*ဘိုစိတ်ပေါက်ပြီး ဘိုယိမ်းကနေကြလို့ – လူထုစိန်ဝင်း*

Good IdeaMay 22, 20111min1118

*ဘိုစိတ်ပေါက်ပြီး ဘိုယိမ်းကနေကြလို့ – လူထုစိန်ဝင်း*

*မြန်မာနိုင်ငံရဲ့ လူဦးရေဟာ အခု ၂၀၁ဝ ပြည့်နှစ်မှာ သန်း ၆ဝ နီးပါး
ရှိနေပြီလို့ သိရတယ်။ ၁၉၆ဝ ခုနှစ်ဆီလောက်က လူဦးရေ သန်း ၂ဝ ကျော် ရှိရာကနေ
နှစ်ပေါင်း ၅ဝ အတွင်းမှာ သန်း ၄ဝ တိုးတက်လာတဲ့ သဘောဖြစ်တယ်။*

*သမိုင်းမှာ အများဆုံးပဲ *

*စီးပွားရေးသမားမဟုတ်လို့ ငါးရှဉ့် ဘယ်လောက်ပို့တယ်၊ ကဏန်း ဘယ်လောက်ရောင်းရတယ်
ဆိုတဲ့အကြောင်းတွေ ရေးမလို့ မဟုတ်ပါဘူး။ စာနယ်ဇင်းသမား တစ်ယောက်ဖြစ်လို့
စာနယ်ဇင်းတွေအကြောင်း စဉ်းစားမိတာပါ။ ဒီနေ့ ထုတ်ဝေနေတဲ့ ဂျာနယ်ပေါင်းစုံ ၁၅၀
ဝန်းကျင် ရှိသလို၊ မဂ္ဂဇင်း “သဗ္ဗနံ”ပေါင်းစုံလည်း ၁၅ဝ ဝန်းကျင် ရှိတယ်။
မြန်မာနိုင်ငံ စာနယ်ဇင်းသမိုင်းမှာ ဘယ်ခေတ် ဘယ်အခါကမှ ဒါလောက် များပြားတဲ့
ဂျာနယ် မဂ္ဂဇင်းတွေ တစ်ချိန်တည်း တစ်ပြိုင်တည်း မထွက်ဖူးလေတော့ အရေအတွက်
အနေနဲ့တော့ အားရစရာ အလွန်ကောင်းတယ်။ ဝမ်းသာစရာ ဖြစ်တယ်။ ဒါပေမယ့် အရည်အသွေး
အနေနဲ့ ပြောရရင်တော့ ဝမ်းသာလောက်တဲ့ အနေအထားထိ မရောက်သေးဘူးလို့ ပြောရလိမ့်မယ်
ထင်ပါတယ်။*

*၅၀ဝ ကုန်အောင် မရောင်းရ*

*ဘာကိုကြည့်ပြီး ဒီလို ပြောတာလဲဆိုတော့ ဂျာနယ် မဂ္ဂဇင်းတွေ ရောင်းရတဲ့စောင်ရေကို
ကြည့်ပြီး ပြောတာပါ။ မဂ္ဂဇင်းတွေကို အရင်ဆုံး ပြောပါမယ်။ အရေအတွက်အားဖြင့် ၁၅၀
လောက် ရှိပေမယ့် အဲဒီထဲက ငါးပုံလေးပုံမကတဲ့ မဂ္ဂဇင်းတွေဟာ စောင်ရေ ၁၀၀ဝ တောင်
ကုန်အောင် မရောင်းကြရပါဘူး။ အုပ်ရေ ၅၀ဝ ပဲ ရိုက်ပြီး လက်ဆောင်ပေးတာ အပါအဝင်
အုပ်ရေ ၂၀ဝ လောက်ပဲကုန်တဲ့ မဂ္ဂဇင်းတောင် ရှိပါတယ်။ လုံးချင်းစာအုပ်တွေလည်း
အလားတူပါပဲ။ ၆ဝ ခုနှစ်၊ ၇ဝ ခုနှစ်တွေ အတွင်းကလို ဘာစာအုပ်ပဲရိုက်ရိုက်
အနည်းဆုံးအုပ်ရေ ၂၀၀ဝ ရိုက်တဲ့ခေတ် မရှိတော့ပါဘူး။ အုပ်ရေ ၁၀၀ဝ ပဲ
ရိုက်ကြတော့တယ်။ တချို့ အုပ်ရေ ၅၀ဝ ပဲ ရိုက်ကြတယ်။ ဒါတောင် ကုန်အောင်ရောင်းရတာ
မဟုတ်ဘူး။*

*လူတစ်ရာ တစ်ယောက်ဝယ်ရင် ၆ သိန်း*

*ဂျာနယ်တွေလည်း သိပ်မထူးပါဘူး။ အများစုက ထောင်ဂဏန်းလောက်သာ ရိုက်ကြရပါတယ်။
အများဆုံး ရောင်းရတယ်ဆိုတဲ့ ဂျာနယ်တွေတောင် ၁ သိန်း ရိုက်ရတယ်လို့
မရှိသေးပါဘူး။ လေးငါးခြောက်သောင်းလောက်ပဲ ရောင်းရပါတယ်။ အများစုက ကြော်ငြာကို
မျှော်ကိုးပြီး မှေးလုပ်နေကြတာ ဖြစ်တယ်။ မျှော်ရင်းမျှော်ရင်းနဲ့
ကြော်ငြာမရလို့ ဆယ့်လေးငါးစောင်ထုတ်ပြီး ရပ်သွားတာတွေလည်း မနည်းတော့ပါဘူး။
လူဦးရေ သန်း ၆ဝ လောက် ရှိတဲ့နိုင်ငံမှာ စောင်ရေ ၆၀၀၀ဝ လောက်ပဲ
ရောင်းရတယ်ဆိုတော့ အတော့်ကို နည်းပါတယ်။ လူ ၁၀ဝ မှာ ၁ ယောက်နှုန်း
ဝယ်ဖတ်တယ်ဆိုရင်တောင် သန်း ၆ဝ ဆိုရင် စောင်ရေ ၆ သိန်းလောက် ထုတ်ရမှာဖြစ်တယ်။
အခု စောင်ရေ ၆ သောင်းလောက်ဆိုတော့ လူ ၁၀ဝ မှာ ဝယ်ဖတ်သူဟာ ဒသမ ဝ၁ သာ ရှိတဲ့သဘော
ဖြစ်ပါတယ်။ စိတ်မကောင်းစရာပါပဲ။*

*လက်တစ်ဆုပ်စာအတွက်သာ လုပ်လို့*

*အကြောင်းတွေကတော့ အများကြီး ရှိမှာပါ။ အဲဒီထဲက တစ်ခုကတော့ ဂျာနယ်မဂ္ဂဇင်းတွေက
တိုင်းပြည်ရဲ့ လူများစုကြီးအတွက် ဦးတည်ရည်စူးပြီး ထုတ်တာမဟုတ်ဘဲ မြို့နေပညာတတ်
လက်တစ်ဆုပ်စာအတွက်ပဲ ရည်ရွယ်ထုတ်ဝေတဲ့သဘော ဖြစ်နေတာလို့ပဲ ထင်မြင်ယူဆတယ်။
လက်တစ်ဆုပ်စာအတွက်ပဲ လုပ်တဲ့အတွက် လက်တစ်ဆုပ်စာလောက်ကပဲ ဝယ်ဖတ်ကြတာ နေမှာပေါ့။
လက်တစ်ဆုပ်စာအတွက်ပဲ ရည်ရွယ်တယ်လို့ ပြောရတာက ဒီလိုပါ။ မြန်မာနိုင်ငံ
လူဦးရေရဲ့ ၈ဝ ရာခိုင်နှုန်းလောက်က မြို့ငယ်လေးတွေနဲ့ ကျေးလက်ဒေသတွေမှာ
နေထိုင်ကြပြီး လယ်ယာစိုက်ပျိုးရေး လုပ်ငန်းနဲ့ ဒါမှမဟုတ် သီးနှံကုန်သွယ်ရေး
လုပ်ငန်းနဲ့ အသက်မွေးကြသူတွေ ဖြစ်ပါတယ်။*

*ဖိနပ်ဝယ်တာ၊ စကတ်ဝယ်တာ*

*ကျေးလက်ဒေသနေ လူတွေက မော်ဒယ်တွေ ဖိနပ်ဝယ်ထွက်တာ၊ စကတ်ဝယ်ထွက်တာမျိုးတွေကို
စိတ်မဝင်စားပါဘူး။ အလှူမှာ ရှင်လောင်းလှည့်ဖို့ မြင်းငှားရင် ဘယ်ဈေးရှိတယ်၊
ဆင်ငှားရင် ဘယ်ဈေးပေါက်တယ်၊ ဘယ်သူ့အလှူမှာ ဘာကျွေးပြီး ဘယ်ဆိုင်းငှားမယ်၊
ဘုရားပွဲကျရင် ဘယ်အငြိမ့်၊ ဘယ်ဇာတ် ငှားမယ်ဆိုတာမျိုးတွေပဲ သူတို့အတွက်
အရေးကြီးတာပါ။ လေးဖြူတို့၊ ဖြူဖြူကျော်သိန်းတို့ကို သဘောကျပေမယ့် သူတို့ဆီ
ရောက်တာမှ မဟုတ်တာ။ ငှက်ပျောတောမင်းသားနဲ့ ဆိုင်းမင်းသမီးကိုပဲ သူတို့က
မျှော်ကြတယ်။*

*မအပ်မရာတွေ*

*ဂျာနယ်တွေထဲမှာပါတဲ့ ကုန်ပစ္စည်းဈေးနှုန်းတွေကလည်း သူတို့နဲ့ မအပ်မရာတွေဆိုတော့
ဝယ်ဖတ်ပြီး ဘာလုပ်ရမှာလဲ။ သူတို့ စိတ်ဝင်စားတာက မြေဆီဈေး၊ ပိုးသတ်ဆေးဈေး၊
ကောက်စိုက်သမဈေး၊ ရေစုပ်စက်ငှားခဈေး၊ နွားဈေး၊ ကျွဲဈေး၊ ဆိတ်ဈေး၊ ဝက်ဈေး။
ဂျာနယ်တွေထဲ ပါတာက LED တီဗီ၊ Flat TV ၊ လေအေးစက်၊ အဝတ်လျှော်စက်၊ ရေခဲသေတ္တာ၊
ဒစ်ဂျစ်တယ်ကင်မရာ၊ အမ်ပီသရီး၊ အမ်ပီဖိုး၊ မိုဘိုင်းဖုန်း ဆိုတာတွေရဲ့
ဈေးနှုန်းတွေချည်းပဲ။ ဝယ်ဖို့၊ စိတ်ဝင်စားဖို့ ဆိုတာထား LED တို့ Flat တို့
ဆိုတာတွေဟာ ဘာမှန်းတောင် သိတာမဟုတ်ကြဘူး။*

*ခေါင်းစဉ်က စ မဖတ်တတ်*

*တခြားသိစရာတွေ ပါတယ်ဆိုပေမယ့် ခေါင်းစဉ်ကစပြီး ဘာတွေမှန်းမသိတော့ ဖတ်ချင်စိတ်
ဘယ်ရှိမှာလဲ။ “UMFCCI နဲ့ JICA တွေ့ဆုံဆွေးနွေး” တဲ့။ “Designer Juliet နဲ့ One
Second Interview” တဲ့။ “ဂရပ်စ်ရု(တ်)ကို အရောက်သွားပါ” တဲ့။ “Infrastructure
တွေ မပြည့်စုံသေး” တဲ့။ ကဲ အဲဒါတွေက ဘာတွေလဲ။ မြန်မာအများစု နားလည်ပါ့မလား။
မြို့က ပညာတတ်တစ်ယောက်တောင် စီးပွားရေး လောကထဲက မဟုတ်ရင် UMFCCI ဆိုတာ ဘာမှန်း
သိမယ်မထင်ဘူး။ ကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းရှင်ကြီးများအသင်း

ကို မြန်မာလို
အတိုကောက်ရေးလို့ မရဘူးလား။ သူတို့အသင်းက ပေးမထားလည်း စာနယ်ဇင်းတွေက
ပေးလိုက်ပေါ့။ ရှေးက ဖဆပလတို့၊ မဆလ တို့ဆိုတာ သတင်းစာတွေက ရေးရင်းနဲ့
တွင်သွားကြတာတွေပဲ။ UMFCCI ကို “ကစလသ” လို့ ပေးလိုက်ရင် မဖြစ်ဘူးလား။
ဒါမှမဟုတ်လည်း “ကုန်သည်ကြီးများနဲ့ ဂျပန်အဖွဲ့ တွေ့ဆုံဆွေးနွေး” လို့ ရေးရင်
လူတိုင်း နားလည်နိုင်တာပေါ့။*

*မန်းလေပြဲလေဂျာနယ်နာမည်တွေ *

*ဘိုလိုမှည့်ကြတာကို ရေးရင်းရေးရင်းနဲ့ အခုဆို သတင်းခေါင်းစဉ်တွေအထိ
ဘိုလိုရေးပြီး တပ်ကုန်ကြပြီ။ “ပြောလေကဲလေ၊ မန်းလေပြဲလေ” ဆိုတဲ့ကိန်း
ဆိုက်နေပြီ။ ဒါလောက် ဘိုဖြစ်ချင်ကြရင် တစ်စောင်လုံး ဘိုလိုရေးပြီး
ထုတ်ကြပါတော့လား။ ပြောတဲ့လူကပဲ လွန်သလား။ ကြည့်ပါဦး။ “ဂရတ်စ်ရု(တ်)” တဲ့။
ရေးထားပုံက။ အမှတ်တမဲ့ ဖတ်ပြီး ကြောင်သွားတယ်။ နောက်မှ grassroots ဆိုတာကို
မြန်မာအသံထွက်ပြီး ရေးလိုက်တာပါလားလို့ သိလိုက်တယ်။ အခြေခံတို့၊ အောက်ခြေတို့
ရေးလို့မရဘူးလား။ မြန်မာစာ သတ်ပုံမှားတာတွေတောင် ပြောမကုန်နိုင် ဖြစ်နေတဲ့အထဲ
အင်္ဂလိပ်စာလုံးပေါင်းတွေပါ သတ်ပုံမှားကြတော့ ဘာအဓိပ္ပါယ်မှကို မှန်းကြည့်လို့
မရနိုင်တော့ဘူး။*

*ဘိုယိမ်းကနေကြလို့*

*နာဂစ်ဘေးဆိုးကြီး ကြုံတွေ့ရပြီးနောက်ပိုင်းမှာ ရေကြောင်းကူးသန်း
သွားလာနေသူတွေနဲ့ ကျေးလက်ဒေသက တောင်သူလယ်သမားတွေ၊ ရေလုပ်သားတွေဟာ မိုးလေဝသ
သတင်းကို ရေဒီယိုကတစ်ဆင့် မပျက်မကွက် နားထောင်လာကြတယ်။ အဲဒီမတိုင်ခင်ကဆိုရင်
မိုးလေဝသ သတင်းကို ဘယ်သူမှ စိတ်ဝင်စားတာ မဟုတ်ပါဘူး။ အခုတော့ မိုးလေဝသ သတင်းဟာ
နားထောင်ဖို့ လိုအပ်တယ်ဆိုတာ သိလာကြတဲ့အတွက် နားထောင်လာကြတယ်။ မြန်မာစာဖတ်
ပရိသတ်က ဂျာနယ်တွေအပေါ်မှာ မိုးလေဝသ သတင်းလောက် စိတ်ဝင်စားလာကြပြီဆိုရင် စောင်ရေ
၆ သိန်း ထုတ်ရဖို့ မခက်တော့ပါဘူး။ ဒါပေမယ့် အခုလို ဂျာနယ်တွေ ဘိုစိတ်ပေါက်ပြီး
ဘိုယိမ်းကနေလို့ကတော့ ဒသမ ဝ၁ ကနေ တက်လာစရာအကြောင်း မမြင်မိပါဘူးလို့ပဲ
ပြောလိုက်ချင်ပါတယ်။*

*[ပေါ်ပြူလာနယူးစ်ဂျာနယ်၊ အတွဲ-၂၊ အမှတ်-၃၈၊ စက်တင်ဘာ ၃၀၊ ၂၀၁၀၊ Supplement-A] 

8 comments

  • unclegyi1974

    May 25, 2011 at 3:55 pm

    ဂျာနယ်မဂ္ဂဇင်းတွေကသူတို့အရှုံးခံနို်င်လို့သူတို့
    ထုတ်တာထုတ်ပါစေ အရှုံးမခံနိုင်တဲ့နေ့ရပ်သွားမပေါ့

    ကျွန်တော်တို့ဦးစိန်ဝင်းလည်းမြန်မာတောနေလူတွေကို
    အတော်အထင်သေးတယ်နဲ့တူတယ်
    လယ်ကန်သင်းရိုးဆိုင်ကယ်တဝီဝီ
    မီးစက်တွေနဲ့အိမ်တိုင်လိုလိုတီဗီနဲ့အောက်စက်နဲ့
    တချို့နယ်တွေနွားလှည်းတောင်မသုံးတော့ပဲ
    လိုက်အေ့ တောင်းအေ့ကားတွေနဲ့မမြင်ဖူးသေးရင်လိုက်ပြအုန်းမှနဲ့တူတယ်

  • တညင်သား

    May 25, 2011 at 4:19 pm

    ဒီပို့စ် ဖတ်ပြီး သိရ သလောက်တော့ တောနေလူတန်စားပါ ဗဟုသုတ ရှိဖို့ သူတို့စိတ်ဝင်စားနိင်မဲ့ နားလည်နိင်မဲ့ လက်လှမ်းမီနိင်မဲ့ အကြောင်းလေးတွေပါ တွဲရေးစေချင်တယ်လို့ ယူဆမိတယ်…..

  • virus

    May 28, 2011 at 4:56 am

    တစ်ကယ်တော့လူလည်တွေကြောင့်ပါ

  • roller

    May 28, 2011 at 5:57 am

    To, unclegyi1974…

    ဘယ်နှစ်ရာခိုင်နှုံး က ကားစီး ပြီး အများစုက လယ်စိုက်ဖို့တောင် မြေမရှိတော့ လို့ ယိုးယား, မလေးရှား မှာ အလုပ်ကြမ်း သွားလုပ်နေရ တာ ပြောပါဦး ?
    ခင်ဗျား ဆရာဦးစိန်ဝင်း နဲ့ ယှဉ်ပြီးဘာများပြောနှိုင်လို့လဲ !!!!
    ကိုယ့်အခြေအနေ ကိုယ် သိပါ
    shame on you!!!

  • roller

    May 28, 2011 at 6:03 am

    To, unclegyi1974…

    keep on read this…

    အသက်ကို ဖက်နဲ့ထုပ်ပြီး တောင်တွေကျော်၊ တောတွေဖြတ် သွားကြရတယ်။ နယ်စပ်ကို နောက်ဖေးပေါက်က ခိုးဝင်ဖြတ်ကျော်ပြီး အထဲရောက်သွားပေမယ့်လည်း စိတ်ချလက်ချ မနေနိုင်ဘူး။ အလုပ်ရှင်မျက်နှာ ကြည့်ရ၊ ပုလိပ်ကြောက်ရနဲ့ အမြဲတမ်း ရင်တမမ နေကြရတာ။ အချုပ်ခန်းထဲရောက်ပြီး ဒုက္ခခံရတာတွေလည်း အကြိမ်ကြိမ်။ တချို့ဆို ညစ်ပတ်တဲ့ အလုပ်ရှင်က လုပ်ခမပေးချင်လို့ လူမိုက်ငှားပြီး အသတ်ခိုင်းတာတောင် ခံကြရရှာတယ်။ မြန်မာနိုင်ငံမှာ ကျန်ရစ်တဲ့ မိသားစုများကတော့ စာမလာ၊ သတင်းမကြားနဲ့ တစ်မျှော်တည်း မျှော်နေကြရတယ်။ လုံးဝ အဆက်အသွယ်ပြတ်ပြီး ဘာဖြစ်လို့ဖြစ်မှန်း မသိတဲ့သူတွေ ဘယ်လောက်များ ရှိနေသလဲဆိုတာ မခန့်မှန်းနိုင်ဘူး။

  • naywoonni

    May 28, 2011 at 11:51 am

    ဝတ္ထုစာအုပ်နဲ့ မဂ္ဂဇင်းတွေက ထောင်ဂဏန်းပဲ ရောင်းရမှာလည်း မပြောနဲ့လေ….. ရောင်းတဲ့ဈေးနဲ့ ရေးထားတဲ့ အကြောင်းအရာက တန်လောက်လို့လား 1960 /1970 ဝန်းကျင် ထုတ်တဲ့စာအုပ်တွေနဲ့ ပြန်ယှဉ်ကြည့်ပါလား….။ အဲဒိတုန်းက ထုတ်တဲ့စာအုပ်တွေက အကြိမ်ကြိမ် ပြန်ရိုက်ရတဲ့စာအုပ်တွေရှိတယ်…..။ လူတိုင်းလည်း ဝယ်ဖတ်နိုင်တယ်..။ ခုလောလောဆယ် ထွက်နေတဲ့စာအုပ်တွေက တစ်ကြိမ်တောင်အနိုင်နိုင်ရယ်…..။

  • eros

    May 28, 2011 at 1:16 pm

    လူထုဦးစိန်ဝင်းအနေနဲ့ လယ်ယာစီးပွားဂျာနယ်၊ ဈေးကွက် ဂျာနယ်တို့ ရှိနေတာ မသိသေးဘူးထင်တယ်။ တခြားဂျာနယ်တွေမှာလည်း အထွေထွေဈေးနှုန်း အရောင်းအဝယ်သတင်းတွေပါ ပါတယ်။

    ဂျာနယ်တွေထဲ ပါတာက LED တီဗီ၊ Flat TV ၊ လေအေးစက်၊ အဝတ်လျှော်စက်၊ ရေခဲသေတ္တာ၊
    ဒစ်ဂျစ်တယ်ကင်မရာ၊ အမ်ပီသရီး၊ အမ်ပီဖိုး၊ မိုဘိုင်းဖုန်း ဆိုတာတွေရဲ့
    ဈေးနှုန်းတွေချည်းပဲ။ ဝယ်ဖို့၊ စိတ်ဝင်စားဖို့ ဆိုတာထား LED တို့ Flat တို့
    ဆိုတာတွေဟာ ဘာမှန်းတောင် သိတာမဟုတ်ကြဘူး။*

    ရွာကလူတွေ အဲဒီလောက်မတုံးဘူး။ ရွာမရောက်ဘူးပဲ ပြောနေတာပဲ။

    *ကျေးလက်ဒေသနေ လူတွေက မော်ဒယ်တွေ ဖိနပ်ဝယ်ထွက်တာ၊ စကတ်ဝယ်ထွက်တာမျိုးတွေကို
    စိတ်မဝင်စားပါဘူး။ အလှူမှာ ရှင်လောင်းလှည့်ဖို့ မြင်းငှားရင် ဘယ်ဈေးရှိတယ်၊
    ဆင်ငှားရင် ဘယ်ဈေးပေါက်တယ်၊ ဘယ်သူ့အလှူမှာ ဘာကျွေးပြီး ဘယ်ဆိုင်းငှားမယ်၊
    ဘုရားပွဲကျရင် ဘယ်အငြိမ့်၊ ဘယ်ဇာတ် ငှားမယ်ဆိုတာမျိုးတွေပဲ သူတို့အတွက်
    အရေးကြီးတာပါ။ လေးဖြူတို့၊ ဖြူဖြူကျော်သိန်းတို့ကို သဘောကျပေမယ့် သူတို့ဆီ
    ရောက်တာမှ မဟုတ်တာ။ ငှက်ပျောတောမင်းသားနဲ့ ဆိုင်းမင်းသမီးကိုပဲ သူတို့က
    မျှော်ကြတယ်။*

    ဒါကတော့ ခေါင်းစဉ်နဲ့ လွဲသွားပြီး ပုတ်ခတ်ချင်တာ သက်သက်နဲ့ ရေးလိုက်တာဖြစ်မယ်လို့ထင်တယ်။ ဂျာနယ်ထဲမှာ ဘယ်သူ့အလှူမှာ ဘာကျွေးပြီး ဘယ်ဆိုင်းငှားမယ်၊ဘုရားပွဲကျရင် ဘယ်အငြိမ့်၊ ဘယ်ဇာတ် ငှားမယ်ဆိုတာမျိုးတွေ ထည့်ရေးလို့ အဆင်မပြေနိုင်ဘူးထင်တယ်။ ရွာတွင်းလောက်သာ သတင်း ပျံ့လို့ရတဲ့ သတင်းမျိုးကိုး။ အခုခေတ်ဆိုရင် ဖိုးချစ်တို့၊ မိုးဝင်းတို့ ဘယ်မှာ ကမယ်ဆိုတာ ပါလာတက်ပါတယ်။

    အလှူမှာ ရှင်လောင်းလှည့်ဖို့ မြင်းငှားရင် ဘယ်ဈေးရှိတယ်၊ဆင်ငှားရင် ဘယ်ဈေးပေါက်တယ်၊

    ဒါတွေကို ကုမုဒြာဂျာနယ် စသည်တွေမှာ နယ်သတင်းမှာ ပါလာလေ့ရှိပါတယ်။ ဒါပေမယ့် ဂျာနယ်တွေဟာ သူ့မှာ ရည်ရွယ်ထားတဲ့ ဈေးကွက်၊ ပရိသတ် targeted audience, targeted market တော့ ရှိမှာပဲ။

    တိုင်းတပါးစကားကို သုံးတာများရင် မိခင်ဘာသာစကား ပျက်တယ်ဆိုတာ လက်ခံပါတယ်။ တကယ်တန်းမှာ မြို့ငယ်တွေမှာ စာဖတ်နှုန်းမနိမ့်၊ ဗဟုသုတ မနိမ့်ပါဘူး။ ရွာတွေမှာတော့ တော်တော်လိုသေးတယ်။ စာဖတ်နှုန်းမြင့်လာအောင် ပညာရေး၊ စာပေနဲ့ နီးစပ်အောင် ပတ်ဝန်းကျင်တွေ ဖန်တီးပေးရမယ်။ စားဝတ်နေရေး ချောင်လည်အောင်လုပ်ပေးရမယ်။ နောက်တခုက ဝင်ငွေနဲ့ ယှဉ်ရင် ဂျာနယ်ဈေးက ကြီးနေတာပဲ။

  • king

    May 28, 2011 at 1:29 pm

    eros says: နောက်တခုက ဝင်ငွေနဲ့ ယှဉ်ရင် ဂျာနယ်ဈေးက ကြီးနေတာပဲ။
    ဟုတ်ပါတယ် ကျွန်တော်ဆို ဖတ်ချင်လွန်းလို့ (မဝယ်နိုင်ပေမယ့် ဖရိတ်ကြီးပဲ လုပ်နေရပါတယ်)
    😛 ( * _ ^ ) 😛

Leave a Reply