“အလှဆိုတာ ကြည့်တဲ့သူရဲ့ မျက်လုံးထဲမှာရှိတယ်” တဲ့ ဖတ်ဖူးတဲ့ စကားပုံလေး။ မိမိမျက်လုံးထဲမှာ လှပါတယ်လို့ မှတ်ယူထားပေမဲ့ တခြားသူ မျက်လုံးထဲမှာ လှချင်မှလှမှာ။ ဒါကြောင့် အလှဆိုတာ ခံစားသူရဲ့ စိတ်နဲ့သာ တိုက်ရိုက်သက်ဆိုင်တယ်လို့  ကျွန်မကတော့ မှတ်ယူထားပါတယ်။

တခါက စာအုပ်တအုပ်ထဲမှာ ပုံပြင်လေးတပုဒ် ကျွန်မ ဖတ်ခဲ့ရပါတယ်။ ပုံပြင်လေးကတော့ — ဘုရင်ကြီးတပါးဟာ တိုင်သူပြည်သားတွေရဲ့ အခြေအနေကို သိချင်တာနဲ့  တိုင်းခန်းလှည့်လည် လာပါတယ်။ နောက်လိုက် နောက်ပါ အစုံအလင်နဲ့ပေါ့။  တနေရာ ရောက်တော့ အမျိုးသမီး တယောက်ဟာ အင်မတန် အရုပ်ဆိုး အကျည်းတန်တဲ့ ကလေးလေးကို ပွေ့ဖက်ပြီး  ချစ်ခြင်းမေတ္တာ အပြည့်နဲ့ နမ်းနေတာ တွေ့ရတယ်။ ကလေးက ဘယ်လောက် အရုပ်ဆိုးသလဲဆို မျောက်ကလေးနဲ့ တူနေပါတယ်။ အဲဒါကို ဘုရင်ကြီးကမြင်တော့  အနားမှာရှိတဲ့ ပညာရှိအမတ်ကို မေးပါတယ်။ ဒီလောက်အရုပ်ဆိုးတဲ့ကလေး တခါမှကို မမြင်ဘူးဖူး။ ဒါကိုတောင် ဒီအမျိုးသမီး ချစ်နေလိုက်တာ မြင်ရရုံနဲသိသာတယ်။ ဘာ့ကြောင့်လဲပေါ့။  ဒါနဲ့ အမတ်ကြီးက ပြန်လည်လျှောက်တင်ပါတယ်။ အရှင်မင်းကြီး ဒီနှစ်ယောက်ဟာ သားအမိဖြစ်ပါလိမ့်မယ်။ မိဘများဟာ ကိုယ့်သားသမီးကို လောကမှာ အလှဆုံးလို့သာ ထင်ကြောင်းပါ ဘုရားပေါ့။ အမတ်ကြီးရဲ့ အဖြေကို ဘုရင်ကြီးက မကျေနပ်ပေမဲ့ ဘာမှတော့ ပြန်မပြောဘူး။ နန်းတော်ပြန်ရောက်တော့ စိတ်ထဲမှာ ခုလုခုလု ဖြစ်နေတဲ့ ဒီအကြောင်းကို  မှန်မမှန် စမ်းသပ်ချင်လာတယ်။ ဒါနဲ့ နန်းတော် အစောင့်ကိုခေါ် လောကမှာ အလှဆုံးသူကို ရှာခဲ့ဖို့ ခိုင်းသတဲ့။ အချိန်ကတော့ သုံးရက်ပေးလိုက်တယ်။ အစောင့်လည်း အဖြေပေးရမဲ့ရက် နီးလာတဲ့အထိ ရှာမရလို့စိတ်ဆင်းရဲပြီး  တမှိုင်မှိုင်တတွေတွေ ဖြစ်နေတာကို မိန်းမက မြင်ရတာနဲ့  မေးမြန်းတော့ ဖြစ်ကြောင်းကုန်စင် သိရပြီ။ “အမလေး…. ယောက်ကျားရယ်     ဒါများခက်ခက်ခဲခဲ လုပ်လို့  ကျုပ်တို့ သမီးလေး ခေါ်သွားပြီးပြလိုက်” လို့ အကြံပေးသတဲ့။   နောက်ဆုံး သတ်မှတ်ရက်လည်း  ရောက်ရော  သမီးလေးကို နန်တော်ကိုခေါ်သွား “လောကမှာ အလှဆုံးသူဟာ  ဟောဒီက ဘုရား ကျွန်တော်မျိုးရဲ့ သမီးလေးပါ ဘုရား”လို့   လျှောက်တင်လိုက်သတဲ့။  အဲဒီတော့မှ ဘုရင်ကြီးလည်း အမတ်ကြီး အဖြေဟာ တယ်မှန်ပါလား ဆိုပြီး ဘ၀င်ကျသွားပါတယ်တဲ့။  ကျွန်မလည်း အဲဒီ ပုံပြင်လေး ဖတ်ပြီး “ အမလေး  မှန်လိုက်တဲ့ ပုံပြင်လေး” လို့ မှတ်ချက်ချမိပါတယ်။

တရက်မှာတော့ ကျွန်မယောက်ခမနဲ့ စကားပြောဖြစ်ပါတယ်။ ဘယ်လိုက ဘယ်လို ဆက်စပ်ပြီး ရောက်သွားတယ်မသိဘူး အဲဒီ့ ပုံပြင်အကြောင်း ရောက်သွားပါတယ်။  ကျွန်မလည်း ပုံပြင်အကြောင်း အစအဆုံး ပြောပြပြီး “ မေမေရယ် မှန်လိုက်တဲ့ ပုံပြင်လေး ၊ သမီးလည်း တကယ်ပဲ အဲ့ဒီလို ဖြစ်နေတာ၊ တခြားကလေးလေး တွေ့ရင်   ဒီကလေးက ငါ့သားလောက် အသားမဖြူဖူး၊ ငါ့သားလောက် ချစ်စရာမကောင်းဘူးပေါ့။ တခါတရံ ကိုယ့်သား ပိန်တာကို အပြစ်မမြင်ပဲ  ၀တဲ့ ကလေးများတွေ့ရင်  ကလေးကလည်း ၀လိုက်တာ ငါ့သားလို ကျစ်ကျစ်လစ်လစ် မရှိဘူး။ အဲ့ဒီလို ကိုယ့်သားဘက်ပဲ အလေးသာပြီး အမြဲတွေးဖြစ်နေတာ မေမေရဲ့   ကိုယ့်သားထက် လှတဲ့ ကလေး မရှိဘူတောင် ထင်နေတာ  ” လို့ ပြောပြတော့ ကျွန်မယောက်ခမ  ခမျှာ ရယ်လိုက်တာ မျက်ရည်တောင်ကျရှာတယ်။

သီချင်းတပုဒ် ရှိပါတယ်  ကြားဖူးကြမယ်ထင်ပါတယ်။ “ အမေကပြောတော့ သားချောပါ မင်းတို့ မျက်စေ့မှုန်လို့ပါ” တဲ့။ ဘယ်လောက်ရုပ်ဆိုးတဲ့သူ ဖြစ်ပါစေ  မိခင်ရဲ့ မျက်စေ့ထဲမှာတော့ ချစ်ခြင်းမေတ္တာ အရင်းခံကြောင့်  လောကမှာ အလှဆုံးသူသာဖြစ်ပါလိမ့်မယ်။

About hmee

has written 87 post in this Website..

စာဖတ်တာ ၀ါသနာပါတယ်။ စာလည်းရေးချင်ပါတယ်။ စာစရေးဖို့ ကြိုးစား တာပါ။