အမှန်ကို မယုံတာ ဉာဏ်အဆင့် နိမ့်နေလို့ပဲ…

lu ta loneApril 30, 20101min1205

… ဝိပဿနာကို ယခုနေအခါ ဟောတဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိပါတယ်။
ဒါပေမယ့် ဟောပုံချင်းကတော့ တစ်ဦးနဲ့တစ်ဦး တူချင်မှ တူမယ်။
အရေးကြီးတာကတော့ ဟောတဲ့အတိုင်း အားထုတ်သူမှာ ကျမ်းဂန်နှင့်အညီ ဝိပဿနာဉာဏ်အစစ်တွေ ဖြစ်ဖို့ ကိုယ်တိုင်တွေ့ဖြစ်ဖို့ လိုပါတယ်။

ဘုန်းကြီးကတော့ အားထုတ်သူမှာ ကျမ်းဂန်နှင့်အညီ ဝိပဿနာဉာဏ်အစစ် မဂ်ဖိုလ်ဉာဏ်အစစ် ဖြစ်တာကို ကိုယ်တိုင်တွေ့ ဖြစ်စေနိုင်တဲ့ ဝိပဿနာလုပ်ငန်းစဉ်တရားကို ဟောနေပါတယ်။ ယခု အဲဒီ လုပ်ငန်းစဉ်တရားကို ဟောရမယ်။
အခြေခံ ဂါထာတစ်ပုဒ်ကို ရှေးဦးစွာ ရွတ်ပြရမယ်။

သတ္တိသုတ် (သံယုတ်ပါဠိ၊ ပဌမ ၁၂)

သတ္တိယာ ဝိယ ဩမဋ္ဌော၊ ဒယှမာနောဝ မတ္ထကေ။
ကာမရာဂပ္ပဟာနာယ၊ သတော ဘိက္ခု ပရိဗ္ဗဇေ။

ဒါက အမည်ဖော်ပြမထားဘဲ ‘အညတရာ ဒေဝတာ’ဆိုတဲ့ နတ်တစ်ဦးက မြတ်စွာဘုရားထံ သူ့ထင်မြင်ချက်ကို လျှောက်ထား တင်ပြတဲ့ ဂါထာပါပဲ။
နတ်တစ်ဦးဆိုပေမယ့် သဂါထာဝဂ္ဂသံယုတ် ပဌမသုတ်၌ ဖွင့်ပြပုံအရ ကမ႓ာနှင့်ချီပြီး အသက်တမ်း အလွန်ရှည်တဲ့ ဗြဟ္မာနတ်သာ ဖြစ်သင့်ပါတယ်။ ဒါကြောင့် ဗြဟ္မာတစ်ဦးအနေနဲ့ပဲ ဒီမှာ အနက် အဓိပ္ပာယ် ဖော်ပြသွားပါ့မယ်။

သတ္တိယာ – လှံမကြီးဖြင့်၊
ဩမဋ္ဌော ဝိယ – ရင်ဝ၌ အထိုးခံသောသူကဲ့သို့၊
ပရိဗ္ဗဇေ – သုတ်သုတ်လျင်စွာ အားထုတ်ရာ၏။

ရင်ဝ၌ လှံနဲ့ အထိုးခံရတဲ့ ပုဂ္ဂိုလ်မှာ ဘာအရေးကြီးသလဲဆိုရင် စူးဝင်နေတဲ့ လှံကို နှုတ်ပြီး ဆေးကုဖို့ရာဟာ အရေးအကြီးဆုံးပဲ။
စီးပွားရေး သားရေးသမီးရေး အစရှိတဲ့ ဒိပြင်ကိစ္စတွေက ဘယ်လိုပင် အရေးကြီးပါတယ်ဆိုပေမယ့် အဲဒါတွေကို နောက်မှ လုပ်ရင် ဖြစ်တယ်။

အရေးအကြီးဆုံးကတော့ စူးနေတဲ့ လှံကို နှုတ်ပြီး ဆေးကုဖို့ရာဟာ အရေးအကြီးဆုံးပဲ။
ဒါက သုတ်သုတ်လျင်စွာ အားထုတ်ဖို့ရာအတွက် ဥပမာတစ်ခုပဲ။
နောက်ဥပမာတစ်ခုကတော့ –

မတ္ထကေ – ဦးခေါင်းထက်၌၊
ဒယှမာနော ဣဝ – မီးလောင်ခံရသောသူကဲ့သို့၊
ပရိဗ္ဗဇေ – သုတ်သုတ်လျင်စွာ အားထုတ်ရာ၏ တဲ့။

ခေါင်းက ဆံပင်တွေကို မီးလောင်နေတဲ့သူမှာ ဘာအရေးကြီးသလဲဆိုရင် အဲဒီခေါင်းက ဆံပင် လောင်နေတဲ့ မီးကို ငြိမ်းသတ်ဖို့ဟာ အရေးကြီးတယ်။

ဒိပြင်ကိစ္စတွေကတော့ နောက်မှ လုပ်ရင် ဖြစ်တယ်။ ခေါင်းမှာ လောင်နေတဲ့ မီးကို ငြိမ်းသတ်ဖို့ရာက အရေးအကြီးဆုံးပဲ။
ဒါက ဒုတိယ ဥပမာပဲ။

ဒါကြောင့် –

သတ္တိယာ – လှံမကြီးဖြင့်၊
ဩမဋ္ဌော ဝိယ – ရင်ဝ၌ အထိုးအစိုက် ခံရသော သူကဲ့သို့လည်းကောင်း၊
မတ္ထကေ – ဦးခေါင်းထက်၌၊
ဒယှမာနော ဣဝ – မီးအလောင်ခံရသော သူကဲ့သို့လည်းကောင်း၊
ကာမရာဂပ္ပဟာနာယ – ကာမရာဂကို သမထဈာန်တရားဖြင့် ပယ်ရှားရန် အလို့ငှာ၊
ဘိက္ခု – ရဟန်းသည်၊
ဝါ – သံသရာဘေးကို ရှုမြင်သော ပုဂ္ဂိုလ်သည်၊
သတော – အမှတ်ရလျက်၊
ပရိဗ္ဗဇေ – သုတ်သုတ်လျင်စွာ အားထုတ်ရာ၏ တဲ့။

အမှန်ကို မယုံတာ ဉာဏ်အဆင့်နိမ့်နေလို့ပဲ

ဗြဟ္မာကြီးတစ်ဦးက သူ့အမြင်နဲ့ မြတ်စွာဘုရားထံ တင်ပြ လျှောက်ထားတဲ့ ဂါထာပါပဲ။

နတ်တို့ ဗြဟ္မာတို့ ဆိုတာကို တချို့က သူတို့ကိုယ်တိုင် မတွေ့ဖူးတဲ့အတွက် မယုံကြည်နိုင်ဘဲ ရှိနေတတ်ကြပါတယ်။

အဲဒါဟာ နတ်တွေ ဗြဟ္မာတွေကို မြင်နိုင်တဲ့ဉာဏ် မရှိကြလို့၊ အသိအမြင် အဆင့်အတန်း နိမ့်နေကြလို့ပါပဲ။

သူတို့ကတော့ သူတို့ဟာသူတို့ စဉ်းစား ဆင်ခြင်ဉာဏ် အဆင့်မြင့်နေလို့ မယုံကြည်တာလို့ ဆိုကောင်းဆိုကြပေလိမ့်မယ်။

ဒါပေမယ့် အမှန်အားဖြင့်တော့ အနောက်နိုင်ငံမှာ လေယာဉ်ပျံပေါ်ခါစတုန်းက အရှေ့နိုင်ငံက လူအချို့ မယုံကြည်တာမျိုးပါပဲ။
ယခုနေအခါမှာ လကမ႓ာကို အာကာသယာဉ်ဖြင့် ရောက်တယ်ဆိုတာ မယုံကြည်ကြတာနဲ့လည်း တူပါတယ်။

နတ်တွေ ဗြဟ္မာတွေဆိုတာ မြတ်စွာဘုရားက ကိုယ်ပိုင်ဉာဏ်ဖြင့် တွေ့သိပြီး ဟောထားတာပဲ။
အဲဒါကို ဟုတ်မှန်ကြောင်း အဘိညာဉ်ရပုဂ္ဂိုလ် ရဟန္တာပုဂ္ဂိုလ်များက ထောက်ခံထားလျက် ရှိနေတာပဲ။
မြတ်စွာဘုရားက အဲဒီနတ်တွေ ဗြဟ္မာတွေထက် မြင့်မြတ်သိမ်မွေ့တဲ့ တရားတွေကိုလည်း ကိုယ်ပိုင်ဉာဏ်ဖြင့် တွေ့သိပြီး ဟောထားတာပဲ။
အဲဒါကို ဉာဏ်ထူးရှိတဲ့ ရဟန္တာအရှင်မြတ်တွေက သူတို့၏ ကိုယ်တွေ့အနေဖြင့် ထောက်ခံထားတာပဲ။ အဲဒီတော့ နတ်တွေ ဗြဟ္မာတွေလောက်တောင် မမြင်မသိနိုင်လို့ မယုံကြည်ကြတာဟာ အသိဉာဏ် အဆင့်အတန်း နိမ့်နေသေးလို့ပါပဲ။

သိပ္ပံဆရာတွေ၏ အတွေ့လိုပင် ယုံသင့်ပါသည်

ဗြဟ္မာဆိုတာ ကာမဂုဏ်ကို တပ်မက်မှု ကာမရာဂ ကင်းတယ်။ ကမ႓ာနဲ့ ချီပြီး အသက်ရှည်တယ်။
လူတွေ နတ်တွေဆိုတဲ့ ကာမဘုံသား သတ္တဝါတွေကတော့ အသက်တိုတယ်။ မကြာခဏ သေ,သေသွားကြရတယ်။
လူဆိုရင် ဘုရားလက်ထက်တော် ကာလတုန်းက ပုံမှန် အနှစ်တစ်ရာ အသက်တမ်း ရှိတယ်။ အနှစ်တစ်ရာ မပြည့်ခင် သေတဲ့သူလည်း ရှိတယ်။ အနှစ်တစ်ရာက ကျော်လွန်ပြီး တစ်ရာ့လေးငါးခြောက်ဆယ်အထိ အသက်ရှည်သူလည်း ရှိခဲ့တယ်။
အဲဒီထက် ရှေးကျတဲ့ ခေတ်တွေတုန်းကတော့ အသက်နှစ်ရာ သုံးရာ စသည် ပိုပြီး အသက်ရှည်ခဲ့ကြတာလည်း ရှိကြောင်း ကျမ်းဂန်များမှာ ပြဆိုထားတာ ရှိတယ်။ ဒါပေမယ့် လူ့လောက အသက်ဆိုတာ တယ်မရှည်လှပါဘူး။

အထက် နတ်ပြည်လောကတွေမှာ နတ်တွေက လူ့ထက် များစွာ သာလွန်ပြီး အသက်ရှည်ကြတယ်။ အဲဒါကို သာမန်လူတွေက မသိကြဘူး။
သိတော်မူကြတဲ့ ဘုရား ရဟန္တာအရှင်မြတ်တွေက ဟောကြားထားတဲ့အတိုင်း မှတ်ယူကြရတယ်။

ဥပမာအားဖြင့် ယခုခေတ်မှာ သိပ္ပံပညာတွေက တိုးတက်နေတယ်။ သိပ္ပံပညာတိုးတက်နေတဲ့ ပုဂ္ဂိုလ်တွေက ကမ႓ာလောကအကြောင်းကို အမျိုးမျိုး စူးစမ်း စမ်းသပ်ကြည့်ကြတယ်။
အခြားလူတွေကတော့ ကိုယ်တိုင် မတွေ့မသိရပေမယ့် သိပ္ပံပညာရှင်တွေ စမ်းသပ်တွေ့ရှိထားတဲ့ အချက်တွေကို သူတို့ ပြောပြတဲ့အတိုင်းပင် မှတ်ရတယ်။

နေ အစရှိသော ဂြိုဟ်တွေ၏ အတိုင်းအထွာ ပမာဏတွေ၊ ကမ႓ာမြေကြီး၏ အတိုင်းအထွာ ပမာဏတွေ၊ နေနှင့် အကွာအဝေး ပမာဏတွေ၊ အဲဒီဂြိုဟ်တွေအားလုံး လည်နေပုံတွေ၊ အခြား နေစကြာဝဠာတွေ ဒီလိုဟာတွေကို သိပ္ပံပညာရှင်တွေက သူတို့နည်းဖြင့် တွက်ချက် တိုင်းတာပြီး ပြထားကြတယ်။

အဲဒါတွေကို ကိုယ်တိုင် မတွေ့မသိရပေမယ့် သူတို့ ပြောပြတဲ့အတိုင်းပဲ အများက ယုံကြည် သိမှတ်နေကြရတယ်။

ဘာကြောင့် ဒီလို ယုံကြည်ရသလဲဆိုတော့ မိမိတို့ကိုယ်တိုင်က သူတို့လို မသိရပေမယ့် သင့်လျော်သော ဆင်ခြင်ဉာဏ်ရှိတဲ့အတွက် ဟုတ်ပေလိမ့်မယ်လို့ ယုံကြည်ကြရတာပါပဲ။

အဲဒါလိုပါပဲ။ ဗုဒ္ဓမြတ်စွာဘုရားက ကိုယ်တိုင် တွေ့သိမြင်ပြီးမှ ဟောထားတဲ့ နတ်ဗြဟ္မာ လောက အကြောင်းတွေကိုလည်း ဘုရားဟောတော်မူတဲ့အတိုင်း ယုံကြည်သင့်တာပါပဲ။

ဘာကြောင့်လဲဆိုတော့ ကိုယ်ကိုယ်တိုင်က မသိနိုင်ပေမယ့် သင့်လျော်တဲ့ ဆင်ခြင်ဉာဏ်ဖြင့် ယုံကြည်ထိုက်တဲ့အတွက် ဟောတော်မူတဲ့အတိုင်း ဟုတ်ပေလိမ့်မယ်လို့ ယုံကြည်ရတာပါပဲ။

ကိုယ်တိုင်တွေ့ပြီး သိချင်ရင်တော့ သိနိုင်အောင် အားထုတ်နည်းတွေလည်း ရှိပါတယ်။
အဲဒီနည်းတွေဖြင့် ဈာန်အဘိညာဉ်တွေကို ရအောင် အားထုတ်လို့ ပြည့်စုံရင် အဘိညာဉ်ဖြင့် ကိုယ်တိုင်ပင် သိမြင်နိုင်ပါတယ်။
အဲဒီလို သိနိုင်တဲ့ နည်းတွေ ရှိပါလျက်နဲ့ အဲဒါတွေကို အားမထုတ်ဘဲ ကိုယ်က မသိတာနဲ့ မယုံဘူးဆိုရင် အဲဒါကတော့ နေရာမကျဘူး။

အဆင့်အတန်း မတူရာမှာ ကိုယ်နှင့်နှိုင်းရင် ရိုင်းသည်

တချို့က ဒီလို ပြောကြတယ်။ “ကိုယ်တိုင် မတွေ့ရင် မယုံနိုင်ဘူး”တဲ့။
အဲဒါဟာ ကိုယ်က မသိတာကို သူများလည်း မသိဘူးလို့ ထင်မှတ်ပြီး ပြောတာပဲ။

ကိုယ်နှင့်နှိုင်း မရိုင်းဘူးဆိုတာ အဆင့်အတန်းတူတဲ့သူ အချင်းချင်းမှာသာ မှန်တယ်။
အဆင့်အတန်း မတူတဲ့သူနဲ့ တန်းတူပြုပြီး နှိုင်းယှဉ်ရင်တော့ သိပ်လွဲတာပဲ။

ဥပမာထုတ်ပြမယ်။
ဂဏန်းသချင်္ာကို မသင်ကြားဘူး မလေ့လာဘူးတဲ့ လူက ဂဏန်းသချင်္ာဘက်မှာ ပါရဂူမြောက် တတ်သိနေတဲ့ လူကို … ‘ငါလိုပါပဲ၊ ဂဏန်းတွက်ရာမှာ ငါ့ထက် ပိုပြီး မတတ် မသိပါဘူး’လို့ တန်းတူပြုပြီး နှိုင်းယှဉ်ရင် အများကြီး လွဲမှားသွားမယ် မဟုတ်ပါလား။
ဒါလိုပါပဲ … လောကအကြောင်းကို တကယ်သိပြီး ဟောထားတာကို ကိုယ်တိုင်က မသိတာနဲ့ ဟောတဲ့ ပုဂ္ဂိုလ်ကို မိမိနဲ့ တန်းတူပြုပြီး မယုံကြည်ဘဲနေရင် အများကြီး လွဲမှားသွားပါတယ်။

ဒါကြောင့် မြတ်စွာဘုရား ဟောထားတဲ့အတိုင်း နတ်တွေ ဗြဟ္မာတွေ ရှိတယ်ဆိုတာ မိမိကိုယ်တိုင်တွေ့အားဖြင့် မသိပေမယ့် မြတ်စွာဘုရားက သိမြင်ပြီး ဟောထားတာပဲလို့ ယုံကြည် မှတ်သားရပါတယ်။
အဲဒီ နတ် ဗြဟ္မာတွေထက် မြင့်မြတ်တဲ့ တရားတွေကို ဟောထားတာလည်း ရှိပါသေးတယ်။

တကယ်သိချင်ရင် အဲဒီဟောထားတဲ့ဟာတွေကို ကိုယ်တိုင် သိနိုင်အောင် လေ့လာဖို့ လိုပါတယ်။
လေ့လာရင် သိလည်း သိနိုင်ပါတယ်။

မြတ်စွာဘုရားတရားတော်က ကိုယ်တိုင် တွေ့မြင်နိုင်တဲ့ တရားတော် ဖြစ်ပါတယ်။
ဒါကြောင့် သန္ဒိဋ္ဌိကော – ကျင့်ကြံအားထုတ်က မုချ ကိုယ်တိုင် တွေ့မြင်နို်ငသော တရားတော်မြတ်ပဲလို့ ဒီလိုလည်း ချီးကျူးပြီး ဟောထားပါတယ်။

မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော “တက္ကသိုလ်ဝိပဿနာတရားတော်” မှ

From: Lokachantha

5 comments

  • kopauk mandalay

    April 30, 2010 at 12:04 pm

    သီချင်းထဲမှာတော. ထူးအိမ်သင် က အမှန်ကိုမမြင်နိုင်ခြင်း အဝိဇ္ဖာတရားလို.ဆိုသွားဘူးတာပါဘဲ။

  • M. Nyunt

    April 30, 2010 at 5:44 pm

    အမှန်ကို မယုံတာ ဉာဏ်အဆင့် နိမ့်နေလို့ပဲ…ဆိုရအောင် ဒါကအမှား၊ ဒါကအမှန်လို့ ဘယ်လိုလုပ်သိနိုင်မှာလည်း။ ?
    ဘုရားဟောဆိုတာ အမှန်ဆိုရင်လည်း ဒါကဘုရားဟော၊ ဒါကနောက်တိုးလို့ ဘယ်လိုလုပ်သိနိုင်မလဲ။ ?
    ခေတ်လူငယ်တွေ ကိုယ်တိုင်အသိညဏ်နဲ့တွေးတောချင့်ချိန်ပြီးမှယုံပါ။
    ကာလာမသုတ်တော်ကိုသေခြာနားလည်အောင်ဖတ်ပါ။

    ကာလာမမင်းတို့ …
    သင်တို့သည်ပြောသံ ကြားကာမျှဖြင့် (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
    အစဉ်အဆက် စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
    ဤသို့ ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်)
    မယူကုန်လင့်ဦး။
    ပိဋကတ် (မိမိတို့ရှေးဟောင်းကျမ်းဂန်) စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း
    (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
    ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန် လင့်ဦး၊
    နည်းမှီးယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
    အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူ ကုန်လင့်ဦး၊
    (ငါတို့) ကြံစည်နှစ်သက်၍ ယူထားသောအယူနှင့် တူညီပေသည်ဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
    ငါတို့လေးစားသော ရဟန်း၏ စကားဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူ ကုန် လင့်ဦး။

  • susunosuki

    May 1, 2010 at 11:54 am

    ဓမ္မပဒမှာပါတယ်
    စကြာမင်းရဲ့စည်းစိမ် ကို စကြာမင်းကသာတွေးတယ်
    သူဖုန်းစားကမတွေးဘူး´
    သူတော်ကောင်းတရားကိုလည်းလူမိုက်တွေအထင်သေးတတ်ကြတာ
    ဓမ္မတာပါပဲ

  • laypyay

    May 2, 2010 at 1:16 pm

    ဟုတ်ပါတယ် ခင်ဗျာ အပေါ်က ကို M.Nyunt ပြောသလိုပဲ ကာလာမ သုတ်ကို သေချာ လေ့လာစေချင်ပါသည်။ မဟာစည်ဆရာတော်လို ပုဂ္ဂိုလ်မျိုးကတော့ တရားလက်လွတ် မပြောတန်ရာ ..
    အတ္တာဟိ အတ္တနော နာထော ဆိုတာ ကိုသဘောပေါက်စေခြင်ပါတယ်.. သဂါထာဝဂ္ဂသံယုတ် သတ္တိဝဂ် သတ္တိသုတ် ကိုလည်း သေချာနားလည်အောင် ပြန်ဖတ်စေချင်ပါတယ် ။ သူဆိုလိုတာနဲ့ စာရေးသူ ဆိုလိုတာ တခြားစီ ဖြစ်နေပါတယ်..မလိုအပ်ပဲ စကားလုံးဖေါင်းပွနေတာ လဲ ပြင်စေချင်ပါတယ် ..။

  • blackchaw

    October 12, 2010 at 2:48 pm

    ကျွန်တော်ကတော့ သီချင်းသမားဆိုတော့ စိုးလွင်လွင် ဆိုခဲ့ဘူးတဲ့ သီချင်းလေးတစ်ပုဒ်ရေးပြချင်ပါတယ်။
    “တစ်လှမ်းချင်းသွားပေါ့ရည်ရွယ်ရာကိုဇွဲတော့ခတ်လို့ထား
    အမှားအယွင်းတွေ့သမျှ အမှန်မြင်နိုင်အောင်
    ဉာဏ်ကလေးလွှာသုံးကာသွားကြ
    တအားတော့ မလုပ်လိုက်ပါနဲ့
    အမှန်နဲ့အမှားကို မသိနိုင်သေးသရွေ့
    တအားတော့မလုပ်လိုက်ပါနဲ့ ”
    ကို M. Nyunt ရေးပြတဲ့ ကာလာမသုတ်တော် ဆိုတာကိုတော့ စိတ်ထဲက သဘောကျမိတယ်ဗျာ။ အမှားတွေအမှန်တွေတော့ သိအောင်ကြိုးစားနေဆဲကာလမို့လို့ ဉာဏ်အဆင့်နိမ့်တယ်ဆိုလည်း ခံရမှာပဲပေါ့။ ဒါပေမယ့်
    အမှန်နဲ့အမှားကိုမသိနိုင်သေးသရွေ့ တအားတော့မလုပ်လိုက်ကြပါနဲ့ဗျာ။

Leave a Reply