတစ်စတိုးချဲ့ တည်ဆောက်လာသော ကျောင်းဆောင်သစ်များနဲ့၊
ပိတ်ပင်ခြင်းခံထားရသော ဘောလုံးအားကစား။
ဆောက်၍မပြီးနိုင်သေးသော ကျောင်းဆောင်သစ်များနဲ့၊
တစ်စတစ်စ တိုး၍ကောက်ခံလာသော အလှူငွေ။
လိမ္မာကြိုးစားရိုးသားသော ကျောင်းသားများအထင်နဲ့၊
တက်တက်စင်အောင်လွဲနေသည့် ကျောင်းသားများ။

`(၁၀)တန်းကျောင်းသား´
ဆယ်တန်းဘဝ နှစ်စမှာ၊
ဟန်ကြီးများဖြင့် ရောက်လို့လာ၊
ငါ့ကို သေချာကြည့်လို့ထား၊
ခြောက်ဘာသာသမား။
နှစ်လယ်ရောက်တော့၊
သူဟစ်ကြွေး၊
သုံးလေးဘာသာ ထိုင်နိုင်သေး။
နှစ်ဆုံးမှာတော့ သူပြောရှာ၊
တစ်ဘာသာကို လေးဆယ်ပါ။
`ရတနာပုံ´ကျောင်းတံခါး၊
ထိုကျောင်းသားအတွက်၊
ဖွင့်လှစ်ထား။

`တစ်ခါတုန်းက တက္ကသိုလ်မှာ´
မြူနှင်းတွေ ဆိုင်းနေတဲ့
ဆောင်းမနက်ခင်းမှာ…
ခရေပင်တွေ အုံ့မှိုင်းနေတဲ့
ကျောင်းစင်္ကြန်တစ်လျှောက်မှာ…
ကျောင်းသား၊ ကျောင်းသူတွေ
ပျော်ရွှင်စွာ တက်ရောက်နေကြတဲ့
ကျောင်းတော်ကြီးမှာ…
ရာဇဝင်တွင်မယ့် ဝတ္ထုတိုတစ်ပုဒ်
အစပျိုးခဲ့တယ်…
အတန်းအပျက်ခံပြီး သူမကို
သွားကြည့်ရတာက်ိုက အမော…
ချစ်စရာကောင်းတဲ့ သူမမျက်နှာ၊
မြတ်နိုးစရာကောင်းတဲ့ သူမဆံနွယ်၊
စွဲမက်စရာကောင်းတဲ့
သူမ မျက်ဝန်း၊ သူမ နှုတ်ခမ်း
အားလုံးအားလုံး
ပိုင်ဆိုင်ချင်ခဲ့တာပါ ချစ်သူူ…
ကျောင်းကန်တင်းတွေ ငါမထိုင်တတ်ခဲ့ပေမယ့်
မင်းကြောင့် ငါထိုင်ခဲ့ဘူးတယ်…
psycho ဘာသာ ငါ စိတ်မဝင်စားပေမယ့်
မင်းကြောင့် ငါကျူရှင်တက်ခဲ့တယ်…
ဆေးလိပ်ကို ငါ့အရမ်းကြိုက်တယ်
ဒါပေမယ့် မင်းမကြိုက်မှန်းသိလို့ ငါဖြတ်ခဲ့တယ်…
ငါမလုပ်ဘူးတဲ့ အလုပ်တွေအားလုံး
မင်းကြောင့်ငါ လုပ်ခဲ့ဘူးတယ်…
နောက်ပိုင်းမင်းငါ့ကို ချစ်ခဲ့တယ်…
စိတ်ကူးယဉ်ခဲ့တာပေါ့
မင်းနဲ့ပဲ လက်တွဲပြီး ဘဝဆုံးတော့မယ်လို့…
ဒါပေမဲ့ ငါ့စိတ်ကူးတွေကို မိုးတွေအရမ်းသည်းနေတဲ့
ညနေခင်းတစ်ခုမှာ
အားလုံးဖျက်ဆီးခံလိုက်ရတယ်…
မင်းရဲ့စကားလေးတစ်ခွန်း
ငါကြားလိုက်ရတာ မိုးငြိမ်းသံအလား
`ရှင့်ကို မချစ်နိုင်တော့ဘူး´
မင်းရှေ့မှာ ဒူးထောက်ရင်း
မိုးနတ်မင်းကို ငါတိုင်တည်ခဲ့တယ်…
အခုတော့ ကျောင်းစင်္ကြန်တစ်လျှောက်
ငါတစ်ယောက်တည်းပါချစ်သူ…

`အိမ်´
ဘယ်တော့များမှ ဒီဒုက္ခတွေက
ကင်းလွတ်ပါ့မလဲ…
တိုက်ပေါ်ကနေ တဲပေါ်ထိ ဆင်းရလောက်အောင်
ငါတို့ မမွဲသေးဘူး…
ဒါပေမဲ့ ငါတို့ တဲနဲ့ပဲ နေခဲ့ရတယ်…
ငါ့အမေကို ဆေးကုမပေးနိုင်လောက်အောင်
ငါတို့ မဆင်းရဲသေးဘူး…
ဒါပေမဲ့ အမေ့ကို ဆေးမကုပေးခဲ့ဘူး…
ငွေ..ငွေ..ငွေ..
ဒီငွေကြောင့် ငါတို့ မိသားစု တစ်ကွဲတစ်ပြားဖြစ်ခဲ့ရတယ်…
တစ်ယောက်က အဖြူဆို တစ်ယောက်က အမဲ
ဒီလို အိမ်မျိုးမှာ ငါ မနေချင်တော့ဘူး…
ငါလိုချင်တဲ့ မိသားစုဘဝ
ဒီတစ်သက် ပြန်ရနိုင်ပါဦးမလား…
အားလုံးဟာ အဖေ့လက်ထဲမှာ ရှိနေတယ်…
တိုက်တစ်လုံး၊ ကားတစ်စီးရှိရင်
ကျေနပ်ပါတော့ဗျာ…
ဒီထက်ပို ချမ်းသာပြီး
ကျွန်တော်တို့တတွေ စိတ်ဆင်းရဲနေရရင်
ဒါဟာ လုံးဝမတန်ဘူးဆိုတာ
အဖေ တစ်ချိန်ချိန်နားလည်လာမှာပါ…
အဲဒီအချိန်ကျရင်
ကျွန်တော် ဘာဖြစ်နေမလဲဆိုတာ…
(ကျွန်တော့်ဘဝ အဖြစ်မှန်လေးပါ။)

`လမ်းခွဲချိန်´
မင်းနဲ့ငါ လမ်းခွဲတုန်းက
ငါမငိုမိခဲ့ဘူး…
ရက်စက်တတ်တဲ့ မင်းကို
ငါ ဝမ်းနည်းစွာနဲ့ လမ်းမခွဲချင်တာ
ငါ့အမှားလား ချစ်သူ…
မင်းက ပြောခဲ့ပါသေးတယ်
`ကျွန်မကို ချစ်ခဲ့တာကိုက ရှင်အရူးမို့တဲ့´
ဟုတ်တယ် ငါအရူး
ဘာဆို ဘာမှကို မသိနားမလည်တဲ့ အရူးလေးပါ…
မင်းခိုင်းရင် ငါ ဘယ်တုန်းက
ခေါင်းမညိတ်ခဲ့တာ ရှိလဲ
နေပူပူ၊ မိုးရွာရွာ
မင်းကြိုက်တဲ့ ဒိန်ချဉ်
ငါ ဝယ်ပေးခဲ့တယ်…
မင်းရဲ့မွေးနေ့တုန်းကလည်း
မင်းကြိုက်တဲ့ ဝက်ဝံရုပ်ကြီး
လက်ဆောင်ပေးခဲ့တယ်…
အဲဒီအတွက် မင်းဘက်က ပြန်လည်ပေးခဲ့တာက
ငါ့တစ်သက်တာ မှတ်သွားတဲ့
နှလုံးသားက ဒဏ်ရာ…
မှတ်မိပါသေးတယ်…လမ်းခွဲတဲ့နေ့က
ငါ မျက်ရည်စက်တွေနဲ့
၇၃ လမ်းကို ကျိန်စာဆိုးတွေ တိုက်ပစ်ခဲ့တယ်…

‘(၁) နှစ်ပြည့် အမှတ်တရ ကဗျာ’
# ရင်ထဲက အချစ်
မြတ်နိုးစွာဖြင့်
ချစ်ခင်တပ်မက်
ကျွန်တော့် အသဲ
ကလေးဆိုး ‘သိမ့်’…

# နေရာတွေကွာဝေး
ဒုက္ခတွေရင်ဆိုင်
အန္တရာယ်တွေ မမှု
တို့လက်တွေ ခိုင်ခိုင်တွဲလို့
လျှောက်ခဲ့တဲ့လမ်း
(၁)နှစ်ပြည့်ခဲ့ပြီ…

# ကလေးဆိုး ဆိုးဖို့
နေရပ်အဝေး မိုင်ရာချီက
‘သိမ့်’ ကိုချစ်လို့
‘ကို’ လိုက်လာသည်…

# ဆိုးချင်ရာသာ ဆိုးပေတော့…

One comment

  • မမလေး

    May 12, 2011 at 3:42 pm

    `သူငယ်ချင်း´ဆိုတဲ့ စည်းကိုမှ ကျော်ခဲ့မိတာ
    ငါ့အပြစ်ပါ ချစ်သူ…
    `အရိုးသားဆုံးနဲ့ အဖြူစင်ဆုံး´ဆိုတဲ့ အဖြူရောင်သူငယ်ချင်း ဘဝကို
    အရောင်ဆိုးချင်နေခဲ့မိတာ ငါ့အပြစ်တွေပါ ချစ်သူ…
    ဒီလို မကြုံချင်လို့ မင်းနဲ့ မဆုံချင်ပေမယ့်
    မင်းအပြုံးမှာ ကျရှုံးရင်း
    မင်းကိုပဲ တစ်ဖက်သတ် ချစ်နေခဲ့မိတာပါ ချစ်သူ…
    ကြိုက်သွားပြီကွာ … ဒါနဲ့ လက်ကိုင်ပုဝါ လက်ဆောင်ပေးရင် ကွဲတတ်တယ်တဲ့ …

Leave a Reply