လွှတ်… အခုချက်ခြင်းလွှတ် Release now

ဒီပဲရင်းလူသတ်ပွဲ

ဒီပဲရင်းလူသတ်ပွဲ စွမ်းအားရှင်၊ ကြံ့ဖွတ် လူရမ်းကားများ

မေလ ၃ဝရက်နေ့ ဒီပဲရင်းလူသတ်ပွဲ ရှစ်နှစ်မြောက် နှစ်ပတ်လည်နေ့ နီးလာတော့ မြန်မာပြည်တဝှမ်း နေရာအနှံ့မှာ ယုံကြည်ချက်ကြောင့် မတရားထောင်သွင်း အကျဉ်းချခံနေရသူများကို သတိတရ ဖြစ်မိပါတယ်။ အကျင့်ပျက်ခြစားမှု ကြီးမားလှတဲ့ မြန်မာပြည် တရားစီရင်ရေးစနစ်နဲ့ အလွန်တရာ ညံ့ဖျင်းလှတဲ့ ထောင်တွင်း အခြေအနေများကြောင့် နိုင်ငံရေးအကျဉ်းသမားများသာမက သာမာန်ရာဇဝတ်မှု အကျဉ်းသားများကိုလည်း ကိုယ်ချင်းစာနာစိတ်မိတယ်။ ထောင်မကျသင့်ဘဲ ကျနေရသူတွေ၊ လွဲမှားစွာစီရင်ချက် အချခံရသူတွေ၊ အပြစ်မရှိဘဲ လုပ်ကြံထောင်ချခံရသူတွေ၊ ထောင်ကပြန်လွတ်ပြန်တော့ ဘဝပျက်သွားသူတွေ ဘယ်လောက်များ ရှိခဲ့ပြီလဲ။
ထောင်ဆိုတာ ခေတ်သစ်လူမှုအဖွဲ့အစည်းမှာ ပြုပြင်ပြောင်းလဲပေးရတဲ့ ဌာနတခုပါ။ အပြစ်ဒဏ်ပေး၊ ညှင်းပန်းနှိပ်စက်တာသက်သက် မဖြစ်ရပါဘူး။ စာအုပ်ကြီးအတိုင်း အတိအကျမဖြစ်နိုင်ပေမဲ့ အတတ်နိုင်ဆုံး နီးစပ်ရပါမယ်။ ခေါင်းရှောင်ချင်ရင် ကိုလိုနီနယ်ချဲ့ဆိုတဲ့ စကားလုံးကို ရေလဲသုံးပြီး အင်္ဂလိပ်လက်ထက်က ထောင်ဥပဒေများ၊ တရားလက်လွတ်ဥပဒေမဲ့ ဖမ်းဆီးမိန့်များနဲ့ ဆထက်တပိုး ကိုယ့်အမျိုးသား အချင်းချင်းကို လူမဆန်စွာ ဖိနှိပ်ပါတယ်။ စော်ကားဖိနှိပ် ရိုင်းပြပုံတွေကတော့ ယုံနိုင်စရာ မရှိပါဘူး။ နိုင်ငံရေးသမားကြတော့ ခေါင်းမာလို့၊ သာမန်ထောင်သားကြတော့ ရာဇဝတ်မှုကျူးလွန်လို့ ခေါင်းစဉ်အမျိုးမျိုးနဲ့ လူညွန့်တုံးအောင် လုပ်ပါတယ်။ ဖြစ်ရိုးဖြစ်စဉ် လုပ်နေကြဖြစ်အောင်၊ ပြင်ဆင်ဖို့မရဲအောင် ဖန်တီးထားလို့ ထောင်အာဏာပိုင် ဝန်ထမ်းများ၊ ပြင်ပလူများအဖို့ ပြုပြင်ပြောင်းလဲရကောင်းမှန်း မသိတော့ပါဘူး။ ကိုယ်ပိုင်တဲ့နွား တနေ့ဘယ်နှ နာရီခိုင်းခိုင်း၊ ဘယ်လိုကျွေးကျွေး နင့်အပူလားဆိုတဲ့ သက်ဦးဆံပိုင် အမြင်ပေါက်သွားပါတယ်။
ဒီပဲရင်း အရေးအခင်းကိုပဲကြည့်ပါ။ ဥပဒေမဲ့ အရိုက်အနှက် အသတ်ဖြတ်လည်း ခံရတာတင်သာမက ထောင်သွင်းအကျဉ်းလည်း အချခံရပါသေးတယ်။ ဘယ်သူခိုင်းလို့ ဘယ်သူတွေလုပ်တယ်ဆိုတာ သိပါလျက်နဲ့ ကိုယ့်ဖက်က ငြိမ်ခံလွန်းတာကိုတော့ နားမလည်နိုင် ဖြစ်ရပါတယ်။ လက်ခုပ်တီးတယ်ဆိုတာ လက်နှစ်ဖက်တီးမှ မြည်တာပါ။ ကိုယ်ဖက်က တလျော့တည်း လျော့နေလို့ကတော့ ဆီပုလင်းခါးကြားဆောင်ထားတောင် ပဲဆီမစစ် ရကောင်းလားဆိုပြီး အရိုက်ခံရအုံးမှာပါပဲ။ ကိုယ့်ဖက်က လုပ်နိုင်ကိုင်နိုင်တုန်း လုပ်ထားဖို့ လိုမယ်လို့ အကြံပြု လိုက်ပါရစေ။
လတ်တလော သတင်းတွေမှာ အင်းစိန်နဲ့ အခြားထောင်တွေမှာ အကျဉ်းသားရပိုင်ခွင့်များအတွက် အစာငတ်ခံ တိုက်ပွဲဝင်နေကြတဲ့သတင်း၊ နိုင်ငံရေး အကျဉ်းသမားအချို့ တိုက်ပိတ်အပြစ်ပေး ခံရတဲ့သတင်း၊ ဥပဒေမဲ့ ဆက်လက်ဖမ်းဆီးနေတာတွေ ကြားရပါတယ်။ ဦးသိန်းစိန်အစိုးရ နိုင်ငံရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်ဆိုသူက မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိပါဘူးတဲ့။ ရွေးကောက်ပွဲပြီးရင် ပြောင်းတော့မှာပါ၊ အခြေခံဥပဒေ ရှိရင် ကောင်းလာတော့မှာလို့ မစားရဝခမန်းနဲ့ ဇာတ်တူသား စားခဲ့ကြတဲ့ ၁၅မိနစ်လွှတ်တော် တမတ်မြင်းများ ကိုယ့်တာဝန် ကိုယ်သိဖို့ ကောင်းပါတယ်။ နိုင်ငံရေး အကျဉ်းသားလွှတ်ဖို့ သမတဦးသိန်းစိန်ကို တောင်းဆိုတာကို မန်းဂေဇက် သဂျီးမင်းက အသနားခံပါတယ် ဒူးထောက်ပြလည်း မရပါဘူး၊ လူကြားကောင်းရုံ ထောင်ဒဏ် တနှစ်ပဲလျော့ပေးပါတယ်။ သဂျီး ဒူးများပွန်းသွားသေးလား 😀
လွန်ခဲ့တဲ့ ၁၈နှစ်လောက်က ညဖက် လဖက်ရည်ဆိုင်အသွား လူနှစ်ယောက်နဲ့ လမ်းမှာတွေ့တယ်။ သူတို့က ကျနော့်ကိုမြင်တော့ ဝမ်းသာအားရနဲ့ ‘ဂေါ်နိုက် တွေ့ရတာ ဝမ်းသာလိုက်တာ၊ ငါတို့မှာ အိမ်ပြန်ဖို့ ကားခမရှိဘူး ပိုက်ဆံချီးပါ’ လို့ အကူအညီတောင်းပါတယ်။ ကျနော်လည်း တဆယ်လား နှစ်ဆယ်လားမသိဘူး ထုတ်ပေးလိုက်ပါတယ်။ ညဖက်မှောင်မှောင်မဲမဲမိုလို့ သူတို့မျက်နှာကို မမှတ်မိပါ။ မြင်ရလည်း သိမယ်မထင်ပါ။ သူတို့ကသာ ကိုယ့်ကိုခလေးသာသာမိုလို့ မှတ်မိနေခဲ့တာလေ။ သူတို့ဆိုတာ များသောအားဖြင့် ခိုးမှုမသင်္ကာ၊ မှောင်ရိပ်ခိုမှု စတာတွေနဲ့ အဖမ်းခံရသူများပါ။ ဆိုးသူများပါသလို အခုပြောသလို လမ်းစရိတ် မတတ်နိုင်လို့ မြို့ပြင်က နေအိမ်ကို ခြေကျင်လျောက်ပြန်ရင်း မင်္သကာမှုနဲ့ ရဲအဖမ်းခံရသူ၊ စစ်တပ်ပေါ်တာအဆွဲခံရသူ အများအပြား ရှိပါတယ်။
ရင်ထဲမှာ နာနာကျင်ကျင်နဲ့ မှတ်မိနေသေးတာ တက္ကသိုလ်ကျောင်းသူ ကိုယ့်အမအရွယ် ရဲဘော်တဦး အဖမ်းခံရလို့ အင်းစိန်ထောင်ကနေ ရန်ကုန်တိုင်းတရားရုံးမှာ (ဘားလမ်း) ရုံးထုတ်တော့ သူ့အမေနဲ့အတူ သူငယ်ချင်းတွေ သွားတွေ့ပါတယ်။ ထောင်ကြီးချုပ်ကနေ ဘားလမ်းစတီးဝပ် ရဲအချုပ်မှာ ခဏထားပြီး၊ တရားရုံး အချိန်ကြမှ တိုင်းတရားရုံးကို ရာဇဝတ်သမားတွေနဲ့အတူ ခြေလျင်နှစ်ယောက်တတွဲ လက်ထိပ်ခတ် တင်တယ်။ မိန်းခလေးဖြစ်ပေမဲ့ ဖိနပ်ဝတ်ခွင့် မပေးပါဘူး။ ထောင်ကားစီးတော့လည်း အမျိုးသား အချုပ်သမားများနဲ့အတူ သံတခါးခြားထားတဲ့ ရဲအစောင့် အခန်းလေးထဲမှာ အတူစီးရတာပါ။ အခြားရာဇဝတ်မှု အမျိုးသမီးတွေနဲ့ အတူ တွဲထုတ်လာတော့ လူတွေဝိုင်းကြည့်ပါတယ်။ ဘေးမှာလည်း တရားရုံးအချုပ်ထဲ မဝင်ခင် လွတ်လွတ်လပ်လပ်ပြောရလို့ အချုပ်သားမိသားစု တပြုံကြီးပါ။ ကျနော်တို့လည်း သူ့အမေနဲ့အတူ လမ်းလျောက်ရင်း အားပေးပါတယ်။ လူအုပ်ထဲမှာ ရုပ်သန့်သန့် မိန်းခလေးမိုလို့ ဘာအမှုနဲ့လည်း မသိဘူးလို့ အချင်းချင်းမေးသံ ကြားတဲ့အခါ ကျနော်တို့က နိုင်ငံရေးအမှု ပုဒ်မငါးညပါလို့ ကိုယ့်လူကို ကာကွယ်ပြောနေစဉ် အသံတခုက နားထဲကို ခါးခါးသီးသီး ဝင်လာပါတယ်။ ‘ဖာသယ်ဖြစ်မှာပါကွာ’ တဲ့၊ အားလုံးကြားအောင် တမင် လှောင်ပြောင်တဲ့အသံနဲ့ ပြောလိုက်တာပါ။ ကျနော့်တသက် မမေ့တော့ပါဘူး…ထောင်ကပြန်လွတ်အပြီး နှစ် အနည်းငယ်အကြာမှာ ထောင်တွင်းကရတဲ့ တီဘီချောင်းဆိုးရောဂါနဲ့ သူမဆုံးသွားပါတယ်။ သတ္တဝါအားလုံး အချုပ်အနှောင်အဖွဲ့များမှ ကင်းလွတ်ကြပါစေ…..

6 comments

  • moethidasoe

    May 26, 2011 at 6:35 am

    ထောင်က ထွက်လာသူ အများစုမှာ အရေပြားရောဂါ အမျိုးမျိုး .. အသည်းရောင်ရောဂါ .. တီဘီ .. တွေ ဖြစ်လာကြတာ များတယ် .. အနည်းဆုံးတော့ ဝဲတွေ ပါလာတယ် .. နောက် အာဟာရချို့တဲ့ တာလဲ တွေ့ပါတယ် .. အစာအိမ်ရောဂါ ရလာတဲ့လူလဲ တွေ့ဖူးတယ် .. လွတ်လာတာတောင်မှ အတော် ကုရဦးမှာ .. လွတ်စေချင်ကြတာကတော့ အများစုရဲ့ ဆန္ဒပါ ..

  • ဆူး

    May 26, 2011 at 6:53 am

    ဦးကြောင်ကြီးရေ ဆူးလည်း မေတ္တာပို့ပါတယ်။
    သတ္တဝါ အချင်းချင်း နိပ်စက်လိုချင်း ကင်းရှင်းကြပါစေ။

  • Shwe Tike Soe

    May 26, 2011 at 7:08 am

    အင်း စိတ်မကောင်းလိုက်တာ…
    ကိုယ်ကလဲ ဘာကောင်မှမဟုတ်တော့ စိတ်မကောင်းယုံကလွဲ မတတ်နိုင်ပါဘူးဗျားးးးးးးးးး
    ဟူးးးးးးးးးးးးးးးးးးးးးးး

  • good

    May 26, 2011 at 7:11 am

    လူမဆန် မှန်း သိပါသော် လည်း လူမဆန် တဲ့ သူတွေဆီမှာ၊
    လူသား ဆန်ဆန် ( ငြိမ်းချမ်းစွာ ဆန္ဒပြခြင်း ) အကြိမ် ကြိမ် တောင်းဆို ခဲ့ ဖူး ကြပါတယ်။
    ဘုန်ကြီး ခေါင်း ကို ပင် ပေါ်ပေါ် ထင် ထင် ရိုက် ၍ နှိမ်နင်း ခဲ့ သည် ကို လည်း ကမ္ဘာ က ပင် မြင်တွေ့ ခဲ့မှာပါ။
    ကြောက် ၍ ပြော နေခြင်း မဟုတ် ပါ။
    မတတ်သာ၍ ဟူ၍ပင် ပေးဖို့ မစဉ်းစား၊ လုံးဝမပေးဘူး ဟု ဆုံးဖြတ် ထားသူများ ထံ မှ တောင်းဆို ခဲ့ ကြ ရင်း အသက် ပေးခဲ့ ကြရ သော၊ ဒုက္ခိ ဖြစ်ခဲ့ ကြရသော၊ လုံးပါး ပါး ခဲ့ ရသော ခေါင်းဆောင၊် အာဇာနည်များ နှင့် ၎င်း တို့ ၏ မိသားစု များ နှင့် ထပ်တူ ခံစားရ၍ ပြောနေခြင်း ဖြစ်ပါသည်။

    ထပ်မံ ကြိုးစားကြသည့် အခါ ခေါင်းဆောင်ကောင်း ၊ နောက်လိုက် ကောင်း၊ အစီအစဉ် ကောင်း နည်းစနစ် ကောင်း တို့ ဖြင့် စတေးခဲ့ ရသော အသက်၊ ပေးခဲ့ရသော ဘဝ တို့ အတွက် ထိုက်တန်သော ရလဒ် ကို ရစေဖို့ ညီညွတ်ကြဘို့ တိုက်တွန်ရင်း မျှော် လင့် ပါတယ်။

  • etone

    May 26, 2011 at 7:26 am

    ခံယူချက်အတွက် တိုက်ပွဲဝင်ပြီး ထောင်ချထားခံရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အကြောင်း ပြန်ကြားရလျှင် သနားမိတယ်……..။ ကိုယ့်ခံယူချက်နဲ့ ယုံကြည်ရာကိုလုပ်တာ အပြစ်ရှိတယ်တဲ့လား… ။ ခါးပိုက်နှိုက် ၊ ဓါးပြတိုက် ၊ လုယှက် ၊ မုဒိမ်းကျင့် ၊ လောင်းကစားလုပ်၊ လူသတ် တဲ့ လူတွေကတော့ ကိုယ့် မိုက်ပြစ်နဲ့ ကိုယ်မို့ …. နိုင်ငံရေး အကျဉ်းသားတွေကို စာနာမိတယ် …..။

  • kai

    May 26, 2011 at 7:30 am

    ဒူးလောက်တော့ပွန်းပါစေလေ..။
    တကယ်တော့.. သူတို့တွေလွတ်ကြစေချင်တာမို ့.. ဒူးထောက်ရထောက်ရ.. ကန်တော့ရကန်တော့ရပါပဲ..။

    အင်း.. ဒီသမ္မတကြီးကလည်း..တော်တော်မလွယ်တာပဲ..။
    ကြည့်ရတာ.. တရုတ်ကြီးဆီမှာ အကြံဉာဏ်ထပ်သွားယူတယ်ထင်တယ်..။ 🙂

Leave a Reply