လေယာဉ်စီးတာ ၁၅နာရီကြာ 15

အသွားခရီး ဒဲလ်တာလေယာဉ်ပေါ်အတက်

ပြီးခဲ့တဲ့အပတ်က လေကြောင်းနဲ့ ရက်ပိုင်းခရီး ထွက်ပါတယ်။ မိုင်လေးရာကျော် နယူးယောက် – ဒူရမ် ခရီးကို ၁နာရီခွဲလောက် စီးရပါတယ်။ အိမ်ကနေလေဆိပ် အသွားနဲ့အပြန် ဘတ်စ်ကားခရီး ၁၅မိနစ်ပဲဝေးတဲ့ လက်ဂွားဒီးယား လေဆိပ်ကိုရွေးလိုက်ပါတယ်။ လေယာဉ်အသွားအပြန် သုံးနာရီခရီးကို ဒေါ်လာ၁၈ဝကျော် ပေးရပြီး ဟိုဖက်လေဆိပ်ကနေ တည်းခိုရာနေအိမ်ကို တက္ကစီကားခ အသွားအပြန် မိနစ်၃ဝကျော်လောက်ကို ၆၃ဒေါ်လာ ကျတော့ သဂျီးတို့လက်ခမောင်းခတ်နေတဲ့ သိပ္ပံပညာရုပ်ဝတ္ထုရဲ့ လူသားများကို အကျိုးပြုနေပုံကို သံသယဝင်မိပါတယ်။ ဒီအထိ ထူးထူးခြားခြား ရေးစရာ၊ ဖတ်စရာ မရှိသေးပါဘူး။ ဇာတ်လမ်းက အပြန်ခရီးမှာ စပါတယ်။

ခရီးစဉ်အစ LaGuardia လေဆိပ်

တနင်္လာနေ့ မနက်၆နာရီဖလိုက်နဲ့ ပြန်ဖို့ရှိပေမဲ့ လူနဲ့အိတ်တွေကို ဓာတ်မှန်ရိုက်စစ်တဲ့ နေရာမှာ လူတွေစုပြုံနေလို့ စီးရမဲ့လေယာဉ်လွတ်သွားပါတယ်။ အသွားမှာ ကျောပိုးအိပ်တလုံးပဲပါပေမဲ့ အပြန်ကြတော့ ကျောပိုးအိပ်နှစ်လုံး ဖြစ်သွားပါတယ်။ ခရီးဆောင်အိတ်ကြီး luggage ကို ဝန်ဆောင်ခ ၂၃ဒေါ်လာကောက်လို့ ခရီးသည်အများစုက ကိုယ်နဲ့တပါတည်းသယ်နိုင်တဲ့ carry on bag အနေနဲ့ ကြံဖန်ဖြစ်ညှစ် သယ်ကြပါတယ်။

RDU လေဆိပ်

RDU အစတော့ လေယာဉ်လွတ်တော့မယ်မှန်း မသိသေးပါဘူး။ လည်နေတဲ့ conveyer belt အပေါ်မှာ လမ်းလျောက်သွားရင်း အမျိုးသမီးတယောက် အူယားဖားယား ပြေးသွားတာတွေ့တော့ ‘Run..Run You’re going to make it’ လို့အားပေး လိုက်ပါတယ်။ အချိန်ကြည့်လိုက်တော့ ငါလည်းပြေးရမှာပါလားဆိုပြီး သွားနေတဲ့ လမ်းလျောက်ခါးပတ်ပေါ်မှာ ထပ်ဆင့်ပြေးရပါတယ်။

ဒဲလ်တာလေယာဉ်ပေါ်မှာ

ကိုယ်လိုပဲ ကျန်ခဲ့သူငါးယောက်ထက် မနည်းရှိပါတယ်။ လေကြောင်းလိုင်းက ကျန်ခဲ့သူများအတွက် stand by လက်မှတ် ထုတ်ပေးပါတယ်။ လေယာဉ်ခုံအကျန်ရှိမှ၊ ကိုယ့်လိုပဲနောက်ကျသူများရှိမှ စီးခွင့်ရှိတဲ့ လက်မှတ်ပါ။ လက်မှတ်အသစ်ဝယ်ဖို့ စုံစမ်းပြန်တော့ အစောဆုံး နောက်တနေ့ နေ့လည်၁၂နာရီ အတွက်ပဲ ရှိတယ်။ ဈေးနှုန်းကလည်း အပြန်တကြောင်းထဲကို ဒေါ်လာ၂၂ဝကျော်နေတော့ မူလအသွားအပြန်လက်မှတ် ထက်တောင် များပါတယ်။

လေယာဉ်ပေါ်မှာကျွေးတဲ့မုန့်နဲ့ဆိုဒါ

stand by လက်မှတ်က အစောဆုံး ညဖက်ဖလိုက် ဒါမှမဟုတ် မနက်အစောကြီး ဖလိုက်တွေသာ ရနိုင်ဖို့များတယ်။ ဒါတောင်မသေချာလို့ နောက်ရက်တွေကူးသွား နိုင်တယ်ဆိုပါတယ်။ အနီးဆုံး ဖလိုက်က မနက်၈း၁ဝမိနစ် မှာပါ။ လေယာဉ်မှာ ခုံ၅ဝကနေ ၈ဝလောက်ပါတာမို့ စီးမဲ့ခရီးသည်များကို ရေတွက်လိုက်၊ နာရီကြည့်လိုက်နဲ့ စိတ်လှုပ်ရှားစွာ စောင့်ပါတယ်။ ရှစ်နာရီထိုးတဲ့အထိ လူမပြည့်လို့ ကြိတ်ဝမ်းသာနေတုန်း ရာသီဥတုမကောင်းလို့ ခရီးစဉ်ကို ဖျက်လိုက်ပါတယ်။

အဖော်မဲ့သင်းကွဲငှက်ခလေးကျနော်

ကျနော်လည်း ကေအက်ဖ်စီ ကြက်ကျော်၊ အာလူးကျော်၊ ဆိုဒါ တို့ကိုနေ့လည်စာ ဝယ်စားပြီး အင်တာနက်တက်မယ်လုပ်တော့ တနေ့တာ သုံးခွင့်ကို ရှစ်ဒေါ်လာ + အခွန် ချပါတယ်။ တီဗွီကြည့်လိုက်၊ ခရီးသည်များကိုငေးလိုက်၊ လေယာဉ်ခရီးစဉ်အသစ်ရှိတိုင်း သွားချောင်းလိုက်နဲ့ အချိန်ဖြုန်း ရပါတယ်။ အတိုချုံးရရင် နေ့လည် ၂း၂ဝ နယူးယောက် JFKလေဆိပ်မှာဆင်းမဲ့ ဖလိုက်မှာ ခုံတခုံကျန်လို့ stand by သမားများကို ခေါ်တဲ့အခါ ကိုယ်တယောက်ထဲ အဆင်သင့်ရှိနေလို့ ဖိုးကံကောင်းဖြစ်သွားပါတယ်။ ကိုယ့်ထက် စီနီယာကျသူတွေက ဒီလောက်မစောနိုင်ဘူးထင်ပြီး အခြားတနေရာ ရောက်ပုံရပါတယ်။

စည်းကမ်းလိုက်နာငွေကုန်မှာ...

လေယာဉ်ပေါ်မှာ ခရီးဆောင်အိတ်တလုံးက ပုံမှန်ထက်ကြီးနေလို့ ထိုင်ခုံအပေါ် အိတ်သိမ်းတဲ့နေရာ အဖုံးပိတ်မရတာနဲ့ ပြင်တဲ့လူတွေခေါ် ပြင်ရပါတယ်။ နောက်တော့ ပုံမှန်ထွက်နေကြထက် နောက်ကျထွက်လို့ JFK လေဆိပ်ရဲ့ အတည်ပြုချက်စောင့်ရင်းနဲ့ လေယာဉ်ပြေးလမ်းမှာ နှစ်နာရီသာသာ ကြာသွားပါတယ်။ လေးနာရီခွဲလောက်မှာ လေယာဉ်ထွက်တော့ ညနေ၆နာရီမှာ နယူးယောက်ကို ရောက်မယ်လို့ ကြေငြာပါတယ်။

လေယာဉ်ပြေးလမ်းပေါ်မှာ

ဒါပေမဲ့ JFK လေဆိပ်မှာ ရာသီဥတု ဆိုးရွားနေလို့ လေယာဉ်က ပြေးလမ်းရှာမတွေ့တာနဲ့ ကွင်းပေါ် လှည့်ပတ်ပျံသန်းရင်း ဆီကုန်လာလို့ အနီးအနားက ဖီလင်ဒါဖီးယားမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာဆင်းပြီး ဆီဖြည့်ရပါတယ်။

ဖီလန်ဒါဖီးယားလေဆိပ်

ဆီဖြည့်ပြီးတော့ ရာသီဥတု ပြန်ကောင်းအလာကို စောင့်လိုက်တာ ည၈နာရီ၄၅မိနစ်လောက်မှ ပြန်ထွက်နိုင်ပါတယ်။ JFK လေဆိပ်ကိုဆိုက်တော့ ည၉နာရီထိုးပါပြီ။

air train

ဆင်းလိုက်တဲ့ တာမီနယ်က အစွန်ဆုံးမှာဖြစ်လို့ မြို့ထဲပြန်ဖို့ air train ရှိရာကို ၁၅မိနစ်ကျော်လောက် လေဆိပ်ထဲမှာ လမ်းလျောက်ရပါတယ်။

လေရထားပြီးတော့ မြေရထား

လေရထားပြီးတော့ မြေအောက်ရထားစီးပြီး အိမ်ပြန်ရောက်တဲ့အခါ ညဆယ်နာရီခွဲ လို့သွားပါပြီ။ ပုံမှန် ၁နာရီခွဲ လေယာဉ်ခရီးကို လေဆိပ်နဲ့လေယာဉ်ပြေးလမ်းတွေမှာ စောင့်ချိန်အပါအဝင် စုစုပေါင်း ၁၅နာရီကြာခဲ့ပါတယ်။

 

7 comments

  • eros

    May 20, 2011 at 3:17 am

    ဆိုတော့ကာ ဦးကြောင်ပြောချင်တဲ့ အနှစ်ချုပ်က ဘာများပါတုန်း

    • ဆူး

      May 20, 2011 at 6:56 am

      ခရီးဖင့်လို့ စိတ်ပျက်လာတဲ့ အကြောင်း ရွာထဲက ရွာသားတွေကို ပြောပြချင်တာပါ။

  • weiwei

    May 20, 2011 at 4:46 am

    ယူအက်စ်မှာလဲ ဒီလိုမျိုးတွေ ဖြစ်တတ်တယ်လို့ ဆိုလိုချင်ပုံရတယ် ….

    ကြည့်ရတာတော့ ကိုကြောင်ကြီး သတ်သတ်လွတ်ကထွက်လိုက်လို့ ကံဆိုးသွားတာဖြစ်မယ် … 🙂

  • weiwei

    May 20, 2011 at 5:05 am

    ကျွန်မ ပထမဆုံးအကြိမ် တစ်ယောက်ထဲ လေယာဉ်နဲ့ခရီးသွားရတုန်းက လေဆိပ်မှာ ရွာလည်ခဲ့ဖူးတယ် … လေဆိပ်အကြီးကြီးမှာ ဝန်ထမ်းတွေကိုမေးတဲ့ကြားထဲက သူတို့က ကောင်းကောင်းမဖြေတာရော ကျွန်မကလဲ စကားကို သိပ်နားမလည်တာရောနဲ့ အချိန်တွေကုန်သွားတာ … နောက်ဆုံးအကူအညီတောင်းရတဲ့ကောင်တာကိုရောက်သွားတော့ မမှီတော့ဘူး … မရတော့ဘူးတဲ့ … ကျွန်မလဲ စိတ်တိုတာနဲ့ ပက်စ်ပို့စ်ပြပြီး တရုတ်လိုတစ်လုံးမှမတတ်တဲ့အကြောင်းနဲ့ အင်္ဂလိပ်လိုဒေါနဲ့မောနဲ့ပြောလိုက်တော့မှ လေယာဉ်ကိုလှမ်းဖုန်းဆက်ပြီး ခဏစောင့်အုန်းဆိုပြီး ကျွန်မအိတ်ကို အဲဒီလူကဆွဲပြီး ၂ ယောက်သား ပြေးလိုက်ရတာ … လေယာဉ်ကစက်နှိုးပြီးနေပြီလေ … ကျွန်မလဲ လေယာဉ်ပေါ်အရောက် လေယာဉ်လဲထွက်ရောပဲ … သဲထိတ်ရင်ဖို … 🙁

  • လင်းဝေကျော်

    May 20, 2011 at 8:42 am

    မြန်မာပြည် ပြည်တွင်းမှာလဲ ဒီလိုမျိုးဖြစ်တတ်တယ်။
    အထူးသဖြင့် မြိတ်လေယာဉ်။ ဒီလိုမိုးတွင်းဆိုရင်။
    မနက် ရနာရီထွက်မှာမို့ လေဆိပ်ကို ၆နာရီလောက်သွား။
    မြိတ်လေဆိပ်က အတည်ပြုချက်မရလို့ မတက်နိုင် ၁ဝနာရီလောက်မှတက်။
    မြိတ်မြို့ပေါ်ရောက်တော့ ကွင်းကိုမမြင်ရ ဆင်းမရရင် ထားဝယ်ကိုပြန်။
    စောင့်နေရင်း မြိတ်ကွင်း ဆင်းလို့ရပြီဆိုမှ မြိတ်ကို ညနေစောင်းလောက်ရောက်။
    တစ်ခါတစ်လေ မြိတ်ကို ဆင်းမရတော့ရင် ညနေကျ ရန်ကုန်ကို ပြန်လာတာပါပဲ။ တစ်နေ့လုံးသွားတာ ဘယ်မှမရောက်ဘူး။

  • kai

    May 20, 2011 at 10:02 am

    မိုင်လေးရာဆို… ကားနဲ့တောက်လျှောက်ချသွားရင်…၆နာရီလောက်ပဲ..။
    အယ်လ်အေ. ဆန်ဖရမ်ထက်နည်းနည်းလေးပဲ..သာတယ်..။
    နောက်ဆို….ကားနဲ့..မောင်းသွားပေါ့..။
    အဲဒီရှုပ်ရှုက်နေတဲ့.. စစ်တာဆေးတာတွေဘာမှမရှိဘူး…။

  • hmee

    May 20, 2011 at 11:15 am

    မှီလည်း ပထမဆုံးလေယာဉ်စီးတော့ အတော်ဒုက္ခရောက်တာ။ကိုယ်က ရက်စ် နဲ့ နိုး ပဲပီပီသသနားလည်တယ်လေ စီးရတာလည်း နှစ်ဆင့် ကျန်ခဲ့မှာစိုးလို့ ဘယ်မှလည်း မသွားရဲဘူး။ လေယာဉ်ပေါ်ရောက်မှ သက်ပြင်းချရတယ်။ ဒါတောင် Luggage ကကျန်ခဲ့လို့ အဝတ်တထည်ကို ၂ရက်လောက်ဝတ်လိုက်ရသေးတယ်။

Leave a Reply