အိမ်လွမ်းသူ

zoxnetMay 1, 20101min1255
4

ကျွန်တော့်ဘဝမှာ ကလေးဘဝကနေ၊ လူပျိုဘဝအထိ အိမ်နဲ့မခွဲခဲ့ရဖူးပါဘူး။ ပထမဆုံး ကျွန်တော် အိမ်နဲ့ခွဲခွာရတဲ့ အချိန်ဟာ ကျွန်တော်ရဲ့ လူပျိုမသိုးတသိုး အချိန်ပါ။ ကျွန်တော့် ပညာရေး ကိစ္စနဲ့ Middle East ကို ထွက်ခွာလာခဲ့ရတာပါ။ ကလေးဆန်တယ် လို့ပဲ ပြောပြော၊ ရေခြားမြေခြားကို ရောက်ရောက်ချင်း နေ့မှာပဲ၊ ကျွန်တော့် မျက်လုံးက မျက်ရည်တွေ ထွက်လာခဲ့ရပါတယ်။ အဲ.. အရှေ့မှာ လူပျိုမသိုး၊ တသိုး အချိန်လို့ ဘာလို့ပြောရတာလဲ ဆိုတော့ အဲဒီအချိန်လေးမှာ ကျွန်တော့် ချစ်သူလေးနဲ့ ပျော်လို့ကောင်းနေတဲ့ အချိ်န်မို့လို့ပါ။ (နောင်အခါ ကျွန်တော့်ဇနီးလေး ဖြစ်လာမယ့် သူပေါ့) အဲလို အချိန်မျိုးမှာ ကျွန်တော် ချစ်သူလေးကိုရော၊ အိမ်ကိုရော ခွဲခွာခဲ့ရတာပါ။ ကျွန်တော်က ဆွေမျိုး သိပ်ခင်တတ်တဲ့သူ မဟုတ်တော့ home sickness နဲ့ ပတ်သက်ရင် အဓိက အားဖြင့် မိဘတွေကိုပဲ လွမ်းတဲ့စိတ်ရှိတာပါ။ နောက်ကိုယ့် နိုင်ငံပေါ့။ အထူးပြုတာကတော့ ချစ်သူကိုပေါ့။ အဲလို ပြောရင် တချို့တချို့က ပြောကြမယ်ထင်တယ်။ ဒီလူ မိဘကိုတော့ အထူးမပြုပဲ ချစ်သူကို အထူးပြုတယ် ဆိုပြီးတော့လေ။ မိဘတွေဆိုတာ သားသမီးတွေ အများကြီး မွေးထားတယ်ဗျာ။ ဘယ်လိုပဲ ဖြစ်ဖြစ် သားသမီးတို်င်း ကတော့ မိဘအပေါ် အနည်းနဲ့ အများတော့ ချစ်ကြတာပဲ။ မိဘကလည်း သားသမီး အယောက်တို်င်းကို ပုံစံတစ်မျိုးစီနဲ့ ချစ်ကြတာပဲ။ အဲ.. ဒီလိုဆိုတော့ သားသမီးတွေထဲက တစ်ယောက်လောက် အဝေးရောက်ချိန်မှာ အဲဒီ သားသမီးအပေါ် လွမ်းတဲ့စိတ် ဖြစ်လာပေမယ့် ဖြေသိမ့်စရာ တခြားသားသမီး တွေရှိတယ်ဗျာ။ သူတို့အပေါ် အနီးအကပ်နေပေးမယ့်၊ သူတို့ကို အချစ်တွေပေးမယ့် သားသမီးတွေ အနားမှာ ရှိနေသေးတယ်ဗျာ။ ကဲ.. ချစ်သူဆိုတာက။ သစ္စာပြည့်ဝတဲ့ ချစ်သူတွေမှာ ကိုယ့်ရဲ့ချစ်သူ အဝေးရောက်သွားရင်၊ ဒါမှမဟုတ် ကိုယ် ချစ်သူဆီကနေ အဝေးကို သွားလိုက်ရရင် ဖြေသိမ့်စရာ ဘယ်လို ချစ်သူရှိမလဲ။ အလွမ်းတွေကို ဖက်တွယ်ထားရမှာလေ။ ဒါ.. သစ္စာရှိတဲ့ ချစ်သူတွေကို ပြောတာနော်။ အဲဒါကြောင့် ချစ်သူကို အထူးပြုထားတာပါ။ အင်း… ဒါနဲ့ အဝေးကနေ လွမ်းတိုင်း အလွမ်းပြေစရာ ဆိုလို့ ဖုန်းတွေပဲ ကောက်ကောက် ဆက်ရတာပေါ့။ အဲဒီတုန်းက အခုလို အင်တာနက်တွေ ဘာတွေမှာ သိပ်ခေတ်မစားသေးတာကိုး။ နိုင်ငံခြားက ကျွန်တော့် အပေါင်းအသင်းတွေကတောင် ကျွန်တော့်ကို only for call ဆိုပြီး နာမည်ပေးကြတဲ့ အထိပေါ့။ အဲဒီအချိန်တုန်းကလည်း ကျွန်တော့်ချစ်သူလေးနဲ့က လူမသိ၊ သူမသိ ချစ်နေရတာဆိုတော့ သူ့အိမ်ကို ဖုန်းဆက်တဲ့နေရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတာပေါ့။ ဒါပေမယ့် လွမ်းတော့လည်း အမျိုးမျိုး ကြိုးစားပြီး ၂ မိနစ်၊ ၃ မိနစ် လောက် စကားပြောဖို့ အတော်လေး ဒုက္ခခံခဲ့ရပါတယ်။ ပညာသင်နှစ်ပြီးလို့ ပြည်တော်ပြန်ခါနီး အချိန်မှာတော့ ကျွန်တော့်လောက် ပျော်မယ့်သူ နောက်ထပ်မရှိတော့ဘူးပေါ့။ အထူးပြုလေး အနားကို ပြန်ရောက်တော့မယ်ဆိုတော့ ဘယ်လောက် ပျော်လိုက်မလဲ။ ကျွန်တော့်ရဲ့ ပထမဆုံး အိမ်လွမ်းသူ ဘဝလေးဟာ အဲဒီမှာ အဆုံးသတ်ခဲ့ပါတယ်။ ဒီလိုနဲ့ နောက်နောင် ကာလတွေမှာလည်း ကျွန်တော်တို့ ချစ်သူနှစ်ဦးအကြား ဘယ်တော့မှ မခွဲဘူးလို့ အထပ်ထပ် ကတိတွေ ပေးခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီကတိတွေကို အထပ်ထပ်အခါခါပဲ ဖျက်ခဲ့ရပါတယ်။ အလုပ်ကိစ္စအမျိုးမျိုးကြောင့် ပြည်ပသွားရတိုင်း ကတိတွေပျက်ခဲ့ရသလို ကျွန်တော့်ရဲ့ home sickness ဟာလည်း မလျော့သော အင်အားနဲ့ ကျွန်တော့်အပေါ်မှာ နှိပ်စက်မြဲ၊ နှိပ်စက်နေခဲ့ပါတယ်။ နောင်တချိန်မှာ ကျွန်တော်နဲ့ ကျွန်တော့်ချစ်သူလေး လက်ထပ် ခဲ့ပါတယ်။ ဒန့်.. တန့်..တန့်။ အဲ… အဲဒီအချိန်မှာလည်း ကျွန်တော်တို့ နှစ်ယောက် ကတိတွေ ကို အရင်အတို်င်း ပြုခဲ့ကြပြန်ပါတယ်။ အတတ်နိုင်ဆုံးလည်း တစ်ယောက်နဲ့ တစ်ယောက် အနီးကပ်နေခဲ့ကြပါတယ်။ လက်ဖဝါးနှစ်ခု အမြဲတွဲထားခဲ့ပါတယ်။ အတူတူနေထိုင်၊ အတူတူသွားလာပြီး အတူတူ စားသုံးကြပါတယ်။ အင်း… ဒါပေမယ့် ကျွန်တော်တို့ ထပ်ခွဲကြရပြန်ပါတယ်။ ဘယ်လိုလုပ်မလဲ။ အဲဒီ အိမ်လွမ်းသူ ဆိုတဲ့ ဂုဏ်ပုဒ်ကြီးက ကျွန်တော့်နောက်ကို အမြဲတမ်း လိုက်နေသလိုပဲ။ အခုထက်အထိပေါ့။ ဘဝကို ပြည့်စုံဖို့ ကြိုးစားနေကြတဲ့သူတွေမှာ အဲဒီ ဂုဏ်ပုဒ်တစ်ခုကတော့ အချိန်တစ်ချိန်အထိကို ရှိနေဦးမှာပါ။ အိမ်နဲ့ ခွဲခွာနေရဦးမှာပါ။ တအားချစ်တဲ့သူတွေကိုလည်း ထားခဲ့ရဦးမှာပါ။ အိမ်လွမ်းသူလို့ ခေါင်းစဉ်တက်ပြီးတော့ ကျွန်တော်လိုပဲ ချစ်သူတွေကို လွမ်းနေကြဦးမှာပါ။

5 comments

  • susunosuki

    May 1, 2010 at 11:58 am

    အရင်တုန်းကတော့လွမ်းပါတယ်
    နောက်ပိုင်းတော့အကျင့်ဖြစ်တာကတစ်ကြောင်း
    အလုပ်ကများတာကတစ်ကြောင်းမလွမ်းတော့ဘူး

  • kopauk mandalay

    May 1, 2010 at 4:11 pm

    နောက်တစ်ခါအိမ်ကိုမလွမ်းရအောင် အိမ်ကနေဝေးဝေးသွားရတဲ.အလုပ်တွေကို
    မလုပ်နဲ. အိမ်မလွမ်းရအောင် အိမ်မှာအိမ်ဆိုင်ဖွင်.ထားပါလို. အကြံပေးချင်ပါတယ်။

  • အိမ်လွမ်းသူ

    May 4, 2010 at 3:30 pm

    ဒို့လဲအိမ်ကိုလွမ်းနေသူတစ်ယောက်ပါ …….
    ဒါပေမဲ့ လွမ်းစရာချစ်သူတော့ မရှိပါဘူး……..
    အထူးသဖြင့် မိဘနှင့် နိုင်ငံကိုပေါ့…………

  • သာမိညောင်

    May 4, 2010 at 6:07 pm

    ဒို ့ကတော့ အိမ်ကို မလွမ်းဘူး အိမ်ကို သာယာစေချင်တယ်
    ဒို ့အိမ်ကို မသာယာ အောင်လုပ်တဲ့ သူတွေကို မသာဖြစ်အောင် လုပ်ချင်တယ်
    ရင့်ရင့်သီးသီးဖြစ်သွားရင် ဆောရီးနော်
    ကျေးဇူးပြုပြီး အိမ်လွမ်းတဲ့အကြောင်း တွေမရေးကြပါနဲ ့ အိမ်ကို ဘယ်လို ကာကွယ်ဆောင့်ရှောက်ရမယ် ဆိုတာကို ့ ့ ့ ့ ့ ့ ့ ့

Leave a Reply