သန်လျင်မြို့မှ ဘုံပျံပရိယတ္တိစာသင်တိုက်မှ တည်ထောင်ထားသော ဘက ကျောင်းတစ်ကျောင်းကို မိတ်ဆက်ပေးချင်ပါတယ်။ သူငယ်တန်းမှ ၈ တန်းအထိ ပညာသင်ပေးနေပြီး ကျောင်းသားပေါင်း တစ်ထောင်ကျော်ရှိပါတယ်။ သန်လျင်တံတားမှ ဆင်းဆင်းချင်း အောင်သုခ မီးရထားဘူတာ ဘေးမှာ တည်ရှိပါတယ်။ မနှစ်က ကျောင်းအပ်လက်ခံတဲ့ မေလမှာ ကျွန်မတို့မိသားစုကလဲ ဆရာတော့်ကို အလှူပင့်ဖိတ်ဖို့သွားရင်း ကျောင်းလာအပ်တဲ့ ကျောင်းသားများနဲ့ မိဘများအခြေအနေကို တွေ့မြင်ခဲ့ရပါတယ် … (ဓါတ်ပုံမရိုက်ခဲ့မိလို့ ပြစရာမရှိပါ)

ဦးဇင်းတစ်ပါးက စားပွဲလေးတစ်လုံးနဲ့ ထိုင်နေပါတယ်။ ကျောင်းသားမိဘတွေက သူတို့ကလေးတွေကို လက်စွဲလို့ ဘုန်းကြီးကျောင်းပေါ်တက်လာပြီး ကျောင်းအပ်ကြပါတယ်။ ဦးဇင်းက စာရင်းစာအုပ်ထဲမှာ ဘယ်နှစ်တန်းလဲ? နံမည်ဘယ်သူလဲ? အဖေနံမည်ဘယ်သူလဲပဲမေးပြီး ကျောင်းအပ်ခြင်း ပြီးဆုံးသွားပါတယ်။ စေတနာရှိလျှင် အလှူငွေထည့်ဝင်နိုင်ပြီး မလှူနိုင်လဲရပါတယ်။ ဘာစာအုပ်ဖိုးမှလဲ ပေးစရာမလိုပါဘူး။ ကျောင်းဖွင့်လျှင် ဆရာတော်မှ ကျောင်းသားအားလုံးအတွက် စာအုပ်အလကားပေးဝေမှာဖြစ်ပါတယ်။

ဘုံပျံဆရာတော်ကြီးက ပရဟိတလုပ်ငန်းများမှာ ၀ါသနာအလွန်ပါပြီး တကယ်လုပ်ဆောင်ခဲ့ပါတယ်။ ပျံလွန်တော်မူသွားတာ ၆ လ လောက်ရှိပါပြီ။ ဆရာတော့်ကို လှူဒါန်းသမျှအားလုံးနီးပါးကို ကလေးများ ပညာသင်ကြားရေးမှာ အသုံးချခဲ့ပါတယ်။ ဟိုးအရင်တုန်းကတော့ အညာကလာတဲ့ ကလေးတွေကို ဘုန်းကြီးကျောင်းမှာလက်ခံထားပြီး အတန်းပညာသင်ပေးပါတယ်။ တက္ကသိုလ်အထိ သင်ကြားနိုင်အောင်ထောက်ပံ့ပေးခဲ့ပါတယ်။ အဲဒီနောက် လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစတင်ပြီး ဘုန်းကြီးကျောင်းပညာသင်ကျောင်းတည်ထောင်ခဲ့ပြီး တပည့်ဟောင်းများမှ ကျောင်းဆရာအနေဖြင့် ပြန်လုပ်ပေးပြီး စာချဦးဇင်းများမှကြီးကြပ်ကာ စတင်သင်ကြားခဲ့ပါတယ်။ ဆရာတော်ရဲ့ စေတနာနဲ့ လုပ်ဆောင်ချက်ကို ဂျပန်နိုင်ငံမှ အဖွဲ့အစည်းတစ်ခုမှ သိရှိသွားပြီး သိန်း တစ်ထောင်တန် ကျောင်းဆောင်တစ်ခု လာရောက်ဆောက်လုပ်လှူဒါန်းသွားပါတယ်။ အခုတော့ ကျောင်းသားကျောင်းသူများ ကျောင်းဆောင်ကောင်းကောင်းမှာ ပညာသင်ကြားနေနိုင်ပါပြီ။ ဆရာ ဆရာမများလစာအတွက် ဘဏ်မှာအကောင့်တစ်ခုလုပ်ထားပြီး အတိုးငွေဖြင့် လစာပေးပါတယ်။ အလှူရှင်များမှ လိုအပ်သောစာအုပ်များ၊ ဘော်ပင်၊ ခဲတံများပါ လှူဒါန်းကြပါတယ်။
ဆရာတော်ပြောပြတာကတော့ ရပ်ကွက်ထဲမှ တချို့ကလေးတွေက အလကားပညာသင်ပေးတဲ့အပြင် စာအုပ် ဘော်ပင် အလကားပေးတာတောင်မှ ကျောင်းမှန်မှန်လာမတက်နိုင်ကြကြောင်း၊ အိမ်မှာ သူတို့လုပ်စရာအလုပ်တွေအများကြီးရှိကြောင်း၊ မိဘများမှ ကျောင်းသွားတက်လို့ အိမ်အလုပ်မပြီးလျှင် ဆူပူရိုက်နှက်ကြကြောင်း၊ တချို့ကလေးတွေဆို မိသားစုအတွက် ၀င်ငွေပင်ရှာပေးနေရကြောင်း၊ ဆရာတော်မှ ကျောင်းကိုလာစေချင်လွန်းလို့ လွယ်အိတ်ထဲကို ဆန်ထည့်ပေးပြီး ကျောင်းတက်ဖို့ စွဲဆောင်ရကြောင်းများပါ သိရှိခဲ့ရပါတယ်။
အခုလို ကျောင်းအပ်ခါနီးအချိန်မှာ အခက်အခဲတွေကို ကြားသိရတော့ အခုရေးထားတဲ့ ဘက ကျောင်းလို ကျောင်းမျိုး ရပ်ကွက်တိုင်းမှာ ရှိရင် သိပ်ကောင်းမှာပဲလို့ တွေးမိတာနဲ့ ဒီပို့စ်ကို ရေးလိုက်ရပါတယ် …..

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....