ဣတ္ထိ ကဏ္ဍ….အပိုင်း(၂)

ဣတ္ထိ ကဏ္ဍ

(၇)နှစ်ခါသုံးခါ ၊ လင်ပြောင်းလာ ၊တဖြာ ထိုဣတ္ထိ

ကျောင်းပြောင်းရဟန်း ၊ ကြော့ကွင်းဆန်း ၊ လွတ်သန်းငှက်ပါသိ

ဗဟုမာယာ ၊ ကလိမ်ညာ ၊ များစွာပြုတတ်ဘိ။။

အဓိပ္ပာယ်။။။။နှစ်လင် သုံးလင် ကွာပြီးသောမိန်းမ ၊ နှစ်ကျောင်း သုံးကျောင်း ပြောင်းပြီးသောရဟန်း ၊ ကြော့ကွင်းမှနှစ်ကြိမ် သုံးကြိမ် လွတ်ပြီးသောငှက်

တို့သည်မာယာများစွာပြုတတ်ကုန်၏။။

(၈)သူယုတ်မှန်ရေး ၊ ပုတ်ခတ်ပေး ၊ ယဉ်ကျေးစေရာမင်း

မကောင်းမိတ်ဆွေ ၊ မဆိုချေ ၊ ခွန်းချွေ စကားရင်း

မိန်းမ  မကောင်း၊ စည်းစိမ်ပေါင်း ၊ ထပ်လောင်းမအပ်နှင်း

အစားမက်သူ ၊ အစာဟူ ၊ ယုတ်မူ ယဉ်ဖွယ်ချဉ်း။။

အဓိပ္ပာယ်။။။။။သူယုတ်ကိုပုတ်ခတ်သဖြင်ယဉ်ကျေးစေရာ၏ ၊ မကောင်းသော အဆွေခင်ပွန်းကို စကားမဆိုပဲနေခြင်းဖြင့်ယဉ်ကျေးစေရာ၏ ၊မကောင်းသော

မိန်းမကို စည်းစိမ်မအပ်နှင်းသဖြင့် ယဉ်ကျေးစေရာ၏ ၊ အစာ၌တက်မက်သောသူကို အစာကိုယုတ်စေသဖြင့် ယဉ်ကျေးစေရာ၏။။

(၉)လကင်းညဉ့်မယ် ၊ မတင်တယ် ၊ လှိုင်းကွယ်အဏ္ဏဝါ

ဟင်္သာကင်းပြန် ၊ ထိုရေကန် ၊ အမှန် နသောဘာ

လင်မှကင်းငြား ၊ ကညာများ ၊ လားလားမသင့်ရာ။။

နသောဘာ=မတင့်တယ်

အဓိပ္ပာယ်။။။။။လမှကင်းသောညဉ့်သည် မတင့်တယ် ၊ လှိုင်းတံပိုးမှကင်းသော သမုဒ္ဒရာသည် မတင့်တယ် ၊ဟင်္သာမှကင်းသောရေကန်သည် မတင့်တယ်

လင်းမှကင်းသောသတို့သမီးသည်လည်း မတင့်တယ်။။

(၁၀)ခပ်သိမ်းမြစ်တူ ၊ မြစ်ကောက်ဟူ၊ တောမူထင်းဖြင့်ပြီး

မိန်းမသဗ္ဗာ ၊ ဆိပ်ငြိမ်ရာ ၊ မှန်စွာရသော်မှီး

မကောင်းမှုမျိုး ၊ ပြုစရိုး ၊ ပြစ်ကျိုးမရင်းနှီး။

သဗ္ဗာ=မတင့်တယ်

အဓိပ္ပာယ်။။။။။ခပ်သိမ်းသောမြစ်တို့သည် ကောက်ကွေ့သည်သာဖြစ်ကုန်၏ ၊ ခပ်သိမ်းသောတောတို့သည် ထင်းဖြင့်သာပြီးကုန်၏

ခပ်သိမ်းသောမိန်းမတို့သည်လည်း ဆိပ်ငြိမ်သောအရပ်ကိုရကုန်သည်ရှိသော် မကောင်းမှုကိုသာပြုကြကုန်၏။။

(၁၁)ငြင်းခုံငြူစူ ၊ ပြောလေ့ထူ ၊ မြင်မူကြိုက်တတ်ခြင်း

များစွာချက်စား ၊ လင်ဦးစား ၊ လည်သွားသူ့အိမ်ချဉ့်

သားတစ်ရာမြင် ၊ မိန်းမပင် ၊ ရှောင်ကြဉ်ကြလေမင်း။။။

အဓိပ္ပာယ်။။။။အကြင်မိန်းမသည်ငြင်းခုံတတ်သောအလေ့ရှိ၏ ၊ ငြူစူစောင်းမြောင်းပြောလေ့ရှိ၏ ၊ မြင်တိုင်းကိုလည်းတက်မက်၏

များစွာချက်၍စားတတ်၏ ၊ လင်အဦးစားတတ်သောအလေ့ရှိ၏ ၊ ထိုမိန်းမမျိုးကို သားတစ်ရာပင်မြင်သော်လည်း ယောကျင်္ားသည် စွန်ပစ်အပ်၏။

ဆက်လက်ဖော်ပြပါမည်။။။။။။။။။။။။။။။။။။။။။။