ဟိုး … ဆင်ပေါင်ဝဲဆိုတဲ့ရွာတစ်ရွာမှာ “ဆင်ခြေဆင်လက်အတော်များတဲ့” သူကြီးလင်မယားတို့မှာ  သမီးရတနာတစ်ဦးရှိတယ်တဲ့။

တစ်နေတော့ … သူကြီးသမီးက “ဆင်ကန်းတောတိုး” ဆိုသလိုမျိုး မိဘ အလိုမတူတဲ့ကြားက သူ့ချစ်သူနဲ့ခိုးရာလိုက်သွားခဲ့တယ်။(ကံကိုယုံလို့ ဆူးပုံနင်းတာထင်ပါရဲ့) မိဘနဲ့သားသမီးဆိုတာ “ဆင်စီးပြီးမြင်းရံတာကြည့်ချင်တာပေါ”့။ “ဆင်နင်းပြီးမြင်းကန်ခံရမှာကိုတော့ ဘယ်မိဘမှ မမြင်ချင်ကြဘူးမဟုတ်လား”။ သမီးပျောက်သွားမှန်း သိတော့ သူကြီးက “ကျားနဲ့ဆင် လယ်ပြင်မှာတွေ့ကြသေးတာပေါ့” လို့ကြုံးဝါးရင်း သံသယရှိတဲ့ ဦးဆင်ပေါက်တို့ လင်မယား ကိုဆင့်ခေါ်ပြီး “ဆင်ဖမ်းမယ်ကျားဖမ်းမယ်”လုပ်တော့တာကိုး။

အရပ်ကလဲသိတော့ ပြောကြပြီလေ။ “ကြီးကျယ်လိုက်တဲ့ဆင့်ဖင်”တွေ အရေးပိုင်သားနဲ့မှ ပေးစားမယ်ပြောပြီး ခုတော့ ဆင်ပေါက်သားနဲ့ ပါသွားလေရဲ့လို့ တိုးတိုးတိတ်တိတ် အတင်းချနေကြတာပေါ့။ သူကြီးကတော်မှာလဲ “ဆင်ကျီစားရာ ဆိတ်မခံနိုင်”ဖြစ်နေတာပေါ့။ သေချာစီစဉ်ထားပြီး ဒါဟာ “လယ်ပြင်မှာဆင်သွားသလို” ထင်ရှားနေတော့ သူကြီးခမျာလဲ “ဆင့်ဦးကင်းတက်ထိုင်မိသလို”ဖြစ်နေပြီး သင်းတို့  “ဆင်ရေကို ဆိတ်သားရေနဲ့ ဖုံးလို့ရယိုးလား” သူ့တို့အမျုးိအိမ်မှန်သမျှ တက်ရှာကြစေလို့ “ဆင်ဖြူတော်မှီပြီးကြံစုတ်”နေကြတဲ့ တပည့်တပန်းတွေကို စေခိုင်းလိုက်တယ်။

တဖက်မှာတော့ သူကြီးကတော်ခမျာ “ဆင့်အဝှာ ခွေးမျှော်သလို”ဖြစ်နေပါပေါ့။ သူကြီးကိုလဲ တတွတ်တွတ်နဲ့ ခိုင်းလိုက်တဲ့ တပည့်ကျော်တွေက “မျက်မမြင်ပုဏား ၆ ယောက်ဆင်ကို စမ်းခိုင်း သလို”ဖြစ်နေပြီ ဘယ်နေရာရယ်မသိ၊ အရေးပိုင်ကတော်ကို ဘယ်လို မျက်နှာပြရပါ့မလဲ၊ “ဆင်ပြောင်ကြီး အမြီးကျမှတစ်”ရတော့မှာလား တငိုငိုတရီရီနဲ့ပေါ့။

လင်မယားအသစ်စက်စက်အတွဲ ကတော့ ခင်ရယ် “ခင့်လက်မောင်းကလေးက ဆင်နှာမောင်းလို သွယ်ပြောင်း”နေတာပဲ၊ ခင်လမ်းလျှောက်ရင်လဲ “ဆင်မယာဉ်သာလို” သွားနေတတ်တာလေးကို နတ်သမီးတမျှမို့ မျက်စိကမထွက်ဘူး။ ခုမှပဲ ဒီမောင်စိတ်အေးရတော့တယ် ဆိုပြီး အကြည်ဆိုက်ဂွမ်းဆီထိ နေရတာပေါ့။ “ဆင်လဲဆင့်အထွာ ခြင်လဲခြင့်အထွာ”ပေါ့လေ။ ရွာမှာကသူကြီးသမီးကကွမ်းတောင်ကိုင်ပဲ။

ပြောသာပြောရတာ “ဆင်မှာတော့ကျင်ငယ် ယင်မှာတော့ပင်လယ်” ဆိုသလို “ဆင်ကိုကျုံးသွင်းဖမ်းသလို” ခိုးရာလိုက်လာဖြစ်ခဲ့တဲ့ သူကြီးသမီးခင်မျာမှာတော့ အနေဆင်းရဲ အစားဆင်းရလှပြီ။ “ဆင်လိုက်ရာ ဝါကြီးဝါငယ်မရွေးသာ” မီးစင်ကြည့်ကရတော့တာပေါ့။ ဒီလိုနဲ့ ဆင်တန်းရွာထိပ်က တဲငယ်ထဲမှာ သူကြီးသမီးဝတ်ဆင်တဲ့ “ဆင်မြီးလက်စွပ်”ကလေးကို သူကြီးတပည့်တွေက .. ရှာတွေ့တော့တာကိုး။ (အဲင်္ဒီခေတ်က ရှားတယ် တော်ရုံလူ မဝတ်နိုင်ဘူးမှတ်ပါ)

ဒီတော့ကာ “ဆင်တစ်ကောင်လုံးမြင်နေမှတော့ ဆင်ခြေရာရှာဘို့လိုသေးလား”။ ကဲ … ကိုဘိုးဆင်ရေ “ဆင်ဝှေ့ရန်ရှောင်”တွေ ပြောမနေပါနဲ့ ခင်ဗျားတူဘယ်မလဲ ထုတ်ပေးလို့ ခိုးသွားတဲ့ သူငယ်ရဲ့ ဦးလေးဖြစ်သူကို ပြောတော့ ဦးလေးကိုဘိုးဆင်လဲ အော် “ဆင်နဲ့ဆိတ်လိုကွာနေမှတော”့ အားရယ်မတန်..မာန်လျှော့တာ ကောင်းချည့်ရဲ့လို့တွေးရင်း ယာတောထဲက ဇနီးမောင်နှံအသစ်စက်စက်ကို ထုတ်ပေးရတော့မယ့်အချိန် ရောက်သွားပြီကော။ ..

ဆင်သတ်အရပ်ဝေ … စတာတွေကျန်နေပါသေးတယ်။  ဆက်ရေးနိုင်သူတွေ ရေးကြပါဗျာ။

(ဝန်ခံချက်။       ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝလောက်ကျော်က ဆုံးပါးသွားတဲ့ ဘကြီးဖြစ်သူရဲ့  သေတ္တာကိုမွှေနှောက်ရင်း တွေ့ခဲ့ရတဲ့ ခေါက်ရိုးကျိုးကြေမွနေတဲ့ လက်ရေးမူ စာသားကလေးကို ဆုံးပါးသွားပြီလဲဖြစ်တဲ့ အမဖြစ်သူ ငယ်ငယ်တုန်းက ဖတ်ပြဖူးတာ ပြန်လည်သတိရရင်း ပုံဖော်ဖြစ်ပါသည်။ မူရင်းက မိန်းမကြီးများ အတင်းပြောသလို ပုံစံမျိုးမို့ ပိုစိတ်ဝင်စားဘွယ် ကောင်းခဲ့ပါသည်။)

 

About paukpauk

pauk pauk has written 9 post in this Website..

Straightforward