ဘယ်ဟာလဲ ……ဒုက္ခ

koyoMay 22, 20111min909

တရားအားထုတ်ဖို့ ညွှန်ပြကြသူတွေနဲ့ အားထုတ်ကြသူတွေဟာ စိတ်ကို ပစ္စု ပ္ပန် အာရုံတစ်ခုတည်းမှာဘဲ တည်နေအောင် အထားခိုင်းတာနဲ့ ထားကြတာတွေကို တရားအား ထုတ်တာဆိုပြီး သဲကြီးမဲကြီးညွှန်ပြ လုပ်ဆောင်နေကြတယ်။ ဒီအကျင့် တွေဟာ ဘာမကောင်းစရာရှိသလဲလို့ မေးချင်စရာပါ။တကယ်တော့ စိတ်ကိုပစ္စုပ္ပန် အာရုံတစ်ခုတည်းမှာဘဲ ထားမယ်ဆိုလျှင် အတိတ်သညာ မဖေါ်တတ်သူတွေဘဲ ဖြစ် စေပါလိမ့်မယ်။ အတိတ်သညာမဖေါ်တတ်သူတွေကို တွေ့ဘူးနေကြတာပဲ။ ဒီသူတွေ ဟာ ဘာမှအမှန်အကန် မတုန့်ပြန်တတ်သူတွေပဲ အကောင်းအဆိုး အကြောင်း အ ကျိုး ဘာမှမသိသူတွေဘဲမဟုတ်လား။
တကယ်တော့ ပစ္စုပ္ပန်မှာတွေ့နေရတဲ့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့၊ အတွေးတွေကို မသိကျိုးကျွန်ပြုရမှာမဟုတ်သလို ဒါတွေရဲ့နောက်ကိုလိုက်ပြီး မဆင်မ
ခြင်သုံးစွဲတာတွေကိုလည်း လုပ်ရမှာတော့ မဟုတ်တာဘဲ။ မသိကျိုးကျွန်လည်းမပြု အာရုံတွေရဲ့နောက်ကိုပဲ ကောက်ကောက်လိုက်နေတာလည်း မဟုတ်တဲ့ အသိ (ဝိဇ္ဇာ) ဦးစီးပြီး ပမာဏရှိရှိနဲ့သုံးဆောင်တာကို လုပ်ကြရမှာပါ။
မြတ်စွာဘုရားရဲ့မှန်ကန်တဲ့ အဆုံးအမတရားတွေဆိုတာ လိုက်နာကျင့်သုံးသူ တွေကို လိုက်နာကျင့်သုံးတဲ့အခါမှာ ကာလတစ်ခုမှာဘဲကျင့်သုံးလို့ရတယ် ကာလ တစ်ခုမှာတော့ ကျင့်သုံးလို့မရဘူးဆိုတာမျိုုး မဖြစ်ရပါဘူး။ ဝင်လေ ထွက်လေ အာရုုံ တစ်ခုတည်းမှာဘဲထားတာ ဖောင်းပိန် အာရုုံ တစ်ခုတည်းမှာဘဲထားတာ စိတ်ကိုဘဲ လိုက်ကြည့်နေတာ အစစတွေဟာ ကာလတစ်ခုတည်းမှာဘဲ လိုက်နာလို့ရတာတွေ မဟုတ်လား။ ဒီနေရာမှာ အရေးတကြီး ပြောစရာတစ်ခုရှိပါတယ် ဘာလဲဆိုတော့ ဟုတ်တာကို ဟုတ်တယ်လို့လက်ခံပေးဖို့နဲ့ မဟုတ်တာကို မဟုတ်ဘူးလို့ ရိုးရိုး သားသားလေး လက်ခံပေးဖို့ပါဘဲ။ ကိုယ်မသိသေးတာတွေကို သိဖို့ရာအတွက်ဆို လျှင် သည်အချက်ဟာ အခြေခံအကျဆုံးဖြစ်နေလို့ပါပဲ။
မြတ်စွာဘုရားရဲ့ တရားတွေကို သိဖို့ရယ် ကျင့်ဖို့ရယ်မှာ ဘယ်အချက်က ပိုပြီး အရင်းကျတယ် ထင်ပါသလဲ။ သိပြီးမှကျင့်ရမှာလား ကျင့်ပြီးမှသိရမှာလားလို့ ဆိုလို တာပါ။ မသိသေးဘဲနဲ့ သိဖို့ကျင့်ပါတယ်ဆိုလျင်တော့ ဘုရားကိုကျော်တဲ့ သူဖြစ်မှာ ပေါ့။ ဘုရားတရားဆိုတာ ဘာဖြစ်တယ်လို့ဆိုတာ မသိသေးဘဲနဲ့ ဘာကို ဘယ်လိုကျင့် ကြမှာလဲ။ စဉ်းစဉ်းစားစားလေး လုပ်ကြစေချင်တာပါဘဲ။ ရောဂါဖြစ်လျှင် ဆေးသောက်ရမှာပေါ့ဆိုတာနဲ့ တွေ့ရာဆေးကို သောက်မိလျှင် ရောဂါမပျောက်ဘဲ ဆေးဒဏ်သင့်တာဘဲ အဖတ်တင်မှာပေါ့။
မြတ်စွာဘုရားရဲ့ တရားတွေဆိုတာ လူတွေကို ခံစားချက်အကောင်းတွေပေးပြီး နှိပ်စက်နေတဲ့ မကောင်းမူတွေကို ဘယ်လိုအမြင် ဘယ်လိုအတွေးနဲ့ ရှောင်ရှားရမှာ လို့ လမ်းညွှန်ထားချက်တွေဖြစ်ပါတယ်။ သည်လမ်းညွှန်ချက်ကိုရဖို့ရာအတွက် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ရဲ့ ပြောဆိုချက်မှာတင် လမ်းဆုုံးမနေသင့်ပါဘူး။ သူကတော့ အကြီးကြီး ကိုယ်ကတော့ သေးသေးလေးဆပြီး ကိုယ့်အခန်းကဏ္ဍကို ဖြောာက်မပြစ် လိုက်စေချင်ပါဘူး။ ဘယ်ဘာသာဝင်တဲ့လူပဲဖြစ်ဖြစ် ဘယ်ဘာသာမှ မဝင်တဲ့လူပဲ ဖြစ်ဖြစ် လူတွေအားလုံးဆီမှာ အမှားတရားတွေရှိသလို အမှန်တရားဆိုတာလည်းရှိ ကြပါတယ်။
အမှန်တရားဆိုတာ အတိတ်၊ပစ္စုပ္ပန်၊အနာဂတ်ကနေ အလွတ်တရား ဖြစ်တယ် လို့ယူလျှင် အမှားတရားဆိုတာဟာလည်း အတိတ်၊ ပစ္စပ္ပန်၊ အနာဂတ်ကနေ အ လွတ် တရားဖြစ်နေပါလိမ့်မယ်။ လူတွေဟာ ကြုံလာတဲ့အာရုံတွေအပေါ်မှာ ဘယ်ဟာ ကတော့ရှောင်ရမှာ ဘယ်ဟာကတော့ ဆောင်ရမှာဆိုပြီး ချင့်ချိန်ဝေဖန်ပြီး ပြောဆို လုပ်ကိုင်နေကြရတာပါ။ ဒါတွေဟာ လူတွေရှောင်လို့ မရတဲ့အရာတွေပါ။ ဒါကို မျက် ကွယ်ပြုပြီး စိတ်ကို ပစ္စုပ္ပန်အာရုံတစ်ခုတည်းမှာ အထားခိုင်းတာဟာ လူတွေကို အ မှောင်ကမာ္ဘထဲကို တွန်းပို့နေတာနဲ့တူပါတယ်။
လူတွေကို ဆင်းရဲစေတာဟာ ပစ္စုပ္ပန်အာရုုံမဟုတ်ပါဘူး။ လူတွေကိုဆင်းရဲစေ တာဟာ ပစ္စုပ္ပန်အာရုံဖြစ်တယ်ဆိုလျှင် ဝင်လေ ထွက်လေ၊ ဖောင်ပိန်စိတ်ကိုရှုတာ အစစ တွေဟာလည်း ပစ္စုပ္ပန်အာရုံကို ရှုကြတာတွေဆိုတော့ ဒါတွေကလည်း ဆင်းရဲ တွေဘဲပေါ့။ အရှိအတိုင်းတင်ပြတာကို အရှိအတိုင်းမြင်ဖို့လိုပါယ်။ မြင်နေရပါလျှက် မျက်စေ့စုံမှိတ်ပြီးမငြင်းစေချင်ပါ။ အမှန်တရားကိုသိဖို့ဆိုလျှင် ရုိုးသားဖို့(မလွဲမသွေ)လို
အပ်ပါတယ်။ လူ့အကျိုးကိုရှေ့ရှုပြီးတော့ပေါ့။ လူတွေကို အမှန်တကယ်ဆင်းရဲစေတဲ့ အကြောင်းတွေက ဘာတွေလဲ ဆင်ခြင်ကြည့်ကြရအောင်ပါ။

(က) လူဖြစ်ရတာဟာ ဒုက္ခလား…
(ခ) ရုုပ်တွေ နာမ်တွေ¬ ဖြစ်ပျက်နေတာဟာ ဒုက္ခလား…
(ဂ) အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့၊ အတွေးတွေဟာ ဒုက္ခလား…
(က)လူဖြစ်ရတာဟာ ဒုက္ခလား
လူဖြစ်ရတာဟာ ဒုက္ခဆိုပြီး လူမဖြစ်ရရေးလမ်းညွှန်ကာ လူမဖြစ်ရစေကြောင်း အကျင့်အကြံတွေကို ကျင့်ကြံနေသူတွေက ကျင့်ကြံနေကြတယ်။ လူတွေကို သီလ ဖြည့်ကျင့်စေတာဟာ လူတွေကို လူမဖြစ်စေဖို့လားဗျာ။ ဒါဆိုလျှင်တော့ တော်တော့ ကို အရုပ်ဆိုး အကျည်းတန်သွားပြီပဲ။ လူတွေကို လူပီသစေဖို့ သီလတွေကို ဖြည့်ကျင့် တာမဟုတ်လား။ သီလပျက်တဲ့သူဟာ လူ့အဖြစ်ပျက်တာပဲ။ သီလပျက်လို့ လူ့အဖြစ် ပျက်တာကို လူတွေမသိကြပေမယ့် လူပျက်တွေရဲ့ အဖြစ်တွေကိုတော့ လူတွေသိကြ ပါတယ်။
သီလပျက်တွေဟာ လူ့ဒုက္ခလို့ မသိကြတော့ တလွဲတွေကို ဒုက္ခလုပ်နေကြ တယ်။ ရိုးရာဗုဒ္ဓဘာသာဝင်တွေဟာ သီလကို မသိပါဘူးလို့ပြောလျှင် အတော်ကြီးကို မကျေမနပ်ဖြစ်ကြမှာပါ။ ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ကိုးပါးသီလ၊ နှစ်ရာ့နှစ်ဆယ်ခုနစ် သွယ်သော သီလ အစစတွေကို သိပြကြမှာမဟုတ်လား။ ဒီလို သိပြရုံနှင့် ဒီသီလတွေ က ပြည့်လာကြမှာမဟုတ်တာပဲ။ ဒီသီလတွေဟာ ဘယ်လိုကိစ္စရှိတဲ့အရာတွေဖြစ်ပြီး ဘယ်အမြင်နဲ့ စောင့်ထိန်းရမှာပါလားလို့ သိမှ သိတယ်လို့ပြောရမှာပါ။ အမြင်မမှန်ဘဲ နဲ့ စောင့်ထိန်းတဲ့ သီလဟာ သူ့ကိစ္စကိုမသိဘဲ စောင့်ထိန်းတာကြောင့် ခိုင်မြဲအောင် စောင့်ထိန်းလို့မရပါဘူး။
မြတ်စွာဘုရားကတော့ လူတွေစောင့်ထိန်းလို့ မရတဲ့သီလကို ဟောပြောခဲ့မှာ မဟုတ်တာ သေချာပါတယ်။ အတိတ်၊ပစ္စုပ္ပန် ၊အနာဂတ် ဘယ်အချိန်ကာလမှာဘဲဖြစ်
စောင့်ထိန်းလိုက်နာလို့ရတဲ့ သီလကိုဟောခဲ့တာပါ။ မိမိတို့လိုက်နာကျင့်သုံးနေတဲ့ သီ
လတွေဟာ အဲသည်လိုသီလတွေ ဟုတ်ရဲ့လားဆိုတာလောက်တော့ နည်းနည်းလေး
ပဲဖြစ်ဖြစ် စောင်းငဲ့ကြည့်ကြစေချင်ပါတယ်။ ဒုက္ခငြိမ်းဖို့ သီလစောင့်ထိန်းတာမှာ သီလစောင့်လို့ ဒုက္ခများရတယ်ဆိုတာမျိုးကတော့ တော်တော်လူကြားလို့ မကောင်း
တာပါဘဲ။ ဒါကြောင့် လူဖြစ်ရတာဟာ ဒုက္ခမဟုတ်ပဲ လူမှာ သီလပျက်တာကသာ လူ
ကိုဒုက္ခရောစေတာ ဆိုတာကို ချင့်ချိန်ဝေဖန်ပြီး လက်ခံနိုင်အောင် ကြိုးစားခဲ့စေချင်ပါ
တယ်။ ဒါကို ကျော်လွှားနိုင်ပါမှ အစစ်အမှန်ဒုက္ခကို သိမြင်ဖို့ လမ်းစပေါ်စရာ ရှိတာပဲ။

(ခ) ရုုပ်တွေ နာမ်တွေ ဖြစ်ပျက်နေတာဟာ ဒုက္ခလား
လူတစ်ကောင်လုံးကြီးကို ဒုက္ခလို့ လုပ်ထားခံရတော့ လူဆီမှာ ဒုက္ခကိုရှာဖွေတဲ့ အခါမှာ ရုုပ်တွေတရစပ်ဖြစ်ဖြစ်ပြီး ပျက်နေတာ၊ နာမ်တွေတရစပ်ဖြစ်ဖြစ်ပြီး ပျက်နေ တာ၊ဒါတွေဟာ ဒုက္ခတွေပေါ့လို့ အလွယ်တကူလုပ်ကြတော့တာ။ ဒီတော့လဲပဲ ဒုက္ခက နေလွတ်မြောက်ဖို့ရာအတွက် ရုပ်နာမ်တွေရဲ့ဖြစ်ပျက်တွေကို မြင်အောင်ရူတာကို တရားအားထုတ်တာဆိုပြီး လုပ်မိကြပြန်တော့တာပေါ့။ ရုပ်နာမ်တွေ ဖြစ်ဖြစ်ပြီး ပျက် နေတာတွေက လူကို ဘယ်လို ဒုက္ခပေးလို့လဲ။ အဲဒါတွေက ဖြစ်ဖြစ်ပြီး ပျက်နေတာ ကိုက ဒုက္ခပေါ့လို့ အလွယ်တကူလေး မဖြေလိုက်စေချင်ပါဘူး။ မြတ်စွာဘုရားဆိုတာ လူ့ဒုက္ခကိုညွှန်ပြဖို့ ပွင့်ပေါ်လာရတာပါ။ သည်ရုုပ် သည်နာမ်တွေရဲ့ ဖြစ်ပျက်တွေက တော့ လူတိုင်းသိနေကြတာပဲ။ ဉာဏ်နဲ့သိတာမဟုတ်ဘူးလို့လည်း မလုပ်လိုက်ပါနဲ့ အုံး။ သည်ရုုပ် သည်နာမ်တွေဟာ မဖြစ်မပျက်တော့ဘူးဆိုလျှင် လူဟာ ကောင်းလို့ရ နိုင်ပါ့မလား။ နောက်ပြီး သည်ဖြစ်ပျက်က ဘယ်သမုဒယကြောင့်ဖြစ်တာလဲ။
လူတစ်ယောက် ဗိုက်နာတယ် ခေါင်းကိုက်တယ်ဆိုတာ သူ့ရဲ့ရုပ်တွေ ပုံမှန်မဖြစ်မပျက်တော့တာကြောင့် ဒီရောဂါတွေဖြစ်ရပြီ ပုံမှန်ဖြစ်ပျက်နေကြမယ်ဆိုလျှင် ဒါတွေဟာ ဖြစ်စရာအကြောင်းမရှိဘူး မဟုတ်ပါလား။ စလျှောက်ကတည်းက လမ်းမှားနေ လို့ကတော့ ဘယ်တော့မှ လမ်းမှန်ပေါ်ကို ရောက်လာစရာရှိမှာ မဟုတ်တာပဲ။ ဘယ် လောက်ထိအောင်လွဲမှာလည်းဆိုလျှင် သည်ရုုပ် သည်နာမ်တွေရဲ့ နုရာကရင့်၊ ရင့်ရာကအို၊ အိုရာကပျက် ဒါတွေကိုပဲ အို၊နာ၊သေ ဆိုပြီး ဒါတွေကိုပဲ ဒုက္ခတွေပေါ့လို့ အလွယ်တကူနားလည်နေကြပြန်တာပေါ့။
ဒါဟာ မြတ်စွာဘုရားကို မထီလေးစား မထေမဲ့မြင်လုပ်တာဘဲ။အင်မတန်မှ ကြီး လေးတဲ့အပြစ်ကြီးကို ကျူးလွန်နေမိလျှက်သားဖြစ်နေတယ်ဆိုတာကို သည်လူူတွေ ဟာ နည်းနည်းမှတောင် သံသယ မရှိကြသူတွေပါပဲ။ သည်စကားကို ဘာ့ကြောင့် ပြောတာလည်းဆိုလျှင် မြတ်စွာဘုရားက (အို၊နာ၊သေ) ကိုသေသေချာချာညွှန်ပြ နိုင်တဲ့ ဆရာရှာကြလို့ မိန့်မှာတော်မူခဲ့ပါလျှက် ဆရာ မလိုပဲ ကိုယ်တိုင်သိပြ နေကြတယ်။ မြတ်စွာ ဘုရားပြောတဲ့(အို၊နာ၊သေ)ဆိုတာ သည်လို ဆရာ မလိုဘဲ လူတိုင်းလူတိုင်း ကိုယ်တိုင် သိနိုင်တဲ့ အို၊နာ၊သေမဟုတ်ဘူးဆိုတာ ပြောခဲ့တဲ့ စကားနဲ့ ထင်ရှားတယ်မဟုတ်လား။
ဝိဘဇ္ဇလုပ်လိုသူတွေအတွက် တစ်စုံတစ်ရာ အထောက်အကူပြနိုင်တန်ကောင်း ရဲ့ဆိုပြီး စေတနာနဲ့တင်ပြလိုက်တာပါ။ မြတ်စွာဘုရားရဲ့အသိဆိုတာကို ကိုယ်အသိနဲံ့ ထပ်တူထားပြီးသိပြနေကြတာဟာ ဘုရားစကား နားမထောင်တာဘဲပေါ့။ ဒုက္ခဆိုတာ မြတ်စွာဘုရားလိုပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တွေက ဖွင့်ဖော်ပေးပါမှ ပွင့်ပေါ်ရတဲ့ တရားဖြစ် ပါတယ်။ ဒါကြောင့် ဒုက္ခဆိုတဲ့တရားကို သေသေချာချာညွှန်ပြနိုင်တဲ့ဆရာကောင်းကို ချဉ်းကပ်မိဖို့လိုတာပေါ့။

(ဂ) အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့၊ အတွေးတွေဟာ ဒုက္ခလား

အဆင်း၊အသံ၊အနံ့၊အရသာ၊အတွေ့နဲ့အတွေးတွေဟာ လူကိုဒုက္ခရောက်စေတဲ့  အရာတွေဆိုပြီး သည်လိုမျိုးဘုရားဟောခဲ့လေသယောင် ဒါတွေကိုပဲ အပြစ်တင် ဝေဖန်ပြနေကြတယ်။ ဒုက္ခဆိုတာ ပယ်အပ်တဲ့ပစ္စည်း ပယ်ရမယ့်အရာပဲ။ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့နဲ့ အတွေးတွေဟာ ပယ်ရမယ့်အရာလား ပယ်အပ်တဲ့ ပစ္စည်းတွေလား။ ဒါတွေက ဘယ်လိုဒုက္ခပေးလို့လဲ။ လူတွေကိုဒုက္ခပေးတာဟာ ဒါတွေမဟုတ်ပါဘူး။ ဒုက္ခ မဟုတ်တာကို ဒုက္ခလုပ်ပြီး အပယ်မှားလျှင် ပိုပိုပြီးတော့ပဲ ဒုက္ခရောက်ဖို့ရှိတာပေါ့။ ဗုဒ္ဓဘာသာဝင်ဖြစ်ရတာဟာ ဒုက္ခငြိမ်းဖို့ပါ။ ငြှိမ်းလို့မရတဲ့ဒုက္ခကို ဘုရားပြောခဲ့ပါ့မလား။ ဗုဒ္ဓရဲ့အဆုံးအမတွေကို ကျောခိုင်းမိ လျှက်သားဖြစ်နေကြတာကြောင့် သည်ကနေ့ ဗုဒ္ဓ ဘာသာဝင်တွေမှာ ကိုယ်ချင်းစာ တရားတွေတဖြေးဖြေး ခေါင်းပါးလာနေကြပြီ။

သည်လိုတွေ ဘာ့ကြောင့်ဖြစ်နေရတာလည်းဆိုလျှင် ဗုဒ္ဓရဲ့အဆုံးအမတွေကို မိမိတို့ နားလည်ချင်သလို နားလည် ကျင့်သုံးနေကြတာကြောင့်လို့ပြောရမှာပါ။ သည်ကနေ့  ဗုဒ္ဓဘာသာဝင်တွေရဲ့ နေ့စဉ်လူမှုဘဝတွေဟာ လုံလောက် ထင်ရှားတဲ ့အကောင်းဆုံး  သက်သေပြချက်တွေပါဘဲ။ လမ်းညွှန်ပေးသူကမှ လမ်းကြောင်း မှန်ပေါ်မှာ ရှိမနေလျှင် လိုက်နာကြမယ့်သူတွေဟာလည်း ဘယ်လိုလုပ်ပြီး လမ်းကြောင်းမှန်ပေါ်ကို လျှောက်လို့ရနိုင်မှာလဲပေါ့။ ကိုယ်ညွှန်ပြပေးနေတဲ့ လမ်းပေါ် မှာ ကိုယ်ကိုယ်တိုင်ရော တကယ်ရှိနေရဲ့လား။ ကိုယ်ကိုယ်တိုင်တောင် လျှောက် လို့မရတဲ့ လျှောက်မနေတဲ့လမ်းကို တခြားသူတွေကိုလျှောက်လှမ်းစေတာဟာ လူတွေကို ချောက်ထဲတွန်းချနေတာပဲ မဟုတ်လား။

ဒုက္ခကို ပိုင်းပိုင်းခြားခြားမသိ(ပရိဇာနန)သေးပါပဲနဲ့ ဒုက္ခငြိမ်းကြောင်းအလုပ်ဖြစ် တဲ့(မဂ္ဂ)လမ်းကို ဘယ်လိုလျှောက်မှာလဲ။ တရားမဟုတ်တဲ့ မတရား (အသဒ္ဓမ္မ)ဘေး ကနေလည်းလွတ်မြောက်ဖို့ လိုပါတယ်။ မြင်လျှင်မြင်တယ်မှတ်၊ ကြားလျှင်ကြားတယ်  မှတ်၊ နံလျှင်နံတယ်မှတ်၊ တွေ့လျှင်တွေ့တယ်မှတ်၊ တွေးလျှင်တွေးတယ်မှတ် ဒီလောက်  ကလေးလုပ်ရတာများ ဘာခက်စရာရှိသလဲ။ မြတ်စွာဘုရားရဲ့တရား ဆိုတာ တိမ်တိမ်ကလေးမှ မဟုတ်တာပဲ။ ဒါတွေကိုလုပ်နေလျှင် လူ့အလုပ်တွေ လုပ်မရတော့တာပဲဖြစ်မှာပါ။ ဒါ့ကြောင့် လူတွေလိုက်မလုပ်နိုင်တာကိုပဲ ခက်တယ် ဆိုပြီး ဂုဏ်မဟုတ်တာကို ဂုဏ်လုပ်နေကြတယ်။ ဂုဏ်မှ မဟုတ်တာဆိုတော့လည်း ဘဲ ဂုဏ်ကတော့ တက်မှာမဟုတ်ဘူးပေါ့။ ဂုဏ်ဆိုတာ အရည်အချင်းကို ပြောတာ ဆိုတော့ အရည်အချင်း ညံ့ဖျင်းစေတာပဲဖြစ်မှာမဟုတ်လား။

တကယ်တော့  အဆင်း၊အသံ၊အနံ့၊အရသာ၊အတွေ့ (ကာမဂုဏ်) ဆိုတာတွေ  ဟာ  သူ့အရည်အချင်း (ပမာဏမှန်)နဲ့သူ ရှိနေတာပါ။ သူ့ပမာဏကို မသိပဲ မြင်တာ၊  ကြားတာ ့အစစတွေကိုသာ လိုက်နာရှောင်ကျဉ်ကြရမှာပါ။ မလှဘဲနဲ့ လှတယ်ထင်  တာ၊ မကောင်းဘဲနဲ့ ကောင်းတယ်ထင်တာ သည်အထင်တွေကသာ လူတွေကို ပင်ပန်းဆင်းရဲ(ဒုက္ခ)ဖြစ်စေတာပါ။ ကာလတစ်ခုရဲ့ ကိုယ်တွေ့ကိုယ်ကြုံနဲ့ အစွဲဝင်ထား  ခံရတာကြောင့် သည်အထင်တွေကို ပြည့်လိမ့်နိုးး မျှော်ကိုးပြီး ဖြည့်ဆည်းဖို့ကြိုးစားနေ ကြလို့ ပင်ပန်းဆင်းရဲရတာပါ။ ဒါကြောင့် တကယ်ပဲ ဒုက္ခကနေ လွတ်မြောက်ချင်တယ် ဆိုလျှင် ဒုက္ခအစစ်အမှန်ကို ညွှန်ပြနိုင်တဲ့ ဆရာကောင်းကိုချဉ်းကပ်မိဖို့က တကယ်ပဲ လိုအပ်ပါတယ်။ သူတော်ကောင်း မဟုတ်သူတွေရဲ့ဘေး (အသပ္ပူရိသတောဝါ)ကနေ  လွတ်ကင်းနိုင်ကြပါစေ။

9 comments

  • bigcat

    May 23, 2011 at 2:38 am

    အမှန်သစ္စာကို လူတွေနားလည်သလို အမျိုးမျိုး ဘာသာပြန်ကြပါတယ်။ အကောင်းဆုံးကတော့ ဗုဒ္ဓဘုရား ဟောကြားခဲ့တဲ့အတိုင်း မှတ်သားနာယူ ကျင့်သုံးဖို့ပါ။ သို့သော်လည်း အကောင်းဆုံးဆိုတာ အမြဲတမ်း အဖြစ်သင့်ဆုံး မဟုတ်တဲ့အတွက်၊ နောက်ပြီး အကောင်းဆုံးစစ်တယ် မစစ်ဘူး အငြင်းပွားဖွယ် ရှိတာမို့ သူ့ဝေနေယျ ကိုယ့်ဝေနေယျ ကွဲကုန်ကြတယ် ထင်ပါတယ်။ ကျနော် လက်ခံထားတာတော့ ဘယ်နည်းနဲ့ပဲသွားသွား လမ်းဆုံးရင် ရွာတွေ့ဖို့ပါ (အဲဒီရွာကတော့ အထင်အရှားရှိပါသေးတယ်)။ ရွာမရောက်သေးလည်း ရွာဝင်လမ်းမြင်နေရသူများ အဖို့ သူမှားငါမှန် ငြင်းရန်မရှိနိုင်ပါဘူး။ အရေးကြီးတာ ဓမ္မ အဓမ္မ၊ အစစ် အတု၊ သမထနဲ့ ဝိပဿနာ၊ ဈာန်စိတ်နဲ့ အရိယာစိတ် ကွဲပြားပိုင်နိုင်စွာ သိဖို့ပါ။ အကောင်းဆုံးမဟုတ်ဘူးလို့ ပြောထားကထဲက ခြောက်ပြစ်ကင်းသဲလဲစင်တော့ မမျှော်လင့်စကောင်း ဘူးထင်ပါတယ်။ ဒါဆို သူ့လောက်မကောင်းတာတွေ ထွင်နေလဲဆိုရင် ဖြစ်ရမယ့် အချိန်မှာ အကောင်းဆုံးတွေဖြစ်ခဲ့ပြီးပြီ၊ အခု ဖြစ်သင့်တဲ့အချိန်မှာ အဖြစ်သင့်ဆုံးတွေ ဖြစ်နေပါတယ်။ ကိလေသာများ လူတွေမှာ နည်းပါးတဲ့ခေတ်မှာ မြင်းလှည်း၊ နွားလည်းတွေနဲ့ လိုရာကို ကွေ့ကောက်လှည့်ပတ် သွားနိုင်ပေမဲ့ လောဘဒေါသ မာန ပေါင်းစုံတဲ့ခေတ်မှာ အနီးစပ်ဆုံးကိုသာ ပို့ပေးနိုင်တဲ့ မီးရထားသာ ရနိုင်ပါမယ်။ ရထားသံလမ်းမှာ ကန့်လန့်ခံနေသူရှိလည်း မီးရထားကတော့ ရပ်ပေးမှာ မဟုတ်ပါဘူး။ လူတွေလည်းဒီလိုပဲ မိမိနှစ်သက်သလို ဆင်ခြင်တွေးခေါ် နာယူကျင့်ကြံနိုင်ပါတယ်။ အဆုံးမှာ ကိုယ်စိုက်တဲ့အသီး ကိုယ်စား၊ ကိုယ်ပြုတဲ့ကံ ကိုယ်ထံပဲ့တင်ပြန်လာမှာပါ။

    • maythakhin

      June 1, 2011 at 3:51 pm

      “ဘာမှအမှန်အကန် မတုန့်ပြန်တတ်သူတွေပဲ အကောင်းအဆိုး အကြောင်း အ ကျိုး ဘာမှမသိသူတွေဘဲမဟုတ်လား။ ”ဆိုတဲ့စကားကတော့ ဒီခေတ်အနေအထားနဲ့ကိုက မှားနေတာပဲ။ တခါတရံတကယ်မှန်တယ်ဆိုတဲ့ သူတွေဟာ ပြစရာသက်သေမရှိအောင်ပဲ ဒုခရောက်နေကြတယ်လေ။ နောက်တခုက ဗုတ်ဓဘာသာဝင်တိုင်းဟာ ကံပါးငါးကို လုံအောင်စောင့်ထိန်းဖို့ ခဲယဉ်းကြပါတယ်။ နည်းဆုံး တပါးတော့ကျိုးကြတာပဲလေ။ဈေးရောင်းတဲ့သူ မုသာဝါဒကံ ကျူးလွန်မယ်။သားငါးရောင်းတဲ့သူ ပါဏာတိပါဏာကံ ကျူးလွန်မယါ။မကောင်းတာလုပ်စားတဲ့သူ ကာမေသုူကျူးလွန်မယ်။ခိုးမှုကလည်း သူ့ဟာသာနဲ့သူ ကျူးလွန်နေကြတာပဲ.။ ဥပမာ မီးလိုင်းခိုးချတ်တာ၊ မီတာယူနစ်ခိုးတာ ၊ရေမီတာခိုးတာ။ ဈေးနှုန်းခိုးတာ။ သုရာမေဓရ ကံကိုကြည့်ချင်ရင် ညဘက်စားသောက်ဆိုင်တွေကို ပတ်ကြည့်ပေတော့ ။ အသိဉာဏ်တွေ ဒီလောက်ရင့်ကျက်ခိုင်မာနေတဲ့ ခေတ်ကြီးမှာ ငါးပါးသီလ လုံခြုံခြင်းဖြင့်သာ ဆိုတာအရေးကြီးဆုံးဖြစ်နေတာပါ။ဘာတွေကို ဘယ်လိုပဲသိသိ ဘယ်လိုပဲတတ် လက်တွေ့အကောင်အထည်ဖော်နိုင်ခြင်း၊ကျင့်သုံးနိုင်ခြင်း ကသာလျှင် အရေးကြီးဆုံးပါ။ အတာဟိ အတတ်နောနာထော မိမိကိုယ်သာကိုးကွယ်ရာဟု ဘုရားဟောထားတာရှိတယ်လေ။(ပါဠိလိုရိုက်မရပါ)

  • phyoshein

    May 23, 2011 at 6:27 pm

    ဘယ်ဟာလဲဒုက္ခလို့ ဆိုရင်တော့….မမြဲတာက ဒုက္ခပေါ့…. ဗြဟ္မာ့ပြည်မှာ တဝင်းဝင်း… ဝက်စားကျင်းမှာ တရှုံ့ရှုံ့ လို့ ရှိတယ်မဟုတ်လား….
    အရင်တုန်းကတော့ သူဌေးကြီးပဲ…. သေသွားတော့ခွေးကြီး ဖြစ်သွားရရှာတယ်…ဆိုတာလေ..
    ဆိုလိုတာက ကုသိုလ်နဲ့ အကုသိုလ် လို့ခေါ်တဲ့ ကောင်းမှုနဲ့ မကောင်းမှုမှာ.. သချင်္ာ ဂဏန်းများလို… နှုတ်ပစ် ချေပစ်လို့ မရနိုင်ပါဘူး… ကောင်းသောအရာတွေအတွက် ကောင်းတာတွေ သက်ရောက်မှာဖြစ်ပြီး.. မကောင်းတာတွေအတွက် မကောင်းတာတွေ သက်ရောက်မှာဖြစ်ပါတယ်.. ဒါဟာ ကံ.. ကံ၏ အကျိုးပါ….
    အဲဒီလို ဘာကြောင့်ကြုံနေရသလဲဆိုတော့… ရုပ်..နာမ် ရှိလို့ ကြုံနေရတာပါ..
    အပင်မှမျိုး မျိုးမှ အပင် ဆက်စပ်နေသလို… ကံကြောင့်..နာမ်ရုပ်.. နာမ်ရုပ်ကြောင့်ကံ ရယ်လို့ အဖန်တလဲလဲ ဖြစ်နေခဲ့ရပါတယ်..
    ဒီတော့ ကံတွေ ပြတ်သွားအောင် နာမ်ရုပ်တွေ ပြတ်သွားအောင် ဘာလုပ်ကြမလဲ…
    သီလ.. သမာဓိ…ပညာ ကိုရှာရပါမယ်တဲ့… ဘာကြောင့်ရှာရမှာလဲ…
    သန္တိသုခတည်းဟူသော နိဗ္ဗာန်ကို ရနိုင်ဖို့ရာ… တစ်ခုတည်းသောလမ်းကတော့
    မဂ္ဂင်ရှစ်ပါးတည်းဟူသော လမ်းပါပဲ…
    မဂ္ဂင်ရှစ်ပါးမှာ ပထမဆုံးက သမ္မာဒိဋ္ဌိ ဆိုတဲ့ အမြင်မှန်ပါ… ဘာတွေက အမြင်မှန်လဲ..
    ငါ..သူတပါး…ယောက်ျား.. မိန်းမ .ပုဂ္ဂိုလ်သတ္တဝါရယ်လို့ မရှိဘူး…
    ခန္ဓာငါးပါးတည်းဟူသော တရားအစုသာရှိတယ်..လို့သိရမှာပါ…
    အဲဒီလို သိဖို့အတွက်.. ခန္ဓာ..(.ဒီ အပုပ်ကောင်ခန္ဓာကြီးမဟုတ်ဘူးနော်..) သဘောအရရှိနေတဲ့ ခန္ဓာကြီးကို အမှန်အတိုင်းမြင်ဖို့သိဖို့အတွက်.. ပစ္စုပ္ပန်တည့်တည့်ကို ကြည့်ရပါတယ်…အဲဒီလိုကြည့်ပါမြင်ပါများမှ.. အသိနဲ့ သိထားရာကနေ..ဉာဏ်နဲ့ သိလာနိုင်မှာပါ…
    ဒါကြောင့် ပစ္စုပ္ပန်တည့်တည့်ကို ကြည့်ပါတယ်..ရှုပါတယ်..
    ဟုတ်ပါတယ်..အဲဒါကြီးကိုပဲ တရားအားထုတ်နေပါတယ်လို့တော့ သိနေ..ဆိုနေလို့တော့ဖြင့်မရနိုင်ပါဘူး…
    ကိုယ်ကျင့်သီလနဲ့ပြည့်စုံမှ..တည်ကြည်မှု သမာဓိရနိုင်မှာပါ… တည်ကြည်တဲ့ စိတ်..ကြည်လင်တဲ့စိတ်နဲ့မှသာ..အမှန်ကိုမြင်နိုင်တဲ့ ပညာကို ရနိုင်မှာပါ..
    …သာမန် ပုထုဇဉ်တွေမှာ အဝိဇ္ဖာ..တဏှာဖုံးနေတာ များလေတော့ ဒီလိုပဲ…လေ့ကျင့်ယူရပါတယ်..
    ပြောရရင်..Training လုပ်နေတယ်ပေါ့..အဲဒါမှလဲ.. အကျင့်ရလာမှာလေ… အကျင့်ဖြစ်သွားရင်တော့..ဘယ်အရာဖြစ်ဖြစ်..သတိလေးရှိနေတဲ့အခါ.. တရားနှလုံးသွင်းလာနိုင်မှာပါ..
    အဲ..တစ်ခုရှိတာက.. လူဟာ..လူ့သံယောဇဉ် မပြတ်ဘဲနဲ့ တရားရနိုင်သလားတဲ့….
    သားတွေ..မြေးတွေ ရှိတဲ့ သူတွေတောင် တရားရလို့.. သောတာပန်တွေ ဖြစ်ကြပါတယ်..
    ဒါပေမယ့်…သူတို့က.. တရားရှုမှတ်ပွားများကြတဲ့အခါမှာ အတိတ်တွေ.. အနာဂတ်တွေ..ပစ္စုပ္ပန်တွေ ရှိမနေပါဘူး..
    ရုပ်..နာမ်..ဓမ္မ သင်္ခါရတွေရဲ့ ဖြစ်ခြင်း..ပျက်ခြင်း..တွေကိုသာ… မြင်အောင်..သိအောင် အားထုတ်နေတာပါ…
    ဒါကြောင့် … တရားကို ဝိပဿနာတရားကို ရှုမှတ်ပွားများမယ်ဆိုရင်… ပစ္စုပ္ပန်တည့်တည့်ရှုရယ်လို့တောင်မဟုတ်ဘူး..
    အားကောင်းတဲ့ ဝိပဿနာဖြစ်ဖို့…. ဒိဋ္ဌိကို အသိနဲ့ ဖြုတ်ထားရပါမယ်..
    သို့ပါသောကြောင့်.. အတိတ်တွေ..အနာဂတ်တွေ အသာထား… ငါ ဆိုတဲ့ အသိ…တောင်ရှိမနေရပါဘူး…
    ဘာကြောင့်ဆို… ကျုပ်တို့ လိုချင်တဲ့.. နိဗ္ဗာန်ဆိုတာ.. ကာလသုံးပါးကနေ လွတ်နေတာ မဟုတ်လား…
    ကဲ.. comment လည်း အတော်ရှည်ပေါ့..
    မှန်စွာနှလုံးသွင်းနိုင်ကြပါစေ.. ဘယ်သူပြောပြောမယုံပါနဲ့တဲ့.. ကိုယ်တိုင်အားထုတ်လို့သိပြီးမှ ယုံပါတဲ့..ဟုတ်တယ်ဟုတ်…

  • True Answer

    May 24, 2011 at 3:20 am

    မိတ်ဆွေ ဟာ….လူ = ရုပ်နာမ် လို့ အယူမှားတဲ့ အတွက် သူများနဲ့ ငြင်းခုန်ချင်နေတယ်။
    လူ ဆိုတာ သမုတိသစ္စာ ဖြစ်တဲ့ အတွက် အတည်ယူ – အဟုတ်ထင်ပြီး ငြင်းခုန်ရမှာမဟုတ်။
    ဘယ်ဘဝပဲ ဖြစ်ဖြစ် ကုသိုလ်တရားတွေအတွက် သုံး ရုံ သက် သက် အသုံးချရမှာ၊ လူ့ဘဝ အကောင်းအဆိုး ကို တွေ့ကြုံ ရုံသက်သက် ဖြစ်စေရမှာပါ။ လူဆိုတဲ့ ပညတ်ကြီးကို အဟုတ်ထင် ဆုပ်ကိုင်ပြီး ငြင်းခုန်ရမှာ မဟုတ်။

  • unclegyi1974

    May 24, 2011 at 4:19 pm

    ကိုယ်လိုရာကိုယ်တွေး
    ကိုယ်ထင်ကုတင်ချေ ၄ ချောင်းပါတဲ့ဗျာ
    တရားအားထုတ်တယ်ဆိုတာစိတ်ကိုပစ္စုပ္ပန် အာရုံတစ်ခုတည်းမှာဘဲ ထားတယ်
    လို့ဘယ်သူကပြောတာလဲကိုယိုကပြောတာလား
    ကိုယ်တိုင်ကောလုပ်ကြည့်ဖူးပါသလား

    မသိသေးဘဲနဲ့ သိဖို့ကျင့်ပါတယ်ဆိုလျင်တော့ ဘုရားကိုကျော်တဲ့ သူဖြစ်မှာ ပေါ့။ ဘုရားတရားဆိုတာ ဘာဖြစ်တယ်လို့ဆိုတာ မသိသေးဘဲနဲ့ ဘာကို ဘယ်လိုကျင့် ကြမှာလဲ။
    မသိလို့သိအောင်ကျင့်ဖို့ဘုရားကကျင့်နည်းတွေထားခဲ့တာကို
    ကျင့်လို့ဘုရားကိုကျော်တယ်ဆိုတဲ့အဆိုဒီတခါဖတ်ဖူးပါရဲ့
    ကိုယိုရဲ့အယူအဆတွေကဘယ်ဦးတည်နေတယ်ဆိုတာသိပြီမို့
    အယူမတုူပါဖူးလို့ပြောရင်း

  • ဦးကောက်

    May 25, 2011 at 1:17 am

    အားလုံးကိုယ်ထင်တာကိုယ်မှန်မှာဘဲလို့…ထင်နေကြမှာပါ…ဒါတွေကအဓိကအကြောင်းရင်းမဟုတ်ပါဘူး…ရုပ်နာမ်တို့ဖြစ်ပျက်တို့ဆိုတာလည်း…ကိုယ်နဲ့တန်သလား…မြင်ဖို့ရာ…ကြည့်ဖို့ရာ…နိဗ္ဗာန်ဆိုတဲ့စကားလုံးကိုလည်းပြောဖို့အချိန်မရောက်သေပါဘူး…ဒါတွေက…ဘုရားစကားကိုတိတိကျကျလိုက်နာသူ…ကျင့်သုံးသူတွေမှပြောရမယ်လို့ထင်ပါတယ်…ငါးပါးသီလလုံပြီးလား…ဒါဘဲပထမဆုံးလုံအောင်ကျင့်ကြပါ…ကျနော်ဒါလောက်ဘဲပြောတတ်ပါတယ်…ဘာဖြစ်လို့လည်းဆိုတော့ကျနော်လည်းကိလေသာနွံထဲကရုန်းထွက်နေရသူပါ…ကျနော်ဘယ်သူကိုမှမပုတ်ခတ်ပါဘူး…တောင်းပန်စရာရှိရင်လည်းတောင်းပန်ပါရစေ…

  • မမြင်မသိနိုင်တော့တဲ့ အနာဂါတ်မှာ နောင်ဘယ်လိုဖြစ်လာမယ်ဆိုတာ ကိုသေသေချာချာမသိသေးတော့ လောလောဆယ် လက်ရှိဘဝမှာ ကိုယ့်ကျင့်တရားကောင်းကောင်းလေးနဲ့ နေနိုင်အောင် ကြိုးစားနေပါတယ်။

    အထူးသဖြင့် သူများပစ္စည်းကို မခိုးမိအောင်ပေါ့ဗျာ။

  • char too lan

    May 25, 2011 at 2:40 pm

    ဦးကောက်က စာလဲရေးမတတ်ဘူး အဖြတ် အတောက် လဲမတတ်ဘူး
    လက်မလေးနဲ့ စပေ့ စပေ့ မမေ့နဲ့လေ 🙂

  • koyo

    June 23, 2011 at 9:09 am

    အားလုံးကိုကျေးဇူးတင်ပါတယ်။ အမှန်တရားကို ဆာလောင်ငတ်မွတ်ကြသူတွေကို မြင်ရတွေ့ရတာဟာ အင်
    မတန်မှမင်္ဂလာရှိလိုက်တာ။ ဘာကိုမှဆုပ်ကိုင်မထားကြပဲ လူသားထုတစ်ရပ်လုံးကို ဆင်းရဲပင်ပန်းစေတဲ့ လူ
    သားရဲ့ဘုံရန်သူကို ဝိုင်းဝန်းအဖြေရှာကြရမှာမဟုုုုုတ်လား။ ကိုယ့်အတ္တစိတ်ကိုရှေ့တန်းမကြပါမှ အမှန်တရား
    နဲ့နီးစပ်နိူင်တာမို့ ကိုယ့်အစု၊ ကိုယ့်လူမျိုး ကိုယ့်အယူအဆတွေကိုရှေ့တန်းမတင်မိကြဖို့လိုပါလိမ့်မယ်။

Leave a Reply