ကနဦး ပေးသွင်းခ ငွေကျပ်သုံးသိန်းနှုန်းဖြင့် ဂျီအက်စ်အမ်ဖုန်းများ ချထားပေးရန်ရှိ

ဦးကောက်May 25, 20111min50

ယခုနှစ်အတွင်း စတင်ချထားပေးမည့် GSM ဖုန်းများကို ကနဦး ပေးသွင်းခ ငွေကျပ် သုံးသိန်း ဝန်းကျင်ဖြင့် ချထားပေးနိုင်ရန် အစီအစဉ် ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် နီးစပ်သော အသိုင်းအဝိုင်းမှ သိရှိရသည်။

ယခုနှစ်အတွင်း ပထမနှစ် စီမံကိန်းအဖြစ် စတင် ချထားပေးမည့် GSM ဖုန်း လုံးရေ လေးသန်းဝန်းကျင်ကို ငွေကျပ် ငါးသိန်းအောက် လျော့နည်းသည့် ဈေးနှုန်းဖြစ်သည့် ငွေကျပ် သုံးသိန်းဝန်းကျင်ဖြင့် အသုံးပြုခွင့် ပေးနိုင်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။

”ပထမနှစ် စီမံကိန်းကတော့ ဒီနှစ်အတွင်းမှာ ဖြစ်မှာပါ။ ပထမနှစ် စီမံကိန်းက ဘယ်နှစ် အတိုင်းအတာထိလဲ ဆိုတာတော့ မသိပါဘူး။ ဘယ်ကုမ္ပဏီတွေနဲ့ ပူးပေါင်းမယ် ဆိုတာကိုလည်း ဒီအချိန်မှာ အတိအကျ မပြောနိုင်သေးပါဘူး။ ဒါပေ မယ့် စီစဉ်နေတာ တစ်ခုကတော့ ပထမနှစ် စီမံကိန်းမှာ အကျုံးဝင်မယ့် GSM ဖုန်းအလုံးရေ လေးသန်းကိုတော့ လက်ရှိ ချပေးနေတဲ့ ငွေကျပ် ငါးသိန်းထက် လျော့ပြီး ချပေးဖို့ ရှိပါတယ်။ သုံးသိန်းလောက်လည်း ဖြစ်သွားနိုင်တယ်။ အခုထိတော့ ညွှန်ကြားချက် မလာသေးဘူး။ နောက်တော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူက ဆိုပါသည်။

မြန်မာနိုင်ငံ၏ တယ်လီဖုန်း သုံးစွဲမှု မြင့်မားလာစေရေး အတွက် ငါးနှစ်စီမံကိန်းအဖြစ် GSM မိုဘိုင်းဖုန်း လိုင်းအင်အား သန်း ၃ဝ တိုးချဲ့ တပ်ဆင်နိုင်ရေးကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပုဂ္ဂလိက ကုမ္ပဏီများ ပူးပေါင်းကာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် GSM မိုဘိုင်းဖုန်းများအား မြန်မာတစ်နိုင်ငံလုံးသို့ လုံးရေ တစ်သန်းဝန်းကျင် ငှားရမ်း သုံးစွဲခွင့် ပြုထားပြီး ဖြစ်ကြောင်းနှင့် မြို့ပေါင်း ၅၃ မြို့တွင် သုံးစွဲနိုင်ကြောင်း သိရသည်။ GSM မိုဘိုင်းဖုန်းအား ၂၀၀ဝ ပြည့်နှစ် ၂၀၀၁ ခုနှစ် ဝန်းကျင်တွင် အများပြည်သူထံ သုံးစွဲခွင့်ပြုခဲ့ပြီး ယင်းအချိန်က GSM ဖုန်းမှာ ပြင်ပပေါက်ဈေး ကျပ် သိန်း ၃ဝ နှင့် သိန်း ၄ဝ ဝန်းကျင် ရှိခဲ့ကြောင်း သိရသည်။ ထို့နောက် အများပြည်သူထံသို့ လျှောက်လွှာတင်သွင်းပြီး ဖုန်းရွေးချယ် ချထားပေးသည့် စနစ်ဖြင့် ကနဦးပေးသွင်းငွေ ကျပ် ၁၅ သိန်း ဖြင့် အသုံးပြုခွင့်ပေးခဲ့ရာ GSM ဖုန်းအား ကိုင်ဆောင်ခွင့်ရရှိသူ အတန်အသင့် များပြားလာခဲ့သည်။

မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် လက်ရှိ ချထားပေးသည့် လက်ကိုင်ဖုန်း အမျိုးအစားများမှာ GSM၊ WCDMA၊ CDMA 800  (ငါးသိန်းဖုန်း)၊ CDMA 450 (ကမ်းရိုးတန်းဖုန်း)၊ နေပြည်တော်ငါးသိန်းဖုန်း၊ McWill ဖုန်းများ ဖြစ်ကြောင်း သိရသည်

Eleven Media Group. မှ ကူးယူဖော်ပြသည်။