ပရိနိဗ္ဗာန်စံသောနေ့ (ကဆုန်လပြည့် အင်္ဂါနေ့)

manawphyulayMay 17, 20111min774


ဗုဒ္ဓဘာသာဝင်တို့အတွက် ဗုဒ္ဓဝင်အကျဉ်း
၁။ လူအမည်=သိဒ္ဓတ္ထ
၂။ ဘုရားဘွဲ့=ဂေါတမ
၃။ မိဘအမည်=သုဒ္ဓေါဒနမင်း နှင့် မာယာဒေဝီ
၄။ ကြင်ယာတော်=ယသော်ဓရာ ( ဘဒ္ဒကဉ္စနာ )
၅။ ရင်သွေးတော်=ရာဟုလာ
၆။ ယောက်ဖတော်=ဒေဝဒတ်
၇။ မိထွေးတော်=ဂေါတမီ
၈။ နေပြည်တော်=ကပိလဝတ်ပြည် ( သက္ကတိုင်း၊ မဇ္ဈိမဒေသ )။
၉။ ဖွားရာဌာန=လုမ္ဗိနီဥယျာဉ် ( ကပိလဝတ်နှင့် ဒေဝဒဟကြား )။
၁၀။ နန်းစံနှစ်=၁၃-နှစ်ကြာ ( ၁၆-နှစ်မှ ၂၉ နှစ် )။

၁၁။ နိမိတ်ကြီးများ=သူအို, သူနာ, သူသေ, ရဟန်း
၁၂။ ဗျာဒိတ်ခံယူသောဘဝ=သုမေဓာရသေ့ဘဝ
၁၃။ ဗျာဒိတ်ခံယူသောနေ့=ကဆုန်လပြေ့နေ့
၁၄။ ဗျာဒိတ်ပေးသောဘုရား=ဒီပင်္ကရာမြတ်စွာဘုရား
၁၅။ ပါရမီဖြည့်ဖက်=သုမိတ္တာအမျိုးသမီး ( ယသော်ဓရာအလောင်း )။
၁၆။ ပါရမီဖြည့်ရာကာလ=လေးသချေင်္နှင့် ကမ္ဘာတသိန်း ( သုမေဓာဘဝ မှ ဝေဿန္တရာဘဝအထိ )။
၁၇။ ပါရမီဖြည့်ရခြင်း၏ ရည်ရွယ်ချက်=သတ္တဝါများအကျိုး ဆောင်ရွက်ရန်
၁၈။ ဒုက္ကရစရိယာ ကျင့်ရသောနှစ်=၆-နှစ်ကြာ ( ၉၇-မှ-၁၀၃ ထိ )။
၁၉။ ဒုက္ကရစရိယာ ကျင့်သည့်နေရာ=ဥရုဝေဠတော
၂၀။ ဘုရားဖြစ်ချိန် သက်တော်=၃၅-နှစ်အရွယ်

၂၁။ ဘုရားပွင့်ရာ သက်တမ်း=၁၀၀-တမ်း
၂၂။ အလုပ်အကျွေး=ပဉ္စဝဂ္ဂီ ငါးဦး ( ဒုက္ကရစရိယာ ကျင့်ခိုက် )။
၂၃။ တရားဦးဟောသည့်နေရာ=ဗာရာဏသီ မိဂဒါဝုန်တော
၂၄။ ပထမဆုံး သာဝက=ပဉ္စဝဂ္ဂီ ငါးဦး
၂၅။ နောက်ဆုံးကျွတ်သော သာဝက=သုဘဒ္ဒပရိဗိုဇ်
၂၆။ လက်ယာရံ အဂ္ဂသာဝက-အရှင်သာရိပုတ္တရာ
၂၇။ လက်ဝဲရံ အဂ္ဂသာဝက=အရှင်မောဂ္ဂလာန်
၂၈။ အဆုံးအမ သာသနာ=ပရိယတ္တိ, ပဋိပတ္တိ, ပဋိဝေဓ
၂၉။ ကျင့်စဉ်သိက္ခာ=သီလ, သမာဓိ, ပညာ
၃၀။ ချမှတ်သော လမ်းစဉ်=မဇ္ဈိမပဋိပဒါ ( မဂ္ဂင်လမ်းစဉ် )။

၃၁။ သန္ဓေယူသောနေ့=မဟာသက္ကရာဇ် ၆၇-ခု၊ ဝါဆိုလပြည့်၊ ကြာသပတေးနေ့။
၃၂။ ဖွားမြင်သောနေ့=မဟာသက္ကရာဇ် ၆၈-ခု၊ ကဆုန်လပြည့်၊ သောကြာနေ့။
၃၃။ တောထွက်သောနေ့=မဟာသက္ကရာဇ် ၉၇-ခု၊ ဝါဆိုလပြည့်၊ တနင်္လာနေ့။

၃၄။ ဘုရားဖြစ်သောနေ့=မဟာသက္ကရာဇ် ၁၀၃-ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့။
၃၅။ ဓမ္မစကြာဟောသောနေ့=မဟာသက္ကရာဇ် ၁၀၃-ခု၊ ဝါဆိုလပြည့်၊ စနေနေ့။
၃၆။ ပရိနိဗ္ဗာန်စံသောန့=မဟာသက္ကရာဇ် ၁၄၈-ခု၊ ကဆုန်လပြည့်၊ အင်္ဂါနေ့။
၃၇။ တေဇောဓာတ်လောင်သောနေ့=မဟာသက္ကရာဇ် ၁၄၈-ခု၊ ကဆုန်လဆုတ် ၁၂-ရက်၊ တနင်္ဂနွေနေ့။
…………………………………………………………………………………………………………………………….
ဂေါတမ မြတ်စွာဘုရား၏ ဗုဒ္ဓဝင် အကျဉ်းချုပ် ဆောင်ပုဒ်

မ, သိ, ကြ, လတ် ၊ တွေး, ဆ, အပ် ၊ နေ့မြတ် ခုနစ်ထွေ ။
သန်, ဖွား, တော, ပွင့် ၊ စက်, စု, သင့် ၊ ရှင်ပင့် သာကီဆွေ ။

ရှင်းလင်းချက်။
၁။
မ=ကြာသပတေးနေ့တွင်
သန်=ပဋိသန္ဓေ နေတော်မူပါသည်။

၂။
သိ=သောကြာနေ့တွင်
ဖွား=ဖွားမြင်တော်မူပါသည်။

၃။
ကြ=တနင်္လာနေ့တွင်
တော=တောထွက်တော်မူပါသည်။

၄။
လတ်=ဗုဒ္ဓဟူးနေ့တွင်
ပွင့်=ဘုရားပွင့် (ဖြစ်) တော်မူပါသည်။

၅။
တွေး=စနေနေ့တွင်
စက်=ဓမ္မစကြာတရား ဟောတော်မူပါသည်။

၆။
ဆ=အင်္ဂါနေ့တွင်
စု=စုတိ ( ပရိနိဗ္ဗာန် ) စံတော်မူပါသည်။

၇။
အပ်=တနင်္ဂနွေနေ့တွင်
သင့်=တေဇောဓာတ် ( မီးသင့် ) လောင်တော်မူပါသည်။

……………………………………………………………………………………………………………………………..
ဗုဒ္ဒဘာသာဝင်တိုင်းရသင့်တဲ့ဘုရားရှီခိုးပါ
( လယ်တီဆရာတော် ရေးသားသော ဗုဒ္ဓဝင်ဘုရားရှိခိုး လင်္ကာ )

၁။ သန္ဓေယူသောနေ့ ( မ=သန် )
သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင်စကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊ ရတုနဂို၊ ရွှန်းရွှန်းစိုသည်၊ ဝါဆိုလပြေ့၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊ နတ်လူငြိမ်းဖို့ ကိန်းပါကိုး။

၂။ ဖွားတော်မူသောနေ့ ( သိ=ဖွား )
သန္ဓေယူကာ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊ ကဆုန်လပြေ့၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊ နတ်လူအောင်မြို့ လမ်းပါကိုး။

၃။ တောထွက်သောနေ့ ( ကြ=တော )
ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ဝယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ဝါဆိုလပြေ့၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရလှုံသည်၊ စုံမြိုင်ပင်ရိပ် ခန်းမှာကိုး။


၄။ ဘုရားဖြစ်သောနေ့ ( လတ်=ပွင့် )
တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တဖုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန်လပြေ့၊ ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်၊ ရန်မြူခပင်း၊ အမိုက်သင်းကို၊ အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊ ထွန်းတောက်ဘုန်းတော်၊ သောင်းလုံးကျော်သည်၊ သုံးဖော်လူတို့ ငြမ်းပါကိုး။

၅။ ဓမ္မစကြာဟောသောနေ့ ( တွေး=စက် )
ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဘွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတသောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ဝါဆိုလပြေ့၊ စနေနေ့ဝယ်၊ ကြွေ ့ကြွေ ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊ တရားနတ်စည် ရွမ်းတယ်ကို။

၆။ ပရိနိဗ္ဗာန်စံသောနေ့ ( ဆ=စု )
တရားနတ်စည်၊ ဆော်ရွမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တသောင်းတိုက်ဝယ်၊ ကျွတ်ထိုက်သသူ၊ နတ်လူဗြဟ္မာ၊ သတ္တဝါကို၊ ခေမာသောင်သို့၊ ဖောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးခါ၊ ဝါလေးဆယ့်ငါး၊ သက်ကား ရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ်၊ ကုသိနာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်၊ ဝှန်းဆူသောင်းလုံး ကျော်တယ်ကို။

၇။ တေဇောဓာတ် လောင်သောနေ့ ( အပ်=သင့် )
နိဗ္ဗူစံပြီ၊ ရှုမအီသား၊ သိင်္ဂီရွှေလှော်၊ အလောင်းတော်ကို၊ ထိုရော်ကဆုန်၊ လဆုတ်ကြုံ၍၊ ဂဠုန်နေ့ဝယ်၊ ခိုးငွေ့မနှော၊ ဓာတ်တေဇောလျှင်၊ ရှင်စောဉာဏ်စက်၊ ဓိဋ္ဌာန်ချက်ဖြင့်၊ လျှံတက်ကော်ရော်၊ မီးပူဇာ်သည်၊ မွေတော်ရှစ်စိတ် ကြွင်းတယ်ကို။
ထိုခုနစ်နေ့၊ သာချမ်းမြေ့ကို၊ ဆွေ့ဆွေ့ကြည်ဖြူ၊ အာရုံယူလျက်၊ သုံးလူတို့နတ်၊ မြတ်ထက် မြတ်သား၊ အထွဋ်ခေါင်ဖျား၊ ကိုယ်တော်ဘုရားကို၊ သုံးပါးမှန်စွာ၊ ဝန္ဒနာဖြင့်၊ သဒ္ဓါဖြိုးဖြိုး၊ ကျွန်ရှိခိုးသည်၊ ကောင်းကျိုးခပ်သိမ်း ကြွယ်စေသော်။

မှတ်သားထားသမျှကို စုစည်းဖော်ပြလိုက်ပါသည်။

4 comments

  • zaw min

    May 17, 2011 at 4:32 pm

    သာဓု၊သာဓု၊သာဓု…..မင်္ဂလာအပေါင်းနဲ့ပြည့်စုံစေပါတယ်မနော…ယနေ့ ကျွန်ုပ်ပြုလုပ်ခဲ့သော ကုသိုလ်ကောင်းမူ အစုစုအား ရွာသူ၊ရွာသားအေပေါင်းတို့ကို အမျှ၊အမျှ၊အမျှ ပေးဝေပါ၏၊ သာဓု၊ ခေါ်ဆိုနိုင်ကြပါစေ။

  • padonmar

    May 17, 2011 at 7:27 pm

    မနောရေ၊Post လေးအရမ်းကောင်းပါတယ်၊
    ကောင်းသထက်ကောင်းအောင်ဖြည့်ပေးပါရစေနော်၊
    ပါရမီဖြည့်ရတဲ့ကာလကို ရေးရင် လေးအသချေင်္နဲ့ကမ္ဘာတစ်သိန်းလို့ ရေးမှမှန်မယ်လို့ ကျွန်မလည်း အခုရက်မှ သင်ရပါတယ်၊
    သချေင်္ဆိုရင်ရေတွက်လို့ရတာဖြစ်ပြီး အသချေင်္ဆိုမှ ရေတွက်ခြင်းငှာမစွမ်းနိုင်သောလို့ အဓိပ်ပါယ်ရကြောင်း ဓမ္မဗျူဟာက ကျွန်မတို့ရဲ့ ဆရာမ ဒေါ်ခင်လှတင်က သင်ပါတယ်။
    အမှတ်တမဲ့နဲ့ အမှားတွေမှတ်မိလာတာပါ။

Leave a Reply