သမီးလေးရယ်နိုင်ပြီး

ဦးကောက်May 29, 20111min420

သမီးလေးရယ်နိုင်ပြီ

 

 

နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေးတို့၏ ရောဂါဝေဒနာများကို အခမဲ့ ကုသပေးလျှက်ရှိရာနေ့စဉ် လူနာစုစုပေါင်း (၂၀၀) ကျော် ကိုအခမဲ့ကုသပေးလျှက်ရှိသည်။ သုခကုသိုလ်ဖြစ်ဆေးခန်းသည် ဆေးခန်းသန့်ရှင်းရေး၊ ပိုးမွှားများသန့်စင်ရေးအတွက် လကုန်ရက် (၁) ရက်တည်းသာပိတ်ရက်အဖြစ် သတ်မှတ်ထားပြီးစေတနာရှင် ဆရာဝန်ကြီးများ (၅၀) ဦးခန့်ဖြင့် အခမဲ့ ကုသပေးလျှက်ရှိသည်။ ထိုသို့ကုသပေးရာတွင် မျက်စိ၊ အရိုးအကြော၊ နား နှာခေါင်းလည်ချောင်း၊ မီးယပ်သားဖွား၊ အပ်စိုက်၊ အရေပြား၊ ကလေးအထူးကု၊ အထွေထွေရောဂါ၊ အသေးစားခွဲစိတ်မှုများ၊ ဓါတ်ခွဲခန်း၊ ဓါတ်မှန်ခန်း၊ E.C.G၊ U.S.Gနှင့် မကြာမီရက်ပိုင်းအတွင်းမျက်စိခွဲစိတ်ခန်းကိုပါ ဖွင့်လှစ်နိုင်တော့မည်ဖြစ်သည်။

 

သုခကုသိုလ်ဖြစ်ဆေးခန်းမှ ကိုယ်တိုင်ကိုယ်ကျ ကုသမှုမပေးနိုင်သော ဝေဒနာရှင်များအားသက်ဆိုင်ရာဆေးရုံများသို့ ပို့ဆောင်၍ ကုသစားရိတ်အားသတ်မှတ်ချက်ဖြင့် အကုန်အကျခံကာကူညီကုသပေးလျှက်ရှိရာ ၂၀၁၁ ခုနှစ်၊ မတ်လအတွင်း၌ ဧရာဝတီတိုင်းနေ မနှင်းနုဇော် အသက် (၁၄) နှစ် အရွယ်ရှိ (၇) တန်းကျောင်းသူမိန်းကလေးငယ်သည် ငယ်စဉ်အရွယ်ကနေအိမ်ရှိ မီးဖိုခန်းအတွင်းရေနွေးအိုးပေါ်သို့ မှောက်လျက်လဲမိရာမှ မေးရိုး၊ ရင်ဘတ်နှင့် ပေါင်တံတို့တွင် ရေနွေးပူလောင်ကျွမ်းကာအရေပြားများပျက်စီးသွားခဲ့သည်။ ယင်းဒဏ်ရာဒဏ်ချက်သည် ငယ်စဉ်အရွယ်၌ မိဘများကသတိမထားမိသော်လည်းယခု (၇) တန်းကျောင်းသူအရွယ်သို့ ရောက်ရှိသောအချိန်တွင် ထိုမီးလောင်ဒဏ်ရာကြောင့် ဖြစ်ပေါ်လာသောအမာရွတ်ဆိုးကြီးသည် ကလေးငယ်၏ ဘဝရှင်သန်မှု အားအကြီးမားဆုံးအနှောင့်အယှက်ဖြစ်စေတော့သည်။ စာသင်ကျောင်းသို့ သွားရာတွင် သူငယ်ချင်းအပေါင်းအသင်းများမှ မခေါ်မပြော ပြုလုပ်ခြင်း၊ အိမ်နီးပါတ်ဝန်းကျင်တွင်လည်း ကစားဖော်မရှိခြင်းတို့ကြောင့် ကလေးငယ်မှာစိတ်ခံစားမှုများ ဖြစ်ပေါ်လာတော့သည်။ ထို့ကြောင့် မိဘများမှရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်နေဦးဋ္ဌေးလွင်မှတဆင့် သုခကုသိုလ်ဖြစ်ဆေးခန်း(ရန်ကုန်)သို့ ဆက်သွယ်ကာကလေးငယ်၏ မေးစေ့အသားအရေမှ ရင်ညွန့်အထိတွဲကပ်နေသောရေနွေးပူလောင် အရေပြားကြီးအားကလေးငယ်၏  ဘဝရှေ့ရေးအတွက် လာရောက်အကူအညီတောင်းခဲ့ကြသည်။

 

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သုခကုသိုလ်ဖြစ်ဆေးခန်းမှတဆင့် ရန်ကုန် ဆေးရုံကြီးသို့ ပို့ဆောင်၍ ခွဲစိတ်ခန်းခဖိုးငွေ ပေးအပ်ကာကလေးငယ်၏ အနာဂတ်ရေးအား ရှေးရှုကာကူညီဖေးမမှုကို ပြုလုပ်နိုင်ခဲ့သည်။ ခွဲစိတ်ပြီးသည့်နောက် ကလေးငယ်နှင့် အုပ်ထိန်းသူမိဘများမှ နေရပ်ဖြစ်သော ဧရာဝတီတိုင်းသို့ မပြန်မီသုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်ကာကျေးဇူးတင် ဝမ်းသာစကားကို ပြောကြားခဲ့ကြသည်။ ယခုမူ မနှင်းနုဇော် တစ်ယောက် ရယ်နိုင်၊ ပြုံးနိုင်၊ သူငယ်ချင်းအပေါင်းအသင်းများနှင့် လက်ချင်းတွဲကာ လူ့ဘဝခရီးလမ်းကြောင်းပေါ်တွင် အနိုင်မခံအရှုံးမပေး၊ မားမားမတ်မတ် လျှောက်လှမ်းနိုင်တော့မည် ဖြစ်ပါသည်။

 

 

facebook မှ ကူးယူဖော်ပြသည်…