ရထားပေါ်မှာ တစ်ရက်တာ One Day in Train

weiweiMay 19, 20113min1089

တရုတ်ပြည်က ရထားခရီးစဉ်တစ်ခုကို အမှတ်တရရေးချင်စိတ်ပေါ်လာပါတယ်။ တရုတ်လူမျိုးများသည် ရထားကို အထူးအားကိုး ယုံကြည်စွာဖြင့် အများဆုံးအသုံးပြုကြပါတယ်။ ရထားအမျိုးအစားများစွာရှိပါတယ်။ ရိုးရိုးလောင်စာဆီဖြင့် သွားသောရထားအမျိုးအစားများ၊ လျှပ်စစ်စွမ်းအားဖြင့် မောင်းနှင်ရသောရထားအမျိုးအစားနှင့် နောက်ဆုံးပေါ် သံလိုက်ဓါတ်ဖြင့် ရွှေ့လျားသောရထားအမျိုးအစားများဖြစ်ပါတယ်။ ရထားနံပါတ်ကိုဖတ်ကြည့်လိုက်တာနဲ့ မည်သည့်ရထားအမျိုးအစားဖြစ်ကြောင်း သိနိုင်ပါတယ်။ ဥပမာ … K302 တွင် K သည် kuai (ခွိုက်) အမြန်၏ အတိုကောက်ဖြစ်ပါသည်။ T216 ဆိုပါက Tekuai အထူးအမြန်ဖြစ်ပါသည်။ D328 ဆိုပါက dian dong che လျှပ်စစ်အမြန်ရထားဖြစ်ပါသည်။ နောက်ဆုံးပေါ် ကျည်ဆံရထားကိုတော့ G102 (Gaotie) ဟု အတိုကောက် အင်္ဂလိပ်စာလုံးများဖြင့် သိနိုင်ပါတယ်။
ထင်ခြားတဲ့မြို့ကြီးတွေကို လွယ်ကူလျှင်မြန်စွာသွားလာနိုင်အောင် ကျည်ဆံရထားများပြေးဆွဲလျက်ရှိပြီး သာမန်မြို့အချင်းချင်းသွားလာရာမှာတော့ ရိုးရိုးအမြန်ရထားများကို အသုံးများပါတယ်။ ဈေးနှုန်းလဲကွာသဖြင့် ရိုးရိုးအမြန်ရထားများကို အစီးများပါတယ်။
ရထားလက်မှတ်များကို ၁ဝ ရက် ကြိုတင်ဝယ်နိုင်ပြီး အဆင်ပြေရာနဲ့ နီးစပ်ရာဆိုင်များမှာ ဝယ်နိုင်ပါတယ်။ ဘူတာမှာဝယ်တာထက် ၅ ရွမ်ပဲ ပိုပေးရပါတယ်။ ဘာမှပြစရာမလိုပါ။ ပိုက်ဆံပေးလိုက်ရုံပါပဲ။ ရိုးရိုးထိုင်ခုံ၊ အထူးထိုင်ခုံ၊ ရိုးရိုးအိပ်စင်၊ အထူးအိပ်စင် ဆိုပြီး ၄ မျိုးရှိပါတယ်။ ကျွန်မကတော့ ရိုးရိုးအိပ်စင်ဖြင့် ခရီးသွားလေ့ရှိပါတယ်။
လေယာဉ်လက်မှတ် အထူးလျော့ပေးတဲ့အချိန်တွေမှာ လေယာဉ်လက်မှတ်နဲ့ ရထားအိပ်စင် ဈေးတူသွားလေ့ရှိပါတယ်။ အဲဒီအချိန်ဆိုရင်တော့ ကျွန်မကတော့ လေယာဉ်ကိုပဲ စီးပါတယ်။ နွေရာသီ ပိတ်ရက်တွေမှာ ဈေး ၂ ဆ ကွာလေ့ရှိချိန်မှာတော့ ပေသီးခေါက်ပြီး ရထားနဲ့ပဲ ခရီးသွားပါတယ်။
နွေရာသီ ပိတ်ရက်တစ်ခုမှာ သူငယ်ချင်းနေထိုင်ရာမြို့ကို သွားလည်ပြီး အပြန်မှာ လေယာဉ်လက်မှတ်တွက်ခြေမကိုက်တာနဲ့ ရထားအိပ်စင်လက်မှတ်နဲ့ပဲ ပြန်ဖို့စီစဉ်ခဲ့ရဖူးပါတယ်။ တစ်ယောက်ထဲ ရထားကို ၂၈ နာရီ စီးရမှာဆိုတော့ အရမ်းပျင်းပြီး မစီးချင်ဘူး။ ရထားပေါ်မှာ မျက်စိနောက်မှာ နားငြီးမှာ စားစရာအဆင်မပြေမှာတွေကိုလဲ တွေးကြောက်နေပေမယ့် ပိုက်ဆံသက်သာဖို့ကိုကြည့်ပြီး သီးခံဖို့ဆုံးဖြတ်ကာ ခရီးစထွက်ခဲ့ပါတယ်။
တွဲတစ်တွဲမှာ ကုတင် ၆ဝ ကျော်ပါပါတယ်။ သုံးထပ်ကုတင်တွေဖြစ်ပြီး ၂၂ တွဲဆိုတော့ ၆၆ ယောက် အိပ်လို့ရပါတယ်။ ကုတင် ၂ လုံးကို အခန်းတစ်ကန့်ကန့်ထားပါတယ်။ တံခါးတော့မပါဘူး။ ခြေရင်းဘက်ကနေ လျှောက်လမ်းရှိပါတယ်။ အိမ်သာတစ်ခါသွားရင် အားလုံးကို ဖြတ်သွားရပါတယ်။ ရထားတွဲက မှန်အလုံနဲ့ အဲယားကွန်းနဲ့ဖြစ်ပါတယ်။ အိမ်သာတစ်ခု၊ လက်ဆေး မျက်နှာသစ်ခွက် ၃ ခုနဲ့ အချိန်မရွေးယူလို့ရတဲ့ ရေနွေးစက်တစ်ခုပါပါတယ်။ အောက်ဆုံးကုတင်က ပိုက်ဆံနဲနဲပိုပေးရပေမယ့် ကျွန်မကတော့ အောက်ဆုံးကုတင်ကိုပဲ ဝယ်လေ့ရှိပါတယ်။ ထိုင်ဖို့ အိပ်ဖို့ ၂ ခု လုံးအဆင်ပြေဖို့အတွက်ပေါ့။ ဘတ်ထရီသွင်းဖို့ ပလက်ပေါက် ရှိပေမယ့် အခန်းတိုင်းမှာ မရှိပါဘူး။ ကျွန်မက ဖုန်းဘတ်ထရီတစ်ခုအပိုထည့်သွားလေ့ရှိပါတယ်။ တီဗီဖွင့်ထားပေးပေမယ့် အသံတိုးတိုးလေးပဲဖွင့်ပေးပါတယ်။ အလွန်ပျင်းစရာကောင်းတဲ့ ခရီးစဉ် နေ့လည် ၂ နာရီမှာ စတင်ပါတော့တယ်။
သူငယ်ချင်းဆီမှာ ပျော်ပျော်ပါးပါးလျှောက်လည်ပြီး ပြန်လာတာဆိုတော့ မပြန်ချင်တဲ့စိတ်နဲ့ ဝမ်းနည်းသလိုလိုဖြစ်နေပါတယ်။ ရထားပေါ်မှာလည်း ခရီးသည်နဲနဲလေးပဲပါလာလို့ စိတ်ထဲမှာ ထူးဆန်းနေတယ်။ ဒီလိုနဲ့ လှဲအိပ်လိုက်၊ ထိုင်စီးလိုက်နဲ့ နောက်တစ်မြို့က ဘူတာကိုရောက်တော့ အော် ဟစ် ဆူညံပြီး တက်လာလိုက်ကြတာ လက်ပံပင် ဇရက်ကျ ဆိုတဲ့ စကားပုံအတိုင်းပါပဲ။ ခရီးသွားမည့်အဖွဲ့တစ်ဖွဲ့ အရွယ်စုံပဲ၊ ခရီးဆောင်အိတ်တွေအများကြီးနဲ့ သူတို့ဟာသူတို့နေရာချနေကြပါတယ်။ အခန်းတစ်ခန်းစာကို ၆ ယောက်အိပ်ရမှာဖြစ်ပြီး သူတို့က ၅ ယောက်၊ ကျွန်မက အောက်ထပ်ကုတင်လေးမှာ တစ်ယောက်ထဲပေါ့။ ကျွန်မကုတင်နှင့် မျက်နှာချင်းဆိုင်ကုတင်မှာ သူတို့တွေ ထိုင်ကြတယ်။ သူတို့နေရာယူပြီးတာနဲ့ စားသောက်တဲ့အလုပ် စတင်လုပ်ကြပါတော့တယ်။
စက္ကူပုံးများဖြင့် အစားအသောက်မျိုးစုံ ထည့်သယ်လာပါတယ်။ ပထမဆုံးထုတ်လိုက်ကြတာက ဘီစကစ်ကဲ့သို့ ပေါ့ပေါ့ပါးပါး အစားအစားများ၊ တစ်တွဲလုံးက သူတို့လူတွေကို လိုက်ဝေပြီး စားကြတယ်။ ပြီးတော့ အသီးတွေ ထုတ်ပြီး ဝေကြစားကြပြန်တယ်။ စားလို့မှ သေချာမပြီးသေးခင် ခေါက်ဆွဲဗူးတွေထုတ်ကြတယ်။ တစ်ယောက်တစ်ဗူးနှုန်းနဲ့ ရေနွေးသွားဖျောပြီး စားကြပြန်တယ်။ စားလို့ပြီးတာနဲ့ ဖျော်ရည်ဗူးတွေထုတ်ပြီး သောက်ကြတယ်။ သောက်လို့လဲပြီးရော နေကြာစေ့ ကွာစေ့တွေ ထုတ်စားကြတယ်။ စားရင်းသောက်ရင်း စကားပြောရင်းနဲ့ နဲနဲမိုးချုပ်လာတော့ ဘီယာတွေထုတ်ပြီး သောက်ကြပြန်တယ်။ မြည်းစရာ အမြည်းတွေလဲ ထုတ်စားကြတယ်။ အားမနာ လျာမကျိုး ကျွန်မကုတင်နဲ့ ရှေ့ကကုတင်မှာထိုင်ပြီးအလယ်နေရာမှာ စားပွဲခင်းပြီး ဖဲရိုက်ပြန်သေးတယ်။
သူတို့တက်လာတဲ့ ညနေ ၄ နာရီလောက်ကနေစပြီး ညအိပ်ခါနီးအထိ ကျွန်မကို စကားတစ်ခွန်းမှမပြောပါဘူး။ ရှိနေတယ်လို့တောင်သဘောမထားဘူး။ ကျွန်မကလဲ စိတ်ပျက်ပျက်နဲ့ အပြင်ထွက်ပြီး ထိုင်နေပါတယ်။ ခေါက်ဆွဲမစားချင်လို့ ကျွန်မသူငယ်ချင်းက ထမင်းဗူးထည့်ပေးလိုက်တာကိုပဲ အေးအေးဆေးဆေးထိုင်စားနေလိုက်တယ်။ ထမင်းဗူးနဲ့ရထားပေါ်ထမင်းစားတာ ထူးဆန်းလို့ ကျွန်မကို ကွက်ကြည့် ကွက်ကြည့်တော့ လုပ်ကြတယ်။
ည ၉ နာရီလောက်ကျတော့ မနေနိုင်တော့တာနဲ့ အိပ်မယ်ဆိုပြီး ဖယ်ခိုင်းလိုက်တယ်။ ဒါတောင်မှ သူတို့က အေးဆေးပဲ။ ကျွန်မအိပ်နိုင်အောင် တစ်နေရာစာပဲဖယ်ပေးပြီး ဖဲဆက်ရိုက်နေပါသေးတယ်။ ည ၁ဝ နာရီ ရထားတွဲ မီးပိတ်ချိန်ကျမှာပဲ သူတို့လဲ ကိုယ့်အိပ်ယာကိုယ်သွားပြီး အိပ်ကျပါတယ်။ တခူးခူးနဲ့ဟောက်ပြီး အိပ်ပျော်နေကြတဲ့အသံတွေက တကယ့်ကို အပူအပင်ကင်းတဲ့သူတွေလိုပါပဲ။ သူတို့ပြောဆိုတာတွေကနေ သိလိုက်ရတာက သူတို့က ရှောင်လင်ဘုန်းကြီးကျောင်းကို သွားလည်ကြမှာဖြစ်ပါတယ်။ နောက်တစ်နေ့ နေ့လည် ၁၁ နာရီလောက်ဆို သူတို့ရထားပေါ်က ဆင်းကြတော့မှာ .. အဲဒီတော့မှ မျက်စိနောက်သက်သာတော့မယ် …
မိုလင်းတာနဲ့ တက်တက်ကြွကြွနဲ့ စားကြပြန်ပါတယ် … ခေါက်ဆွဲဗူးတွေကို ထပ်စားကြတယ် … ပေါင်မုန့် ဘီစကတစ် နွားနို့တွေ ပါကင်လိုက်ထုတ်ပြီး စားကြသောက်ကြသေးတယ်။ နားလိုက် စားလိုက် စကားများလိုက်နဲ့ သူတို့အိမ်မှာနေနေတဲ့အတိုင်းပါပဲ … ညဘက်အိပ်ခါနီးမှာလဲ ညဝတ်အကျီဘောင်းဘီတွေလဲအိပ်လိုက်ကြသေးတယ် … အံ့ဖွယ်ပါပဲ …
ကျွန်မကတော့ ကော်ဖီတစ်ခွက်ပဲသောက်ပြီး ပြန်နှပ်နေလိုက်တယ်။ သူတို့ဆင်းမဲ့ဘူတာ မြန်မြန်ရောက်ပါစေလို့ပဲ ဆုတောင်းနေလိုက်တော့တယ်။ ၁၁ နာရီလောက်မှာ သူတို့တွေအားလုံးဆင်းသွားကြတော့ ရထားတွဲတစ်ခုလုံး တော်တော်တိတ်ဆိတ်သွားတယ်။ ထပ်ပြီးတက်လာတဲ့ခရီးသည်တွေရှိပေမယ့် ကိုယ့်နေရာကိုယ်ယူပြီး လှဲအိပ်နေကြတာများပါတယ်။ နေ့လည်စာကိုေတော့ ခေါက်ဆွဲဗူးပဲစားလိုက်တယ်။ တစ်ယောက်ထဲ သိပ်ပျင်းလာတော့ နေကြာစေ့စားပြီး မှန်ပြူတင်းပေါက်ကနေ ပတ်ဝန်းကျင်ရှုခင်းတွေကိုကြည့်ရင်း တွေးရင်းငေးရင်း လိုက်ပါလာပါတယ်။ ကျွန်မနေတဲ့မြို့ကို ညနေ ၆ နာရီမှ ရောက်မှာဖြစ်ပါတယ်။ အချိန်တစ်နာရီလောက်ကို တစ်ရက်လောက်ထင်ရလောက်အောင် ပျင်းစရာကောင်းတဲ့အဲဒီရထားကိုစီးမိတိုင်း လေယာဉ်မစီးမိတာကို နောင်တရမိတယ်။ ယွမ် ၃၀ဝ လောက်ကို နှမြောတာနဲ့ ရထားပေါ်မှာလဲ အချိန်တွေကုန်တယ်၊ ရထားအကြာကြီးစီးလိုက်တဲ့ဒဏ်နဲ့ နောက်တစ်ရက်လောက် အနားယူရအုန်းမယ်၊ ရထားဆင်းတာကနေ ဘူတာအပြင် တက်စီအထိရောက်အောင် အထုတ်အပိုးတွေလဲ တစ်ယောက်ထဲ သယ်ရအုန်းမယ်၊ ဖုန်တွေတက်နေတဲ့ အိမ်ခန်းကိုလဲ ရှင်းရအုန်းမယ်၊
ဟူး ……. ဘယ်တော့မှ မတက်ကြွတဲ့ အပြန်ခရီး … စိတ်မကြည်တော့ မြင်သမျှလည်း အမြင်မတော်ဖြစ်နေပါတော့တယ် ….

ဟူးပေးပြည်နယ်အတွင်းက နွေရာသီ စိုက်ခင်းများနဲ့ ရှုခင်းတချို့ ရထားပေါ်မှ ရိုက်ယူထားသော လျှပ်တစ်ပြက်ရိုက်ချက်များဖြစ်ပါတယ် ….

9 comments

  • weiwei

    May 19, 2011 at 8:44 am

    နွေရာသီပိတ်ရက်က ဇူလိုင်လနဲ့ ဩဂုတ်လဖြစ်ပါတယ်။ အလွန်ပူတယ် … ၄ဝ ဒီဂရီလောက်အထိ ပူလေ့ရှိပြီး ရန်ကုန်မှာထက် ပိုပူတယ်လို့ ခံစားရပါတယ်။ ဆောင်းရာသီ ဒီဇင်ဘာ ဇန်နဝါရီကျတော့ သုညအောက်ရောက်သည်အထိ အေးပါတယ် …

  • eros

    May 19, 2011 at 9:00 am

    ဓာတ်ပုံထဲမှာ ကြည့်ရတာတော့ ရှုခင်းတွေက လှပါတယ်။

  • လင်းဝေကျော်

    May 19, 2011 at 9:12 am

    ရထားဖြစ်ဖြစ် အများပြည်သူ နေရာမှာ ကျင့်ဝတ်အရ အုပ်စုများသူပဲဖြစ်ပါစေ စကားကျယ်လောင်စွာမပြောရဘူး
    ဆိုတာမျိုး တရုပ်ပြည်မှာ လည်း မထွန်းကားသေးဘူးကိုး။ ဂျပန်မှာတော့ သွားမလုပ်နဲ့ ရန်တွေ့ခံရမယ်။ ရှက်စရာလို့ကို သတ်မှတ်ထားပြီးသားပါ။
    မလေးမှာလည်း ရထားပေါ်စကားကျယ်ကျယ်မပြောကြပါဘူး။
    လက်မှတ်ဝယ်ရတာတော့ မြန်မာပြည်ကလွဲလို့ နေရာတိုင်းလွယ်တယ်။ ဘာမှ ပြစရာမလို။

  • paukpauk

    May 19, 2011 at 11:23 am

    ကြိုဝယ်ရင်တောင် အာရကေ ပေးရသေးတယ်
    ခုချက်ချင်းလိုချင်လို့ကတော့…။

    ပိုင်ရာဆိုင်ရာနဲ့ဝယ်တယ်ဆိုတာရှိသေးတယ်၊ တချို့ အာဏာစွက်ဖက်ဒုက္ခပေးလို့ရတဲ့ အဖွဲ့အစည်းတွေကို မိုက်ကြေးခွဲကြေးပေးရတယ်လေ …
    လက်မှတ်ဘယ်နှစ်စောင်ဆိုပြီး။

    ကိုယ်ကြောက်ရတဲ့သူ လက်မှတ်လိုချင်ရင် အလွယ်တကူရအောင် လဒ်ထိုးပြီး တကယ်ခရီးသွားမယ့်ပြည်သူတွေလိုချင်ရင်တော့ ဖဲ့လို့ရအောင်

    ပြီးတော့ အဲလိုလုပ်လို့ တိုင်ရင် အရေးယူမယ့် ခုနက အဖွဲ့တွေက လဲ ခွဲတမ်းရထားတော့ အရေးမယူပဲ ပစားပေးထားတယ်ဆိုတာ…
    ရေးတေးတေး သဘောပေါက်ပါတယ်နော်။

    ဒီလိုလုံးခြာလိုက်နေတာ ဘယ်သူအရေးယူမလဲ … ?

  • weiwei

    May 19, 2011 at 12:11 pm

    အလွန် ကျယ်လောင်စွာဖြင့် စကားများသော (လူကြီးလူငယ်မရွေး) …
    အလွန် အစားသောင်းကျန်းသော (မည်သည့်အစားအသောက်ကိုမဆို) …
    အလွန် အိပ်နိုင်သော (မည်သည့်နေရာတွင်မဆို) …
    အကြိမ်ပေါင်းများစွာ ကြုံခဲ့ဖူးလို့ အံ့ဩကုန်နိုင်ဖွယ် ပါပဲ ….

  • ဆူး

    May 19, 2011 at 1:29 pm

    ပြည်မ ထဲက တရုတ်တွေက နည်းနည်း ကြမ်းတယ်။
    ဂိုက်တွေက ပြောတယ် ၁၀ဝ ခေါ်ရင် ၂ဝ က စပြီး စစ်တဲ့..
    စစ်တာပေါ့.. ၂ဝ က စပြီး စစ်တာ.. ဓါးနဲ့ ခုတ်မယ် လုပ်လို့.. လန့် ပြေးတဲ့ လူက ပြေးလာတယ်.. ခပ်တည်တည်နဲ့ ဆက်ပြီး စစ်တော့ ၁၅ လောက်နဲ့ ရလာတယ်။ အဲလို မျိုး.. အံရော.. စရိုက်တွေက.. အော်ကျယ် ဟစ်ကျယ်နဲ့ ဒေါပွ နေလား ထင်ရတယ်။

  • bigcat

    May 20, 2011 at 3:50 am

    ကျနော်လည်း ခရီးထွက်တုန်းက ရထားစီးမလို့ပဲ။ ဒါပေမဲ့ လက်မှတ်ဖိုးက အတူတူလောက်ဖြစ်နေလို့၊ ပြီးတော့ ရထားစီးရင် ဆယ်နာရီကျော်ကြာမယ်ဆိုတော့ လေယာဉ်ကို ရွေးလိုက်တယ်။ ရထားစီးရင် ရတဲ့အားသာချက်က ရှုခင်းကောင်းကောင်း ကြည့်လို့ရတယ်။ တနေ့တော့ ရထားစီးပြီး ခရီးထွက်အုံးမယ်….

  • shwe ni

    May 20, 2011 at 7:51 am

    ဝေဝေရေ
    အဲမှာနယ်ဘက်ဆို အိမ်သာလဲ တခါးမရှိတာများတယ်ဆို ယဉ်ကျေးမှု က စီးပွားရေးနဲ့အတူမတက် သေးတဲ့သဘောပေါ့နော။

  • MaMa

    May 20, 2011 at 11:36 pm

    ဝေဝေရေ- ခရီးသွားတဲ့အခါ တစ်ယောက်တည်း သွားရမယ်ဆိုရင် မြန်မြန်ရောက်တာကိုရွေး။ အဖော်နဲ့ဆိုရင်တော့ အချိန်ကြာလည်း အရေးမကြီးဘူး။ သက်တောင့်သက်သာ သွားနိုင်တာကို ရွေး။

Leave a Reply