ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အတွင်း ကင်မရာအခွန်နှင့် သန့်စင်ခန်းခ ကောက်ခံခြင်း မပြုတော့

ဦးကောက်May 30, 20111min901

ရန်ကုန် တိရစ္ဆာန်ဥယျာဉ် အတွင်း ယခင်က ကောက်ခံမှု ရှိခဲ့သော ကင်မရာအခွန်နှင့် သန့်စင်ခန်းခကို ကောက်ခံခြင်း မပြုတော့ကြောင်း သတင်းရရှိသည်။

ရန်ကုန် တိရစ္ဆာန်ဥယျာဉ်ကို ၂၀၁၁ ခုနှစ် ဧပြီလမှ စတင်၍ ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီတစ်ခုမှ တာဝန်ယူ ဆောင်ရွက်ခဲ့သည့် နောက်ပိုင်းတွင် ယခင်က ကောက်ခံမှု ပြုခဲ့သော ကင်မရာခွန်ကို ကောက်ခံမှု မပြုတော့ဘဲ စီးပွားဖြစ် ရိုက်ကူးထုတ်လုပ်မှု များမှလွဲ၍ မိသားစု အပန်းဖြေ လာရောက်မှုများ အတွက် အခမဲ့ ဓာတ်ပုံ ရိုက်ကူးခွင့် ပြုခဲ့သည်ဟု သိရသည်။ အလားတူ သန့်စင်ခန်းခ ကောက်ခံမှုကိုလည်း မေလကုန်ပိုင်းမှ စတင်၍ ကောက်ခံမှု မပြုတော့ဘဲ ဥယျာဉ်သို့ လာရောက် အပန်းဖြေသူတိုင်း အခမဲ့ အသုံးပြုနိုင်ရန် စီစဉ် ဆောင်ရွက်ပေးသွားမည်ဟု အဆိုပါ ကုမ္ပဏီမှ သိရသည်။ နိုင်ငံတကာ အပန်းဖြေစခန်းများ၊ ဥယျာဉ်များကဲ့သို့ပင် ကင်မရာခွန် ပေးဆောင်ရန် မလိုဘဲ ဓာတ်ပုံ ရိုက်ကူးခွင့် ပြုခြင်းအပြင် သန့်စင်ခန်းခကိုလည်း အခမဲ့ ဆောင်ရွက်ပေးခြင်း ဖြစ်သည်ဟု ထူးဖောင်ဒေးရှင်းမှ ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းဦးက ရှင်းပြခဲ့သည်။

”တိရစ္ဆာန်ဥယျာဉ် အတွင်းမှာ နေတာ၊ ထိုင်တာ၊ စားတာ သောက်တာတွေကို အဆင့်မီအောင် ဆောင်ရွက်သွားမယ်။ နိုင်ငံခြားသား ဧည့်သည်တွေ လာနိုင်တဲ့ နေရာတစ်ခု ဖြစ်ရမယ်။ သူတို့နဲ့ ကိုက်ညီတဲ့ သန့်စင်ခန်း၊ စားသောက်ဆိုင်တွေ ရှိရမယ်။ အမှိုက်ပစ်တာတွေကို အမှိုက် အမျိုးအစား ခွဲပစ်နိုင်အောင် တဖြည်းဖြည်းချင်း စည်းရုံးပြီး လုပ်သွားတာလေးတွေကို လုပ်သွားမယ်။ ကင်မရာခွန်၊ သန့်စင်ခန်းခ မကောက်တော့ဘူး။ မျှတမှု မရှိဘူးလို့ ထင်ရတဲ့ အဓိပ္ပာယ် မရှိတဲ့ အခကြေးငွေတွေကို မကောက်တော့ပါဘူး။ ဒီအတွက် ဝင်ကြေးကိုလည်း တိုးဖို့ မရှိပါဘူး။ တိရစ္ဆာန်ဥယျာဉ်ကို ထပ်မံ ပြင်ဆင်ပြီးတဲ့ အနေအထားမှာ စိတ်ဝင်တစား လာကြည့်တဲ့သူ များလာမယ့် အပေါ်မှာ ဝင်ကြေး တိုးကောက်ဖို့ အစီအစဉ် မရှိပါဘူး”ဟု ၎င်းက ဆိုသည်။

Eleven Media Group မှ ကူးယူဖော်ပြသည်။