အခြေအနေမဲ့ သန်းကြွယ်သူဌေး -အပိုင်း(၁၁)

စမီတာ က သံသယမကင်းတဲ့ မျက်လုံးတွေနဲ ့ကျွန်တော့်ကို စိုက်ကြည့်ပြီး-

“အဲဒါ ဘယ်တုန်းကဖြစ်ခဲ့တာလဲ အတိအကျပေါ့”

“လွန်ခဲ့တဲ့ ၆နှစ်လောက်ကပဲ..ကျွန်တော်နဲ့ ဆလင်း ဂတ်ကိုပါ မှာ နေတုန်းက”

“ခု ရှင်ပြောတဲ့ အကြောင်းက ဘယ်လောက်အရေးပါလဲ သိလား”

“ဗျာ”

“အဲ့သလိုမျိုးသာ လူရှေ့သူရှေ့များ ဖြစ်ခဲ့လို့ကတော့ အာမန်းအလီတစ်ယောက် ရုပ်ရှင်လောက ကနေ ကွယ်ပျောက်သွား

မှာဘဲ..အဲ ရှင်ပြောတာ အမှန်ပဲ ဆိုရင်လည်း သူနေရာပျောက်သွားမှာ အသေအချာပဲ..။”

“ဒါဖြင့် ခင်ဗျားက မယုံသေးဘူးပေါ့”

“ဟင့်အင်း မပြောပါဘူး။”

“ခင်ဗျား မယုံသေးဘူးဆိုတာ ခင်ဗျား မျက်လုံးတွေက ပြနေတယ်ဗျ..လုပ်ပေါ့ဗျာ..ယုံတာ မယုံတာ ခင်ဗျား ကံကြမ္မာပဲ။

ဒါပေမဲ့နော် ဟောဒီ ဒီဗီဒီပေါ်က အထောက်အထားတွေကိုတော့ ခင်ဗျား မေ့ထားလို့မရဘူး။ ကဲ..ကျွန်တော်တို့ ပထမ

ဆုံးမေးခွန်းလေးကို မကြည့်သင့်ဘူးလားဗျာ..”

စမီတာ ကခေါင်းငြှိမ့်ပြီး ရီမု ကွန်ထရိုးပေါ်က ပလေး ဆိုတဲ့ ခလုတ် လေးကိုနှိပ်လိုက်တယ်။

 

*************************************************************************************

စတူဒီယို ထဲမှာ မီးတွေ မှိန်ဖျော့သွားပြီ။ကျွန်တော့် ပတ်လည်မှာထိုင်နေကြတဲ့ ပရိသတ်ကိုတောင် ရိုးတိုးရိပ်တိတ် လောက်မြင်ရတော့

တယ်။စပေါ့လိုက် က ပရမ်ကူးမားရဲ့ရှေ့ သားရေ ဆုံလည်ထိုင်ခုံမှာ ထိုင်နေတဲ့ ကျွန်တော့်ကို တည့်တည့် ထိုးထားတယ်။ကျွန်တော် နဲ ့သူ့ကြား

မှာ စက်ဝိုင်းခြမ်းပုံ စားပွဲတစ်လုံး ခြားထားတာ။ကျွန်တော့် ရှေ့မှာ ဧရာမ ပိတ်ကားကြီးတစ်ခုရှိတယ်။အဲဒီပေါ်မှာ မေးခွန်းတွေကို ပရော်ဂျက်တာ

နဲ့ထိုးပြတာပေါ့။စတူဒီယိုရဲ ့သတိပေးဆိုင်းဘုတ်လေးမှာ ငြိမ်ပါ ဆိုပြီး ပေါ်လာတယ်။

“ကင်မရာတွေ စမယ်..သရီး ..တူး .. ဝမ်း. ရိုက်ပြီ”

အစီအစဉ်အတွက် သီးသန့်တီးလုံးလေး စ ထွက်လာတယ်။ပရမ်ကူးမား ရဲ့ အသံကျယ်ကြီးက ဟောခန်းထဲမှာ ဟိန်းထနေတာပဲ။

“ကဲ..ကျွန်တော်တို့ ဆုံကြပြန်ပြီနော်..ကမာ္ဘပေါ်မှာပေးသမျှ ဆုကြေးတွေထဲက အမြင့်ဆုံးဆုကြီး ကို ဘယ်သူများရမလဲဆိုတာ

အဖြေရှာဖို့ ကျွန်တော်တို့တွေ အသင့်ဖြစ်နေပါပြီ။ ဟုတ်ကဲ့..ဂုဏ်သရေရှိ လူကြီးမင်းများ ခင်ဗျာ..တစ်ဘီလျှံ ဘယ်သူရမလဲ

ဆိုတာ ရှာကြည့်ကြပါစို့လား..။”

စတူဒီယို ဆိုင်းဘုတ်လေးမှာ လက်ခုပ်တီးပါ လို့ပေါ်လာတယ်။ပရိသတ်တွေ လက်ခုပ်တီးကြတာပေါ့။အော်ဟစ်ပြီး လက်ခေါက်မှုတ်

တာတွေတောင်ရှိတယ်။

နောက်ခံတီးလုံးလေး တိုးဝင် မှိန်ဖျော့သွားတော့မှ ပရမ်ကူးမားက ပြောတယ်-

“ဒီနေ့ ညအတွက် ကံကောင်းတဲ့ ပြိုင်ပွဲဝင်သူတွေရှိပါတယ်..သူတို့ကို ကျွန်တော်တို့ ကွန်ပျူတာကနေ ကျပန်း ရွေးပေးထားတာပါ။

ပြိုင်ပွဲဝင် နံပါတ် ၃ -ကပီးလ် ချောင်ဒရီ ၊သူက အနောက်ဘင်္ဂလားနယ် မယ်လ်ဒါက ဖြစ်ပါတယ်။ပြိုင်ပွဲဝင် နံပါတ် ၂ ပရော်ဖက်ဆာ

ဟာရီ ပရစ်ခ် ၊သူကတော့ အမ်းဒါဘတ် ကဖြစ်ပါတယ်။ခု ကျွန်တော်တို့ရဲ ့ပြိုင်ပွဲဝင် နံပါတ်တစ်ကတော့ ဆယ့်ရှစ်နှစ်သားလေး –

ရမ်မိုဟာမက် သောမတ်စ် ဖြစ်ပါတယ် ခင်ဗျား..။သူကတော့ ကျွန်တော်တို့ မွန်ဘိုင်းကပါပဲ။ဟုတ်ကဲ့ပါ..ဂုဏ်သရေရှိ လူကြီးမင်း

များက သူ့ကို လက်ခုပ်ဩဘာလေး ချီးမြှင့်ပေးပါဦး ခင်ဗျာ..”

အားလုံး လက်ခုပ်တွေတီးကြတယ်။လက်ခုပ်သံတွေစဲသွားတော့မှ ပရမ်ကူးမားကကျွန်တော့်ဘက် လှည့်ပြီး –

“ရမ်မိုဟာမက် သောမတ်စ်..အရမ်းကို စိတ်ဝင်စားဖို့ကောင်းတဲ့ နာမည်ပဲ။။ဒါကျွန်တော်တို့ အိန္ဒိယ ရဲ့ ထူးကဲကြွယ်ဝမှု နဲ့ အထွေထွေ

အပြားပြားဖြစ်မှုတွေကို ဖော်ပြတာပါပဲ။ ခင်ဗျား ..ဘာလုပ်ပါသလဲ မစ္စတာ သောမတ်စ်..”

“ကျွန်တော်က ကိုလာဘာမှာရှိတဲ့ ဂျင်မီရဲ ့စားသောက်ဆိုင်မှာလုပ်တဲ့ စားပွဲထိုးတစ်ယောက်ပါ”

“စားပွဲထိုး..၊ စိတ်ဝင်စားစရာပဲ ဟုတ်လား..ကဲပြောပါဦး ခင်ဗျား တစ်လဘယ်လောက်ရသလဲဗျ”

“ရူးပီး ကိုးရာလောက်တော့ရပါတယ်”

“ဒါပဲလား..ဒါနဲ့ ဒီနေ့ ဆုရခဲ့ရင် ဘာလုပ်မလဲ”

“မသိပါဘူး”

“မသိဘူး..ဟုတ်လား”

“ဟုတ်ကဲ့ မသိဘူး”

ပရမ်ကူးမှာ မျက်နှာပျက်ပြီး ကျွန်တော့်ကို မျက်မှောင်ကြုတ်ကြည့်လိုက်တယ်။သူတို့ ဇာတ်ညွှန်းအတိုင်းကျွန်တော် မျှောမလိုက်ဘူးလေ။

ဒီလို ထွေရာလေးပါး ပြောနေတဲ့ အချိန်မျိုးမှာ ကျွန်တော်က ကတုန်ကရင် နဲ့ ရယ်စရာလေး လုပ်ရမပေါ့လေ။ဟာ..ကျွန်တော်ဖြင့် စားသောက်ဆိုင်

ကြီးတစ်ဆိုင်ဝယ်မှာပေါ့ဗျာ..တို့..၊လေယာဉ်ပျံဝယ်စီးမှာပဲဗျာ..တို့ ၊ပါတီပွဲကြီး ကျင်းပပြီး အိန္ဒိယ အလှမယ်လေး ကိုလက်ထပ်မှာတို့။တင်ဘတ်တူ[1]

ကို ခရီးထွက်မယ်တို့။အဲဒါမျိုးတွေ ပြောသင့်တာပေါ့ဗျာ။

“အိုခေ..ခု အစီအစဉ်လေးရဲ့စည်းမျဉ်းစည်းကမ်းလေးတွေ ကျွန်တော်ရှင်းပြပါမယ်..။ခင်ဗျားကို မေးခွန်း ၁၂ခုမေးမယ်။တစ်ခုချင်းစီ မှန်

မှန်ကန်ကန်ဖြေနိုင်ခဲ့ရင် ကမာ္ဘ့အများဆုံး ဆုကြေးကို ရဖို့ အလားအလာအများကြီး ရှိလာမှာပေါ့။ရူးပီး တစ်ဘီလျှံနော်။မေးခွန်းနံပါတ်

ကိုး ထိ အောင်ကြားထဲမှာ ခင်ဗျား ထွက်ချင်ထွက်နိုင်တယ်။ထွက်ပြီးရင် ခင်ဗျား မှန်ခဲ့သလောက် ခင်ဗျားကိုပေးမယ်။ဒါပေမဲ့ မေးခွန်း

နံပါတ် ကိုး ကျော်သွားရင်တော့ ထွက်လို့မရတော့ပါဘူး။အဲဒီအချိန်ကျရင် ကစားမလား နားမလား ဖြစ်သွားပြီး။နားရင် တစ်ပြားမှ မရ

ဘူးနော်။ထားပါ။အဲဒီအခြေအနေရောက်မှ ထပ်ပြောကြတာပေါ့။ခင်ဗျား အဖြေကို မသိရင် မကြောက်ပါနဲ့။ဘာလို့လဲဆို ခင်ဗျားမှာ

အသက်ကယ်လှေ နှစ်စင်းရှိလို့ပါ။အဲဒါက တော့ ရင်းနှီးသူတစ်ယောက်ယောက်ဆီက အကြံဉာဏ်၊သဲလွန်စ မေးနိုင်ခွင့်ရယ် နောက်

ရွေးရမဲ့ အဖြေ လေး ခုထဲက အဖြေမှား နှစ်ခုကို ဖယ်ထုတ်ပေးခြင်းပါပဲ။မှန်ဖို့ မှားဖို့ ၅၀/၅ဝဖြစ်သွားတာပေါ့လေ။ ကဲ..ဟုတ်ပါပြီ။

ခု ကျွန်တော်တို့ ပထမဦးဆုံးရူးပီး တစ်ထောင်ရမဲ့ မေးခွန်းလေးကို ပြင်ဆင်ပြီးလောက်ပါပြီ။ ခင်ဗျား အဆင်သင့်ပဲနော်..။”

“ဟုတ်ကဲ့ အဆင့်သင့်ပါပဲ”

“အိုခေ..ဟောဒီမှာ မေးခွန်းနံပါတ်တစ် လာပါပြီ။တကယ့်ကို လွယ်လွယ်လေး၊ ရေပန်းစားတဲ့ရုပ်ရှင်အကြောင်းမေးမှာပါ။ဒီပရိသတ်

ထဲက ဘယ်သူမဆို ကောင်းကောင်းဖြေနိုင်မှာပါ။ ကျွန်တော်ထင်ပါတယ်။ဟုတ်ကဲ့ ..ခု ကျွန်တော်တို့ သိတယ်..အဲဒါက အာမန်း

အလီ နဲ့ ပရီယ ကပူး တို့ဟာဇာတ်လမ်းတွေထဲမှာ အလွန်လိုက်ဖက်ညီခဲ့တဲ့ အတွဲတွေဆိုတာ ကျွန်တော်တို့အားလုံး သိကြပါတယ်။

ဒါပေမဲ့ သူတို့နှစ်ယောက် ပထမဆုံးစတွဲပြီး ရိုက်ခဲ့တဲ့ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ ရုပ်ရှင်နာမည်လေး ဖြေပေးနိုင်မလား။အဲဒါက

(က)မီး (ခ)သူရဲကောင်း (ဂ)မွတ်သိပ်မှု (ဃ)သစ္စာမဲ့ခြင်း ..။ကဲအဖြေမှန်က ဘာလဲခင်ဗျာ။”

နောက်ခံတီးလုံးက သဲထိတ်ရင်ဖို တီးလုံးမျိုးပြောင်းသွားတယ်။အချိန်ကိုက်ဗုံးက နာရီ တစ်ချက်ချက် မြည်တဲ့ အသံမျိုးလေ။

“(ဃ) သစ္စာမဲ့ခြင်း” လို့ကျွန်တော် ဖြေလိုက်တယ်။

“ရုပ်ရှင်တွေဘာတွေ ခင်ဗျား သွားကြည့်တယ်မို့လား”

“ဟုတ်ကဲ့”

“သစ္စာမဲ့ခြင်း ဆိုတဲ့ကားကိုလည်း ကြည့်ဖူးခဲ့တယ်ပေါ့”

“ဟုတ်ကဲ့”

“ဒါဆို ခင်ဗျား ခုအဖြေကို လုံးဝ တစ်ရာ ရာခိုင်နှုန်း သေချာပြီပေါ့။”

“ဟုတ်ကဲ့”

ဒရမ်သံတွေက စတီးတယ်။တစ်စတစ်စ ကျယ်လာတာပဲ။ဟော..အဖြေမှန်ကို ပိတ်ကားပေါ်မှာ ပြပါပြီ။

“ဟုတ်ကဲ့ လုံးဝ တစ်ရာ ရာခိုင်နှုန်းမှန်ပါတယ် ခင်ဗျား..၊ခု ရူးပီးတစ်ထောင် ခင်ဗျား ရသွားပါပြီ။ခု ကျွန်တော်တို့ ကြားဖြတ်ကြော်ငြာဝင်

တဲ့ အချိန်လေးပါ။မြန်ပါတယ်။”

ပရမ်ကူးမားက အဲဒီလို ကြေညာလိုက်တယ်။စတူဒီယို ဆိုင်းဘုတ်လေးက လက်ခုပ်တီးပါလို့ ပြောင်းသွားတော့ ပရိသတ်တွေ လက်ခုပ်

တီးကြတာပေါ့။ပရမ်ကူးမား ကပြုံးလို့။မပြုံးတာ ကျွန်တော်။

 


[1] အနောက်အာဖရိကရှိ မာလီနိုင်ငံ၏ မြို့တော်တစ်ခု