ကျွန်တော်ဖတ်မိသော..သတင်းများ

လက်မှတ်ထိုး တောင်းဆိုရေး ဒေါ်အောင်ဆန်းစုကြည် နှိုးဆော်

2011-05-06 RFA

လက်ရှိ ဒီမိုကရေစီ ကွန်ရက်ထဲက အဖွဲ့အစည်းတွေ ၊ လူပုဂ္ဂိုလ်တွေ လုပ်ဆောင်နေတဲ့ သမ္မတ ဦးသိန်းစိန်ထံ လက်မှတ်ထိုး တောင်းဆိုရေး လှုပ်ရှားမှုမှာ မြန်မာ့ ဒီမိုကရေစီရေးကို လိုလားသူအားလုံး တက်တက်ကြွကြွ ပါဝင်ကြဖို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နှိုးဆော်လိုက်ပါတယ်။

“နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်ကြား အပစ်ခတ် ရပ်စဲရေး ပြည်ပကို ရှောင်ခွာသွားရတဲ့ ဒုက္ခသည်တွေနဲ့ အခြား နိုင်ငံသူ နိုင်ငံသားတွေ မြန်မာနိုင်ငံကို လုံခြုံအေးချမ်းစွာ ပြန်လာနိုင်ရေး စသည်တို့ကို တောင်းဆိုထားတဲ့ လက်မှတ်ထိုး လှုပ်ရှားမှု အောင်မြင်ရေးအတွက် ဝိုင်းပြီး ကူညီပေးစေချင်ပါတယ်။”

RFA က အပတ်စဉ် တင်ဆက်နေတဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အမေးအဖြေ ကဏ္ဍအတွက် နိုင်ငံရေး အကျဥ်းသား ကိုမြအေးရဲ့သမီး မဝေနှင်းပွင့်သုန်ရဲ့ မေးခွန်းကို ဖြေကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို နှိုးဆော်လိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် သမ္မတ ဦးသိန်းစိန်ထံ တောင်းဆိုတဲ့ အဲဒီစာတွေကို နိုင်ငံခြားသားများလည်း ပါဝင် လက်မှတ်ရေးထိုးနိုင်ကြောင်းနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ရေးအတွက် အားလုံး ဝိုင်းဝန်း အကောင်အထည် ဖော်ကြစေလိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထပ်မံ တိုက်တွန်း ထားပါတယ်။

“မြန်မာနိုင်ငံသူ နိုင်ငံသားတွေ မဟုတ်တဲ့သူတွေလည်း သွေးစည်းညီညွတ်မှုကို ပြသောအားဖြင့် လက်မှတ်ထိုးနိုင် ပါတယ်။ အမေထပ်ပြီးတော့ ပြောချင်ပါတယ်။ အမေတို့လုပ်နေတဲ့ လက်မှတ်ထိုး လှုပ်ရှားမှုကြီးကို သမီးတို့ပြင်ပက ဒီမိုကရေစီ လိုလားသူတွေ အားလုံး ဝိုင်းပြီးတော့ ကူညီပံ့ပိုးပေးကြပါ၊ အင်တာနက်ကတဆင့် လက်မှတ်တွေကို ပို့ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။”

နောက်ထပ် သောတရှင်တဦးရဲ့ မေးခွန်းကို ဖြေကြားရာမှာတော့ လက်ရှိသမ္မတ ဦးသိန်းစိန်ဖွဲ့စည်းလိုက်တဲ့ အကြံပေးအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က သတိကြီးစွာထားပြီး ကြိုဆိုလိုက်ပါတယ်။

“သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ဥပဒေရေးရာ အကြံပေးအဖွဲ့ဝင် ၉ ဦး ဖွဲ့စည်းလိုက်တာနဲ့ ပတ်သက်လို့ တကယ်တမ်းကို တိုင်းပြည်ကို အကျုးိပြုနိုင်မဲ့ အကြံတွေပေးနိုင်ပြီး ဒီအကြံတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေက မှန်မှန်ကန်ကန် အကောင်အထည် ဖော်နိုင်မယ် ဆိုရင်တော့ ကောင်းမယ်လို့ ထင်ပါတယ်။”

ဒါပေမဲ့ အဲဒီအကြံပေး ကော်မတီကို လက်တွေ့ကျကျ အကောင်အထည် ဖော်နိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ကြောင်း မိမိအနေနဲ့ လက်တွေ့ လုပ်ဆောင်ချက်တွေကို မမြင်ရသေးပဲ မျှော်လင့်ချက်ထားတာမျိုးကို ယုံကြည်ခြင်း မရှိကြောင်း စသဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

 

 

ဗိုလ်ချုပ်မှူးကြီးနှင့် စစ်ဗိုလ်ချုပ်ဟောင်းများ တွေ့ဆုံ

ဆက်လင်း Friday, 06 May 2011 16:30

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ဥက္ကဌရာထူးနှင့် ကာကွယ်ရေး ဦးစီးချုပ် ရာထူးများမှ အနားယူသွားပြီ ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အငြိမ်းစား စစ်ဗိုလ်ချုပ်ဟောင်း ၅ ဦးကို နေပြည်တော်ရှိ နေအိမ်သို့ ခေါ်ယူတွေ့ဆုံခဲ့သည်ဟု သိရသည်။

တပါတီ အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်းလက်ထက် ဝန်ကြီးနှင့် တိုင်းမှူးများ ဖြစ်ခဲ့ကြသည့် စက်မှုဝန်ကြီး ဗိုလ်မှူးချုပ် တင့်ဆွေ၊ အရှေ့ပိုင်းတိုင်း စစ်ဆင်ရေးမှူး ဗိုလ်ချုပ် လှဦး၊ သတ္တုတွင်းဝန်ကြီး ဗိုလ်မှူးချုပ် သန်းတင်၊ ဗိုလ်ချုပ် ခင်မောင်ကျော်နှင့် ဒု ဗိုလ်ချုပ်ကြီးဟောင်း ချစ်ဆွေတို့ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ခေါ်ယူတွေ့ဆုံသည်ဟု တွေ့ဆုံခဲ့သော ဗိုလ်ချုပ်ဟောင်း တဦး၏ မိသားစုဝင် တဦးက ပြောသည်။

ယင်း ဗိုလ်ချုပ်ဟောင်း ၅ ဦးထဲမှ အများစုသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တပ်မတော် အရာရှိငယ် အဖြစ် တာဝန်ထမ်းဆောင်စဉ်တွင် အထက်အရာရှိများ ဖြစ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံချိန်၌ နိုင်ငံတော်အာဏာကို ဆက်ပြီးချုပ်ကိုင်ထားမည် မဟုတ်ကြောင်းနှင့် တချိန်တွင် မိသားစုအား အန္တရာယ်ပြုလာမည်ကို စိုးရိမ်ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောကြားခဲ့သည်ဟု ဗိုလ်ချုပ် သန်းတင်၏ မိသားစုဝင် တဦးက ပြောပြသည်။

“သူက နိုင်ငံအုပ်ချုပ်ရေးကို ဘာမှဝင်ပြီး မစွက်တော့ပါဘူးပေါ့။ ပြီးတော့ လက်ရှိဝန်ကြီးတွေ ရွေးတုန်းကလည်း ဦးသိန်းစိန် စိတ်ကြိုက် ရွေးခိုင်းတယ်။ နည်းနည်းပဲဝင်ပြီး အကြံပေးတယ်ပေါ့။ နောက်တချက်က သူမရှိတော့ချိန်မှာ သူ့မိသားစုကို ပြန်ပြီး တရားစွဲ၊ ထောင်ချ၊ ကြိုးစင်တင်မှာ တွေကို သူတော်တော် ကြောက်နေပုံရတယ်”ဟု ၎င်းက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အာဏာကို ဆက်လက်ချုပ်ကိုင်ထားခြင်းမရှိဟုဆိုသော်လည်း ယနေ့အချိန်အထိ အစိုးရရုံးများနှင့် ရပ်ကွက် အုပ်ချုပ်ရေးရုံးများတွင် ၎င်း၏ ဓာတ်ပုံများကို ဆက်လက် ချိတ်ဆွဲထားဆဲဖြစ်သည်ကိုတွေ့ရသည်။

ဗိုလ်ချုပ်မှူးကြီးကတော် ဒေါ်ကြိုင်ကြိုင်မှာ ယခင် အာဏာတရားဝင် ရယူထားစဉ်က ကဲ့သို့ပင် ဗေဒင် ဆရာများ၊ နတ်ဆရာများကို အားကိုးအားထား ပြုလုပ်နေဆဲဖြစ်သည်ဟု ၎င်းတို့နှင့် နီးစပ်သူတဦးက ပြောပြသည်။

“မင်္ဂလာဒုံ ပုလဲမြို့သစ်မှာ သန္တာရွှေ ဝယ်ထားတဲ့ခြံနဲ့တိုက်ရှိတယ်။ အဲဒီမှာ အရင်က ကတုံးမရိတ်ဘဲ သင်္ကန်းတွေဝတ်ထားတဲ့ ဘုန်းကြီးလိုလို၊ ရသေ့လိုလိုလူတွေရှိတယ်။ တိရစာ္ဆ    န်ခေါင်းတွေပုံ ခံထားတဲ့ဘုရားတွေလည်း ရှိတယ်။ နတ်ပွဲတွေလည်း ခဏခဏ ပေး တယ်။ အခုထက်ထိလည်း အဲဒီလူတွေရှိတုန်းပဲ။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း နတ်ပွဲပေးတာတွေ့ရတယ်”ဟု ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ် တွင်နေထိုင်သူ တဦးက ပြောသည်။

နအဖ ကောင်စီ၏ ဒုတိယ ဥက္ကဌ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးမှာ သင်္ကြန်အပြီး နှစ်ဆန်း တရက် နေ့မှစပြီး ၎င်း၏ ဇာတိမြို့ဖြစ်သည့် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် ဘုန်းကြီးဝတ်နေပြီး ယနေ့အထိပြန်မထွက်သေးကြောင်း သိရသည်။

“အဲဒီရွာမှာသူက ဘုန်းကြီးကျောင်းနဲ့ တရားရိပ်သာတွေ သူ့မိဘရဲ့ အိမ်နေရာတွေကို သူလှူထားတာ။ လောလောဆယ်တော့ အဲဒီ မှာပဲ တရားအားထုတ်နေတယ်လို့ပြောတယ်။ လက်နက်ကိုင် လုံခြုံရေးတွေတော့ မရှိဘူး။ ဒါပေမယ့် အရပ်ဝတ်နဲ့လုံခြုံရေး လေးငါးယောက်ကတော့ ဘုန်းကြီးကျောင်းနားမှာ အမြဲစောင့်နေတယ်။ တခါတလေ လာနေကြမဟုတ်တဲ့သူဆို မေးတယ်”ဟု ပုလဲမြို့ သစ် တွင်နေထိုင်သူ က ပြောသည်။

 

ဒီမိုကရေစီအရေး တောင်းဆိုသည့် ဆရာ အစည်းအရုံးကို ဖိနှိပ်မှုအပေါ် EI မှ ကန့်ကွက်

Friday, 06 May 2011 08:57 Editor

မောက္ခနိုင်ငံပညာရေး သမဂ္ဂသတင်း

ဒီမိုကရေစီအတွက် တောင်းဆိုနေသည့် အာရပ် စော်ဘွားများနိုင်ငံ (ယူအေအီး) ကျောင်းဆရာ အစည်းအရုံးအား နှိပ်ကွက်ပြီး အဖွဲ့ကို အတင်းအဓမ္မ လုယူခဲ့ခြင်းအပေါ် နိုင်ငံတကာ ပညာရေးသမဂ္ဂများ အဖွဲ့ချုပ်က ရှုတ်ချလိုက်သည်။

မေလ ၂ ရက်နေ့က ယူအေအီးနိုင်ငံ၊ လူမှုရေးရာ ဝန်ကြီး မာရီယမ်မိုဟာမက် ခါဖန်အယ်ရူမီမှ လက်မှတ် ရေးထိုး ထုတ်ပြန်ခဲ့သည့် အမိန့်စာထဲတွင် ရွေးကောက ်တင်မြှောက်ထားသည့် ကျောင်းဆရာ အစည်းအရုံး ဒါရိုက်တာ ဘုတ်အဖွဲ့ကို ဖျက်သိမ်း ပစ်ရမည်ဖြစ်ကြောင်းနှင့် အစိုးရက ရွေးချယ်ထားသူများဖြင့် အစားထိုး ခန့်အပ် ရမည်ဖြစ်ကြောင်းတို့ ပါရှိခဲ့သည်။ မကြာသေးခင်က တရားသူကြီး အစည်းအရုံးကိုလည်း ဖျက်သိမ်းခဲ့ဖူးသည်။ အခြားသော ဒီမိုကရေစီ အရေးတောင်းဆိုသည့် အဖွဲ့အစည်းများကိုလည်း ဖျက်သိမ်းခဲ့သည်။

၁၉၈ဝ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ကျောင်းဆရာ အစည်းအရုံးမှာ ဆရာများ၏ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်ရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အဖွဲ့ဝင်ဦးရေ ၂၈ဝ ကျော်ရှိသည်။ ဆရာများမှ အဆင့်မြင့် ဘွဲ့ဒီဂရီများ ရရှိထားသော်လည်း လစာ နည်းပါးသည့် ပြဿနာကို တင်ပြလေ့ရှိသည်။ လစာဝင်ငွေ နည်းပါသည့်အတွက် ဆရာများစွာတို့မှာ အလုပ် ထွက်သွားသဖြင့် ဒူဘိုင်းတွင် ဆရာ ရှားပါးမှုနှင့် ကြုံတွေ့ နေရပြီဖြစ်သည်။

နိုင်ငံတကာပညာရေး သမဂ္ဂများ အဖွဲ့ချုပ် EI က အခြားသော နိုင်ငံတကာ အလုပ်သမား သမဂ္ဂများနှင့် ပူးပေါင်းပြီး ဝန်ထမ်းများ၏ အခွင့်အရေး၊ သမဂ္ဂ ဖွဲ့စည်းခွင့်အရေးတို့ကို တောင်းဆိုလျက်ရှိသည်။ ယူအေအီးဆရာသမဂ္ဂမှာ နိုင်ငံတကာ ပညာရေးသမဂ္ဂအဖွဲ့ချုပ်မဟုတ်သေးပါ။

အရှေ့တောင်အာရှတွင် နိုင်ငံတကာ ပညာရေး သမဂ္ဂများအဖွဲ့ချုပ် မဝင်ဘဲရှိနေသည့် နိုင်ငံမှာ မြန်မာနိုင်ငံဖြစ်သည်။ အကြောင်းရင်းမှာ မြန်မာနိုင်ငံတွင်း၌ ကျောင်းဆရာများကို ကို်ယ်စားပြုထားသည့် လွတ်လပ်သော အဖွဲ့အစည်း မရှိသေးခြင်း၊ ဖွဲ့စည်း တည်ထောင်ခွင့် မရှိခြင်းကြောင့်ဖြစ်သည်။

 

၂၁ ရာစု ပင်လုံညီလာခံ စာတမ်းဖတ်ပွဲ CRPP ကျင်းပမည်

2011-05-06 RFA

၂၁ ရာစု ပင်လုံညီလာခံနဲ့ ပတ်သက်ပြီး CRPP ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီက ပညာရှင်တွေရဲ့ စာတမ်းဖတ်ပွဲ တရပ်ကို ကျင်းပသွားမယ်လို့ ကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က မေလ ၆ ရက် ဒီနေ့ ပြောကြားလိုက်ပါတယ်။

ရန်ကုန် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပတဲ့ လစဉ်ပုံမှန်အစည်းအဝေးမှာ တက်ရောက်လာသူတွေက ၂၁ရာစု ပင်လုံညီလာခံ စာတမ်းကိစ္စ ဆွေးနွေးပြီး ဆုံးဖြတ်ချက် ချမှတ်လိုက်တာလို့ ဦးအေးသာအောင်က ပြောပါတယ်။

“၂၁ ပင်လုံနဲ့ ပတ်သက်လို့ ပညာရှင်များဆီက စာတမ်းတွေ တောင်းခံဖို့ရယ်၊ ပြီးတော့ စာတမ်းဖတ်ပွဲ လုပ်မယ်။ ပြီးတော့ ဒီစာတမ်းတွေ အပေါ်မှာ သုံးသပ်ချက်တွေနဲ့တကွ စာတမ်းတွေကို ပေါင်းပြီးတော့လည်းပဲ စာအုပ်အဖြစ် ထုတ်မယ်။ ဒီ အစီအစဉ်အရ ပြည်တွင်းကရော ပြည်ပကပါ ပညာရှင်ဆီက စာတမ်းတွေကို တောင်းမယ်၊ တချို့ ပညာရှင်တွေကတော့ ကိုယ်တိုင် စာတမ်း လာဖတ်မယ်။ နောက်တချို့ကတော့လည်းပဲ ကိုယ်တိုင် မလာနိုင်ရင် ကျွန်တော်တို့ဆီက တယောက်ယောက်က ဖတ်မယ်။ ဒီဟာ ဒီနေ့ ဆုံးဖြတ်ပါတယ်။”

စာတမ်းဖတ်ပွဲကို ဇူလိုင်လလောက်မှာ ကျင်းပဖို့ ရည်ရွယ်ထားပေမဲ့ ပြည်တွင်း-ပြည်ပ ပညာရှင်တွေဖက်က အချိန်ထပ်ယူရမယ် ဆိုရင် အချိန်တိုးမယ်လိ်ု့ ဆိုပါတယ်။

ဒီနေ့ ကျင်းပတဲ့ အစည်းအဝေးမှာ လက်ရှိ နို်င်ငံရေး အခြေအနေတွေကိုလည်း ဆွေးနွေးပေမဲ့ ၂၁ ပင်လုံညီလာခံ ကိစ္စကို အဓိကထား ဆွေးနွေးတယ်လို့ ဦးအေးသာအောင်က ပြောပါတယ်။

အစည်းအဝေးကို CRPP အဖွဲ့ဝင်တွေဖြစ်ကြတဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး၊ NLD ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ CRPP အဖွဲ့ဝင် ဦးပူကျင့်ရှင်းထန် စတဲ့ ပုဂ္ဂိုလ်တွေ တက်ရောက်ကြတယ်လို့ NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောကြားပါတယ်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ၂၁ ရာစုနဲ့ ကိုက်ညီတဲ့ ၂၁ ရာစု ပင်လုံညီလာခံ ခေါ်ယူဖို့ ပြောကြားတာကို ပြည်တွင်း-ပြည်ပ အတိုက်အခံတွေ တိုင်းရင်းသား အဖွဲ့အစည်းတွေက ထောက်ခံ ကြိုဆိုပေမဲ့ အစိုးရအာဘော် သတင်းစာတွေမှာတော့ ၂၁ ပင်လုံညီလာခံကို တိုက်ခိုက် ဝေဖန်ထားပါတယ်။

ထိုင်းက စစ်ပြေး ဒုက္ခသည် ၁၀၀ဝ ကျော် ပြန်ပို့

ဧရာဝတီ Friday, 06 May 2011 18:15

ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အုန်းဖန်မြို့နယ် ပိုင်ခလန်ရွာတွင် ခိုလှုံနေသည့် မြန်မာဒုက္ခသည် ၁၀၀ဝ ကျော်ကို တိုက်ပွဲများ မရှိတော့ဟုဆိုကာ မြန်မာဘက်သို့ ပြန်ပို့နေသည်ဟု ဒေသခံ ရွာသားများက ပြောသည်။

ထိုင်းဘက် ထွက်ပြေးလာ သူများသည် ယခုလဆန်းက စတင်၍ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံဒေသတွင် ကရင်ပူးပေါင်း တပ်ဖွဲ့များနှင့် မြန်မာအစိုးရတပ်များ ဖြစ်ပွားသည့် ရက်သတ္တတပတ်ကြာ တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ အုန်းဖန်မြို့နယ် အတွင်းသို့ ရောက်ရှိလာသူများဖြစ်သည်။

ကျိုက်ဒုံ ဒေသခံ ရွာသားတဦးက “DKBA က ဗိုလ်နှုတ်ခမ်းမွေး အဖွဲ့က KNU နဲ့ ပေါင်းပြီး မြန်မာစစ်တပ်ကို တိုက်တာ တိုက်ပွဲက တပတ်ရှိပြီ၊ ကျိ်ုက်ဒုံတခွင်က ရွာသားတွေ ဘယ်လိုမှ နေမရလို့ ထိုင်းဘက်ကို လာခိုတာပါ၊ မနေ့ကစပြီး ထိုင်းဘက်က မြန်မာဘက် ပြန်ခိုင်းတယ်၊ တိုက်ပွဲတွေ မရှိတော့ဘူးလို့ ပြောတယ်၊ တိုက်ပွဲက ရှိနေတာပဲ၊ ဒါကြာင့် မြန်မာဘက်ကို မပြန်သေးဘဲ ထိုင်းဘက်ခြမ်း တောထဲမှာပဲ ရှောင်ပုန်းနေတယ်”ဟု ပြောသည်။

ဆန္ဒ မပါဘဲ တိုက်ပွဲဖြစ်ပွားနေရာ မြန်မာဘက်သို့ ပြန်စေခြင်းသည် ရွာသားများကို အသက်အန္တရာယ် များပြားသည့် ဒေသသို့ တမင်ပြန်စေခြင်းဟု ခံစားရကြောင်း ကျိုက်ဒုံ ရွာသားက ဆက်ပြောသည်။

ရွာသားများကို အကူအညီ ပေးနေသည့် အစိုးရမဟုတ်သော အဖွဲ့၏ အဖွဲ့ဝင်တဦးက ယမန်နေ့နံနက် အထိ နောက်ဆုံး ရရှိသည့် ရွာသားများစာရင်းမှာ ၁၀၀ဝ ကျော်ရှိကြောင်း၊ ယာယီကယ်ဆယ်ရေး စခန်းတွင် တချို့နေထိုင်လျှက်ရှိပြီး အများစုမှာ တောထဲတွင် ရှောင်ပုံးလျှက်ရှိကြောင်း ပြောပြသည်။

ဒေသ အခြေစိုက် ထိုင်းနယ်ခြားစောင့်တပ်မှ တပ်မှူးတဦးက“အခုဖြစ်နေတဲ့တိုက်ပွဲတွေဟာ နယ်စပ်ရဲ့အတွင်းပိုင်းမှာဖြစ် တဲ့အတွက် စိုးရိမ်စရာမရှိတော့ဘူး၊ အခုရွာသားတွေ သူတို့နေရပ်ကို ပြန်နေကြပါတယ်၊ အခုဆက်ဖြစ်နေတဲ့တိုက်ပွဲတွေက နယ်စပ်နဲ့အတော်ဝေးတဲ့နေရာမှာဖြစ်တယ်”ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံဘက်တွင် နယ်စပ်လုံခြုံရေးကို တိုးမြှင့်ထားပြီး တပ်ဖွဲ့ဝင်အင်အားကိုလည်း တိုးမြှင့်ချထားကြောင်း၊ ထွက်ပြေးလာသည့်ရွာသားများကို ထိုင်းနိုင်ငံအခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံး(UNHCR) နှင့် ထိုင်း – မြန်မာနယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့(TBBC) အဖွဲ့ များကိုသာ
သွားရောက် ကူညီခွင့် ပြုကြောင်း သိရသည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်းရှိ အုန်းဖန်မြို့နယ်သည် မဲဆောက်မြို့၏ တောင်ဘက် ၁၈ရ ကီလိုမီတာ အကွာအဝေးတွင် တည်ရှိပြီး ထွက်ပြေးလာသည့် ရွာသားများခိုလှုံနေသော ထိုင်းဘက်ခြမ်းရှိ ပိုင်ခလန် ရွာသည် အုန်းဖန်မြို့နယ်နှင့် ကီလို မီတာ ၃ဝ ခန့်ကွာဝေးသည်။

 

NLD ၌ သတင်းစာပညာ သင်တန်း ပေးမည်

ဧရာဝတီ Friday, 06 May 2011 12:38 သတင်းတိုများ

NLD က အဖွဲ့ဝင် လူငယ်များကို ရက်တို သတင်းစာပညာနှင့် သတင်း နည်းပညာ သင်တန်း ပေးရန် စီစဉ်နေကြောင်း သိရသည်။ သတင်းအချက်အလက် စနစ်တကျ ပေးပို့နိုင်ရန်နှင့် အဆက်အသွယ်ပြုလုပ်နိုင်ရန် ရည်ရွယ်၍ NLD ခေါင်းဆောင် တဦးဖြစ်သည့် သတင်းစာဆရာကြီး ဦးဝင်းတင် ဦးဆောင်ပြီး သင်ကြားပေးမည်ဖြစ်ကြောင်း၊ မေလ တတိယ ပတ် အတွင်း သင်တန်း စတင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း NLD က ပြော သည်။

မော်လမြိုင်-ရန်ကုန် ခရီးသည်တင်ကားတိုက်၊ ၁၅ ဦးသေ

ဧရာဝတီ Friday, 06 May 2011 19:41 သတင်းတိုများ

မွန်ပြည်နယ် မော်လမြို့မှ ရန်ကုန်သို့ ပြေးဆွဲနေသော ခရီးသည်တင်ကား နှင့် ဟိုတ်လတ်ကား ကျိုက်ထိုမြို့ နယ်တွင် ယမန် နေ့ ည ရ နာရီ ခန့်က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ ခရီးသည် ၁၅ ဦး သေဆုံးခဲ့ပြီး ကျန်ခရီး သည်များလည်း ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်တဦးက ပြောသည်။

 

အယ်လ်ခိုင်းဒါး အကြမ်းဖက်အဖွဲ့ ကျဆုံးတော့မည်

By ဗွီအိုအေ (မြန်မာဌာန)  သောကြာ, 06 မေ 2011

အမေရိကန် ပြည်ထောင်စုက အိုစမာ ဘင်လာဒင် (Osama Bin Laden) ကို အသေဖမ်းမိနိုင်ခဲ့တာဟာ အယ်လ်ခိုင်းဒါးအဖွဲ့ရဲ့ ခေါင်းကို ဖြတ်ပစ်လိုက်တာ ဖြစ်တဲ့အတွက် နောက်ဆုံးမှာ အကြမ်းဖက်အဖွဲ့ ကျဆုံးရမယ်လို့ သမ္မတ အိုဘားမား (Barack Obama) က ပြောဆိုလိုက်ပါတယ်။

ထူးချွန်ထက်မြက်မှုနဲ့ သတ္တိရှိတဲ့ အမေရိကန်တွေရဲ့ စွမ်းဆောင်ချက်ကြောင့် စက်တင်ဘာ ၁၁ ရက်နေ့က အမေရိကန် ပြည်ထောင်စုကို အကြမ်းဖက် တိုက်ခိုက်ရေးမှာ ဦးဆောင်ခဲ့သူဟာ နောက်ထပ် အမေရိကန် ပြည်ထောင်စုကို အန္တရာယ် မပေးနိုင်တော့ဘူးလို့ သမ္မတ အိုဘားမားက ဆိုပါတယ်။

အမေရိကန် ပြည်ထောင်စု၊ ကင်န်တပ်ကီပြည်နယ်၊ ဖို့တ် ကမ်းပ်ဘဲလ် (Fort Campbell) တပ်စခန်းကို သမ္မတ အိုဘားမား သောကြာနေ့က သွားရောက်ခဲ့ပြီး အမေရိကန်ရေတပ် Navy SEAL အထူးတပ်ဖွဲ့ကို သီးသန့် တွေ့ဆုံခဲ့စဉ်မှာ သမ္မတ အိုဘားမားက အခုလို ပြောဆိုလိုက်တာပါ။ ဒု-သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) ကလည်း အဲဒီ ကွန်မန်ဒို အထူးတပ်ဖွဲ့ကို တွေ့ဆုံခဲ့ပါတယ်။

ဖို့တ် ကမ်းပ်ဘဲလ် တပ်စခန်းမှာ အာဖဂန်နစ္စတန်က မကြာခင်က ပြန်ရောက်လာတဲ့ ရာနဲ့ချီတဲ့ စစ်သည်တွေကို သမ္မတ အိုဘားမားက မိန့်ခွန်းပြောဆိုခဲ့ပါတယ်။ သူတို့တတွေရဲ့ တာဝန်ဝတ္တရား ကျေပွန်မှုကို ချီးကျူးလိုက်ပြီး အယ်လ်ခိုင်းဒါးအဖွဲ့ကို နှိမ်နင်းတဲ့ စစ်ဆင်ရေး တိုးတက်မှု ရှိလာတယ် ဆိုတာကို လက်တွေ့ ပြနိုင်ခဲ့ကြတယ်လို့လည်း ပြောပါတယ်။

Navy SEAL တွေဟာ အမေရိကန်ရေတပ်က ပင်လယ်တွင်းမှာရော လေကြောင်းနဲ့ မြေပြင်မှာပါ တဘက်ကမ်းခတ် ကျွမ်းကျင်အောင် လေ့ကျင့်ပေးထားတဲ့ အထူးတပ်ဖွဲ့ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌ မဖြစ်သင့်သေးဟု CRPP ယူဆ

By မသင်းသီရိ  သောကြာ, 06 မေ 2011

လက်ရှိ မြန်မာနိုင်ငံတွင်းက နိုင်ငံရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ အနေအထားတွေအရ မြန်မာနိုင်ငံဟာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ မဖြစ်သင့်ဘူး၊ လက်ခံဖို့ မဖြစ်နိုင်ဘူးလို့ CRPP  ပြောပါတယ်။ ဒါကြောင့် ဒီအခြေအနေတွေကို ဆန်းစစ်ပြီး အာဆီယံအဖွဲ့ကြီး အနေနဲ့ တာဝန်ပေးဖို့ကို စဉ်းစားဖို့ ကောင်းတယ်လို့လည်း CRPP အဖွဲ့က ဆိုပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

လာမယ့် ၂၀၁၄ ခုနှစ်အတွက် အာဆီယံအဖွဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံကို တာဝန်ပေးဖို့ ကိစ္စကို မြန်မာအစိုးရ ကိုယ်တိုင်က လိုလိုလားလား လက်ခံချင်တယ်ဆိုတဲ့ သဘောထားတွေ ရှိကြောင်း အခု အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို လက်ခံကျင်းပပေးနေတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံဟာ လက်ရှိအခြေအနေမှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ မဖြစ်သင့်သေးဘူးလို့ CRPP အဖွဲ့က အတွင်းရေးမှူး ဦးအေးသာအောင်က ပြောပါတယ်။

“လောလောဆယ် နိုင်ငံတွင်းမှာ ဖြစ်နေတဲ့ နိုင်ငံရေးစံ၊ လူ့အခွင့်အရေး စံတွေနဲ့ကတော့ ဖြစ်လာဖို့ လက်ခံဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့သော်လည်းကောင်း၊ တခြား နိုင်ငံရေးနဲ့ ပတ်သက်လို့သော်လည်းကောင်း လောလောဆယ်မှာတော့ မရှိဘူးပေါ့။

“ဒါကြောင့် အာဆီယံ ဥက္ကဋ္ဌ ဖြစ်ဖို့အတွက် မြန်မာနိုင်ငံက တောင်းဆိုလာတဲ့ အခါမှာ အာဆီယံ အနေနဲ့ လက်ခံသင့်၊ မခံသင့် စဉ်းစားတဲ့အခါမှာ ကုလသမဂ္ဂရဲ့ နောက်ဆုံး လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ဟာ အတော်လေး ပြည့်လည်း ပြည့်စုံတယ်၊ ကောင်းလည်းကောင်းတယ်၊ အဲဒီ အချက်အလက်တွေကို စံနမူနာ ထားပြီးတော့ စဉ်းစားဖို့ သင့်တယ်လို့ အန်ကယ်တို့ အနေနဲ့ ဆွေးနွေး ဆုံးဖြတ်ကြပါတယ်။”

အခုတက်လာတဲ့ မြန်မာ အရပ်သား အစိုးရ အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးပြီး အတိုက်အခံတွေရော တိုင်းရင်းသား အဖွဲ့တွေပါ အားလုံးပါဝင်တဲ့၊ စစ်မှန်တဲ့ နိုင်ငံရေး အပြောင်းအလဲ ဖြစ်စဉ်တခု တကယ်ဖြစ်လာမှသာ စဉ်းစားသင့်တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေနဲ့အတူ AIPMC လို့ခေါ်တဲ့ မြန်မာ့အရေး အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့ကလည်း ဝေဖန် ကန့်ကွက်နေတာပါ။ အခုဆိုရင် စစ်အုပ်ချုပ်မှုကနေ အရပ်သား အစိုးရ ပြောင်းလိုက်တာ တလကျော်ကြာ ရှိနေပြီ ဖြစ်ပေမဲ့ နိုင်ငံတွင်းမှာ တိုးတက်တဲ့ နိုင်ငံရေး အပြောင်းအလဲ မပြနိုင်သေးသလို အခြေခံကျတဲ့ နိုင်ငံရေး အကျဉ်းသား လွှတ်ပေးတယ်ဆိုတဲ့ ကိစ္စတွေကိုတောင် မလုပ်သေးဘူးလို့လည်း ထောက်ပြကြပါတယ်။

အာဆီယံ အစည်းအဝေးအတွက် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတာ လုပ်လာမယ် ဆိုရင်လည်း အရင် စစ်အစိုးရ လက်ထက်ကလို ဟန်ပြလုပ်ရပ်တခု မဖြစ်လာဖို့ လိုတယ်လို့ ဦးအေးသာအောင်က ဆိုပါတယ်။

“အဓိက နိုင်ငံရေး အကျဉ်းသား ၂,၀၀ဝ ကျော် အားလုံးကို လွှတ်စေချင်တယ်။ ဒါပေမဲ့ ဒီလို ဖြစ်လာနိုင်လိမ့်မယ်လို့တော့ အန်ကယ်တို့ မယုံရဲဘူးပေါ့။ နိုင်ငံရေး အကျဉ်းသား တချို့နဲ့ တခြား အကျဉ်းသားတွေကို လွှတ်ပေးလိမ့်မယ်လို့တော့ အန်ကယ်တို့ မျှော်လင့်ထားတယ်။”

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ မြန်မာနိုင်ငံ မဖြစ်သင့်သေးဘူးဆိုတဲ့ အခုလို သုံးသပ်ချက်တွေအပြင် လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေတွေကိုလည်း CRPP အဖွဲ့ဝင်တွေ ဒီကနေ့ ဆွေးနွေးခဲ့ကြပါတယ်။ အထူးသဖြင့် တိုင်းရင်သားပေါင်းစုံ ပါဝင်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီးတခု ဖြစ်လာဖို့၊ ၂၁ ပင်လုံညီလာခံ ပေါ်ပေါက်လာရေးအတွက် စတင်နိုင်မယ့် အစီအစဉ်တွေကိုလည်း CRPP အဖွဲ့တွေ ညှိနှိုင်း ဆုံးဖြတ်ခဲ့ကြပါတယ်။

“၂၁ ပင်လုံညီလာခံနဲ့ ပတ်သက်လို့ ပညာရှင်များဆီက စာတန်းတွေ တောင်းမယ်။ ဥပမာ ပညာရှင်ဆိုတဲ့ နေရာမှာ ပြည်တွင်းရော၊ ပြည်ပရောပေါ့။ အဲဒီပညာရှင်တွေကနေ ဒီစာတန်းကို ကိုယ်တိုင်လည်း လာဖတ်နိုင်တယ်၊ သို့မဟုတ် စာတန်းကို ပို့ပေးမယ် ဆိုရင်လည်း ဒီမှာပဲ စာတန်းကို ဖတ်မယ်ပေါ့။ အဲဒါကတော့ အဓိက အချက်အနေနဲ့ ဆွေးနွေး ဆုံးဖြတ်ပါတယ်။ ဒီစာတန်းပါ အချက်အလက်တွေကို စာအုပ်အနေနဲ့ ထုတ်ရင်လည်း ထုတ်မယ်၊ ပြီးတော့မှ အန်ကယ်တို့ ၂၁ ရာစု ပင်လုံနဲ့ ဆက်လုပ်စရာ ရှိတာတွေကို ဆက်လုပ်မယ်ပေါ့။”

CRPP အဖွဲ့က အတွင်းရေးမှူး ဦးအေးသာအောင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ မနက်ဖြန် စနေ၊ တနင်္ဂနွေနေ့မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို တက်ဖို့ အခု အင်ဒိုနီးရှားနိုင်ငံကို ရောက်နေပါတယ်။ မြန်မာနိုင်ငံမှာ လမ်းပြမြေပုံ အဆင့်အတိုင်း ဆောင်ရွက်ခဲ့တာ အောင်မြင်မှုတွေ ရခဲ့တယ်လို့ မနေ့က အင်ဒိုနီးရှား သမ္မတနဲ့ တွေ့ဆုံစဉ်မှာ ပြောခဲ့သလို မြန်မာနိုင်ငံဟာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူလိုတာမို့ ဝိုင်းဝန်း ထောက်ခံပေးဖို့ကိုလည်း ပြောခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ (Marty Natalegawa) က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်

 

4 comments

  • zaw min

    May 20, 2011 at 6:25 pm

    http://moemaka.com/ မှာ ဒေါ်အောင်ဆန်းစုကြည်၏လူထုပန်ကြားလွှာကို ဝင်ရောက်လက်မှတ်ရေးထိုးနိုင်ပါသည်။

  • htethtet

    May 21, 2011 at 4:27 am

    access has been Dennie ဘဲပေါ်နေတယ် လက်မှတ်ထိုးမရဘူး

  • photwenty

    May 21, 2011 at 6:28 am

    ထက်ထက်ကအသစ်ထင်တယ်
    ကျော်ပြီးဝင်လို.ရတဲ.ဆိုဒ်တွေ ပို.စ်တော်တော်များများမှာ ပြောဖူးပါတယ်
    ထပ်ပြောပေးမယ်
    https://ztunnel.com
    https://vtunnel.com
    အများကြီးကျန်သေးတယ်ဗျာ
    လောလောဆယ်တော.အဲ.ဒါပဲမှတ်ထားအုံး
    အမှတ်က ၁ဝမှတ်ပဲရမှာဗျ

Leave a Reply