ဘုရားသော်မှ ငြင်းမရ

ဦးကောက်May 29, 20111min534

ဘုရားသော်မှ ငြင်းမရ

 

၂၉.၅.၂၀၁၁ (တနင်္ဂနွေနေ့) နေ့လည် (၁းဝ၀) နာရီအချိန်တွင် သာကေတမြို့နယ်၊ ဇိနမာရ်အောင်စေတီတော်အနီးရှိ ဗဟိုရ်စည်ကျောင်း၏ ပဓာနနယကဆရာတော် ဘဒ္ဒန္တဥတ္တရသက်တော် (၆၉)နှစ်၊ ဝါတော် (၄၉)ဝါ၏ အန္တိမဈာပနအခမ်းအနားကျင်းပရန်အတွက် နာရေးကူညီမှု အသင်း(ရန်ကုန်)မှ အသင်းသားများသည် ဂျပန်နိုင်ငံတွင် အသုံးပြုလျှက်ရှိသောနိဗ္ဗာန်အထူးယာဉ် ကြီးဖြင့် သွားရောက်၍ ဆရာတော်ကြီး၏ ရုပ်ကလပ်တော်အားပင့်ဆောင်ကာ ရေဝေးသုဿန်သို့ သယ်ဆောင်ကူညီဖေးမခဲ့ကြသည်။

 

နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ဂျပန်နိုင်ငံ၌ အသုံးပြုလျှက်ရှိသောအထူးနိဗ္ဗာန်ယာဉ် ကြီးနှင့် အခြားနိဗ္ဗာန်ယာဉ်များအားအသင်းရှိမော်တော်ယာဉ်အဖွဲ့ ခေါင်းဆောင်များသည် နေ့စဉ် နေ့တိုင်းဆီ၊ ရေ၊ မီးစသဖြင့် စက်မှုပိုင်းဆိုင်ရာကိစ္စရပ်များအားစက်ပြင်အဖွဲ့အားစစ်ဆေးမှုများခိုင်းစေ ပြုလုပ်ပေးလျှက်ရှိသည်။ သို့ရာတွင် ယခုသာကေတမြို့နယ်၊ ဇိနမာရ်အောင်စေတီတော် အနီးရှိ ဗဟိုရ်စည်ကျောင်း၏ ပဓာနနယကဆရာတော် ဘဒ္ဒန္တဥတ္တရသက်တော် (၆၉)နှစ်၊ ဝါတော် (၄၉)ဝါ၏ အန္တိမဈာပနအခမ်းအနားသယ်ဆောင်ရာလမ်းကြောင်းတွင် ယင်းအထူးနိဗ္ဗာန်ယာဉ်ကြီးမှာစက်ချို့ယွင်း၍ ထိုးရပ်သွားတော့သည်။ ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ တယ်လီဖုန်းဆက်သွယ်၍ အထူးနိဗ္ဗာန်ယာဉ် နောက်တစ်စီးအားအမြန်လာရောက်ပို့ဆောင်မှုကို ပြုလုပ်ရတော့ သည်။ ထပ်မံ၍ ရောက်ရှိလာသောအထူးနိဗ္ဗာန်ယာဉ်ပေါ်သို့ ဆရာတော်ကြီး၏ ရုပ်ကလပ်တော်အားထပ်မံပြောင်းရွှေ့ ပင့်ဆောင်၍ ရေဝေးသုဿန်သို့ သယ်ဆောင်ကာ အန္တိမဈာပနမီးသင်္ဂြိုလ်ခြင်းအခမ်းအနားအားအောင်မြင်စွာကျင်းပပြုလုပ်ပေးနိုင်ခဲ့သည်။

 

ဘုရားသော်မှ ငြင်းမရ … မင်းကဘာမို့လဲဟု … အမြဲဆင်ခြင်နေလိုပါသည်။

(သုခ)

ယင်းဖြစ်ရပ်သည် သက်ရှိလူသားများတွင် မည်မျှပင်စည်းစိမ်ဥစ္စာ ကြွယ်ဝကြွယ်ဝ၊ မည်မျှပင်တန်ခိုးအာဏာရှိရှိ၊ မည်မျှပင်ကျန်းမာရေးကိုလိုက်စားလိုက်စား . . . နောက်ဆုံး၌ အနိစ္စတရားအားမလွန်ဆန်ပေ။ ထို့အတူသက်မဲ့ရုပ်ဝတ္ထုပစ္စည်းများသည်လည်းမည်မျှပင်ခေတ်မီခေတ်မီ၊ မည်မျှပင်နည်းပညာတိုးတက်တိုးတက်၊ မည်မျှပင် အကြမ်းခံခံ၊ မည်မျှပင်ထိန်းသိမ်းထိန်းသိမ်း . . . နောက်ဆုံးတော့ ပျက်စီးယိုယွင်းရမည်မှာဓမ္မတာပင် ဖြစ်တော့သည်ဟုမျက်မြင်ကိုယ်တွေ့ သံဝေဂ ရမိပါတော့သည်။

 

ကျော်သူ

facebook မှ ကူးယူဖော်ပြသည်။

4 comments

  • မမလေး

    June 4, 2011 at 5:28 am

    မသိလို့မေးဦးမယ် ခု ဦးကျော်သူက ဘယ်မှာနေတာလဲ … သူနေတဲ့ အရင် အိမ်မှာပဲလား …

  • char too lan

    June 4, 2011 at 7:47 am

    ဘဝခုံရုံးမှာ တရားခံ… မဖြစ်လိုပါ
    တရားလို…မဖြစ်လိုပါ
    သက်သေ…မဖြစ်လိုပါ
    ပြောလာသမျှ စောဒကမတက်လိုပါ
    လောကဓံတရား ထိုရှစ်ပါး
    ဘုရားသော်မှ ငြင်းမရ
    မင်းကဘာမို့လဲ ဟု
    အမြဲဆင်ခြင်နေလိုပါ၏။
    /ဦးသုခ
    (ဦးကျော်သူရဲ့ သုခအလင်းစာကြည့်တိုက် အဝင်တံခါး ညာဘက်ခြမ်းမှာ ကပ်ထားတဲ့စာပါ) 🙂

  • MaMa

    June 4, 2011 at 8:30 am

    ချာတူးလန် ရေးထားတာ ထင်လို့ တော်လိုက်တာလို့ မန့်မလို့ အောက်ဆုံးကစာလေးတွေ့မှပဲ အဖြစ်မှန်ကို သိသွားတော့တယ်။ 😉
    (ဘာပဲပြောပြော အဲဒီစာလေးကို မြင်တတ်တာလည်း တော်တာပါပဲ။)

  • maythakhin

    June 4, 2011 at 3:33 pm

    ” ဘုရားသော်မှ ငြင်းမရတဲ့” ဟုတ်ပါတယ်။“ နေကွယ်တာ အကြိမ်များရင်ဖြင့် သေနယ်ရွာ တစ်ကြိမ်သွားရမယ် တားမရဘူး ”တဲ့ ။ အဲဒီ လင်္ကာလေးကို ဒီလိုမျိုးအဖြစ်တွေမြင်တိုင်းရွတ်မိပါတယ်။ အားလုံးဟာ ဘယ်မှာဘယ်လိုနေနေ ဘာတွေပဲဖြစ်နေနေ။ တနေ့တော့ ဒီလမ်းတစ်လမ်းတည်းကိုပဲ သွားရမှာပါဘဲ။အသက်တရက်ကြီးလာတိုင်း ငါသေဖို့ (၁) ရက်နီးလာပြီ ဆိုတာကတော့ အသေအချာပေမဲ့ အမြဲသတိမရတတ်ကြပါဘူး။ မေတို့လည်း ဒီအတိုင်းပါပဲ သေဖို့တော့ကြောက်တာပေါ့ ။ ဒါပေမဲ့ မေ့နေတယ်လေ။ အသိတရားလေးတွေကို လက်တွေ့ကျင့်နိုင်ဖို့ အတော်ကြိုးစားရဦးမယ်။

Leave a Reply