သနားစဖွယ် သားလူမမည်။

Ma MaMay 17, 20111min1316

http://www2.hiren.info/desktopwallpapers/babies/child-playing-with-bubbles.jpg
ဇာတ်လမ်းရဲ့အစကတော့……………

ရွာတစ်ရွာမှာ မိဘမဲ့ကလေးလေး တစ်ယောက်ရှိတယ်။

မောင်ခင်လို့ နာမည်ပေးလိုက်မယ်။

 

ငယ်ငယ်ထဲက မိဘနှစ်ပါးလုုံး သေသွားပြီး ဆွေမျိုးနီးစပ်ကလည်း မရှိတော့ ရွာကပဲ စောင့်ရှောက်ပြီး ကြီးပြင်းလာရတယ်။

 

ရွာသူရွာသားတွေဟာ ကလေး စားဖို့ ဝတ်ဖို့ ကျောင်းတက်ဖို့ကအစ တစ်အိမ်တစ်မျိုး ဝိုင်းဝန်းစောင့်ရှောက်ပေးကြတယ်။ (တို့ရွာသူရွာသားတွေလို နေမှာပေါ့နော်။)

 

ကလေးကိုယ်တိုင်ကလည်း လိမ္မာရေးခြားရှိတယ် ပြောရမယ်။

ရွာထဲက ဘယ်သူခိုင်းခိုင်း ဘာခိုင်းခိုင်းလုပ်ပေးတယ်။

 

အဲဒီလိုနဲ့ ကြီးပြင်းလာတဲ့ မောင်ခင်ဟာ ဘဝပေးအသိကြောင့်ရော၊ ကိုယ်တိုင်ရဲ့ တတ်သိနားလည်မှုကြောင့်ပါ လူတော်လူကောင်း ကလေးတစ်ယောာက် ဖြစ်လာတယ်။

 

ဒါ့ကြောင့် မြို့ကလာတဲ့ပွဲရုံက သူတို့ရွာမှာ ကောက်ပဲသီးနှံ ရောင်းဝယ်ဖောက်ကားဖို့ လုပ်ငန်းချဲ့ထွင်တဲ့အခါ မောင်ခင်ကို လူယုံအဖြစ်ထားတယ်။

 

သူ့ရဲ့ကြိုးစားအားထုတ်မှု၊ ရိုးသားမှု စတဲ့ အရည်အချင်းတွေကြောင့်ပဲ သူဟာ ကြီးပွားချမ်းသာလာတယ်။

 

အဲဒီလိုနဲ့ အိမ်ထောက်ရက်သားကျပြီး မောင်ခင်က ဦးခင်ဖြစ်လာတယ်။

 

တစ်နေ့တော့  ဦးခင်ဆီမှာ  အလုပ်လုပ်ဖို့ မောင်စိုး ဆိုတဲ့ လူငယ်လေးတစ်ယောက် တစ်မြို့တစ်ရွာကရောက်လာတယ်။

 

အလုပ်လုပ်ရာမှာ တော်ပေမယ့်  အားတဲ့အချိန်မှာ အရက်သောက်၊ ဖဲရိုက်၊ ကြက်တိုက်နဲ့ ပေတေနေတယ်။

 

ဦးခင်က အကျိုးအကြောင်း မေးမြန်းစုံစမ်းကြည့်တဲ့အခါ ….

အဲဒီလူငယ်ရဲ့ မိဘနှစ်ပါးဟာ ကတောက်ကဆ ဖြစ်ကြပြီး အိမ်ထောင်ကွဲသွားကြတယ်။

 

သားသမီးတွေကိုလည်း မိဘနှစ်ပါ:လုံးက ပြန်လှည့်မကြည့်ကြတော့ပဲ ကိုယ့်ဖာသာကိုယ် တစ်အိုးတစ်အိမ် ထူထောင်သွားကြတယ်။

 

အဲဒီအခါမှာ သားသမီးတွေလည်း ကစဉ့်ကလျားဖြစ်ပြီး ရောက်ချင်ရာရောက် နေချင်ရာနေနဲ့ လေလွင့်ပျက်စီး သွားကြတယ်။

 

အကျိုးအကြောင်းသိရတဲ့ ဦးခင်က သူတွေ့ကြုံနေထိုင်ခဲ့ရတဲ့ သူ့ဘဝဇာတ်ကြောင်းကို ပြောပြပြီး မောင်စိုးကို  မင်းကမှ ဒီအသက်အရွယ်ထိ မိဘက စောင့်ရှောက်ပေးတာကို ခံခဲ့ရသေးတယ်။
ဘာပဲပြောပြောခုချိန်ထိလည်း မိဘဆိုတာ ပြစရာရှိသေးတယ်။

 

ငါ့မှာတော့ ရပ်ရွာက စားစရာပေးသူကပေး၊ ဝတ်စရာပေးသူကပေးနဲ့ နေခဲ့ရတာ။

 

အမြင်မတော်ရင် တွေ့တဲ့လူကြီးသူမက ဆုံးမနဲ့ ဘဝကို ဒီလို ကြောင်းခဲ့ရတာ။

 

မိဘရှိမှ စားရမယ်၊ သောက်ရမယ်၊ နေရမယ်၊ ထိုုင်ရမယ် ဆိုရင် ငါလိုမိဘမဲ့သား လူဖြစ်လာစရာတောင် မရှိဘူး။

 

အခုငါ့မှာ အိုးနဲ့အိမ်နဲ့ အလုပ်အကိုင်နဲ့ အခြေတကျနေနိုင်တယ်။

 

လူဆိုတာ ကိုယ့်ကိုကိုယ်သာ အားကိုးရာ၊

ကိုယ်ကောင်းအောင်လည်း ကိုယ်ကပဲလုပ်နိုင်တယ်။

ကိုယ်ပျက်စီးအောင်လည်း ကိုယ်ကပဲ လုပ်တာပဲ။

 

ဒါ့ကြောင့်ဖြစ်လာတဲ့ ဘဝမှာ ဒေါင်လိုက်ကျကျ၊ ပြားလိုက်ကျကျ ကိုယ့်အားကိုယ်ကိုးပြီး လူတော်လူကောင်းဖြစ်အောင် ကြိုးစားနေထိုင်သင့်တယ်- လို့ ပြောဆိုဆုံးမတယ်။

 

အဲဒီအခါမှာ မောင်စိုးလည်း အမြင်မှန်ရပြီး ဘဝကို ဖြစ်ချင်သလိုဖြစ်ဆိုပြီး ရေစုန်မျောရာကနေ ပြုပြင်ပြောင်းလဲနေထိုင်သွားတော့ လူတော်လူကောင်းတစ်ယောက် ဖြစ်သွားတယ်။

 

ဘဝတစ်ခုကို ကယ်တင်လိုက်နိုင်တာပေ့ါ။

 

လူတစ်ယောက် ကောင်းဖို့ရာမှာ အဓိကက ပင်ကိုယ်အသိဉာဏ်ရှိဖို့၊

ကောင်းတာနဲ့မကောင်းတာကို ဝေဖန်ပိုင်းခြားနိုင်ဖို့၊ ရွေးချယ်နိုင်ဖို့ပဲ ဖြစ်ပါတယ်။

 

ဘဝဇာတ်ခုံ မှာ ကုသိုလ်ကံ အကျိုးပေးမကောင်းလို့ ငယ်ငယ်ရွယ်ရွယ်မှာပဲ မိဘနဲ့ သေကွဲကွဲရ၊ ရှင်ကွဲကွဲရတဲ့ သနားစဖွယ် သားလူမမည်လေးတွေကို ပြောပြချင်တာက…………….

 

ဘဝအရေးမှာ တွေ့ကြုံလာရတဲ့ အခက်အခဲ၊ အနှောင့်အယှက်တွေကို အလျော့မပေးပဲ ကြိုးစားရုန်းကန်ရင်း ဘဝပင်လယ်ပြင်မှာ နစ်မြုပ်မသွားကြပဲကိုယ်စွမ်းကိုယ်စနဲ့ ရေပေါ်ပေါ်နိုင်သူများ ဖြစ်ကြပါစေလို့…….

 

6 comments

  • padonmar

    May 17, 2011 at 5:44 pm

    အိမ်ထောင်ရေးအဆင်မပြေတဲ့ မိဘတွေရဲ့သားသမီးတွေဟာ သူတို့ရဲ့စိတ်၊သူတို့ရဲ့ အတွေးအခေါ်ကိုက သာမာန်မိစုံဖစုံ ကြီးပြင်းရတဲ့ ကလေးတွေနဲ့ မတူပါဘူး၊Problem child လို့ခေါ်ပါတယ်၊လောကကို ရွဲ့စောင်းပြီးကြည့်တတ်ကြတယ်ဆိုပါတော့၊ ဒါကြောင့် တတ်နိုင်ရင် သားသမီးရှိတဲ့ လင်မယားတွေ ကလေးတွေရှေ့မှာ ရန်မဖြစ်ဖို့၊မကွဲမကွာကြဖို့ လိုပါတယ်၊
    မောင်ခင်ဘဝနဲ့ မောင်စိုးဘဝ လည်း မတူပါဘူး၊မောင်ခင်မှာ မိဘကို နာကျည်းစရာ မရှိလောက်ပေမယ့် မောင်စိုးမှာတော့ရှိနေပါလိမ့်မယ်၊ ချမ်းချမ်းရေးဖူးသလိုပါဘဲ။
    ဒီကြားထဲက လူကောင်းပြန်ဖြစ်လာတယ်ဆိုတော့ ဆုံးမတဲ့ဦးခင်ရော၊လိုက်နာတဲ့ မောင်စိုးပါတော်ပါပေတယ်လို့ ချီးကျူးရမှာပေါ့၊

  • ဆူး

    May 18, 2011 at 7:16 am

    မိဘ တွေပြသနာ ကြောင့် သားသမီးတွေ ဒဏ်ဖြစ်တာတော့ အသိထဲမှာ တယောက်ရှိတယ်။ သူလည်း အခုနောက်ပိုင်းမှ တော်တော် လိမ်မာ လာတာ။

  • hmee

    May 18, 2011 at 7:33 am

    အထက်တန်းတုန်းက သူငယ်ချင်းတယောက်ရှိတယ်။ မိဘတွေကွဲနေလို့ အဖေအိမ်တလှည့် အမေအိမ်တလှည့် နေတယ်။ တခါတလေ အဖေအိမ်လိုလို အမေ့အိမ်လိုလိုနဲ့ ကို့အိမ်မှာလာနေတယ်။ ဆူနေဦးမယ်လို့ ပြောတော့ အမေကလည်း အဖေ့အိမ်မှာလို့ ထင်မှာ အဖေလည်း အဲဒီလို ထင်မယ်လို့ ပြန်ပြောတယ်။ ကြားထဲမှာ ပျက်နေတာလေ။ သူ့ အတွေးတွေက တခါတလေ ကန့်လန့်တွေ။

  • တညင်သား

    May 18, 2011 at 12:03 pm

    မိဘ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပတ်ဝန်းကျင်နဲ့လဲ အနည်းအကျဉ်းတော့ ဆိုင်မယ်ထင်တယ်နော်…

  • နုနယ်တဲ့အရွယ်မှာ မိဘတွေပေးခဲ့တဲ့ ဒဏ်ရာတွေက ဖြူစင်တဲ့သားသမီးတွေဘဝမှာ အမာရွတ်ကြီးတစ်ခုအနေနဲ့ သေရာပါသွားတတ်တယ်.. ပါတ်ဝန်းကျင်က အဓိက မကျပါဘူး.. မိဘတွေက သားသမီးတွေအပေါ်မှာထားတဲ့ စိတ်ထားကသာ အရေးပါတာပါ..

  • MaMa

    May 18, 2011 at 3:58 pm

    မိဘရှိရင် သားသမီး ကောင်းတာဆိုးတာတွေဟာ မိဘတွေမှာပဲ ပဓာနကျပါတယ်။ သားသမီးမကောင်း မိဘခေါင်းလု့ိ မြန်မာမှာ ဆိုရိုးရှိသလို၊ အရှေ့တိုင်းအယူအဆအရ သားသမီးမကောင်းရင် ဆိုဆုံးမတာညံ့လို့ဆိုပြီး မိဘတွေဟာ လူအများကြားမှာ ခေါင်းမဖော်ဝံ့နိုင်အောင်ပါပဲ။ မိဘမရှိတဲ့ ကလေးတွေကျတော့ ပတ်ဝန်းကျင် ဆွေမျိုးအသိုင်းအဝိုင်းရဲ့ အရိပ်ကျရောက်မှုအပြင် ကိုယ်ကိုယ်တိုင်ရဲ့ အသိစိတ်ဓာတ်နဲ့လည်း အများကြီး ဆိုင်ပါတယ်။ ကောင်းချင်တဲ့စိတ်ရှိမှ ကောင်းတဲ့လမ်းကိုလိုက်ပြီး ကောင်းကျိုးတွေ ရနိုင်ပါတယ်။

Leave a Reply