ပြည်ပအသံလွှင့်ဌာနတွေဖြစ်တဲ့ BBC, VOA, RFA လို အသံလွှင့်ဌာနတွေက မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းကြီးမြင့်ရတာဟာ လမ်းအသုံးပြုခကောက်ခံတဲ့နှုန်းထား ကြီးမြင့်တာကြောင့်လို့ ဆိုကြ၊ ပြောကြလွန်းလို့ထင်ပါတယ်။ မြန်မာနိုင်ငံအစိုးရသစ် ပြည်သူလူထုတွေအတွက် အဆင်ပြေစေဖို့ ရည်ရွယ်ချက် ကြီးကြီးမားမားထားလို့ လမ်းအသုံးပြုခကောက်ခံတဲ့ဈေးနှုန်းတွေ လျော့ချဖို့ စီစဉ်နေတယ်လို့ဆိုကြပါတယ်။ ဆောက်လုပ်ရေးဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးဟာ လမ်းအသုံးပြုခကောက်ခံခွင့် လေလံအောင်ထားတာ ၁ လကျော်ကျော်သာ ရှိသေးတဲ့ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေ၊ ကန်ထရိုက်တွေကို နေပြည်တော်ကို ဆင့်ခေါ်ပြီး အစည်းအဝေးတစ်ခု မေလ (၁၂) ရက်နေ့က ၀န်ကြီးဌာနအဆောက်အဦမှာ ပြုလုပ်ခဲ့တယ်လို့ လမ်းကြေးအသုံးပြုခကောက်ခံခွင့်ရထားတဲ့ သူတွေဆီက သိရပါတယ်။

ဝန်ကြီးဟာ ကုန်ဈေးနှုန်းကျဆင်းစေဖို့ရည်ရွယ်ပြီး လမ်းအသုံးပြုခတွေကို လက်ရှိကောက်ခံနေတဲ့ နှုန်းထားကနေ အတော်လျော့ချထားတဲ့နှုန်းထားနဲ့ကောက်ခံဖို့ ညွှန်ကြားခဲ့ပါတယ်။ တစ်မိုင်ကို ပြားခြောက်ဆယ် နှုန်းနဲ့ ကောက်ခံဖို့ညွှန်ကြားခဲ့ပါတယ်တဲ့။ နှုန်းထားအသစ်ကို ကြားလိုက်ရတဲ့ ကန်ထရိုက်တွေဟာ တီဆားနဲ့တို့ခံရသလို တွန့်ကုန်ကြပါတယ်။ ဟုတ်တယ်လေ သူတို့ ဒီလိုကောက်ခံခွင့် လေလံအောင်ဖို့ ကုန်ကျထားတဲ့စရိတ်တွေက နည်းမှ မနည်ပဲ။ လမ်းအပိုင်းအလိုက် ကောက်ခံခွင့်ရဖို့ ပေးရတဲ့လေလံကြေးကလည်း အနည်းဆုံး သိန်း (၅၀၀) ၀န်းကျင်ကနေ သိန်းထောင်ကျော်ထိ ပေးခဲ့ရတာပါ။ အစိုးရလေလံကြေးမဟုတ်ပဲ တခြားကုန်ကျတဲ့စရိတ် (ဆိုင်ရာပိုင်ရာတွေကိုကျွေးမွေးရ၊ ပေးကမ်းရတဲ့စရိတ်) တွေကလည်း နည်းမှမနည်းတာ။

ဇေကမ္ဘာကုမ္ပဏီက ဒေါက်တာခင်ရွှေလို လူသိများထင်ရှားတဲ့ စီးပွားရေးသမားကြီးကတော့ ၀န်ကြီးရဲ့အစီအစဉ်ကို အချက်အလက်တွေနဲ့ ကန့်ကွက်ငြင်းဆန်ခဲ့ပါတယ်။ လမ်းကြေးကောက်ခံခွင့်ရထားတဲ့သူတွေ အားလုံးဟာ အမြတ်ရချင်လို့ လုပ်တာ၊ ဒီလိုအမြတ်လိုချင်လို့ စီးပွားရေးတစ်ရပ်အနေနဲ့လုပ်တဲ့နေရာမှာ တစ်ချို့သောသူတွေဟာ မီတာနဲ့ငွေကိုယူထားရတာတွေရှိပါတယ်။ သူတို့တစ်တွေအတွက် အမြတ်မရဘူးဆိုရင် ဘာလို့ဆက်ပြီး လုပ်ကိုင်တော့မှာလဲ။ ဒီအတွက် လေလံကြေးပေးထားရတဲ့ ငွေကြေးတွေကို ပြန်အမ်းပြီး အစိုးရက ပြည်သူတွေသက်သာအောင် ဆောင်ရွက်ပေးသင့်တယ်လို့ တင်ပြခဲ့တယ် ဆိုပါတယ်။ နောက်တစ်ခါ စည်ပင်သာယာရေးကော်မတီက ခေတ်မီတဲ့ဌာနဖြစ်ပြီး ဆောက်လုပ်ရေးဌာနကတော့ ခေတ်နောက်ပြန်တဲ့ဌာနဖြစ်တယ်လို့ တီးထိုးဝေဖန်တဲ့သူတွေလည်း အတော်များပါတယ်။ မိုင်သုံး လေးဆယ် ကို ၂၀၀-၃၀၀ ကျပ် (ကားလေး) ကောက်ခံတာဟာ စည်ပင်သာယာက မြို့ဝင်ကြေး ၂၀၀-၃၀၀ ကျပ် ကောက်ခံနေတာနဲ့ နှိုင်းယှဉ်ရင် များတယ်လို့ဆိုနိုင်သလားပေါ့။ (တစ်ချို့မြို့တွေဆို ၅၀၀ ကျပ် လောက်အထိ ခပ်တည်တည်နဲ့ ကောက်ခံနေပါတယ်)။ နောက်တစ်ခါ ရန်ကုန်၊ မန္တလေး တို့အပြင် အချို့မြို့တွေမှာ ယဉ်ရပ်နားခကောက်ခံနေတဲ့ ၃၀၀ ကျပ် ကောက်ခံနေတဲ့ ရပ်နားခွန်နှုန်းထားထက် ပိုဆိုးပါသလားလို့ မေးခွန်းထုတ်ခဲ့ကြပါသေးတယ်။

အစည်းအဝေးမှာ တက်ရောက်လာကြတဲ့သူတွေဘက်က ၂ယောက် ၃ ယောက်လောက်သာ ပြန်လှန်မေးခွန်းထုတ်၊ မကြေနပ်တာ ပြောကြပြီး အများစုကတော့ ဘာမှ မပြောကြပါဘူး။ အဲဒီအစည်းအဝေးဟာ ပြတ်သားတဲ့အဖြေမထုတ်နိုင်ပဲ၊ ဆုံးဖြတ်ချက် မချနိုင်သေးပဲ ပြီးစီးခဲ့တယ်လို့ အစည်းအဝေးတက်ရောက်ခဲ့ကြတဲ့သူတွေက ပြောနေကြပါတယ်။ လမ်းကြေး ချပေးယုံနဲ့ ကုန်ဈေးနှုန်း တကယ်ကျသွားမှာလားလို့ လမ်းကြေးကောက်ခံခွင့်ရတဲ့သူတွေက သိချင်နေကြတယ် ဆိုပဲ။

About piti

ko piti has written 17 post in this Website..

I'm Myanmar. I love Myanmar. I live in Mandalay.