မြတ်ဗုဒ္ဓ၏ အချစ်ဒေသနာ

mihninlayMay 30, 20111min1002

အတ္ထ သမံ ပေမံ နတ္ထိ- လောကလူသားတွေက မိမိကိုယ်ကို မိမိ အချစ်ဆုံးဖြစ်တယ်လိုပြောကြပါတယ်။ စာရေးသူလဲ အဲဒီစကားလေးကို Online ကနေပြီးတော့ ခင်ရာမင်ရာ ဓမ္မမိတ်ဆွေအချို့ကိုမေးမြန်းခဲ့ပါတယ်။ မေးမြန်တယ်ဆိုရာ၌ တစ်ဖက်သားကို ငါသိလို့ငါတတ်လို့မေးမြန်းချင်းမဟုတ်ဘဲနဲ့ ဓမ္မမိတ်ဆွေတွေ မိမိကိုယ်ကို မိမိ တကယ်ချစ်တတ်ကြရဲ့လားဆိုတာလေးကို သိစေချင်သောဆန္ဒဖြင့်မေးခဲ့ရခြင်းဖြစ်ပါတယ်။ ဓမ္မမိတ်ဆွေတွေဖြေကြားသော အဖြေလေးတွေကိုလဲ စာရေးသူတင်ပြချင်ပါသေးတယ်။ ဓမ္မမိတ်ဆွေများကို မေးမြန်းခဲ့ရာ- ၁။ “ ဘယ်သူကိုမှ မချစ်ဘဲ မိမိကိုယ်ကိုသာချစ်ပြီး စိတ်ကလေးကိုစင်ကြယ်အောင်ထား၍ လူသားတိုင်းအပေါ် မေတ္တာတရားကို တန်းတူထားနိုင်ရင် မိမိကိုယ်ကိုမိမိချစ်တာပါပဲ။

၂။ ကိုယ့်ကိုယ်ကို ချစ်တဲ့သူဟာ ကိုယ်ဖြင့်လုပ်တဲ့အလုပ်၊ နှုတ်ဖြင့် ပြောသောစကား၊ စိတ်ဖြင့်ကြံသောအမှုတို့ကို ကောင်းတာလုပ်တယ်၊ကောင်းတာပြောတယ်၊ကောင်းတာကြံတယ်၊ ပြီးတော့ ကံကိုယုံကြည်တယ်၊ ကိုယ့်ကိုယ်ကိုယုံကြည်တယ်၊ တစ်ပါးသူထက် မိမိသာလျှင်ပဲ့ကိုင်ရှင် လို့သတ်မှတ်တယ်။ ဒါဟာ ကိုယ့်ကိုယ်ကို ချစ်တဲ့သူတစ်ယောက်ရဲ့လုပ်ရပ်ပါလို့ ဖြေလိုက်ပါတယ်ကွယ်…
၃။ မိမိကိုယ်ကို ကောင်းအောင်နေရင် မိမိကိုယ်ကိုချစ်ရာရောက်ပါတယ်။
၄။ မိမိကိုယ်ကို ချစ်တယ်ဆိုရင် တရားထိုင်ပါ။ တရားထိုင်တာကလဲ မိမိကိုယ်ကို မိမိချစ်ရာရောက်ပါတယ်။
၅။ခုလောလောဆယ်တော့ ကိုယ့်ထက် အစ်မတွေကို ပိုချစ်တယ်ဘုရား၊ကောင်းအောင်ထက် ပတ်ဝန်းကျင်နဲ့ပိုအဆင်ပြေအောင် သီးခံစရာရှိသည်းခံပြီး နေတယ်ဘုရား.၊.ကိုယ့်စိတ်ကို ပျော်အောင် ထားတယ်ဘုရား.၊.သူငယ်ချင်းတွေနဲ့အကောင်းဆုံးဖြစ်အောင်နေတယ်ဘုရား၊မချစ်မနှစ်သက်သူနဲ့ဆို.တွေ့ရင်ကိုယ်စိတ်ဆင်းရဲရလို့ ..ပြီးတော့ သူလည်း ကိုယ့်တွက်နဲ့ တမျိုးမထင်ရအောင်ရှောင်နိုင်သလောက်ရှောင်နေလိုက်တယ်ဘုရား.၊.ဘဝရဲ့အောင်မြင်မှုမှန်သမျှကတော့ ကိုယ့်တွက်ထက်ကိုယ့်ဆွေမျိုးတွေတွက်ပိုတယ်လို့ထင်ပါတယ်ဘုရား၊..ပေးဆပ်ခြင်းဟာဘဝအတွက်အကောင်းဆုံးပါပဲဘုရား”။ ဒီအဖြေအားလုံးကတော့ ဓမ္မမိတ်တွေဖြေကြားခဲ့တာပါ။ ဓမ္မမိတ်တွေဖြေကြားခဲ့တာလေးတွေကိုကျေးဇူးလည်းတင်ပါတယ်၊ ပြီးတော့ မြတ်ဗုဒ္ဓ၏အချစ်ဒေသနာပေတံဖြင့်  တိုင်းတာကြည့်စေချင်ပါသေးတယ်။ အခုစာဖတ်သူအမြင်လေးကရော မိမိကိုယ်ကို မိမိချစ်တတ်ပြီးလား ၊ဘယ်လိုထင်သလဲဆိုတာကို မြတ်ဗုဒ္ဓဒေသနာတော်မဖတ်ခင် စဉ်းစားကြည့်လိုက်ပါ။ စဉ်းစားပြီးရင်တော့ မြတ်ဗုဒ္ဓ၏အချစ်ဒေသနာပေတံဖြင့်တိုင်းတာကြည့်လိုက်ပါ။
မြတ်ဗုဒ္ဓဒေသနာ
တစ်ခါတုန်းက ကောသလမင်းကြီးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ သိလိုစိတ်နဲ့ မေးမြန်းစုံစမ်းခဲ့ပါတယ်။ မြတ်စွာဘုရား တပည့်တော်လေ ဆိတ်ငြိမ်ရာအရပ်၌ တစ်ယောက်ထဲနေစဉ် တပည့်တော်အတွေးတွေဝင်လာပါတယ်ဘုရား၊ လောကမှာ တစ်ချို့သောပုဂ္ဂိုလ်တွေက မိမိကိုယ်ကို မိမိအချစ်ဆုံးလိုပြောတယ်ဘုရား၊ ဒါပေမဲ့ ကာယဒုစရိုက်သုံးပါးကိုသော်လည်းကောင်း၊ ဝစီဒုစရိုက်လေးပါးကိုသော်လည်းကောင်း၊ မနောဒုစရိုက်သုံးပါးကိုသော်လည်းကောင်း မရှောင်ကြဉ်ဘဲလုပ်ဆောင်နေပါတယ်ဘုရား။ ထိုသို့သောပုဂ္ဂိုလ်ကို မိမိကိုယ်ကို မိမိချစ်သောပုဂ္ဂိုလ်ဟု ခေါ်ဆိုနိုင်ပါသလားဘုရား ဟုပထမမေးခွန်းအနေဖြင့်လျောက်ထားခဲ့ပါတယ်။
ဒုတိယမေးခွန်းအနေဖြင့်- မြတ်စွာဘုရား တစ်ချို့သောပုဂ္ဂိုလ်တွေက နုတ်ကတော့ဖြင့် မိမိကိုယ်ကို မိမိ မချစ်ပါဟုပြောဆိုပါတယ်ဘုရား၊ ဒါပေမဲ့ ကာယသုစရိုက်သုံးပါးကိုသော်လည်းကောင်း၊ ဝစီသုစရိုက်လေးပါးကိုသော်လည်းကောင်း၊ မနောသုစရိုက်သုံးပါးကိုသော်လည်းကောင်း စောင့်ထိန်းကြပါတယ်ဘုရား။ ထိုသို့သောပုဂ္ဂိုလ်ကို မိမိကိုယ်ကို မိမိမချစ်သောပုဂ္ဂိုလ်ဟုခေါ်ဆိုုနိုင်ပါသလားဘုရား၊ကောသလမင်းကြီးသည် အချစ်နှင့်ပတ်သက်၍ မိမိစိတ်၌ ဖြစ်ပေါ်လာသောအတွေးများကို မြတ်ဗုဒ္ဓထံသို လျောက်ထား၍ မှန်ကန်သောအဖြေကိုဖြေကြားတော်မူပါဟုလျောက်ထားတောင်းပန်ခဲ့ပါတယ်။
မြတ်ဗုဒ္ဓ၏အဖြေ- မင်းကြီး! မင်းကြီးပြောတာ မှန်တယ်၊ တစ်ချို့ပုဂ္ဂိုလ်တွေက နုတ်ဖြင့် မိမိကိုယ်ကို ချစ်တယ်လိုပြောပင်ပြောငြားသော်လည်း မိမိကိုယ်တိုင်က ကာယဒုစရိုက်၊ ဝစီဒုစရိုက်၊ မနောဒုစရိုက်တွေကို လုပ်ဆောင်နေကြမယ်ဆိုရင် မိမိကိုယ်ကို မိမိချစ်တဲ့ပုဂ္ဂိုလ်လို့မခေါ်နိုင်ဘူး လို့ မြတ်ဗုဒ္ဓကမိန့်တော်မူခဲ့ပါတယ်။
ဆက်လက်ပြီး မင်းကြီး တစ်ချို ့ပုဂ္ဂိုလ်တွေက နုတ်က မိမိကိုယ်ကို မချစ်ပါဘူးလို့ပြောပင်ပြောငြာသော်လည်း ကာယသုစရိုက်၊ ဝစီသုစရိုက်၊ မနောသုစရိုက်တို့ကို လုပ်ဆောင်ပါက မိမိကိုယ်ကို ချစ်သောပုဂ္ဂိုလ်ဟု ခေါ်ဆိုနိုင်ပါတယ်ဟုဖြေကြားတော်မူခဲ့ပါတယ်။ မြတ်ဗုဒ္ဓအထံမှ အဖြေစကားကို ကြားရသောအခါ ကောသလမင်းကြီး နှလုံးပီတိဂွမ်းဆီထိ၏သို့ ရွန်းရွန်းအိဖြစ်လေတော့၏။ မြတ်ဗုဒ္ဓကဆက်လက်ပြီးတော့ အနှစ်ချုပ်အားဖြင့် မိန့်တော်မူပြန်ပါတယ်။ မိမိကိုယ်ကို ချစ်တယ်လို့ ပြောချင်ရင် မကောင်းမူမလုပ်နဲ့၊ မကောင်းမူကိုလုပ်မယ်ဆိုရင် မိမိကိုယ်ကို ချစ်တယ်လိုမဆိုနိုင်၊ မနေရလို သေကြတဲ့အခါမှာလဲ ကိုယ်နောက်ကို ကောင်းမူကံ၊ မကောင်းမူကံသာလျင် အရိပ်ပမာ အစဉ်လိုက်နိုင်ပါတယ်။ သို့ဖြစ်၍ မိမိကိုယ်ကို မိမိချစ်မြတ်နိုးလျင် မကောင်းမူကို မပြုလုပ်နဲ့၊ ကောင်းမူကိုပဲပြုလုပ်ပါဟု မြတ်ဗုဒ္ဓက ကောသလမင်းကြီးကို မိန့်တော်မူခဲ့ပါတယ်။ ကောသလမင်းကြီးလဲ ဒု-ကိုပြစ်၍ သု-ကိုချစ်ခြင်းဖြင့် နေသွားပါလေတော့သတည်း။
ကဲ စာဖတ်သူရေ အတ္တာနေဉ္စ ပိယံ ဇညာ၊ ရက္ခေယျ နံ သုရက္ခိတံ- မိမိကိုယ်ကို တကယ်ချစ်တယ်ဆိုရင်   မိမိကိုယ်ကို  ကောင်းစွာစောင့်ရှောက်ခြင်းဖြင့် စောင့်ရှောက်ပါ။(ဓမ္မပဒ)၊အတ္တသမ္မာပဏီဓီစ ဧတံမင်္ဂလမုတ္တမံ-မိမိကိုယ်ကို မိမိ မကောင်းမူ့တွေ မပြောမိ၊ မကြံမိ ၊မလုပ်မိအောင်စောင့်ထိန်းခြင်းဟာလဲမင်္ဂလာတစ်ပါးဖြစ်ပါတယ်။(မင်္ဂလသုတ်) မိမိကိုယ်ကို ချစ်တယ်ဆိုရင် ကာယဒုစရိုက် သုံးပါး၊ ဝစီဒုစရိုက်လေးပါး၊ မနောဒုစရိုက်သုံးပါ တို့ကိုရှောင်၍ ကာယသုစရိုက်သုံးပါး၊ ဝစီသုစရိုက်လေးပါ၊ မနောသုစရိုက်သုံးပါးကိုဆောင်နိုင်ကြပါစေ၊ မိမိကိုယ်ကို မိမိ တကယ်ချစ်တာဟုတ်ရဲ့လား အရင်ကရောချစ်ခဲ့ဖူးသလား အခုရောချစ်နေပြီးလား နောက်နောင်ရောချစ်နိုင်ပါတ့်မလားဆိုတာလေးကို  မြတ်ဗုဒ္ဓ၏ အချစ်ဒေသနာ ပေတံလေးဖြင့် တိုင်းတာကြည့်လိုက်ကြပါစို့။
မှတ်ချက်။  ။ ဒုစရိုက်(၁၀)ပါး- သက်သတ်၊ ခိုးမူ၊ ကာမေသု၊ သုံးခုကာယကံ။
မုသာ မိတ်ခွဲ၊ ဆဲရေး၊ ပြိန်ဖျင်း၊ အပါယ်ချဉ်း၊ လေးသင်း ဝစီကံ။
သူ့ပိုင်နက်ကို၊ ကိုယ်ဘက်ညွတ်စေ၊ အသေတောင့်တ၊ ပါပဒိဌိ၊ အယူငြိ၊ တြိမနောကံ။
သုစရိုက်(၁၀)ပါး- ကာ-ဒုသုံးပါး၊ ကြည်ရှောင်ငြား၊ သုံးပါး ကာယကံ။
နုတ်ဒုလေးပါး၊ ကြဉ်ရှောင်ငြား၊ လေးပါး ဝစီကံ။
အဘိဇ္ဈာ၊ အဗျာပါနှင့်၊ သမ္မာဒိဌိ၊ ဖြောင့်မှန်ဘိ၊ တြိမနောကံ။
မမေ့ သတိ၊ သီလ သမာ၊ အစဖြာ၊ သိက္ခာသုံးပါ၊ ပြည့်စုံကြ၊ ကြိုးစားအားထုတ်ပါ။
လပြည့်ဝန်း
ကျမ်းကိုး
လယ်တီဆရာတော်
သဂါထာဝဂ္ဂသံယုတ်ပါဠိတော်၊ကောသလသံယုတ်၊ ပိယသုတ်၊
မင်းယုဝေ-(၃၈)ဖြာမင်္ဂလာပုံပြင်များ
ဒဂုန်ဦးစန်းငွေ-ဗုဒ္ဓကိုယ်တိုင်းဖြေကြားခဲ့ရသော မေးခွန်းနှင့်ပြဿနာများ
ဒါကတော့ဆရာတော်အရှင်ဇောတိပါလရဲ ့ဆိုက် လေးဖြစ်ပါတယ် http://www.lapyae000.com