ဟာသလေးများ – 3

meengelayMay 24, 20111min601

” အင်တာနတ်မင်းကြီး ” မ ” ပါ > > ဒဗလျူ ဒဗလျူ ဒဗလျူ ဒေါ့ အင်ဂျလီနာညိုမီ ဒေါ့ အီးမေးဒေါ့ ကွန်တဲ့ ၊ခက်ပါ့ဟာ ၊ ကျုပ်သိသလောက်တော့ ဒေါ့ဆိုတာ ဒီအိုဂျီ (dog) ခွေး တဲ့၊ပါဠိလိုတော့ “သုနက္ခ” ပေါ့ဟာ ၊ ဒါပေမယ့် နင်ပေးတဲ့ လိပ်စာက ဒေါ့ကျတော့ အင်္ဂလိပ်လို ဖူးစတော့လို့ခေါ်တဲ့ဟာကြီး ၊ ခက်ပါဘိ ရွှေမိရယ်… ဘကြီးဘုန်းကြီးရှေ့မှာသာ ဒီလိုဖတ်လို့ကတော့ဟာ ကျောင်းတိုင်ကိုဖက်ပြီး ကြိမ်နဲ့အနှက် ခံရမှာ သေချာတယ် ။နောက်ပြီး ကွန် ဆိုတာကပါသေးတယ် ၊ ကျုပ်သိသထားသလောက်ကတော့ ကွန်ဆိုတာ ငါးပစ်ပြီးဖမ်းတဲ့ဟာကြီး ၊ အကုသိုလ် သိပ်များတာပေါ့ဟာ ။ နင်ပြောလို့သာ အဲဒီကွန်ကြီးကို သုံးပြီး ခေတ်မှီအောင် အင်တာနတ် ကနေ အီးမေးဆိုတာကြီးနဲ့ ရည်းစားစကား ပြောရတယ် လို့ဟာ ၊ကြား မကြားဖူးပါဘူး ၊ နင့်အမေကြီး ဆုတောင်းနေတဲ့ ဟို ဘာလဲ အတွင်း ၃ရမင်း ၊ အပြင် ၃ရမင်း ၊ အရံ ၃ရမင်း ၊၁၁၁ ပါးသောနတ်မင်းတွေထဲမှာတော့ အဲဒီ အင်တာနတ်မင်းကြီးကို မကြားဖူးပါဘူးဟာ ၊ ကျုပ်အထင်တော့ သူက၃၈ မင်းမြောက်ထင်ပါတယ် ။ ဘာပဲဖြစ်ဖြစ် ရွှေမိ ရယ် …နင့်ကိုသာကျုပ်ချစ်ရမယ် ဆိုလို့ကတော့ဟာ အင်တာနတ်မကလို့ ဘယ်နတ်မင်းကြီးပဲ ပင့်ရပင့်ရ ကျုပ် ပင့်ပါ့မယ် ရွှေမိရယ် ….အဟုတ်ပြောတာ ။ ။ > > > ကျုပ်အချစ်ဆုံး အကြိုက်ဆုံး ကွယ်လွန်သူ တေးရေးတေးဆို ဓာတ်ရှင်မင်းသားကြီး တွံတေး သိန်းတန် ရဲ့သီချင်းထဲမှာတော့ ” ကျေးမစေ ၊ စာလွှာတွေမပို့ပဲ လမင်းကတစ်ဆင့် ချစ်တဲ့အကြောင်းတွေ ပြောပါမယ် ” လို့ပဲကြားဖူးပါတယ် ရွှေမိရယ် ၊ အဲ…အဲ နင်အသစ်ပြောင်းထားတဲ့ “အင်ဂျလီနာ ညိုမီ” ရယ်….ကျုပ်ကတော့ နင့်ကိုရွှေမိလို့ပဲခေါ်နေကြမို့ နှုတ်ကျိုးနေပြီဟာ ။ ဒါနဲ့နေပါဦး ရွှေမိရယ် နင်ပြောတဲ့အဲဒီ အင်တာနတ်မင်းကြီးက အောင်သွယ်တော်လုပ်ပေးတဲ့ အချစ်နတ်မင်းကြီးလားဟ ၊ ဘာပဲဖြစ်ဖြစ် ရွှေမိရယ် နင်သာကျုပ်ကို ပြန်ချစ်မယ်ဆိုလို့ကတော့ရိုးရာ ကိုင် ချင်ကိုင်ပါစေဟာ အဲဒီ နင်ပြောတဲ့ အင်တာနတ်မင်းကြီးကိုပဲ “မ” ခိုင်းမယ်ဟာ ၊ တကယ်……တကယ် ။ > > > ရွှေမိရယ် နင်ကမြိူ့မှာကျောင်းသွားတတ်တာ အရမ်းပြောင်းလဲလာတယ်နော် ၊ နင်ဝတ်နေကျ လုံချည်နဲ့ နင်ဖြီးနေကျ ဆံပင်က”တို”သွားပြီး နင်စီးနေတဲ့ ဖိနပ်ဒေါက်နဲ့ နင့်လက်သည်းတွေ “ရှည်”လာတာရော ၊နောက်ပြီးအရင်ကဆို ဆဒ္ဒန်ဆင်မင်း ဇာတ်တော်ဖတ်တိုင်း စူဠသုဘဒ္ဒါက ဘယ်လိုလုပ်ပြီး ဆင်စွယ်ကို ပန်နိုင်မှာလဲလို့ ကျုပ်စဉ်းစားမိတယ် သိလား ၊ အခုတော့ နင့်နားမှာ အမျိုးမျိုးပြောင်းနေတဲ့ နားဆွဲတွေကိုမြင်ပြီး ကျုပ်ယုံသွားပါပြီ ရွှေမိရယ် ။ ပြီးတော့ နင်ကမျက်နှာဖြူစကားတွေလည်း တော်တော်ပြောတတ်လာတယ်နော် ၊ နင်ပြောပြောနေတဲ့ ဘာလဲဟို….ဝက်ဆိုဒ် ဆိုလား ဝက်ဆိုင်ဆိုလားဟာ အေး အဲဒီဟာကြီးက နင်တော်တော်ကြိုက်တယ် ထင်တယ် ၊ ကျုပ်သိတာကတော့ ရွာဈေးက ကိုဖိုးသောင်း ဝက်ဆိုင်ပဲ သိတယ် ၊ ဘာပဲဖြစ်ဖြစ် ရွှေမိရယ် နင်ကြိုက်ရင် ဘယ်လောက်ပဲ ဈေးကြီးကြီး ကျုပ်ဝယ်ကျွေးပါ့မယ်ဟာ ။ > > > ပြီးတော့ ကျန်ပါသေးတယ် ဘာတဲ့ အော် ဒေါင်းလုပ်ဆိုလား ဒေါင်းရုပ်ဆိုလားဟာ ၊ နင်ကြိုက်တယ်ဆိုရင် ဈေးကြီးစမ်းပါစေဟာ ကျုပ်ဝယ်ပြီးလက်ဆောင်ပေးပါ့မယ်
ဟာ ။ ဒါနဲ့နေစမ်းပါဦး အဲဒီအရုပ်က တို့ ဖိုးဝရုပ်ထက်လှလားဟ ၊ အေးပါ လှလှ မလှလှ နင်ကြိုက်ရင် ကျုပ်လည်းကြိုက်တယ် ၊ နင်ပြောရင်ကျုပ်နားထောင်မယ် ၊ နင်ယုံတဲ့အဲဒီ အင်တာနတ်မင်းကြီးကို ကျူပ်လည်းယုံပါတယ်ဟာ ။ နောက်ပြီး နင်ပြောပြောနေတဲ့ ဟိုကမာ္ဘကြီးက ပူနွေးလာပြီဆိုလားပဲ ၊ ဟုတ်တယ် ကျုပ်ထင်ပါတယ် ၊ ဘာလိုလဲဆိုတော့ နင်ဝတ်တဲ့ အင်္ကျီတွေ စကဒ်တွေကို ကြည့်ပြီးကျုပ်တို့ရွာလေးတောင် တော်တော်ပူနေမှန်းသိလိုက်ရတယ် ။ ဒါ့ကြောင့် ကျုပ်လည်းဒီနေ့ကစပြီး နင်ဝတ်သလိုမျိုးစွပ်ကျယ်အင်္ကျီနဲ့ ပုဆိုးခါးတောင်းကြိုက်ပြီးတော့ပဲ နေတော့မယ်ဟာ ။ ကျုပ်ကစကဒ်မှဝတ်လို့ မရတာ ၊ ဒီတော့လဲအဆင်ပြေသလို လုပ်ရတာပေါ့ဟာ ။ ဘာပဲဖြစ်ဖြစ် ကျုပ်ကိုနင် ပြန်ချစ်ရင်ပြီးတာပါပဲ ရွှေမိရာ….။ > > > ဘကြီးဘုန်းကြီး ကတော့ပြောပါတယ် ရွှေမိရယ် ၊ က္ကတ္တိဝင်္က နဒီဝင်္က တဲ့ မိန်းမနဲ့ မြစ်တို့သည် ကောက်ကွေ့သောသဘောရှိသည် “တဲ့ ၊ နင့်ဆံပင်လိုပေါ့ရွှေမိရယ်။ ဒါပေမယ့်ရွှေမိရယ် ဘကြီးဘုန်းကြီးက ဘကြီးဘုန်းကြီးပါဟာ ၊ ကျုပ်ကပုထုဇဉ်လေ ဘကြီးဘုန်းကြီးမှ မဟုတ်တာ နော့် ။ “ပုထုဇန္နော ဥမ္မာတကော” တဲ့ ရွှေမိရဲ့ ပုထုဇဉ်ဆိုတာ အရူးလို့ တို့ ရှင်တော်မြတ်ဘုရားက ဟောကြားတော်မူခဲ့တယ်လေ ။ ကျုပ်လည်း နင့်ကိုချစ်မိတော့ ရူးနေပြီပေါ့ ရွှေမိရယ် ။ ဘကြီးဘုန်းကြီး ကတော့ဘယ်သိပါ့မလဲ သူက လောကုတ္တရာသမားကိုး ၊ ကျုပ်တို့ကလောကီသား ၊အဲဒီတော့လည်း နင့်ကိုကျုပ်က ချစ်ရတာပေါ့ ရွှေမိရယ် ၊ ဘကြီးဘုန်းကြီးကတော့ ပြောပါတယ် “ဒကာလေးကအပူ ရှာနေတာကိုး “တဲ့ ၊ ကျုပ်ကလည်း”တပည့်တော် စွပ်ကျယ်ဝတ်ထားပါတယ်ဘုရား”လို့ မပြောတော့ပါဘူး ရွှေမိရယ် သူကတရားသဘောနဲ့ပဲမြင်တာကိုး ၊ ကျုပ်ကတော့ “ပိယေဟိ ဝိပ္ပယောဂေါဒုက္ခော”ဆိုတဲ့ ချစ်သူနဲ့ကွေကွင်းရခြင်း ဒုက္ခ ကိုမခံစားနိုင်ဘူုးဗျ ၊ အဲဒါကြောင့် နင့်ကို ချစ်ရတာပါ ရွှေမိရယ်….။ > > > ကျုပ်က နင့်ရဲ့အဇ္ဇတ္တကိုလည်းချစ်တယ် ၊ ဗဟိဒ္ဒ ကိုလည်းချစ်တယ် ၊ မျက်စိ ၊ နား ၊ နှာ ၊ လျှာ ၊ ကိုယ် စိတ် ဆိုတဲ့ အာရုံခြောက်ပါးလုံးနဲ့ ချစ်တယ်ဟာ ။ ရှင်းရှင်းပြောရရင် နင်နဲ့ကျုပ်နဲ့ က ဓမ္မာ ၊သောက ၊အင်းဝ၊ရာဇာ ပဲဖြစ်နေပါစေ ကျုပ်ကချစ်တယ်ဟာ ၊ ကိန္နရီ ကိန္နရာ မောင်နှံဟာ တစ်ညတာဝေးတာကို နှစ်ပေါင်းခုနှစ်ရာ ၇၀ဝ ဆွေး လို့မပြေဘူးတဲ့ ၊ ကျုပ်ကလည်းနင့်ကို သူတို့ထက်မလျော့အောင်ချစ်ပြမှာပါဟာ ။ တကယ်ပါ ရွှေမိရယ် “လူတွေဟာ ချစ်သူရဲ့ အသံကိုကြားရတဲ့နေရာမှာ တင်းတိမ်မှု့မရှိနိုင်ဘူး “တဲ့ ၊ ကျုပ်လဲနင့်အသံလေးကိုပဲ အမြဲကြားချင်နေတာပါ ။ နင်ကကျုပ်အတွက်တော့ ဓာတုကလျာ ၊ ရှင်နှောင်း ၊ ရခိုင်မင်းသမီး ၊ ဒိုင်းခင်ခင် ၊ ဝဏ္ဏပဘာ ပါပဲဟာ ၊ ကျုပ်ကနင့်အတွက်ဆို ” ကောင်းကင်တမွတ် ကြယ်ကိုဆွတ် ” မယ့်သူပါဟာ ။ တကယ်ပါ ရွှေမိ ကျုပ်ကနင့်ရဲ့ ပထဝီတစ်လုံး အာကာတစ်လုံး ဖြစ်နေတဲ့ မျက်လုံးလေးကစပြီး ကြေးညိုရောင် ခြေဖျားလေးအထိ ချစ်ပါတယ် ရွှေမိရယ် ။ ဒါပေမယ့် ရွှေမိရယ် ကျုပ်ကနင့်ကိုချစ်တဲ့ အထဲမှာလေ ဘာလောဘမှ မပါပါဘူးဟာ ။ > > > ဆယ်တန်းတင်မကပထမနှစ်မှာပါ စာကျေအောင်ဆိုပြီး ၃နှစ်ဆီနေခဲ့တဲ့ နင့်ရဲ့ပညာရေးဂုဏ်ကို လည်း ကျုပ်မမက်ပါဘူး ရွှေမိ ။ ပြီးတော့ ဟိုးအရင်ဘဝက ဘုန်းကြီးကျောင်းသူများရဲ့ ခေါင်းလောင်းအလှူပွဲမှာ ထမင်းစားကောင်း အောင် သာဓု ဝင်ခေါ်ခဲ့တဲ့ဆုလို့ ထင်ရလောက်အောင် အသံကောင်းတဲ့နင့်အမေ ၊ စကားတစ်ခွန်းကို အရပ်ဆယ် မျက်နှာက ခုနှစ်အိမ်စေ့ ကြားနိုင်အောင် ပြောနိုင်တဲ့သူ ၊ အရင်ဘဝက ရေဒီယိုလှူခဲ့ဖူးသလား မှတ်ရအောင် သတင်း၊အတင်း စုံတဲ့မှတ်ဉာဏ်နဲ့ နင့်အမေ ၊ လဆန်းနဲ့ လလယ် ရောက်တိုင်း ကန်တော့ပွဲထဲ ဘောက်ချာထိုးပြီး အတွင်း ၃ရမင်း ၊အပြင် ၃ရမင်း ၊အရံ ၃ရမင်း ၁၁၁ပါးသောနတ်မင်းတွေနဲ့ ဘိုးတော်အပေါင်းကို ရန်မဖြစ်ဖြစ် အောင် ထမင်းတစ်ဝိုင်းတည်းပြင်ပြီး ဖိတ်ကျွေးတတ်တဲ့ နင့်အမေ ၊ ဈးထိပ်နားကညောင်ပင်အောက်မှာ သူ့ဘာသာသူ တစ်ယောက်တည်း နေတတ်တဲ့ အရူးမကြီးကို ဒီနေ့ဘာကောင်းလဲလို့ တစ်နေ့နှစ်ခါမေးပြီး ဂရုစိုက်တတ်တဲ့ နင့်အမေရဲ့ စေတနာ ၊ မေတ္တာ ၊ ဂုဏ်သတင်းတွေ ကိုမက်လို့လည်း နင့်ကိုကျုပ်ချစ်ခဲ့တာ မဟုတ်ပါဘူး ရွှေမိရယ် ။ > > > သေသွားတာ ၂နှစ်လောက်ကြာပြီဖြစ်တဲ့ သင်တုန်းဓားလောက်ပဲ ကိုင်ဖူးတဲ့ ရွာထိပ်က ကိုရင်ကြီး လူထွက် ဦးပြောင်ကြီးဆီမှာ အရက်တစ်လုံးကို တစ်ယောက်တစ်ဝက်သောက် ၊ ကိုယ့်ဘာသာကို ဆရာတင် ၊ ကိုယ့်ဘာသာကို တပည့်လုပ်ပြီး တစ်ညနေတိတိ ပညာဆည်းပူးလာတဲ့ ဆံပင်ညှပ်သမား ညည်းအဖေ ၊ တစ်ရွာ လုံးကယောကျာင်္းတွေ သူ့လက်အောက်ကထွက်တာပါလို့ မကြာမကြာ မူးတိုင်းပြော ၊ ဆံပင်သာကုန်စေ ရမယ် ပညာမကုန်စေရဘူးဆိုတဲ့ ရှေ့တစ်လက်မနောက်ပြောင်ပုံစံကို မူပိုင်ခွင့်ယူထားတဲ့ ညည်းအဖေ ဦးကတုံး ၊ အဲအဲ ညည်းအခေါ်ကတော့ ရန်ကုန်မှာ တိုနီထွန်းထွန်း ၊ တို့ရွာမှာတော့ တိုနီကတုံး ၊ ကိုရီးယားကတောင် လာငှားရဆိုတဲ့ ဟဲယားဒီဇိုင်းနာဆိုတာကြီးပေါ့ ၊ အေး နင့်ကိုကျုပ် ချစ်တာ က လည်း နင့်အဖေကြီးရဲ့ အဲဒီ လ္ဘက်ရည်ဖိုး သာသာ ဝင်ငွေကိုမက်မောလို့ မဟုတ်ပါဘူး ရွှေမိရယ် ။ > > > နောက်ပြီး နင့်အစ်ကို ၊ တစ်ရပ်ကွက်လုံးက သတ်မှတ်ထားကြတဲ့ သင်္ဘောသား ၊ သင်္ဘောနဲ့ ပတ်သတ် လို့ကတော့ နိုင်ငံခြားသင်္ဘော ၊ ပြည်တွင်းသင်္ဘော ကိုထားဦး လှေရဲ့လှော်တက်မပြောနဲ့ ရေတောင် ကိုယ့်ကိုယ်ကို မသေအောင်တောင် မကူးတတ်တဲ့ နင့်အစ်ကို ၊ သဘောင်္ပင်ရဲ့အသားလို အစိုလည်းသုံးမရ ၊ အခြောက်လည်း အသုံးမဝင်လို့ ခေါ်ရတဲ့သင်္ဘောသား ၊ ချဉ်ဖတ်ရောင်းတဲ့ဆိုင်မှာတောင် ဝယ်လို့မရတဲ့ ရှားရှား ပါးပါး ရပ်ကွက် ချဉ်ဖတ်ကြီး ၊ ရှစ်တန်းမှာ နှစ်ခါကျပြီး ကျောင်းခေါ်ကြိမ်စာအုပ်က သူ့နာမည်ကို ယမကာ ဆိုင် အကြွေးစာရင်းမှာပြောင်းရေး ၊ သူ့လက်ကအနုပညာသည်လက်ဆိုပြီး ဘာအလုပ်မှ လက်ကြောတင်း အောင် မလုပ်ပဲ သင်္ဘောသားဖြစ်နေတဲ့ နင့်အစ်ကိုရဲ့ ဂုဏ်အရှိန်အဝါတွေကို မက်မောပြီး ကျုပ်ကနင့်ကိုချစ်ခဲ့တာ မဟုတ်ရပါဘူး ရွှေမိရယ် ။ > > > ဟောဒီရင်ဘတ်ကြီးထဲကဘုံးဘုံး( ရင်ဘတ်ပုတ်သံ ) မိ…မိ….မိ…မိ…မိ…မိ… လို့အော်နေတဲ့ ငါ့နှလုံးသား ကြောင့်ပါဟာ ၊ လုံးကြီးတင်ကို ဝတ်ဆံခတ် ဝစ္စနှစ်လုံးပေါက်ထည့်ပြီးတော့ တော့မဖတ်လိုက်ပါနဲ့ ရွှေမီး ရယ် ဟယ်ဟုတ်ပါဘူး ရွှေမိ ရယ်……… ။ > > > ကျုပ်ကနင်ပြောပြောနေတဲ့ ဆော့ဖ်ဝဲဆိုလားဘာဝဲဆိုလားအဲဒီဝဲဆေးဖော်ရောင်းပြီး အရမ်းချမ်းသာ နေတဲ့ အမေရိကန်ဆိုတဲ့ တိုင်းပြည်က ဇောတိကကြီး ဘီဂိတ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးလို ချမ်းသာမှ ပြန်ချစ်မှာလား ရွှေမိ ရယ် ၊ ” တူနှစ်ကိုယ် တဲအိုပျက်မှာနေရ “ဆိုတဲ့သီချင်းကို နင်က မြို့ပေါ်က ရက် သီချင်းတွေလောက်မကြိုက်ပေမယ့် ကျုပ်ကတော့ လက်ခံတယ် ရွှေမိ လက်ခံတယ် ၊ နင်က ဒေးဗစ်ဘက်ခမ်းဆိုတဲ့ ဗြိတိသျှဘောလုံးသမားပုံပါတဲ့ အင်္ကျီလက်ပြတ်ကိုဝတ် ရွာရိုးကိုးပေါက် လျှောက်ပြီး စိတ်ကူးပဲယဉ်နေတော့မှာလား ရွှေမိရယ် ။ နင့်ကိုကျုပ်ပြောဖူးပါတယ် “အပုပ်ကောင်ရုပ်ဆောင်နေကြတာပါ”လို့ ၊ လောကဓံရှစ်ပါးကို နင်ပြောတဲ့ ဝဲဆေးဆရာ ဘီဂိတ်ဆိုတဲ့ ပုဂ္ဂိုလ်ရော၊ ဟိုဘောသမားရော ဒေးဗစ်ဆိုတဲ့ပုဂ္ဂိုလ်ရော ကြုံရမှာပဲရွှေမိ ၊ အေးအဲဒီလိုပဲ နင်လည်း လောကဓံရှစ်ပါးကိုကြုံရတဲ့အခါ နင့်ဘေးမှာကျုပ်ရှိနေချင်တယ်ဟာ ။ > > > ကိုင်း အဲဒီတော့ ဆိုင်ရာပိုင်ရာများနဲ့ အတွင်း ၃ရ မင်း ၊ အပြင် ၃ရ မင်း ၊ အရံ ၃ရ မင်း ၁၁၁ပါးသော မင်း တွေရဲ့ နောက် ကမာ္ဘ့ရွာကြီးကို အပိုင်စားရတော်မူသော ၁၁၂ မင်းမြောက် အင်တာနတ် မင်းကြီးခင်ဗျား တပည့်တော်ရဲ့ နှလုံးသား ဝက်ဆိုင်က ( Website ) ဒီရည်းစားစာ ကို ရွှေမိ ဒေါင်းရုပ် ( download ) လုပ်ပါစေလို့ ဆုတောင်းရင်း ဒဗလျူ ဒဗလျူ ဒဗလျူ ဒေါ့ အင်ဂျလီနာညိုမီ ဒေါ့ အီးမေးဒေါ့ ကွန် ဆိုတဲ့ လိပ်စာကို ခေတ်မှီအောင် အမြန်ချော နဲ့ ကမာ္ဘ့ရွာတောင်ပိုင်းနေ ဘုန်းကြီးကျောင်းသား ကိုရင်ညိန်းမှ ကမာ္ဘ့ရွာတောင်ပိုင်းမှာပဲ နေတဲ့ ဘုန်းကြီးကျောင်းရဲ့ နှစ်အိမ်ကျော်က အင်ဂျလီနာညိုမီ့ ထံ ပေးပို့လိုက်ရပါတယ် ။ > > နင့်ကိုခေတ်မှီအောင် ချစ်ချင်တဲ့ ကိုရင်ညိန်း ( ကမာ္ဘ့ရွာတောင်ပိုင်း ဘုန်းကြီးကျောင်း )

One comment

  • OQ23

    May 24, 2011 at 1:25 pm

    ဟာသဆိုသလိုပဲ ရယ်ရပါတယ်။
    စာလုံးရေအရမ်းများအောင်ရေးနိူင်တယ်နော် တော်ပါတယ်။

Leave a Reply