<“ ကျွတ် … ဒုက္ခပါပဲ တက္ကစီကလည်း ငှားလို့မရပါလား ” စိတ်ပျက်စွာဖြင့် ရင်ထဲမှ ညည်းတွားမိသည်။ ဒီနေ့ကျမှ မိုးကလည်း သည်းလွန်းလှသည်။ ကျွန်မကလည်း ဒီနေ့ကျမှ နီးနီးနားနား ရွှေတိဂုံဘုရားသို့ မသွားချင်ဘဲ ဆူးလေဘုရားသို့ သွားချင်နေသောစိတ်ကြောင့် မိုးရွာနေတဲ့ကြားထဲက အိမ်မှ ထွက်လာခဲ့ခြင်းဖြစ်သည်။ “ အင်း .. ဒီပုံစံအတိုင်းဆိုရင်တော့ လာတဲ့အထူးကားကို စောင့်စီးသွားမှဖြစ်တော့မယ် ” ဒီလိုနှင့် ကျွန်မ၏ခြေလှမ်းများက ဘတ်စ်ကားမှတ်တိုင်ဆီသို့ ဦးတည်လိုက်မိပါသည်။
“ ဟော … အထူးကားလာပြီ ” ကားပေါ်သို့တက်လိုက်သည်။ မနက်အစောကြီးမို့ ကားပေါ်တွင် လူသိပ်မပါချေ။ ထိုင်လို့အဆင်ပြေမယ့်နေရာကို မျက်လုံးဝေ့၀ိုက်ကြည့်မိစဉ် “ ဟင် .. သူပါလား ” ကျွန်မ၏ရင်အစုံသည် မခုန်စဖူးခုန်သွားမိ၏။ မေ့ထားခဲ့တာ ကြာပြီဖြစ်သော်လည်း အခုလို အမှတ်မထင်ပြန်ဆုံတွေ့ရသောအခါ၌ ကိုယ့်ကိုကိုယ် တည်ငြိမ်အောင်ထိန်းရင်း သူပြုံးပြသလို ပြန်ပြုံးပြနိုင်ဖို့ အတော်ကိုကြိုးစားခဲ့ရသည်။
သူနှင့်ခပ်ဝေးဝေးတစ်နေရာတွင် ထိုင်ရင်း ကျွန်မ၏စိတ်အစဉ်သည် အတိတ်ကာလဆီသို့ …. “ နင် ငါ့ဘာသာထဲကို မ၀င်ရင် နင်နဲ့ငါလမ်းခွဲကြမယ် ” သူ့နှုတ်ခမ်းဖျားမှ ထွက်လာသောစကားများက ကျွန်မ၏ရင်ကိုဓါးနှင့်မွှန်းသကဲ့သို့ နာကျင်အောင့်မျက်သွား၏။ ကျွန်မသိပ်ချစ်ခဲ့ရသောချစ်သူမှ ဟုတ်ပါလေစဟု သူ့အားစေ့စေ့ကြည့်ရင်း “ ဟမ် .. နင်ဘာပြောလိုက်တာလဲ နင်လည်း နင်ယုံကြည်ရာကိုးကွယ်သလို ငါလည်း ငါယုံကြည်ရာကိုးကွယ်မှာပေါ့ ဘယ်ဘုရားပဲဖြစ်ဖြစ် အားလုံးက ယုံကြည်မှုနဲ့ကိုးကွယ်ကြတာ ငါတောင်နင့်ကိုနားလည်ခွင့်လွှတ်နိုင်သေးတာပဲ နင်ကဒီလောက်လေးတောင် နားမလည်ပေးနိုင်ဘူးလား “ အံတင်းတင်းကြိတ်ထားသည့်ကြားမှ မျက်ရည်များက ပိုးပိုးပေါက်ပေါက်ကျလာ၏။ “ နင်ပြောတော့ ငါ့ကိုချစ်တယ်ဆို ဒါလားချစ်တာ ငါတောင်နင့်ကိုချစ်လွန်းလို့ သူယုံကြည်ရာ သူကိုးကွယ်ပါစေတော့ ဘယ်ဘုရားပဲဖြစ်ဖြစ် အကုန်လုံးကကောင်းတာပဲဆိုတဲ့ စိတ်နဲ့ငါ့ဘာသာထဲကိုဝင်ဖို့ တစ်ခါမှမပြောခဲ့ဘူး ခုကျတော့ နင်ကဒီစကားမျိုးပြောပြီပေါ့ ငါကိုယ်တိုင်ကိုယ်က မှားတာပါ သိသိကြီးနဲ့ ဇွတ်မိုက်ခဲ့တာကိုး ” သူ့ကိုလည်းပြောရင်း ငိုရှိုက်နေရင်းမှ ကျွန်မနှလုံးသားလည်း တစ်စထက်တစ်စ ကွဲအက်ကြေမွလို့သွားသည်။ ဒီလိုနဲ့ သူနှင့်ကျွန်မတို့၏ ဇာတ်လမ်းတစ်ခန်းရပ်ခဲ့ကြရ၏ ….။
ကျွန်မ၏အတွေးများလွန်နေရာမှ ပစ္စုပ္ပန်ဆီသို့ စိတ်များပြန်ရောက်လာသောအခါ “ ဪ .. ဆူးလေတောင် ရောက်နေပါပေါ့လား ဆင်းရတော့မှာပေါ့လေ ” သူနှင့်ကျွန်မ ဆင်းရမည့်မှတ်တိုင်တူသော်လည်း ဦးတည်ရာကား သူကတော့ ဧမာနွေလ ဘုရားကျောင်းသို့ ကျွန်မကား ဆူးလေဘုရားဆီသို့ ဦးတည်ရင်း …… ။

About chit lay

chit lay has written 10 post in this Website..