ဣတိ္တ ကဏ္ဍ….အပိုင်း(၁)

ဣတိ္တ  ကဏ္ဍ

(၁)ဥဩအဆင်း၊ အသံချဉ်း ၊ မ ဆင်း လင်မြတ်နိုး

ရုပ်မလှသူ ၊ အဆင်းဟူ ၊ သင်ယူအတတ်မျိုး

တပသီများ ၊ အဆင်းကား ၊ သူ့အားသည်းခံကျိုး ။။

အဓိပ္ပာယ်။။။။ ဥဩ၏အဆင်းကား  အသံတည်း ၊ မိန်းမတို့၏ အဆင်းကား လင်ကိုမြတ်နိုးခြင်းတည်း ၊ ရုပ်သဏ္ဍာန်မကောင်းသူတို့အဆင်းကား

အတတ်ပညာတည်း ၊ရသေ့ရဟန်းတို့အဆင်းကားသည်းခံခြင်းတည်း ။

(၂)မိန်းမဥစ္စာ ၊ ဆင်းရူပါ ၊ ဝိဇ္ဇာ ယောက်ျားဘို့

ရဟန်းဥစ္စာ ။ သီလသာ ၊ မင်းမှာရဲမက်တို့။။

အဓိပ္ပာယ်။။။ မိန်းမတို့၏ဥစ္စာကားအဆင်းတည်း ။ ယောက်ျားတို့၏ဥစ္စာကား အတတ်ပညာတည်း ။ ရဟန်းတို၏ ဥစ္စာကားသီလတည်း ။ မင်းတို့၏

ဥစ္စာကား  ရဲမက်ဗိုလ်ပါတည်း။။

(၃)ရသေ့ရဟန်း ၊ တင့်တယ်လန်း ၊ မြဲတမ်းကြုံလှီမှ

အခြေလေးဖြာ ၊ သတ္တဝါ ၊လှရာဆူဖြိုးမှ

ယောက်ျားမှန်လတ် ၊ တင့်တယ်မှတ် ၊ အတတ်ရှိပေမှ

မိန်းမမှာမူ ၊ တင့်တယ်ဟူ ၊ ချစ်သူ လင်ရှိမှ။။

အဓိပ္ပာယ်။။။။ရသေ့ရဟန်းတို့မှာကြုံလှီမှတင့်တယ်၏ ။ အခြေလေးခုရှိသော သတ္တဝါတို့မှာ ဆူဖြိုးမှသာတင့်တယ်၏ ၊ ယောက်ျားတို့မှာ အတတ်ပညာရှိမှသာ

တင့်တယ်ကုန်၏ ၊ မိန်းမတို့သည်ကား လင်ရှိမှသာတင့်တယ်ကုန်၏ ၊။

(၄)စောင်းတတ်သမား ၊ ငါးရက်ထား ၊ စောင်းအားကင်းသော်ပျက်

လေးသမားပ ၊ ရက်သတ္တ ၊ လေးမှကင်းသော်ပျက်

မယားတော်သင့် ၊ တစ်လဖြင့် ၊ လင်နှင့်ကင်းသော်ပျက်

တပည့်များလဲ ၊ ဆရာဖဲ ၊ လခွဲကင်းသော်ပျက်။။

အဓိပ္ပာယ်။။။။တတ်လှစွာသောစောင်းသမားသည်စောင်းနှင့်ငါးရက်မျှကင်းမူပျက်၏ ၊ တတ်လှစွာသောလေးသမားသည် ခုနှစ်ရက်မျှလေးနှင့် ကင်းမူ

ပျက်၏ ၊ တော်မှန်လှစွာသော မယားဖြစ်လျှင်မူလည်း လင်နှင့် တစ်လကင်းမူ ပျက်၏ ၊ တပည့်တို့ကားဆရာနှင့် လခွဲမျှကင်းမူ ပျက်၏ ။။

(၅)ကျွဲကား ညွန်တွယ် ၊ ဟင်္သာမယ် ၊ ကန်ဝယ်လွန်မွေ့လျှော်

မိန်းမမှန်လျှင် ၊ ယောက်ျားတွင် ။ ကြည်ရွှင်စိတ်ထားပျော်

ရဟန်းမှန်လတ် ၊ ပျော်ရာမြတ် ၊ မြင့်မြတ်တရားတော်။။

အဓိပ္ပာယ်။။။။ကျွဲသည် ညွန်မှမွေ့လျှော်၏ ၊ ဟင်္သာသည် ရေကန်ရှိမှမွေ့လျှော်၏ ၊ မိန်းမသည် ယောက်ျားရှိမှ မွေ့လျှော်၏ ၊ ရဟန်းတို့သည် တရားရှိမှသာ

မွေ့လျှော်၏။။

(၆)အစာကြေမှ ၊ အဟာရ ၊ ဟုတ်ပချီးမွမ်းရန်

အရွယ်လွန်ချက် ၊ မယားစွက် ၊ ရဲမက်စစ်အောင်ပြန်

ကောက်စပါးဟူ ၊ အိမ်ရောက်မူ ၊ နည်းတူချီးမွမ်းရန်။။

အဓိပ္ပာယ်။။။။ထမင်းအစာကိုအစာကြေမှသာ ချီးမွမ်းရာ၏ ၊ မယားကိုလည်း အရွယ်လွန်မှသာချီးမွမ်းရာ၏ ၊ ရဲမက်ကိုလည်း စစ်အောင်ပြန်မှသာ ချီးမွမ်းရာ၏

ကောက်စပါးကိုလည်း အိမ်သို့ရောက်မှသာ ချီးမွမ်းရာ၏။။

 

ဆက်လက်ဖော်ပြပါမည်။။။။။။။။။။။။။။။။။။။။