အပျိုကြီးရဲ့ အရွယ်လွန်အချစ်

etoneMay 24, 20111min38443

ရှင်တို့ကို ပြောပြရဦးမယ်…. ဟိုး လွန်ခဲ့တဲ့တစ်ရက်ကပေ့ါရှင် … ကျမ ရုံးသွားတဲ့ မနက်စောစော ရာသီဥတုက မှုန်ဝါးနေတယ်…. ။ လမ်းမီးကလည်း မလာတချက် လာတစ်ချက်နဲ့ … မနက်စောစောမို့ လူသွားလူလာလည်း ရှင်းပါတယ် … ဒီအချိန် မမြင်ရတဲ့ နာနာဘဝများ လိုက်နှောက်ယှက်လျှင် ကျမဘယ်လိုများ နေရပါ့မလဲ စဉ်းစားမိပြန်တယ်… ကျမ မသိချင်ယောင်ပဲ ဆောင်ပြီး ဟန်မပျက်လမ်းဆက်လျှောက်မလား ၊ အော်ဟစ် အကူညီတောင်းမလား ၊ လာရာလမ်းပြန်ပြေးမလား … ကြိုပြီး စိတ်ပူနေမိတယ်… ။  နောက်ဆုံး ကျမ ဆုံးဖြတ်လိုက်တယ်…. အရိပ်အားဖြင့်သော်လည်းကောင်း ၊ အသံအားဖြင့်သော်လည်းကောင်း နှောင့်ယှက်လျှင် ကျမထွက်ပြေးမှာပါပဲလို့ပါ …. ။ ကိုယ့်အတွေးနဲ့ ကိုယ်ကတော့ ဟုတ်နေတာပါပဲ… အကြံကြီးစွာနဲ့ … လူပြတ်လွန်းပြီး အုံ့မှိုင်းတဲ့ လမ်းကို တနေ့နှစ်ကြိမ်တော့ အနည်းဆုံး ပုံမှန်ဖြတ်ဖြစ်နေပေမဲ့ … ကြောက်စိတ်ကတော့  အမြဲ စိုးမိုးနေတတ်ပါတယ်…  ။ အရွယ်လွန် အပျိုကြီး တကိုယ်တည်းဘဝမို့ ကိုယ့်ကိုယ်ကိုသာ အားကိုးရာအဖြစ် ချစ်သူရည်းစား လိုချင်ပါသော်ညားလည်း ကျမလို ပုံတုံးကို ဘယ်သူကမှ အရေးမစိုက်ကြပါဘူး … ဖုတ်လေတဲ့ ငပိ … ရှိတယ်လို့တောင် ထင်ကြမှာ မဟုတ်ဘူးလေ… ကျမကလည်း လူရှေ့မှာတော့ အသံကောင်းဟစ်တာပေါ့ရှင် …သိတယ်မို့လား … မလိုချင်လို့ မယူတာ … လိုချင်မှာတော့ ခါချလို့တောင် မနိုင်ဘူး ဆိုတာမျိုးတွေ…. အပူမရှာချင်လို့ ယောကျာ်းမယူတာ ဆိုတာမျိုးတွေ စကားကြီး စကားကျယ်ပြောတတ်သေးတယ်လေ… ။ အပျိုကြီး သူများတွေ ဝါကျွတ်လို့ ဖိတ်စာဝေနေပြီလို့ပြောလျှင် ကျမလည်း မချိပြုံးနဲ့ …. ဖိတ်စာဝေတော့လည်း သွားစားရတာပေါ့ လို့ ဘုတောတတ်ပါသေးတယ်… ။ လွတ်လွတ်လပ်လပ်နေချင်လို့ အိမ်ထောင်မပြုတာ ကျမကို လာစပ်တဲ့ လူတွေ အများကြီးလို့ မရှိတာကို အရှိလုပ်ပြီး ကြွားလုံး ထုတ်တတ်ပါသေးတယ်… ။ ဟန်ကိုယ့်ဖို့ပဲလေ ကြွားနိုင်မှ တန်ကာကျတာ 😛 ကျမလိုချင်တဲ့ ချစ်သူကလည်း မမွေးသေးဘူးထင်ပါရဲ့ … ကျောက်ပျဉ် ရွက်ပြီး စောင့်ရမဲ့ကိန်းဆိုက်နေပြီလေ … ။ ဘယ်လိုပဲဖြစ်ဖြစ် ကောင်ငယ်လေးတွေ ရှေ့ရောက်လျှင်တော့ အပျိုကြီး ကျမက အလကားနေရင်း ရှက်နေတာ ကိုယ့်ကိုယ်ကိုတောင် နားမလည်တော့ပါဘူး …. ။ အပျိုဖျန်းလေးတွေလို လက်သည်းကိုက်လို့ကလည်း ကြည့်မကောင်း ၊ ဆံပင်ကို ဟိုလိုဒီလို ရမ်းဖို့ကလည်း အသက်ရွယ်ကရှိသေးတော့ …. မသိမသာလေးပဲ ခိုးခိုးကြည့်မိပါတယ်… ။ ကြည့်တုန်းကတော့ မခို့တရို့ပေါ့ … မျက်လုံးချင်းစုံလာလျှင် တဘက်လူ ပစ်ကြွေသွားမယ့် အကယ်ဒမီ မင်းသမိးရှုံးတဲ့ အိုက်တင်တွေပေးပြီး ညှို့ချက်ပြင်းပြင်းနဲ့ စူးစူးရဲရဲကြည့်တတ်တယ်… ။ ဒါပေမဲ့လည်း ခေတ်လူငယ်တွေမို့လား …. ကျမရဲ့ အကြည့်ကို သေချာ အဓိပ္ပါယ်မဖွင့် နိုင်ကြဖူးလေ…ဒါနဲ့ပဲ ကျမက သူတို့ကို တုံးတယ်လို့ သတ်မှတ်ပြီး မတူဘူးထင်လို့ အိုက်တင်ခံခဲ့တာ အိုဗာ သက်တီဖိုက်ဖြစ်ပြီး  အပျိုကြီးစာရင် းမပေးရပဲ စာရင်းဝင်သွားပါတော့တယ်…. ။ အခု အရွယ်ကျမ ကျမလည်း အိုက်တင်ခံလို့ မဖြစ်တော့ ကလေးတွေနဲ့ အပြိုင် ပြင်ဆင်ရတော့တာပေါ့ … ။ ဆံပင် ပုံစံကအစ ၊ အလှပြင် ပစ္စည်းမျိုးစုံသုံးပြီး ရှိရင်းစွဲ အသက်ထက် ပိုအရွယ်တင်အောင် နုပျိုအောင် လူသိမခံပဲ ကြိတ်ကြိုးစားရတာပေါ့ရှင် … ။ ကိုယ့်အတွေးနဲ့ ကိုယ် အတွေူးကောင်းနေလိုက်တာ … တဖြတ်ဖြတ်နဲ့ နောက်က အသံကြားပါတယ်… သစ်ရွက်ကြွေသံလား … တယောက်ယောက် ကျမနောက်က လိုက်လာတာလား … ကျမကြောက်ပါတယ် … လှည့်ကြည့်ဖို့သတိ္တမရှိပါဘူး …. ခြေလှမ်းကို ခပ်သွက်သွက်လေးပဲ လျှောက်လိုက်တော့မယ်…. ။ နောက်မှ ခြေသံဟုထင်ရသော အသံကလည်း ပိုမိုမြန်လာတာ သတိထားမိပါတယ်… ကျမနှလုံးသွေးတွေ ဆူပွက်သွားတော့တယ်… ။ သရဲနောက်က ပါလာပြီး ကျမကို ဂုတ်ချိုးသတ်တော့မှာလား … ။ ရုပ်ရှင်ထဲက သိုင်းကွက်တွေအတိုင်း မှတ်မိသမျှ လက်စွမ်းပြလိုက်ရမလား စသဖြင့် တွေးပြီး ရင် တွေ ခုန်နေပါတယ်… ။ နောက်လှည့်မကြည့်ပဲ တချိုးတည်းပြေးလျှင်လည်း အပျိုကြီးကျမ လူမြင်မကောင်းအောင် … နာမည်ကြီးပေတော့မယ်… စိုးရိမ်စိတ်က အလွန်ကြီးမားလွန်းလို့ ဆောင်းတွင်း မဟုတ်တဲ့ မနက်ခင်းမှာ ကျမတကိုယ်လုံး ခိုက်ခိုက်တုန်နေပါတယ်… ။ ကျမအဖြစ်ကို သနားလို့လား မသိဘူး … နောက်က သရဲခြေသံမကြားရတော့ဘူးရှင့်… ။ အသံမကြားတော့မှ ကျမလမ်းဖြေးဖြေးလျှောက်ကာ မသိမသာလေး နောက်လှည့်ကြည့်မိပါတယ်… ရှိသမျှ အင်အားကို စုပြီး ကြောက်စိတ်ကို ထိန်းကာ လှည့်ကြည့်တော့ …. လှည့်ကြည့်ရကျိုးနပ်တယ်လို့ပဲ ပြောရမလားမသိဘူး … ကောင်လေး ငယ်ငယ်လေး တယောက်ပါလား … ။ ဒါဆို ကျမနောက်ကို လိုက်တာ သူပေ့ါ… ။ မောလို့ထင်ပါ့ သူ့ခြေလှမ်းတွေတောင် နှေးသွားပြီ … ။ ကိုယ့်ကိုယ်ကိုလည်း အပြစ်တင်မိပါတယ်… ကြောက်စိတ်မွှန်နေတာနဲ့ … ရှားရှားပါးပါး လူပြတ်တဲ့ မနက်ခင်းမှာ ကောင်လေးတယောက်နဲ့ ဆုံရတာ ကျမရဲ့ နတ်ရေးတဲ့ ဖူးစာရှင်မဟုတ်ဘူးလို့ ဘယ်သူ အတတ်ပြောနိုင်ပါ့မလဲနော်… ။ ကျမနှယ့် သရဲဘောကြောင်မိတာတောင် အပြစ်တင်ချင်လာပြီ … ။ အခုလည်း အချိန်မှီပါသေးတယ်… သူ လိုက်မှီအောင် ခြေလှမ်းတွေ နှေးပြီး လျှောက်လိုက်မယ်… အဟဲ … 😛

သူလည်း ကျမနောက်က တောက်လျှောက် သွက်သွက်လျှောက်ရတာဆိုတော့ မောမှာပေ့ါ … အခု ခြေလှမ်းတွေတောင် သိပ်စိတ်မပါသလိုပဲ ..ဖြစ်နေပြီ… ။ ဖြစ်နိုင်လျှင် ကျမ အိန္ဒြေမဲ့စွာ ရပ်စောင့်နေချင်မိသည် …သို့သော် အသက်အရွယ်အရ မြီးကောင်ပေါက်လို စိတ်ရှိတိုင်း လုပ်လို့ကလည်း မဖြစ်မို့ ပဲပေးပြီးပဲ အနှေးဆုံးလမ်းလျှောက်မိတယ်… ။ ကောင်လေး အနားကိုရောက်ရန် လျှောက်လှမ်းလာခြင်းသည် ကြာလွန်းတယ်လို့ ထင်မိတယ်… ။

ကျမ ထိန်းထားသည့်ကြားမှ သိချင်စိတ်ဖြင့် အရဲစွန့်ကာ နောက်လှည့်ကြည့်မိတော့  သိပ်မဝေးတော့ပေ…. ခြေလှမ်းတွေကို နှေးနေရာမှ ခပ်သွက်သွက်လေး လျှောက်မိလိုက်တယ်… မာယာသုံးခြင်းတမျိုးပါပဲ… ဆယ်ကျော်သက်တုန်းက ဒီလို စိတ်လှုပ်ရှားမှူမျိုး မကြုံခဲ့ဖူးဘူးလေ… ဒီလောက် ငယ်ငယ်ချောချောလေး တသက်နဲ့ တကိုယ် ကျမနောက်က လိုက်မလာဖူးပါဘူး … ။ ကျမစန်းပွင့်မယ့်နှစ်ရောက်ပြီထင်ပါရဲ့ … ။ နောက်ဒီလိုအခွင့်ရေးက ရဖို့ လွယ်တာမဟုတ်ဘူး …ကောင်လေးမောနေပါဦးမယ် ကျမဆက်မလျှောက်တော့ပါဘူး … ။ သူက ကျမကို ပရိုပို့စ် လုပ်လာခဲ့လျှင် …ချက်ချင်းပဲ အဖြေပေးလိုက်တော့မယ်စိတ်ကူးမိပါရဲ့…

မှုန်မှုန်ဝါးဝါး ဆိတ်ငြိမ်တဲ့ မနက်ခင်းမှာ … သူ့ ခြေသံက တစစ နီးကပ်လာကြောင်း လှည့်ကြည့်စရာမလိုပဲ ကျမကြားမိသည်… ။ သူအနားကို ရောက်လာတော့မယ်… ဟုတ်ပါရဲ့ … ကျမရဲ့ ဖူးစားရှင်ပဲ ဖြစ်မှာပါ… စောင့်စားရင်း ရင်ခုန်နေမိပါတယ်… ။ နှလုံးတွေ တောင် ကွဲထွက်မတတ်ကျမ ရင်ခုန်သံကျယ်လွန်းတယ် ထင်မိတယ်… ။ အနားရောက်လာချိန် သူက တိုးညှင်းစွာ ခေါ်လိုက်ပါတယ်… ။

” အစ်မ … ဟိုအစ်မကြီး … ခဏနေပါဦး”တဲ့ … ခေါ်ပုံကလည်း ကဗျာမဆန်လိုက်တာ … ငါ့ကို အသက်ကြီးမှန်းသိအောင် ခေါ်တာပါလား ဟို အစ်မကြီးတဲ့လား … အင်းလေ…သူလည်း အသက်ငယ်တော့ ကျမကို ချွဲချင်ပုံရတယ်… ။ အခေါ်ဝေါ်တွေက ပြသနာမဟုတ်ပေမဲ့ … နောက်ပိုင်း ပြင်လို့ရပါတယ်… ။ အဲ့ဒီအခါကျမှ ” မ”လို့ခေါ်တာဖြစ်ဖြစ်  “မမ “လို့ပဲ ခေါ်ခေါ် ပြင်ခေါ်ခိုင်ဦးမယ် တွေးတုံး … ။

” မောလိုက်တာ ဗျာ နောက်က ပြေးလိုက်ရတာ အစ်မကြီးက ခြေလှမ်းအတော် သွက်တာပဲ… ကျွန်တော် အော်ပြောလိုက်မလို့ အစ်မကြီး ရှက်သွားမှာ စိုးလို့” တဲ့ရှင်… ဘယ်နှယ့် ဒီခေတ်လူငယ်လေးများ လက်သွက်လိုက်တာ ကိုရီးယားကားထဲကလို ချစ်တာကို အော်ပြောမတဲ့ရှင် … ကျမမျက်နှာထောက်ပြီး အော်မပြောတာပဲ ကျေးဇူးတင်ရမယ်… ။ ဘာဖြစ်ဖြစ် သူက တော့ ကျမအတွက် သူရဲကောင်းလေးပါပဲ… ။ ကြိတ်ဝမ်းသာမိပြီး ပြုံးစိစိ အိုက်တင်ပေးနေတော့ … ။ ကောင်လေးက ဆက်ပြောပါတယ်… ။

ကျွန်တော်ပြောချင်လွန်းလို့ နောက်က လိုက်လာတာ …တဲ့… ကျမ နှလုံးခုန်နှုန်းတွေ ဆူပွက်လာပါတယ်… ငယ်ငယ်က အချစ်ဇာတ်လမ်းမရှိခဲ့သူမို့ ခြေဖျားလက်ဖျားတွေ အေးသည် အထိပင် ခုန်ပေါက်ပျော်ရွင်မတတ် ကြည်နူးမိတယ်… စိတ်ထဲကတော့ မင်းကို ၁၀ဝ အမှတ်ပြည့်ပေးလိုက်ပြီလို့ အကြိမ်ကြိမ်ပြောနေမိတယ်ထင်တာပါပဲ… ။ ကောင်လေးက အနားကပ်ကာ တိုးညှင်းစွာ ထပ်ပြောတယ်… ။

” အစ်မ……..  ကျွန်တော် အားနာနာနဲ့ပဲ ပြောတော့မယ် … အစ်မ ထမိန်ဇောက်ထိုးကြီး ဝတ်ခဲ့မိတယ်တဲ့ … အထက်ဆင်က အောက်မှာဖြစ်နေတယ် … “

ကျမလည်း လျှပ်တပြတ်မို့ မျှော်လင့်သည့် စကားမဟုတ်မှန်းတော့ သိသည်…. ထိုမှတဆင့် သူဘာပြောတာလည်း တွေးမိသည်… တွေးနေရင်းပင်….. ထမိန်ဇောက်ထိုးဝတ်မိပါလားဆိုသည့် အသိကြောင့် ရှက်စိတ်ထူကာ … မူးနောက်လဲသွားပါတော့သည် … ။

 

လောကကြီးနှင့် ကျမခဏ အဆက်သွယ်ပြတ်သွားသည်…. ကျမနေရာသစ်တခုကို ရောက်သွားတော့သည်… ။ ထိုနေရာကား ဘယ်နေရာမှန်းမသိ …. … ။ ကျမဘေးမှာ တရှုံ့ရှုံ့ ငိုနေသော အမေ့ကိုတွေ့သည်… ထို့နောက် နပ်လေး နှစ်ယောက်နှင့် ဆရာဝန် တယောက်တွေ့သည်… ရုံးမှ သူငယ်ချင်းများလည်း ဝိုင်းနေသည်… ကျမရောက်သောနေရာသည် ဆေးရုံပင်ဖြစ်မည်… ….. ကောင်လေးစကားအဆုံး ကျမလဲကျသွားမှန်းစဉ်းစားမိသည်…  ဘယ်သူက ကျမကို ဆေးရုံးပို့ပေးခဲ့တာပါလဲ…. လူသူပြတ်တဲ့ မနက်မှာ ထိုကောင်လေးမှ လွဲ၍ မည်သူမှ ဆေးရုံလိုက်ပို့မည် မဟုတ်ပေ…. ။ ကောင်လေးပြောပြလို့ ဆေးရုံက လူတွေ၊ သတင်းမေးလာကြသော ရုံးက လူတွေ နှင့် ကျမမိဘတွေ အဘယ်ကြောင့် မူးလဲသည်ကို သိပြီးခဲ့ပါလျှင် … ဟားတိုက် ရယ်မောကြဦးမည် စိုးသဖြင့် … အိပ်ချင်ယောင်ဆောင်နေလိုက်ရပါတော့သည် … ။ ။

43 comments

  • weiwei

    May 24, 2011 at 3:08 am

    အီးတုံးကတော့ လုပ်ချလိုက်ပြန်ပြီ … အီးတုံးတို့ရုံးက ဘယ်အပျိုကြီးမမကို စောင်းရေးထားလဲမသိဘူး … တော်ကြာ ရန်တွေ့ခံနေရအုန်းမယ်နော် … 🙂

    • etone

      May 24, 2011 at 5:22 am

      အောင်မလေး မဝေရယ် စွပ်စွပ်စွဲစွဲ … ။ရုံးက အပျိုကြီးတွေ သိကုန်လျှင် သူလား ၊ ငါလား ၊ ဘယ်သူ့အကြောင်းလဲ ထင်နေပါဦးမယ်… ။ နဂိုကတည်းက ဇာတ်လမ်းထဲက မင်းသမီးဖြစ်ချင်လို့ သူ့အကြောင်းပြောတယ် ဆိုပြီး ရိုက်မစစ်ရပဲ အတင်းဝင်ခံတာတွေကလည်း ရှိသေးလို့ ဝေးဝေးရှောင်ပါတယ်… ။ နောက်ကွယ်မှာ ဘာပဲ လုပ်နေလုပ်နေ … ပြောရလျှင် လုံးဝကို မပတ်သတ်ချင်တာ … ။
      ဒါတခါကတော့ စိတ်ကူးယဉ် ဇာတ်လမ်းလေးကို ဖတ်တဲ့လူ ပျော်အောင် ဖန်တီးပေးထားတာပါ… ။

  • bigcat

    May 24, 2011 at 3:12 am

    အမျိုးသမီးတဦးက အမျိုးသားတဦး နှောင့်ယှက်နေပါတယ်လို့ တရားရုံးမှာ ဦးတိုက်လျောက်တယ်။ အမျိုးသားက နှောင့်ယှက်ဖို့နေနေသာသာ လှည့်တောင် မကြည့်မိပါဘူးလို့ တရားခွင်မှာဖြေတယ်။ ဒါနဲ့ တရားသူကြီးက အမျိုးသမီးကို ပြန်မေးတော့ သူလှည့်မကြည့်ဘဲနေတာကိုက အနှောင့်အယှက်ပေးနေတာပါလို့ ပြန်ပြောလိုက်တယ်….
    ကြောင်ကြီးကိုလည်း ရွာသူတွေ အနှောင့်အယှက် ဝိုင်းပေးနေကြပါတယ် သဂျီးမင်းခင်ဗျား…

    • king

      May 24, 2011 at 4:19 am

      ကိုကြောင်ကြီး ရွာသူတွေ အနှောင့်အယှက်ပေးရင် ခေါစာပစ်ရတယ်လေ
      😛

  • babymay

    May 24, 2011 at 4:15 am

    ဦးကြောင်ပြောချင်တာက ရွာထဲကရွာသူတွေ ဦးကြောင်ကို လှည့်မကြည့်ကြဘူး ဆိုပါတော့။။။ ကဲကဲ ရွာထဲက အပျိုကြီးမမ တို့ရေ ဦးကြောင်ကိုလှည့်ကြည့်ပြီး သဒ္ဓါတတ်အားနဲများ မဆို ကုသိုလ်တော် ပါဝင်ကြပါဦးလို့ နိဗ္ဗာန်အကျိုးမျှော်လို့ နှုးိဆော်လိုက်ရပါတယ်—:P===ဟဲဟဲ နောက်တာနော် ချိတ်ချိုးရဘူး—-

    • king

      May 24, 2011 at 4:29 am

      ဦးကြောင်ကြီးကို မိန်းကလေးတွေက ဝိုင်းကြည့်ကြရင်တော့ သတိထားနော်
      သူက အိပ်ချင်မူးတူးနဲ့ အပြည့်အစုံဝတ်ထားပါ့မလားဗျ
      ( * _ ^ )
      😛
      😀

  • Shwe Tike Soe

    May 24, 2011 at 4:48 am

    ဟားဟားဟား ရီရတယ်ဗျာ
    ကျေးဇူးပါ.. အပျိုကြီးတွေများ ဟဟဟ လေတိုက်တာတောင်ရင်ခုန်တယ်တဲ့

  • moonpoem

    May 24, 2011 at 6:22 am

    ရယ်ရတယ်နော် ဇာတ်လမ်းလေးက

  • PinkCandy

    May 24, 2011 at 6:36 am

    ထမိန်ဇောက်ထိုးဝတ်ရလောက်အောင်ထိ ဒီအပျိုကြီးမမ ဘာတွေအလုပ်ရှုပ်နေပါလိမ့်နော်။
    ကြည့်ရတာ ရုံးနောက်ကျလို့ အသားကုန်ချီတက်လာပုံရတယ် 🙂

  • ဆူး

    May 24, 2011 at 7:04 am

    ((((ကျမဘေးမှာ တရှုံ့ရှုံ့ ငိုနေသော အမေ့ကိုတွေ့သည်… ထို့နောက် နပ်လေး နှစ်ယောက်နှင့် ဆရာဝန် တယောက်တွေ့သည်… ရုံးမှ သူငယ်ချင်းများလည်း ဝိုင်းနေသည်… ကျမရောက်သောနေရာသည် ဆေးရုံပင်ဖြစ်မည်… )))))

    အို ဒေါက်တာ ကိုကို.. အသည်းထဲက ဝေဒနာ ကုသဖို့ လိုတယ်.. ကြင်နာသူ ကိုကို သမားတော်သာ.. ကုသမှ ပျောက်လိမ့်မယ်.. (ဟေမာနေဝင်း သီချင်း)

    ညက်စ ပစ်ပြလိုက်.. မသိသေးရင် နှပ်စ ပစ်ပလိုက်.. ဒါဆို သေချာ သိသွားလိမ့်မယ်။

  • nozomi

    May 24, 2011 at 7:26 am

    အဲဒီလို ဆေးရုံရောက်သွားတော့ မှ အခု ကိုကိုဆရာဝန်လေးနဲ့ တွေ့တာလား 😀
    အသက်ဝင်လှပါလားလို့ ထင်နေတာ အသက်ကလွဲလို့ စာရေးသူကိုယ်တွေ့ ဖြစ်ရမယ်

    • etone

      May 24, 2011 at 8:36 am

      အာ … ဟုတ်ပါဘူးဟာ … စိတ်ကူးယဉ်ဇာတ်လမ်းပါ ဆိုနေမှ ဟင့် 
      ဇောက်ထိုးဝတ်ဖို့ နေနေသာသာ ထမိန်တောင် သိပ်မရှိဘူး … ။
      (တညိုးထင်ပါနဲ့ ….. ချိပ်နဲ့ ဝတ်ရတဲ့ ချိပ်ထမိန်လိုဟာမျိုးပဲ ဝတ်တယ်ပြောတာပါ … အလုပ်ရှုပ်လို့ ပြေးလွှားယုံမက … တနေလုံးထခုန်နေတာတောင် အဲ့ဒီ ချိပ်ထမိန်တွေက တနေ့လုံးပြန်ဝတ်စရာမလိုဘူးလေ … ဒါကြောင့် )

      • ဆူး

        May 25, 2011 at 7:15 am

        ချိတ်ထမိန်နဲ့ အလုပ်သွားတာလား.. ဒါဆို ဆံထုံး ထုံး ပန်းပန်ပြီး လှလှတွေ ခြယ်ထားမှာပေါ့နော်.. ဟီးဟီး.. နောက်တာ

  • shweminthar

    May 24, 2011 at 12:16 pm

    အမကြီးအိတုန်ကို နောက် ကျရင် မမ လို့ ခေါ်မယ်နော်
    ဟီးဟီး

  • Gipsy

    May 24, 2011 at 12:32 pm

    မ etone ရဲ့ ပို့စ် လေးကို ဖတ်ရတော့ တနေ့တာ မောပန်းမှု လေးတွေ သက်သာသလိုဖြစ်မိပါတယ်….
    ( အပျိုကြီး လို့ တင်စားထားပေမဲ့ နှလုံးသား ကတော့နုဖတ် နေတာပဲနော်…ဟိ )…။

  • မခိုင်ကတော့ ဆိုသွားဘူးပါတယ်
    ခါးလေးလှုပ်ကာ လမ်းလျှောက်သွားရင် ကောင်လေးတွေကြည့်မယ်
    မျက်လုံးလေး တစ်ဖက်ကို မှိတ်ပြလို်က်ရင် တပြုံကြီးပါလာမယ်။
    ကျမရဲ့အသက်အရွယ်ကလေး လေး မဟုတ်တာ…………………..ရင်သိတယ်တဲ့.
    ကဲ ကိုယ့်ကိုကိုယ်ကလေးလို့ ထင်နေသေးသူများ……………………………………………

  • OQ23

    May 24, 2011 at 1:45 pm

    ရယ်ရမလား ငိုရမလား မသိတော့ပါဘူးရှင်။
    အပျိူကြိးမှာလဲအသဲနဲ့ပေါ့ရှင် ဒီလိုပါပဲတချိူ့အရာတွေက ရင်ခုန်ဖို့ကောင်းသလိုနဲ့
    ွှအရှင်္ကရစေတင်္ယ၊

  • အပျိုကြီးမှန်သမျှကတော့ တစ်ကယ်တော့ အပိုကြီးတွေပါပဲ.. မျိုးဆက်ပြန့်ပွားရေးကိုလဲ တာဝန်မယူနိုင်၊ အိမ်ထောင်မှုကို ထိန်းသိမ်းဖို့လဲ မစဉ်းစား၊ အားပေးဘူးဗျာ.. မိန်းကလေးတွေ အပျိုကြီးလုပ်ကြတာ.. ကန်တော့ခံ အမေတွေ နည်းသွားတယ်.. ဒါပဲ

    စေ့စေ့တွေး ရေးရေးပေါ်လိမ့်မယ်

    • kai

      May 24, 2011 at 11:23 pm

      အပျိုကြီးတွေကို ..အပြစ်ဖို့တာထက်စာရင်.. လူပျိုကြီးတွေ အပြစ်ပိုပြောသင့်တယ်..။
      ပိုတိတိကျကျဆိုရင်တော့.. ဘေးပါတ်ဝန်းကျင်က.. ယောက်ျားတွေအပြစ်ပဲ..။
      အုပ်ထိမ်းသူ.. မိဘလည်း(ရှိနေရင်) အပြစ်ရှိတဲ့သူထဲပါတယ်..။

      မိန်းမတယောက်ကို .. တာဝန်ယူဖို့များ… တွန့်ဆုတ်နေကြတာကိုး…။ 🙂

      • eros

        May 25, 2011 at 3:00 am

        အေးပါ အေးပါ မြန်မြန် တာဝန်ယူနိုင်အောင်ကြိုးစားပါ့မယ်။

    • etone

      May 25, 2011 at 4:46 am

      မှန်းစမ်း မှန်းစမ်း……ရှူံးနိမ့်မှုများနဲ့.. လူ ကို dislike လုပ်တာ အပျိုကြီးတွေပဲဖြစ်ရမယ် … 😀

      • ဟုတ်ပ ဟုတ်ပ
        အနာပေါ် ဒုတ်ကျကုန်ကြပြီ… နေပေါ့ မ Like ကြလဲ
        ကျွန်တော်ကလဲ အပျိုကြီးတွေကို မ Like ပါဘူးနော်.. အပျိုလေးတွေကိုပဲ 😛

      • etone

        May 25, 2011 at 7:51 am

        ဟ ားဟား ဟား လက်တွေ့ပဲကြည့် ကျုပ်ပါ dislike လုပ်ခံနေရပြီ 😀 😀 😀

    • santds

      May 25, 2011 at 8:54 am

      မိန်းကလေးတွေမှာ အိမ်ထောင်မှုပြုတဲ့ အလုပ်တစ်ခုပဲရှိတာလား။
      အပျိုကြီးဖြစ်တယ်ဆိုတာလည်း အကြောင်းအမျိုးမျိုးရှိကြမှာပဲမို ့ အပြစ်ပြောစရာမရှိပါဘူး။
      ကန်တော့ခံအမေတွေနည်းလာမှာပေါ့.. သစ္စာမရှိတဲ့ယောကျင်္ားတွေ များလာတာကိုး။

      • etone

        May 25, 2011 at 9:25 am

        အပျိုကြီး မို့လို့ အပျိုကြီးလို့ ခေါ်တာ နာကြတယ်ပေါ့ … ဒါဆို အပိုကြီးလို့ ခေါ်ရမလား ဟင် 😀 ဒါမှမဟုတ် အအိုကြီးလို့ ခေါ်ရမလား … 😛
        ဒီပို့စ်ကလည်း ကိုယ်တိုင် အပျိုကြီးနေရ ာက ခံစားပြီး လိုချင်လျှက် မရတဲ့ အဖြစ်ကို အပျော်လေး ရေးထားတာ (အဲ့ဒီလို အပျိုကြီးတွေ လက်တွေ့ရှိနေပါသေးတယ်..) အပျိုကြီးတွေ လင်မရတဲ့ အကြောင်း အပြစ်ပြောတာ တစ်ကွက်မှမပါဘူး ။ ပေါ့ပေါ့ ပ ါးပါးလေး ဟာသ အနေနဲ့ ဖတ်စေချင်လို့ ရေးထားတာပါ … … စိတ်ထဲ ဒွိဟမဖြစ်စေချင်ပါဘူး ။

  • king

    May 25, 2011 at 3:19 am

    ဘာပဲဖြစ်ဖြစ် နှစ်ဦးနှစ်ဖက် စလုံးမှာ တာဝန်ရှိပါတယ်
    အခုတော့ အပျိုကြီး လူပြိုကြီး အမည်ခံပြီး
    ကွယ်ရာမှာ ကြိတ်ပုံးခုတ်ကြတဲ့ လူတွေက ရှိတော့
    သူတို့တွေနဲ့ မရောရအောင် သန့်စင်သော လူပျိုကြီး အပျိုကြီးများ အိမ်ထောင်ပြုကြပါလို့
    တိုက်တွန်းရင်း …..
    😛 😛 😛 😛 😛 😀 😀 😀 🙂 🙂 🙂 🙂 🙂

  • PinkCandy

    May 25, 2011 at 3:34 am

    အပျိုကြီးစာရင်းထဲမှာ အသက် ၂၅ နှစ်ပြည့်ပြီးပေမယ့် အိမ်ထောင်မပြုသေးတဲ့ မိန်းခလေးတွေပါလားဟင်

    • eros

      May 25, 2011 at 3:55 am

      ၂၅ ကျော်ရင်တော့ ပါပြီပေါ့ကွယ်။ မိန်းကလေးများဟာ ခရစ်စမတ် ကိတ်မုန့်နဲ့တူတယ်လို့ တိုင်းတပါးသား ဆရာတယောက်ပြောတာ မှတ်သားဘူးပါတယ်။ ခရစ်စမတ် ကိတ်မုန့်များဟာ ဒီဇင်ဘာ ၁ဝရက်ကျော်လာတာနဲ့ ဈေးက စကြီးပြီပေါ့။ တရိပ်တရိပ်နဲ့ ဈေးတက်လာလိုက်တာ ၂၂ ရက် ၂၃ ရက် အစောပိုင်းဆိုရင်ဈေးက အမြင့်ဆုံးပေါ့။ အဲ ၂၃ ရက်နှောင်းပိုင်း ကနေစပြီး ဈေးတွေကျလာပါပြီ။ ဘာလို့လဲ ဆိုတော့ ခရစ်စမတ် ကိတ်မုန့်များဟာ ဒီဇင်ဘာ ၂၅ ရက်ကျော်လာရင် ရောင်းမထွက်တာ တွေဖြစ်မှာ စိုးလို့ ဈေးချရောင်းရပါတယ်တဲ့။ ၂၅ရက်မနက်ကတော့ ဈေးအကျဆုံးပါတဲ့။ ၂၅ရက်ကျော်ရင်တော့ စဉ်းစားကြည့်ပေါ့ကွယ်။ လွန်တာရှိ ဝန္ဒာမိပါ ကြားဖူးတာလေး ဝေငှလိုက်တာပါ။

      • PinkCandy

        May 25, 2011 at 4:06 am

        ဒါဆိုရင်တော့ အသက် ၂၂ နှစ်လောက်ကစပြီး နောက်နှစ်တွေကို ဆက်မရေတွက်တော့ဘူး။
        စကားတည်တဲ့ မိန်းခလေးတစ်ယောက်အနေနဲ့ ဘယ်အချိန်မှာပဲမေးမေး ၂၂ နှစ်လို့ပဲဖြေတော့မယ် 😛
        PinkCandy က အမြဲတမ်း ၂၂နှစ် ပါရှင် 😀

      • king

        May 25, 2011 at 6:15 am

        အမြဲတမ်း ၂၂ နှစ်လား ဒါဆိုရင် ……
        😛

  • weiwei

    May 25, 2011 at 3:43 am

    အပျိုးကြီးမမတစ်ယောက်ကတော့ အသက် ၄ဝ ကျော်မှ အပျိုကြီးစာရင်းဝင်တာလို့ ပြောတာပဲ … 😛

  • pooch

    May 25, 2011 at 4:17 pm

    အပျိုကြီးဆိုတဲ့ ခေါင်းစဉ်တွေ့လို့ forward mail ထဲကရထားတာလေး တခုပြန်မျှလိုက်တယ် ဖတ်ဖူးတဲ့သူတွေ လည်း သီးခံပေးကြပါ။ ကိုယ်တိုင်ကလည်း ၂၅ ကျော် အပိုကြီးစာရင်း ဝင်လာတော့ ဒီလိုစာမျိုးဖတ်ရ ရင်စိတ်ထဲ ကလိကလိ ဖြစ်လာလို့ ပါ။ ဟဲဟဲ.. အားလုံးသော ဘဝတူ လူပျိုကြီး အပျိုကြီးများအတွက် အားပေးစာပါ။

    ဟိုင်းလပ်များ၏ရင်ခုန်သံ

    ဟိုင်းလပ်များဆိုလို့ ကားအကြောင်းဟုထင်လျှင်မှားမည်။ လူအကြောင်းဖြစ်သည်။
    လူအကြောင်းမှ အသက်အရွယ်အရ၊ အနေအထားအရ အချိန်တန်နေပေမယ့် ရင်ခုန်သံဖြည့်ဘက် နေရာမှာလစ်လပ်နေသေးတဲ့ လူပျို(ကြီး)၊ အပျို(ကြီး) တွေအကြောင်းဟုဆိုလျှင် ပို၍တိကျပေမည်။ အသက် ၃ဝ တန်းတွေဆိုတော့ အရွယ်လွန်နေပြီဟုမဆိုသာသော်လည်း၊
    ဝါးနီးပွိုင့် (warning point) ကိုရောက်နေပြီဆိုတာကိုတော့ လက်ခံရပေတော့မည်။
    အရွယ်လွန်တာမဟုတ်တော့ အရွယ် ဟိုင်း တာဟုဆိုနိုင်သည်။ အခုလို ဟိုင်း လာတဲ့ အရွယ်မှာ ရင်ခုန်သံတစ်ခြမ်း လစ်လပ် နေသေးတဲ့သူတွေမို့ ဟိုင်းလပ် များဟု တင်စားလိုက်ရခြင်းဖြစ်တော့သတည်း…။

    နယူတန့်ရဲ သိပ္ပံအမြင်နဲ့ပဲ ကြည့်ကြည့်၊ ဘုရားဟော နဲ့ပဲ ညှိညှိ၊ အကြောင်းတရားမရှိပဲ အကျိုးတရားမရှိ။ ထိုနည်းတူစွာပင် ဟိုင်းလပ်တို့မှာလဲ
    ဟိုင်းလပ်ဖြစ်လာစေသော အကြောင်းများရှိနေသဖြင့်သာ၊ ဖြစ်ကြရသည်မှာအသေအချာပင်တည်း။
    တစ်ဦးခြင်းအနေဖြင့် အကြောင်းအမျိုးမျိုးဖြစ်နိုင်သော်လည်း၊ အခြေခံအားဖြင့်တော့ ၃ မျိုးသာဖြစ်သည်။

    ပထမတစ်မျိုးမှာ ကိုယ့်ကိုကိုယ်ချစ်တဲ့စိတ်လွန်ကဲသူများဖြစ်သည်။
    ကိုယ့်ကိုကိုယ်ချစ်တဲ့စိတ်ကများနေတော့ တစ်ဘက်လူအပေါ်ချစ်တဲ့စိတ်က ကောင်းစွာမရှင်သန်ပဲ ပမာဏနည်းနေတတ်သည်။ သူတို့မှာ တစ်ကယ်တန်း commit လုပ်ရမယ့် အရေးကြတော့ တွန့်သွားတတ်ကြသည်။ ဒီတော့ လက်တွဲဖေါ်အမှန်တကယ်ရရှိဖို့ရန်မှာ နှောင့်နှေးနေတတ်ပြီး ဟိုင်းလပ်များဘဝရောက်လာကြသည်။ ဒါကို အရပ်စကားနဲ့တော့ အရွေးလွန်တာ ဟုဆိုတတ်ကြသည်။

    ဒုတိယတစ်မျိုးကျတော့ အင်မတန်ချစ်သည်၊ အလွန်ချစ်သည်။
    နူးညံ့ ထိရှလွယ်စွာ ပြင်းပြင်းထန်ထန်ချစ်သည်။ သို့သော် အပေးအယူမျှတအောင်ချစ်ဖို့ကျတော့ မတတ်ဖြစ်နေသည်။ ဒီတော့ အချစ်ခံရတဲ့ တစ်ဘက်လူမှာအခက်အခဲဖြစ်စေတော့သည်။ ဒါ့ကြောင့်လည်း ကိုယ်ကချစ်ပါလျှက် လက်တွဲဖေါ်မမြဲပဲ ဟိုင်းလပ်ဖြစ်လာရလေသည်။

    တတိယအုပ်စုကျတော့ တစ်မျိုးဖြစ်သည်။ သူတို့ကျတော့ ငယ်ရွယ်စဉ်မှာ ချစ်သူ၊ခင်သူ၊မြတ်နိုးသူ ကိုတွေ့ခဲ့သည်။
    တစ်သက်တာလက်တွဲဖေါ်အဖြစ်ဆုံးဖြတ်ပြီးစွဲစွဲမြဲမြဲတွဲခဲ့ကြသည်။ သို့သော် နှစ်အတော်ကြာမှ၊ အကြောင်းအမျိုးမျိုးကြောင့် ဖူးစာမဖက်နိုင်ပဲ
    လမ်းခွဲခဲ့ကြရသည်။ လက်ရှိအသက်အရွယ်၊ အလုပ်အကိုင် နှင့် ပတ်ဝန်းကျင်အနေအထားအရ နောက်တစ်ယောက်တွေ့ဖို့ရာ သိပ်မလွယ်တော့။ ဒီလိုနဲ့ ဟိုင်းလပ် ဖြစ်မှန်းမသိဖြစ်ခဲ့ကြရသည်။

    တစ်ချို့ကတော့ မိသားစုအရေးတွေရှိလို့၊ မိဘ လုပ်ကျွေးနေလို့၊ အပူမရှာချင်လို့၊ အချိန်မတန်သေးလို့ စသည်ဖြင့် အကြောင်းပြချက်ပေးကြသည်။ သို့ပေမယ့် လောကီကို စိတ်ကုန်သွားတာ မဟုတ်သ၍တော့၊ ပြောခဲ့တဲ့ အမျိုးအစား ၃ မျိုးနဲ့တော့ တစ်နည်းမဟုတ်တစ်နည်း ဆက်စပ်နေသည်ချည်းသာဖြစ်တော့ သတည်း..။

    ဟိုင်းလပ် တွေမှာ အသက်အရွယ်ရလာသည်နဲ့အမျှ သူ့အလိုလိုတွေ့ကြုံလာရတတ်သော ပြဿနာလေးများရှိနေတတ်သည်။ ဒါကလည်း အချိန်နဲ့အမျှပြောင်းလဲနေသောပတ်ဝန်းကျင်မှာ မပြောင်းလဲပဲကျန်ရက်ခဲ့ကြသူတို့ ကြုံတွေ့ရတတ်သော သဘောသဘာဝပင်ဖြစ်တော့သည်။
    အိမ်ထောင်ပြုရမယ့်အရွယ်တန်းတွေရောက်လာကြတော့ ပတ်ဝန်းကျင်က အပေါင်းအသင်းတွေမှာ အိမ်ထောင်ရက်သားကျကုန်ကြပြီ။ မိသားစုဘဝထဲမှာ ကြိုးစား၊ ရုန်းကန်၊ လှုပ်ရှားနေကြရပြီ။ သူတို့ရဲ့အားလဒ်ချိန်တွေဆိုတာလဲ မိသားစုအတွက်သာဖြစ်တော့သည်။
    ဒီလိုအချိန်မှာ ဟိုင်းလပ်တွေအတွက် အဖေါ်ရှားပါးစပြုလာပြီ။ ဟိုင်းလပ်ခြင်းအပေါင်းအသင်းပြုပြန်တော့လည်း စရိုက်သဘာဝခြင်းက
    သဟဇာတဖြစ်ဦးမှကိုး။ ကိုယ့်ထက်ငယ်ရွယ်သူတွေနဲ့သွားပေါင်းတော့ရော အလွယ်မှတ်လို့။
    သူတို့သဘောလိုက်မပေါင်းနိုင်လို့ကတော့ ဒီလူပျိုကြီးဟာ အင်မတန်ဂွကျတယ်။ ဒါကြောင့် လူပျိုကြီးဖြစ်နေတာ ဆိုတာမျိုး။ ဒီအပျိုကြီးဟာ အလွန် ဇီဇာကြောင်တယ်၊ ဒါ့ကြောင့်လဲ ယောင်္ကျားမရတာ ဆိုတာမျိုး မှတ်ချက်တွေနဲ့တွေ့ပြီသာမှတ်ပေရော့။
    အစကတည်းက တသီးပုဂ္ဂလနေတတ်သူတွေအတွက် မထောင်းသာလှပေမယ့်၊ အဖေါ်နဲ့ အပေါင်းနဲ့ ပျော်ပျော်ကြီးနေတတ်သူတွေအတွက်ကြတော့ သိသိသာသာဖြစ်လာကြတော့သည်။ ဒါ့အပြင် ဟိုင်းလပ်တွေမှာက သူတို့ရှာတဲ့ဝင်ငွေကို တစ်ကိုယ်ရေတစ်ကာယ
    မပိုလျှံသည့်တိုင်အောင် လောက်လောက်ငငတော့ရှိနေတတ်ကြသည်။ ဒီတော့ ဟိုအိမ်ထောင်ရှင်တွေလို ရုန်းရ ကန်ရ လည်းမရှိလေတော့ အတော်ကလေးကို အားကြပြန်တယ်။ အဲဒီမှာပဲ သူများတွေအတွက်ရှာပါးပစ္စည်းဖြစ်တဲ့ အားလဒ်ချိန်လေးတွေဟာ ဟိုင်းလပ်တွေရဲ့ဘဝထဲမှာတော့ အထီးကျန် ငြီးငွေ့စရာ အချိန်တွေအဖြစ်နဲ့ ပေါပေါများများရှိနေတတ်ကြပြန်ပါရောလေ။ ကြာတော့လည်း ဟိုင်းလပ်တွေမှာ ကွန်ပြူတာက
    အခန်းဖေါ်၊ အင်တာနက်က သူငယ်ချင်း၊ ဖေ့စ်ဘုတ်ခ်က မိတ်ဆွေ၊ ဂျီတော့က စကားဝိုင်း ဖြစ်လာကြတော့တာမဆန်းဘူးပေါ့။

    ဟိုင်းလပ်တွေမှာ နောက်ထပ်တွေ့ရ၊ ကြုံရတဲ့ ကသိကအောက်ဖြစ်စရာကိစ္စတစ်ခုက ပတ်ဝန်းကျင်ကလူတွေရဲ့ အလကားမတ်တင်း ပေးတတ်ကြတဲ့ အကြံပြု မေးခွန်းတွေပါပဲ။ မေးတဲ့သူတွေဘက်က အခြေခံအားဖြင့်ကောင်းစေချင်စိတ်နဲ့လာတတ်ပေမယ့်၊
    စချင်နောက်ချင်တဲ့သဘောလေးတွေလည်း ကပ်ပါလာတတ်သေးတော့ အဖြေမရှိသေးတဲ့မေးခွန်းတွေအတွက် ဟိုင်းလပ်တွေခမျာမှာ
    အောက်သည်းအောက်သက်ဖြစ်ရတော့၏။ ဘယ်တော့လည်းစားရမှာတုန်း၊ နောက်ကျနေပြီနော်၊ မတွေ့သေးဘူးလား၊ ဆိုတဲ့ နောက်တောက်တောက်ပုံစံကတစ်မျိုး။ ကိုယ့်အသက် ၅ဝမှာ သား၊သမီးအသက်က ၁၈ကျော်နေမှနော်..၊ မဟုတ်ရင်တော၊့ ဆိုတဲ့ နည်းပညာပိုင်းဆန်ဆန်
    သုံးသပ်ချက်တွေက တစ်ဖုံ။ အသက်ကြီးလာရင် ဆေးပေးမီးယူ၊ ဘုရားသွားကျောင်းတက်လေးတော့ရှိမှဟ၊ တစ်ယောက်ထဲဆို တုံးလုံးလဲတော့ မခက်လား
    ဆိုတဲ့ ဂရုဏာသဘောလေးက တစ်ဘာသာ၊ ကြားရတတ်စမြဲပင်။ ဒီလိုစကားလုံးတွေကို နားမလည်တာ၊ လက်မခံနိုင်တာ မဟုတ်ကြပေမယ့်၊ ဟိုင်းလပ်တွေမှာလည်း ပြန်ပြောစရာစကားကမဲ့နေတတ်ကြစမြဲ။ မချိသွားလေးဖြဲပြီး အဟင်း..ဟင်း…
    ပရိုမိုးရှင်းချပြီးတော့ကို အမြန်ရှာနေတာ၊ နောက်နှစ်မှမတွေ့သေးရင်တော့ ရတာပဲပေါ့လေ၊ ဖေ့စ်ဘုတ်မှာတော့ ဓါတ်ပုံတွေ ဝေဝေဆာဆာနဲ့ကိုရှာနေတာပါပဲ၊
    စသည်ဖြင့် ပြန်ဖြေရအောင်လည်း အခက်မဟုတ်လား..။ ဖြစ်ချင်လို့ဖြစ်နေကြတာမဟုတ်ပါဘူးလို့ပြောပြီးပြီပဲ….။

    ဒီကြားထဲ တစ်ချို့အိမ်ထောင်ရှင်တွေကလုပ်လာတတ်ကြသေးတယ်။ အိမ်ရှင်မတွေလုပ်ပုံကြည့်။

    *“တစ်နေ့ တစ်နေ့ ရုံးကပြန်ရင် ချက်ရ ပြုတ်ရ လျှော်ဖွတ်ရ၊ အိမ်ရှင်းရ၊ အိမ်ကလူ မနက်ရုံးအမှီဟင်းလေးပြန်နွေးရ၊ ကလေးကတစ်ဖက်နဲ့ မလွယ်ပါဘူးကွယ်..။ ငါ့သူငယ်ချင်းပဲအေးပါတယ်၊ တစ်ကိုယ်တည်း အပျိုကြီး၊ အပူအပင်ကင်းတယ်….။”*ဆိုတာမျိုးတွေလာပြောတတ်တာ။ ဟိုင်းလပ်
    သူငယ်ချင်းရဲ့ဘဝကိုပဲ သူကပဲပြန်အားကျနေသယောင်ပါးစပ်ကပြောပေမယ့်လို့၊ ချိုးလာတဲ့ အချိုးက၊ အဲဒီလိုဒုက္ခလေးတွေကိုက သာယာဖို့ကောင်းနေတာ အပျိုကြီးရဲ့၊ ညည်းလဲ ကြိုးစားဦး လို့ပြောချင်မှန်းကသိသာနေရော။ အဲသလိုပင်ပမ်းတာလေးကိုမှ ယောင်္ကျားနားကပ်ပြောလိုက်ရရင် သုခတွေကိုဝေလို့… ဒါတွေညည်းမသိပါဘူးအေ… ဆိုတဲ့ အထာမျိုးကလည်း ကိုင်ထားတတ်သေးတာ။ အိမ်ထောင်ရှင်အထီးတွေကရောဘာထူးလို့တုန်း။

    *“မိန်းမယူထားတာ ဒီတစ်ခုတော့ကောင်းတယ်ကွ၊ စားချိန်သောက်ချိန်မှန်တယ်၊
    စားရသောက်ရတာလည်း အဆင်ပြေတယ်လေ။ အဝတ်အစားဆိုလဲ သူထုတ်ပေးထားတာ ဝတ်လိုက်တာရုံပဲ။ အိမ်ခန်းလေးလည်း သပ်သပ်ရပ်ရပ်၊ ကိုယ်တစ်ယောက်ထဲတုန်းကတော့ ရှုပ်ပွနေတာကိုး…”*ဆိုတာမျိုးတွေလုပ်လာတတ်တာ။
    *“မင်းရော၊ မရှာသေးဘူးလား။ တစ်ယောက်တည်းပဲ နေတော့မှာလား”*ဆိုတာလေးတွေကပါလာတတ်ပြန်ရော။ တစ်ခုတော့ ကောင်းတယ်ကွ
    ဆိုပြီး သူ့မိန်းမကောင်းကြောင်းပြောသွားလိုက်တာ နားထောင်နေရတဲ့ ဟိုင်းလပ်မောင်မောင်မှာ ပြန်ပြောဖို့တောင့် အခွင့်ကမရ။

    အနောက်တိုင်းမှာဆို အသက် ၄ဝ ကျော်လာတဲ့ ယောင်္ကျားလူပျိုတွေဟာ မေးခွန်း ၃ခုကို တစ်ခုပြီးတစ်ခု ဆက်တိုက်မေးတာခံရတတ်သတဲ့။ ပထမက How old are you? ပေါ့။
    ဖြေတဲ့သူက ၄ဝ ကျော်နေကြောင်းဖြေမိတယ်ဆိုရင်ပဲ Are you married? ဆိုတဲ့ ဒုတိယမေးခွန်းက ကပ်ပါလာတတ်သတဲ့။ အဲဒီမှာများ No, not yet. လို့ဖြေမိရင်တော့ နောက်ဆုံးမေခွန်းကြီးကို ကြုံရပါတော့သတဲ့။ အဲဒါကတော့ Are you gay? ဆိုပဲ..။

    ဒီလိုနဲ့ ကြာလာတော့ ဟိုင်းလပ်တွေဟာ လူ့ဘဝမှာ လုပ်ရမယ့် တာဝန်တစ်ခုကို မထမ်းဆောင်လို့ဆိုတဲ့ပုံစံမျိုးနဲ့ အပြစ်တင်ခံနေရသယောင်၊
    လုပ်နိုင်စွမ်းမရှိလို့၊ မလုပ်ဝံ့လို့ ဆိုတဲ့ပုံစံနဲ့ အထင်မြင်သေးခံနေရသယောင် သူတို့စိတ်မှာထင်ဟပ်လာတတ်ကြပါရော..။ ပတ်ဝန်းကျင်ရဲ့လွမ်းမိုးမှုကြောင့် ငါများ တစ်ခု၊ ခုမှာယွင်းနေရောသလားဆိုတဲ့ အတွေးတွေလည်းဝင်လာတတ်ပါရောလေ။

    အမှန်တော့ ဟိုင်းလပ်တွေ သေသေချာချာမတွေးကြည့်လို့ပါ။ နေတတ်ရင် ကျေနပ်စရာတောင်ကောင်းနေသေးတယ်ဆိုတာ မမြင်မိသေးတာပါ။ ဟုတ်တယ်လေ၊ လူ့ဘဝမှာ လူရယ်လို့ဖြစ်လာရင် အိမ်ထောင်သားမွေး ကိစ္စကို တာဝန်တစ်ခုလိုထမ်းဆောင်ကြရတယ်ဆိုတာကတော့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါ။
    အဲဒီလိုထမ်းဆောင်ချင်အောင်လဲ သဘာဝတရားကြီးက အဲဒီအိမ်ထောင်သားမွေးကိစ္စတွေထဲမှာ ကြည်နူးမှု၊ ပျော်ရွှင်မှု၊ အသိုက်အမြုံရဲ့နွေးထွေးမှု
    ဆိုတဲ့မက်လုံးတွေကိုပေးထားပါတယ်။ ဒီတာဝန်တွေကို မထမ်းဆောင်သူတွေအတွက်တော့ အဲသည်မက်လုံးတွေမရနိုင်တာတော့ အသေအချာပေါ့လေ။ ဒါပေမယ့်၊ ဒီတာဝန်ဆိုတာကလည်း စမိရင် ဆုံးတယ်မှမရှိပဲကိုး..။ သားသမီးလူလားမြောက်လို့ ပြီးမယ်မထင်နဲ့ဦး၊
    မြေးလေးတွေ ထိမ်းရဦးမှာ။ ပြတ်အောင်ဖြတ်မယ်ဆိုတော့ လွယ်သလား။ ဘယ်မှာလဲ ဘဝရဲ့နေဝင်ချိန်အတွက် ပြင်ဆင်ဖို့၊ သံသရာခရီးအတွက်ရော အချိန်ပေးနိုင်ပါ့မလား..။ တာဝန်တွေက စခဲ့ပြီကိုး။ ဒုတိယ အရွယ်ကတည်းက စခဲ့လိုက်တာ၊ ကိုယ့်မိဘတွေပြန်ကြည့်ဖို့တောင်ခပ်ခက်ခက်မဟုတ်လား။ စိတ်ကတော့ရှိပါရဲ့၊ သို့ပေမယ့် အမေတို့က ဘုရားဖူးမသွားရလဲ အိမ်ကဘုရားဖူးလို့ရတာပဲ။ ကလေးတွေ ကျောင်းစရိတ်က မရှိမဖြစ်မဟုတ်လား။ အဖေ့က၊ ကိုယ့်အင်္ကျီတစ်ပါတ်နွမ်းလေးတွေ ဝတ်ရပါတယ်။ အဖေတို့ကဘယ်များသွားစရာရှိတာမှတ်လို့။ မိန်းမက မိန်းမ ဆိုတော့ဝတ်ချင်စားချင်မှာ၊ ဝယ်ပေါ့ကွာ..။ ကလေးတွေ လူတစ်လုံး၊ သူတစ်လုံးဖြစ်ဖို့ဆိုတာလည်း ခုခေါတ်မှာရှာနိုင်ပါမှ။ သားသမီးတွေ စောစောအရွယ်ရောက်တော့ လည်း၊ မြေးကလေးတွေကသံယောဇဉ်တွယ်ရပြန်တယ်။ သူတို့က ကလေးမွေးဖူးတာမဟုတ်တော့ အဖွားလုပ်သူကပဲ အစစအရာရာပေါ့ ဆိုတာမျိုးဖြစ်ပြန်ရော။
    အဲ…. ဟိုင်းလပ်ဖြစ်ရတာ နှစ်တွေနည်းနည်းကြာလာတော့မှ၊ ကံကောင်းတယ်ဆိုမလား၊
    ကံဆိုးတယ်ဆိုမလား၊ ဖူးစာရှင်တွေ့ရောဆိုပါတော့။ သာလို့တောင်ခက်တော့မှာနော်..။
    ထမ်းရမယ့်တာဝန်ကြီးက ပခုံးပေါ်ရောက်လာပြီ။ ကိုယ်ကအသက်ကလေးရလာပေမယ့် ကလေးတွေကငယ်နေသေးတော့၊ သေသွားမှာတောင် သူများထက်ပူရပင်ရပြန်ရော။ ဟိုင်းလပ်ဘဝ ကြာကြာနေခဲ့စဉ်က မိဘကိုပြန်ကြည့်နိုင်ခဲ့ပြီပဲထား၊ သူ့ခမျာ အသက်ရလာမှ သားစာ၊
    သမီးစာရှာရဖွေရ၊ ရုန်းကန်ရနဲ့ သေဖို့တောင် မတွေးရဲ။ အသေတတ်ဖို့၊ ပြင်ဆင်ဖို့၊ သံသရာအတွက်စဉ်းစားဖို့…အင်း… ဝေးပါတယ်လေ။

    ဒီတော့ ဒီတာဝန်တွေဟာ လုံးဝမယူပဲ နေလို့ရပါသလား။ ရပါသေးတယ်။ နောက်ကျမှသာ ကောက်ခါငင်ကာ မယူမိဖို့အရေးကြီးပါတယ်။ ဒီတာဝန်တွေ မယူရင်တော့ သူနဲ့တွဲလာတတ်တဲ့ သာယာမှု၊ ကြည်နူးမှု ဆိုတဲ့ မက်လုံးတွေတော့မရတာအသေအချာပေါ့လေ။ အဲဒီတာဝန်တွေနဲ့
    လုံးချာလည်လိုက်နေတဲ့ အိမ်ထောင့်ရှင်တွေက ဒါကိုမြင်ချင်မှမြင်နိုင်ပေမယ့် ဟိုင်းလပ်တွေကတော့ မြင်အောင်ကြည့်သင့်တယ်နော်။ အထူးသဖြင့် ကိုယ်က နောက်ကျမှစမယ် စိတ်ကူးနေရင်ပေါ့လေ။ ဒီတာဝန်တွေကို မယူပဲ ဒို့ကတော့ မနေနိုင်ပေါင်ဟေ့..ဆိုရင်တော့ အမြန်သာ စ ကြပေတော့။ ဖြစ်တဲ့နည်းနဲ့သာ
    စတင်နိုင်အောင်ကြိုးစားကြပေတော့။ အဲ… သိပ်နောက်ကျသွားရင်တော့၊ မပြင်ဆင်ရခင် အသေဦးလိမ့်မယ်နော။

    အဲသည်တာဝန်တွေမယူတော့ ဘာတွေ ဆိုးကြိုးရှိနိုင်ပါသလဲ။ ရှိပါတယ်။ ဒုတိယအရွယ်မှာ အထီးကျန်ဆန်နေပါ့မယ်။ ဒါကတော့ ရှောင်လွှဲလို့မရပါဘူး။ ဒါပေမယ့် အဲသည်အရွယ်မှာ ကိုယ့်ရဲ့ အားလဒ်ချိန်တွေကို အထီးကျန်အချိန်တွေအဖြစ်ကုန်လွန်စေမလား။
    ဒါတော့မဖြစ်သေသင့်ပါဘူး။ ဒီတော့ကာ ပတ်ဝန်းကျင်အကျိုးရှိအောင် တစ်ခုခုလုပ်မလား။
    ဘဝနေဝင်ချိန်ကို တစ်ကိုယ်တည်းဖြတ်သန်းဖို့ရာကြိုတင်ပြင်ဆင်မှုတွေလုပ်နေမလား။
    သံသရာအတွက်ကောင်းအောင်လုပ်မလား။ ကိုယ့်အပေါ်ပဲမူတည်ပါပြီ။ ကောင်းနေပြီနော်။
    ဟိုသူတွေမှာ ဒီလိုရွေးချယ်ခွင့်တွေမရှိဘူးရယ်။ ကိုယ့်မှာက ကိုယ့်စိတ်ကြိုက်။
    တတိယအရွယ်ရောက်ပြီဆိုပါတော့။ သေချာတယ်၊ ဆေးပေးမီးယူ မရှိပါဘူး။
    ဘုရားသွားကျောင်တက် တစ်ယောက်တည်းပါပဲ။ ဘာဖြစ်သေးလဲ။ ကိုယ်က ဆေးကို ကိုယ့်ဖာသာယူနိုင်အောင်စီစဉ် ပြင်ဆင်ထားပြီးပြီမဟုတ်လား။ ဘုရားသွားတော့ရော တစ်ယောက်ထဲဆိုပိုတောင် ပြတ်သေးတယ်။ တောတောင်ထွက်ဖို့မလိုဘူး။ တောထွက်တယ်ဆိုတာ နောက်ကလိုက်မဲ့သူတွေရှိလို့ ဖြတ်ရတဲ့သဘောပဲ။ ကိုယ့်မှာက ဖြတ်စရာအထွေအထူးမရှိလေတော့ မြို့ထဲနေရင်တောင် တောထွက်ပြီးသား။ ပြီးတော့ ဘဝနေဝင်ချိန်မှာ တစ်ယောက်တည်း အထီးကျန်တယ်ဆိုတဲ့ ကိစ္စက၊ အိမ်ထောင်ပြုတာ၊ မပြုတာ၊ သား၊သမီး ရှိတာ၊ မရှိတာနဲ့မဆိုင်ဘူးနော်..။
    ကိုယ့်ကံကြမ္မာနဲ့ပဲဆိုင်တယ်။ အိမ်ထောင်ဘက်က ကိုယ့်ထက်စောစော လွန်ခဲ့ရင်လည်း၊ ကိုယ်တစ်ယောက်တည်းဖြစ်မှာပဲ။ သား၊သမီး ဆိုတာက ခုခေါတ်မှာပိုတောင် အားမထားလောက်သေးတယ်။ ကလေးတွေ အများကြီးပျိုးထောင်ခဲ့ပေမယ့် အသက်ကြီးမှ တစ်ယောက်တည်း တိုက်ခန်းလေးထဲမှာ အိမ်ငှားတွေ အဖေါ်ပြုနေရရှာတဲ့ လူကြီးတွေ၊ စင်္ကာပူမှ ဒုနဲ့ဒေးနော်။ ကဲ… ဒုတိယ အရွယ်မှာ ဟိုသူတွေကသာသယောင်ထင်ရပေမယ့်၊
    တတိယအရွယ်မှာတော့ ဘယ်သူမှ မသာတော့ဘူးနော်။ ကိုယ်ကကြိုပြင်ဆင်ထားတဲ့သူဆိုရင်တော့ ဟိုင်းလပ်တွေကတောင်သာနေတာအမှန်ပဲမဟုတ်လား။ ကဲ.. နေဝင်ချိန်ရောက်ပါပြီတဲ့ ကိုယ့်မှာက ပူပင်ပြီးချန်ခဲ့ရမယ့်သူမရှိဘူး။ ရှာထားခဲ့တဲ့ဟာတွေ သုံးမကုန်ရင် အကျိုးပြုလိုက်ဦး လိုအပ်နေသူတွေကို။ သေခါနီး ငိုသံမကြားရင် ငြီမ်းငြီမ်းချမ်းချမ်းသေရတယ်မှတ်။ ကိုယ်ကသာ အဲဒီအချိန်အတွက် ပြင်ဆင်ထားပြီးသားဆိုရင် သေရမှာကို ကြောက်မှာမဟုတ်တော့ဘူး။ ဟိုတွေခမျာမှာတော့ အမွေတွေခွဲရ၊ မှာတမ်းတွေခြွေရ၊ ပြင်ပြင်ဆင်ဆင်လဲ အချိန်က မပေးနိုင်ခဲ့ရင်တော့၊ တွေးသာကြည့်တော့။

    လောကကြီးက တရားမျှတပါတယ်။ သူက အကောင်းနဲ့ အဆိုးဆိုတာကိုတွဲပေးနေကျပါ။
    အိမ်ထောင့်ရှင်တွေရဲ့ဘဝမှာ ကောင်းတာတွေရှိသလို ဆိုးတာတွေရှိတယ်။
    ဟိုင်းလပ်တွေမှာလဲ ဒီလိုပါပဲ။ ဒီတော့ကာ ကိုယ့်ကိုကိုယ်ဘာများမှားနေသလဲ မတွေးပါနဲ့၊ မမှားပါဘူး။ မှန်အောင်မြင်တတ်ဖို့ပဲလိုတာပါ။ တစ်ခုပဲသတိထားပါ။ ကိုယ့်အချိန်တွေကို အထီးကျန်အချိန်တွေအဖြစ် မကုန်ဆုံးစေပါနဲ့။ ကိုယ်က အိမ်ထောင်သားမွေးတာဝန်ကို မယူထားတော့ ဒီနေရာမှာတော့ သူများထက်ပိုပြီးအားထုတ်ပြင်ဆင်ရပါလိမ့်မယ်။ ပြင်ဆင်ပါ။
    တတိယအရွယ်အတွက်ပြင်ဆင်ပါ။ နေဝင်ချိန်အတွက် နားခိုရပြင်ဆင်ပါ။ သံသရာခရီးအတွက် အကျိုးရှိအောင်ပြင်ဆင်ပါ။ မိဘတွေကိုတတ်နိုင်သလောက်ထောက်ပံ့ပါ။ ကိုယ့်ကြောင့် သူတို့ အိုဇာတာကောင်းသလို ကိုယ်လဲ ကောင်းပါလိမ့်မယ်။ အချိန်လွန်မှတော့
    မနေနိုင်တော့ပါဘူးဆိုပြီး ကောက်ခါငင်ကာ အိမ်ထောင်သားမွေးဘဝထဲရောက်မသွားအောင်တော့ဂရုစိုက်ပေါ့နော။ အဲ.. ယူမယ်ဆိုလဲ…။
    ပြောခဲ့ပြီးတဲ့အတိုင်း မြန်မြန်လေးဆရာရေ့ပေါ့။ အဲ… တာဝန်တွေလဲ မယူချင်၊ ပြင်ဆင်တာတွေလဲ ပေါ့လျော့နေတဲ့ ဟိုင်းလပ်ကြီးတွေကတော့
    ဇတ်သိမ်းမလှနိုင်ဘူးထင်ပါတယ်။ အိမ်ထောင်ရှင်တွေမှာ ပျောက်ဆုံးနေတဲ့ အခွင့်အလန်းတွေကိုယ့်ဆီမှာရှိနေပြီဆိုတာကို မြင်တတ်၊ ယူတတ်၊ ဖမ်းဆုပ်တတ်၊ အသုံးချတတ်ဖို့သာလိုပါတယ်ဆိုတဲ့ အကြောင်းပြောရင်း……….. ကျနော်လဲ.. ဟိုင်းလပ် ပါပဲဗျာ..

  • intro

    May 26, 2011 at 3:26 am

    ဘာပဲ ပြောပြော စိတ်ကို ပေါ့ပါးသွားစေတဲ့ ဝတ္ထုတို တစ်ပုဒ်ပါဗျာ… ရေးတဲ့သူကို ချီးကျူးပါတယ်… နောင်လဲ အဲလို ဇာတ်လမ်းလေးတွေ များများ ရေးနိုင်ပါစေ…… ။

  • maythakhin

    May 26, 2011 at 5:17 am

    ” အစ်မ…….. ကျွန်တော် အားနာနာနဲ့ပဲ ပြောတော့မယ် … အစ်မ ထမိန်ဇောက်ထိုးကြီး ဝတ်ခဲ့မိတယ်တဲ့ … အထက်ဆင်က အောက်မှာဖြစ်နေတယ် … ဆိုလို့ ပြောရဦးမယ်။ အပျိုကြီးအကြောင်းပြောနေတာကနေ ထပြီးဖောက်တယ်လို့တော့ မထင်လိုက်ကြပါနဲ့ရှင်။ အခုက အိမ်ထောင်သည် တွေပြောနေတဲ့ အကြောင်းလေးပါ။ အိမ်ထောင်ရှင်မိန်းမတွေက ပြောတတ်ကြတယ်။(အကြီးတွေကိုပြောတာနော်)“ ကျွန်မတို့က အထက်ဆင့်တွေလေ၊ဘာဖြစ်လို့လဲဆိုတော့ လူတောထဲကို အထက်ဆင့်ဇောက်ထိုးနဲ့သွားလို့မရဘူး၊ အထက်ဆင်က ခါးမှာပဲထားဝတ်လို့ရတာ။ ဒီလိုပဲ လူတောထဲကိုသွားမယ်ဆိုရင် ——————– တွေးကြည့်ကြပေါ့ ဟိဟိ

  • maythakhin

    May 26, 2011 at 5:20 am

    etone ရေ …… ချီးကျူးဖို့ကျန်ခဲ့လို့ ထပ်ရေးပေးလိုက်တယ်။ very good idea

  • ဆူး

    May 26, 2011 at 6:25 am

    ထမိန် ဇောက်ထိုး အကြောင်း အခုမှ သတိရတယ်.. ၂နှစ် ၃နှစ်လောက်အရွယ်တုန်းက ရိုက်ထားတဲ့ ထမိန်ဇောက်ထိုးကြီးဝတ်ပြီး ရိုက်ထားတဲ့ ဓါတ်ပုံတောင် ရှိသေးတယ်။ အဲဒီတုန်းကတော့ မှားလို့ မှားမှန်းလည်း မသိ ဓါတ်ပုံရိုက်ခံထားတာ အခုထိတောင် ရှိသေးတယ်။

    • etone

      May 26, 2011 at 6:36 am

      ရှိလျှင်ပို့စ်တင်လိုက်လေ …. ဟီဟီ 😛

    • king

      May 26, 2011 at 9:42 am

      ဒါဆိုရင် ပြလေဗျာ
      ဓါတ်ပုံကို ပြောတာနော်
      😛

  • နွယ်ပင်

    May 26, 2011 at 6:58 am

    etone ရေ အရေးအသားကောင်းသလို ဇာတ်လမ်းလေးက ဆွဲဆောင်ဆောင်မူလဲရှိတယ် အရမ်းကောင်းပါတယ်

    • etone

      May 26, 2011 at 7:44 am

      နွယ်ပင် ပျောက်နေပါလား ….။ တရေးနိုးလာတာလား 🙂

      • နွယ်ပင်

        May 26, 2011 at 8:33 am

        ဟုတ်တယ် etone ရေ အလုပ်ကများနေတော့ ကိုယ်သံယောဇဉ်ရှိတဲ့ ဒီဆိုဒ်လေးထဲကို တောင် မှန်မှန် မ0င်နိုင်တော့ဘူးဖြစ်နေတယ် အခုလဲ အားတာနဲ့ ဒီဆိုဒ်ကို အရင်0င်ဖြစ်တာ 0င်0င်ချင်းပဲ etone ရဲ့ ပို့စ်လေးကိုပဲ ဖတ်ပြီး အမောပြေသွားတာပေါ့ .. ဆက်ရေးပါဦး အားပေးနေမယ်နော် ..

  • unclegyi1974

    May 26, 2011 at 3:59 pm

    အိတုန် ကယုတ်တိကြီးနဲ့ရေးသွားတာ
    အခုခေတ်အပျိုကြိီးဆိုသူတွေထမိန်ကောဝတ်တတ်သေးလားဗျာ
    ရုပ်ရှင်တွေစာအုပ်တွေထဲကြည့်ရသလောက်
    ထမိန်ဝတ်တဲ့မိန်းကလေးမမြင်မိဖူးလားလို့
    ဘာပြောပြောစိတ်ဝင်စားအောင်ရေးနိုင်ပါတယ်
    ကုန်းရှိီကုန်းရှီ

  • MaMa

    May 27, 2011 at 2:07 am

    (ဟိုင်းလပ်ခြင်းအပေါင်းအသင်းပြုပြန်တော့လည်း စရိုက်သဘာဝခြင်းက
    သဟဇာတဖြစ်ဦးမှကိုး။)
    ခေတ်တွေပြောင်းကုန်လို့လား မသိ။ ကိုယ့်လိုပဲ ဟိုင်းလပ်တွေကလည်း များမှများ။ စရိုက်သဘာဝချင်း တူလို့ကတော့ ကျောင်းတုန်းကအချိန်တွေကို သနားတယ်။ ကလေးတွေလိုပဲ စုပြီး သွားကြစားကြ တာဝန်တွေလည်းနည်း၊ အချိန်တွေလည်းများ ဆိုတော့ ပျော်ပျော်ပါးပါးပါပဲ။ (ကိုယ့်ထက်ငယ်ရွယ်သူတွေနဲ့သွားပေါင်းတော့ရော အလွယ်မှတ်လို့။)
    ကိုယ်တွေ့သမျှ ငယ်ရွယ်သူတွေကပဲ အလိုက်သိလို့လား။ ကိုယ်ကပဲ တော်လွန်းနေလို့လားတော့ မသိဘူး။ ပေါင်းရသင်းရတာ ဂွတီးဂွကျ မဖြစ်ပါဘူး။

Leave a Reply